Prof. Aung Zaw Myo

Prof. Aung Zaw Myo Cardiovascular Surgeon

 #နှလုံးခွဲစိတ်အထူးကုဆရာဝန် နှင့် #နှလုံးသားဝေဒနာများ (၂၂) မြန်မာပြည်က နှလုံးနှင့်သွေးကြောခွဲစိတ်အထူးကုဆရာဝန်***********...
25/01/2025

#နှလုံးခွဲစိတ်အထူးကုဆရာဝန် နှင့်
#နှလုံးသားဝေဒနာများ (၂၂)

မြန်မာပြည်က နှလုံးနှင့်သွေးကြောခွဲစိတ်အထူးကုဆရာဝန်
****************************************************

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရင်ခေါင်း (Chest Cavity) အတွင်းရှိ ကိုယ်တွင်းအင်္ဂါများကို သင့်လျော်သလို ပေါင်းစပ်တာဝန်ယူ ဆောင်ရွက်ရတဲ့အပေါ်မှာ မူတည်ပြီး ခွဲစိတ်အထူးကုဆရာဝန်များကို အမျိုးမျိုး ခွဲခြားသတ်မှတ်ထားကြပါတယ်။ နှလုံးနှင့်ပင်မသွေးကြောကြီးများ (Heart & Great Vessels)၊ အဆုတ်များ (Lungs)၊ အစာမြိုပြွန် (Oesophagus)နှင့် တခြားအင်္ဂါများအားလုံး ခွဲစိတ်ကုသတဲ့ဆရာဝန်ကို နှလုံးနှင့်ရင်ခေါင်းခွဲစိတ်အထူးကုဆရာဝန် (Cardiothoracic Surgeon)လို့ ခေါ်ပါတယ်။ အဲဒီအထဲမှာ နှလုံးနှင့်ပင်မသွေးကြောကြီးများကိုပဲ ခွဲစိတ်ကုသတဲ့ နှလုံးခွဲစိတ်အထူးကုဆရာဝန် (Cardiac Surgeon)နဲ့ အဆုတ်များ၊ အစာမြိုပြွန်နှင့် တခြားအင်္ဂါများကိုပဲ ခွဲစိတ်ကုသတဲ့ ရင်ခေါင်းခွဲစိတ်အထူးကုဆရာဝန် (Thoracic Surgeon) ဆိုပြီးတော့လည်း သီးခြားစီရှိကြပါတယ်။

နှလုံးခွဲစိတ်အထူးကုဆရာဝန် (Cardiac Surgeon)များထဲမှာတောင် လူကြီးတွေမှာဖြစ်တဲ့ နှလုံးရောဂါအမျိုးမျိုးကို ခွဲစိတ်ကုသတဲ့ဆရာဝန် (Adult Cardiac Surgeon)၊ ကလေးတွေမှာဖြစ်တဲ့ မွေးရာပါနှလုံးရောဂါအမျိုးမျိုးကို ခွဲစိတ်ကုသတဲ့ဆရာဝန် (Paediatric/Congenital Cardiac Surgeon)၊ နှလုံးအစားထိုးခွဲစိတ်ကုသမှုအမျိုးမျိုးကို အထူးပြုလုပ်တဲ့ခွဲစိတ်ဆရာဝန် (Transplant Cardiac Surgeon)၊ ပင်မသွေးလွှတ်ကြောကြီး (Aorta)နဲ့ပတ်သက်တဲ့ ရောဂါအမျိုးမျိုးကို အထူးပြုခွဲစိတ်ကုသတဲ့ဆရာဝန် (Aortic Surgeon) စသည်ဖြင့် ထပ်မံခွဲခြားထားကြပါသေးတယ်။ ဒါ့အပြင် ဦးနှောက်နဲ့နှလုံးပေါ်က သွေးကြောများကလွဲပြီး ခန္ဓာကိုယ်ရဲ့တခြားနေရာများမှာရှိတဲ့ သွေးကြောများအားလုံး (Peripheral Vascular System)ကို အထူးပြုခွဲစိတ်ကုသတဲ့ သွေးကြောခွဲစိတ်အထူးကုဆရာဝန် (Vascular Surgeon) ဆိုပြီးတော့လည်း သီးခြားရှိပါတယ်။

မြန်မာပြည်မှာကတော့ ရင်ခေါင်းအတွင်းမှာရှိတဲ့ အဆုတ်များ၊ အစာမြိုပြွန်နှင့် တခြားအင်္ဂါများကို ခွဲစိတ်ကုသတဲ့ဆရာဝန်ကို ရင်ခေါင်းခွဲစိတ်အထူးကုဆရာဝန် (Chest Surgeon) လို့ ခေါ်ပါတယ်။ နှလုံးနှင့်ပင်မသွေးကြောကြီးများ အပါအဝင် ခန္ဓာကိုယ်ရဲ့ တခြားနေရာများမှာရှိတဲ့ သွေးကြောများအားလုံးကိုပါ စုပေါင်းလွှမ်းခြုံပြီး ခွဲစိတ်ကုသရတဲ့ဆရာဝန်ကို နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန် (Cardiovascular Surgeon) လို့ ခေါ်ပါတယ်။ နိုင်ငံတကာမှာလိုမျိုး အသေးစိတ်ထပ်မံခွဲခြားပြီး အထူးပြုခွဲစိတ်ကုသတဲ့ ဆရာဝန်များကိုတော့ အကြောင်းအမျိုးမျိုးကြောင့် မွေးထုတ်နိုင်ခြင်း မရှိသေးပါဘူး။

မြန်မာပြည်က နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်တစ်ယောက်ဟာ မွေးရာပါနှလုံးရောဂါများ (Congenital Heart Diseases)၊ နှလုံးအဆို့ရှင်ပျက်စီးတဲ့ရောဂါများ (Valvular Heart Diseases)၊ နှလုံးသွေးကြောကျဉ်းရောဂါများ (Coronary Artery Diseases)၊ နှလုံးခုန်မူမမှန်သောရောဂါများ (Arrhythmic Heart Diseases)၊ နှလုံးညှစ်အားနည်းသောရောဂါများ (Heart Failure Diseases) အပါအဝင် အမျိုးမျိုးသော နှလုံးရောဂါများကို ခွဲစိတ်ကုသပေးရပါတယ်။ ပင်မသွေးလွှတ်ကြောကြီး ထိခိုက်ဒဏ်ရာရခြင်း (Aortic Injury)၊ ဖောင်းပွကြီးမားခြင်း (Aortic Aneurysm)၊ နှစ်လွှာကွဲထွက်ခြင်း (Aortic Dissection/Dissecting Aneurysm) စတဲ့ ပင်မသွေးလွှတ်ကြောကြီးဆိုင်ရာရောဂါများ (Aortic Diseases) ကိုလည်း ခွဲစိတ်ကုသပေးရပါတယ်။ ဦးနှောက်အတွင်းမှာရှိတဲ့ သွေးကြောများကလွဲပြီး လည်ပင်းမှလက်ဖျားခြေဖျားအထိ ရှိသမျှသွေးလွှတ်ကြော၊ သွေးပြန်ကြောများအားလုံးနှင့် သက်ဆိုင်သောရောဂါများ (Peripheral Vascular Diseases)ကိုလည်း လိုအပ်သလို ခွဲစိတ်ကုသပေးဖို့ တာဝန်ရှိပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် လည်ပင်းသွေးကြောကြီးများ ထိခိုက်ဒဏ်ရာရခြင်း (Vascular Injury)၊ လည်ပင်းကြီးရောဂါအလုံးအကျိတ် (Thyroid Tumor)၊ ကင်ဆာရောဂါအလုံးအကျိတ် (Malignant Tumor) များက လည်ပင်းသွေးကြောကြီးများကို ဆိုးဝါးစွာတွယ်ကပ်ပျံ့နှံ့နေခြင်း (Vascular Involvement of Tumors)၊ မျက်နှာ၊ လျှာနှင့်ခံတွင်း ကင်ဆာအနာများမှ သွေးထွက်ခြင်း (Haemorrhage from Malignant Ulcers)၊ မူမမှန်သောသွေးကြောများ ကြီးမားဖောင်းပွပြီး သွေးထွက်ခြင်း (Haemorrhage from AV Malformation) စတဲ့ အခြေအနေများမှာ နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်အနေနဲ့ အထွေထွေခွဲစိတ်အထူးကုဆရာဝန် (General Surgeon)၊ နားနှာခေါင်းလည်ချောင်းခွဲစိတ်အထူးကုဆရာဝန် (ENT Surgeon) များနဲ့အတူ လိုအပ်သလို ပါဝင်ကူညီခွဲစိတ်ပေးရတတ်ပါတယ်။

နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်အနေနဲ့ အကြောင်းတစ်ခုခုကြောင့် ဝမ်းဗိုက်ခေါင်း (Abdominal Cavity) အတွင်းမှာရှိတဲ့ အဓိကသွေးကြောကြီးများ ထိခိုက်ဒဏ်ရာရခြင်း (Major Vessels Injury)၊ ကင်ဆာအလုံးအကျိတ်များက သွေးကြောများကို ပျံ့နှံ့ဝန်းရံသွားခြင်း (Vessel engulfed by Malignant Tumor)၊ သွေးကြောများမှ ယိုစိမ့်ပေါက်ထွက်ပြီး အလုံးအကျိတ်ကြီးများ ဖြစ်နေခြင်း (False Aneurysm) စတဲ့ ရောဂါများကို အထွေထွေခွဲစိတ်အထူးကုဆရာဝန်များက ခွဲစိတ်ကုသတဲ့နေရာမှာ လိုအပ်သလို ကူညီပေးရလေ့ရှိပါတယ်။ တင်ပဆုံကွင်း (Pelvic Cavity) အတွင်းမှာ ဖြစ်ပွားတဲ့ မီးယပ်ဆိုင်ရာကင်ဆာရောဂါ (Gynaecological Malignancy) များကို သားဖွားနှင့်မီးယပ်အထူးကုဆရာဝန် (Obstetrician & Gynaecologist) များက ခွဲစိတ်ကုသတဲ့အခါမှာလည်း တစ်ခါတစ်ရံ သွေးကြောများနှင့်ပတ်သက်ပြီး လိုအပ်ပါက ပါဝင်ကူညီပေးရတတ်ပါတယ်။

လက်နှင့်ခြေထောက်များမှာဖြစ်တဲ့ သွေးကြောထိခိုက်ဒဏ်ရာရမှုများ (Vascular Injuries in Extremities)၊ သွေးလွှတ်ကြောကျဉ်းရောဂါများ (Peripheral Artery Diseases-PAD)၊ ခြေထောက်ရဲ့ အပေါ်ယံသွေးပြန်ကြောများမှာ သွေးကြောထုံးခြင်း (Varicose Veins)၊ အတွင်းပိုင်းသွေးပြန်ကြောများထဲမှာ သွေးခဲပိတ်ဆို့ခြင်း (Deep Vein Thrombosis-DVT) စတဲ့ သွေးကြောဆိုင်ရာရောဂါများ အားလုံးကိုလည်း နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်များက အဓိကတာဝန်ယူ ခွဲစိတ်ကုသပေးရပါတယ်။ ဒါ့အပြင် ဓာတ်မှန်အထူးကုဆရာဝန် (Interventional Radiologist) များက အထူးပြုလုပ်သော သွေးကြောဆိုင်ရာကုသမှုလုပ်ငန်းများ (Vascular Interventions) မှာလည်း တစ်ခါတစ်ရံ လိုအပ်တဲ့အကူအညီများ ပေးရတတ်ပါတယ်။

နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်စီးခြင်းရောဂါ (End-stage Renal Failure) ခံစားနေရသော လူနာများအား ကျောက်ကပ်အထူးကုဆရာဝန် (Nephrologist) များက ကုသမှုပြုလုပ်တဲ့အခါမှာ ကျောက်ကပ်သန့်စင်ဆေးကြောခြင်း နည်းလမ်းတစ်ခုဖြစ်တဲ့ Haemodialysis အတွက် အသုံးပြုရန် လက်ဖျံ/လက်မောင်းများတွင် သွေးကြောမွေးမြူခြင်း (AV Fistula Creation) ကိုလည်း နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်များကပဲ အများဆုံး ကူညီခွဲစိတ်မှု ပြုလုပ်ပေးရတာ ဖြစ်ပါတယ်။

မြန်မာပြည်က နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်တစ်ယောက်ရဲ့ အရေးကြီးတဲ့ အထူးတာဝန်တစ်ခုကတော့ ကိုယ်တွင်းအင်္ဂါများ အစားထိုးခွဲစိတ်မှု (Organs Transplant Surgery) လုပ်ငန်းများမှာ ပါဝင်ပူးပေါင်း ကူညီဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ လူကြီး/ကလေး အသည်းအစားထိုးခွဲစိတ်မှုများ (Adult & Paediatric Liver Transplant)၊ လူကြီး/ကလေး ကျောက်ကပ်အစားထိုးခွဲစိတ်မှုများ (Adult & Paediatric Renal Transplant) အားလုံးမှာ အသည်း၊သည်းခြေလမ်းကြောင်းနှင့် မုန့်ချိုအိတ်ဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်များ (Hepato-biliary & Pancreatic Surgeons)၊ ကျောက်ကပ်ခွဲစိတ်အထူးကုဆရာဝန်များ (Urologists)၊ ကလေးခွဲစိတ်အထူးကုဆရာဝန်များ (Paediatric Surgeons) စတဲ့ သက်ဆိုင်ရာဆရာဝန်များနဲ့အတူ ပါဝင်ကူညီခွဲစိတ်ပေးရပါတယ်။

အလှူရှင်ကိုယ်အင်္ဂါ (Donor Organ) များကို လက်ခံရရှိတဲ့လူနာ (Recipient) များမှာ အစားထိုးပြီး ပြန်လည်ခွဲစိတ်တပ်ဆင်တဲ့အခါ နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်အနေနဲ့ သွေးကြောများပြန်ဆက်သည့်ခွဲစိတ်မှု (Vascular Anastomosis) များကို အသေးစိတ်အနုစိတ် ပြုလုပ်ပေးရတာ ဖြစ်ပါတယ်။ ကိုယ်အင်္ဂါအစားထိုးခွဲစိတ်ကုသမှုတစ်ခု အောင်မြင်ဖို့အတွက် မရှိမဖြစ်လိုအပ်သော အချက်အလက်များစွာရှိတဲ့အနက် သွေးလွှတ်ကြော၊ သွေးပြန်ကြောများအားလုံး လိုအပ်သလို ပြန်ဆက်နိုင်ခြင်းဟာ အရေးအကြီးဆုံးအချက်တစ်ခုဖြစ်ပါတယ်။ အဲဒီ Vascular Anastomosis ကို အကောင်းဆုံးပြုလုပ်ပေးနိုင်မှသာ အစားထိုးထားတဲ့ ကိုယ်တွင်းအင်္ဂါများရဲ့ ပုံမှန်လုပ်ငန်းဆောင်တာများ ကောင်းမွန်စွာ ပြန်လည်လုပ်ဆောင်နိုင်ပြီး လူနာရဲ့အသက်ကို ကယ်တင်နိုင်မှာဖြစ်ပါတယ်။

မြန်မာပြည်က နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်တစ်ယောက်ရဲ့ တာဝန်များနဲ့ လုပ်ငန်းဆောင်တာများအကြောင်း ရေးသားဖော်ပြနေရင်းနဲ့ တစ်ဆက်တည်း အတွေးနယ်ချဲ့မိတဲ့ ပုဂ္ဂလိကခံစားချက်လေးတွေကိုလည်း ဆက်ပြီးပြောပြချင်မိပါတယ်။

ငယ်စဉ်က အနောက်တိုင်းစစ်တုရင် (Chess) ကစားတဲ့အခါမှာ လုပ်ဆောင်နိုင်စွမ်းအမျိုးမျိုးရှိတဲ့ စစ်တုရင်အရုပ်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးကတော့ "မြင်းရုပ်"(Knight) ပါပဲ။ သူ့ရဲ့ပတ်ပတ်လည်မှာရှိတဲ့ ကစားကွက်(၈)ကွက်ကို စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ သူ့ရဲ့ပါဝါကို အလွန်သဘောကျခဲ့တာပါ။ ဘောလုံးကစားပွဲ (Soccer) တွေမှာဆိုရင်လည်း အနှစ်သက်ဆုံးနေရာက "ကွင်းလယ်ဗိုလ်ချုပ်" လို့ တင်စားခေါ်ကြတဲ့ အလယ်တန်းကစားသမား (Midfielder) နေရာပါ။ ရှေ့နောက်အလယ် လိုအပ်သလိုထိန်းချုပ်ပြီး တိုက်စစ်ခံစစ် အတက်အဆင်း နေရာစုံကစားရတဲ့အပြင် လိုအပ်တဲ့အခါ ဂိုးပါသွင်းပေးနိုင်တာကို ကျေနပ်အားရခဲ့တာပါ။ ဒီလိုမျိုး ပင်ကိုမူလ စိတ်ဓာတ်အခံတွေကပဲ "မြန်မာပြည်က နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်" တစ်ယောက် ဖြစ်လာအောင် တွန်းပို့ပေးခဲ့လေသလားလို့ တစ်ခါတလေ မဆီမဆိုင် တွေးနေမိပါတယ်။

မပြီးဆုံးသေးတဲ့ တောင်တွေးမြောက်တွေး အတွေးလေးတွေ ဆက်ရေးပါရစေ။ မြန်မာဘာသာရပ်ဆိုင်ရာ အသုံးအနှုန်းစကားလုံးတွေထဲမှာ "ပါလေရာ ငါးပိချက်"နဲ့ "ပဲခူးဆား" ဆိုတဲ့ စကားလုံးတွေဟာ "ဟိုနေရာစပ်စပ် ဒီနေရာစပ်စပ် နေရာတကာ သူမပါရင်မပြီး" ဆိုတဲ့သဘောလို့ မှတ်သားမိပါတယ်။ ဒါပေမဲ့ မကောင်းတဲ့ဘက်ကို ပိုပြီးပြောချင်တဲ့ အဓိပ္ပာယ်ရတယ်လို့လည်း ယူဆမိပါတယ်။ ဖဲကစားနည်းတွေ အများကြီးရှိတဲ့အထဲက အများသိတဲ့တစ်မျိုးဖြစ်တဲ့ ပိုကာဒေါင်းချိန်တွေမှာ လူတိုင်းအလိုချင်ဆုံးကတော့ ဂျိုကာဖဲချပ်ကလေးတွေ ဖြစ်ပါတယ်။ ဘယ်ဖဲချပ်နေရာမှာမဆို အစားထိုးပြီး လိုအပ်တဲ့နေရာမှာ လိုအပ်သလို ဘက်စုံအသုံးပြုနိုင်တာမို့ လူတိုင်းသဘောကျသလို ကျွန်တော်လည်းကြိုက်နှစ်သက်တာ မဆန်းပါဘူး။ "ဂျိုကာ"ဆိုတဲ့စကားလုံးကတော့ အကောင်းဘက်ကို ရည်ညွှန်းတယ်လို့ ကိုယ့်ဘာသာကိုယ် ထင်မြင်မိပါတယ်။

မြန်မာပြည်က နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်တစ်ယောက်အနေနဲ့ အဓိကမူလတာဝန်ကတော့ နှလုံးနှင့်သွေးကြောရောဂါများ ခံစားနေရတဲ့ လူနာများရဲ့ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေဖို့နဲ့ အသက်အန္တရာယ်မှ လွတ်မြောက်စေဖို့ တတ်နိုင်သမျှ ကြိုးစားကယ်တင်ပေးရတဲ့အလုပ် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လုပ်ဖော်ကိုင်ဖက် ဆရာဝန်များစွာတို့ရဲ့ အရေးကြီးတဲ့လုပ်ငန်းဆောင်တာများမှာလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အတတ်နိုင်ဆုံး ပါဝင်ကူညီဆောင်ရွက်ပေးခွင့် ရနေတဲ့အတွက် မိမိရဲ့အလုပ်၊ မိမိရဲ့ဘဝလေးကို အမြဲတမ်း ဂုဏ်ယူဝမ်းသာကြည်နူးမှု ဖြစ်ရပါတယ်။ ဒါကြောင့်မို့ "ပါလေရာ ငါးပိချက်" "ပဲခူးဆား" "ဂျိုကာ" စတဲ့ အသုံးအနှုန်းတွေထဲမှာ "ဂျိုကာ" ဆိုတဲ့ စကားလုံးကိုသာ ကျွန်တော်အကြိုက်နှစ်သက်ဆုံးဖြစ်ပါကြောင်း လောကီလူသား ပုထုဇဉ်တစ်ဦးပီပီ ရိုးသားစွာ ဝန်ခံရေးသားလိုက်ရပါတယ်။

 #နှလုံးခွဲစိတ်အထူးကုဆရာဝန် နှင့် #နှလုံးသားဝေဒနာများ (၂၁) နှလုံးသားအသစ်ဖြင့်ရှင်သန်ခြင်း******************************က...
18/01/2025

#နှလုံးခွဲစိတ်အထူးကုဆရာဝန် နှင့်
#နှလုံးသားဝေဒနာများ (၂၁)

နှလုံးသားအသစ်ဖြင့်ရှင်သန်ခြင်း
******************************

ကိုးရီးယားရုပ်ရှင်ဇာတ်လမ်းတွဲများနဲ့ ရင်းနှီးကျွမ်းဝင်နေကြတဲ့ မြန်မာပြည်သူပြည်သားများအနေနဲ့ "နှလုံးအစားထိုးခွဲစိတ်ခြင်း" ဆိုတဲ့ စကားလုံးကိုလည်း အများစုက ကြားဖူးကြပြီးဖြစ်မှာပါ။ ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာသာ ဇာတ်ဝင်ခန်းအမျိုးမျိုးနဲ့ မကြာခဏမြင်တွေ့ရပြီး အလွယ်တကူ သုံးနှုန်းပြောဆိုနေကြပေမဲ့ တကယ့်လက်တွေ့အပြင်ဘဝမှာတော့ "နှလုံးအစားထိုးခွဲစိတ်ကုသမှု (Heart Transplant)" ပြုလုပ်ခြင်းဆိုတာ "အပြောလွယ်သလောက် အလုပ်ခက်" ဆိုသလို ထင်သလောက် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။

နှလုံးအစားထိုးခွဲစိတ်ခြင်းဆိုတာ ရောဂါတစ်ခုခုကြောင့် ကြာရှည်ပျက်စီးယိုယွင်းနေပြီး ပုံမှန်အလုပ်မလုပ်နိုင်တော့တဲ့ လူနာရဲ့နှလုံးကို ခွဲစိတ်ဖယ်ရှားပြီး သူ့နေရာမှာ အလှူရှင်ရဲ့ ကျန်းမာကောင်းမွန်တဲ့နှလုံးကို အစားထိုး ခွဲစိတ်တပ်ဆင်ပေးရတာဖြစ်ပါတယ်။ အမြင်သာဆုံး ဥပမာပေးရမယ်ဆိုရင် မော်တော်ကားရဲ့ အင်ဂျင်အဟောင်းကိုဖယ်ထုတ်ပြီး အင်ဂျင်အသစ်ကို အစားထိုးတပ်ဆင်တာနဲ့ သဘောတရားချင်းတူပါတယ်။ ဒါပေမဲ့ နှလုံးအစားထိုးခွဲစိတ်ကုသမှုကို သက်ရှိလူသားတွေမှာ ပြုလုပ်ရတာဖြစ်တဲ့အတွက် သက်မဲ့ကားတွေမှာ အင်ဂျင်လဲသလိုမျိုးတော့ မရိုးရှင်းလှပါဘူး။ နှလုံးအစားထိုးခွဲစိတ်ကုသမှုတစ်ခု အောင်မြင်စွာပြုလုပ်နိုင်ဖို့အတွက် အသေးစိတ် အဆင့်ဆင့်လုပ်ဆောင်ရသော ခွဲစိတ်မှုနည်းပညာများ၊ ကျွမ်းကျင်သောလူသားအရင်းအမြစ်များ၊ ရင့်ကျက်သောအတွေ့အကြုံများ၊ ခေတ်မီအခြေခံအဆောက်အအုံများ၊ ခေတ်မီဆေးဝါးနှင့်စက်ပစ္စည်းကိရိယာများ၊ အလွန်ရှုပ်ထွေးကျယ်ပြန့်သော စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာအစီအစဉ်များ စသည်ဖြင့် လိုအပ်ချက်အမြောက်အမြား ရှိနေတာဖြစ်ပါတယ်။

မွေးရာပါနှလုံးရောဂါများ (Congenital Heart Diseases)၊ နှလုံးသွေးကြောကျဉ်းရောဂါများ (Coronary Artery Diseases)၊ နှလုံးအဆို့ရှင်ရောဂါများ (Valvular Heart Diseases)၊ နှလုံးကြွက်သားမူမမှန်သောရောဂါများ (Cardiomyopathy)၊ နှလုံးခုန်မူမမှန်သောရောဂါများ (Arrhythmic Heart Diseases) အစရှိတဲ့ နှလုံးရောဂါအမျိုးမျိုးကို နှစ်ရှည်လများ ခံစားနေကြရတဲ့ လူနာများအနေနဲ့ နောက်ဆုံးမှာ နှလုံးညှစ်အားနည်းသောရောဂါ (Heart Failure) ဖြစ်လာနိုင်ပါတယ်။ အဲဒီအထဲမှာ နောက်ဆုံးအဆင့် နှလုံးညှစ်အားနည်းသောရောဂါ (End-stage Heart Failure) အခြေအနေကို ရောက်ရှိနေကြတဲ့ လူနာများစွာရှိပါတယ်။ အဆိုပါလူနာများဟာ ပုံမှန်သမားရိုးကျ နှလုံးဆေးဝါးကုသမှုများနဲ့ နှလုံးခွဲစိတ်ကုသမှုများ (Conventional Cardiac Medical and Surgical Treatment)ဖြင့် ပြုပြင်ကုသလို့ မရနိုင်တော့တဲ့အတွက် နှလုံးအစားထိုးခွဲစိတ်ကုသမှုကိုသာ တစ်ခုတည်းသော အသက်ကယ်နိုင်မဲ့ နောက်ဆုံးနည်းလမ်းအဖြစ် ရွေးချယ်ကြရပါတယ်။

ကမ္ဘာ့ပထမဆုံး လူသားအချင်းချင်း နှလုံးအစားထိုးခွဲစိတ်ကုသမှု (Human-to-human Heart Transplant)ကို (၁၉၆၇)ခုနှစ်မှာ တောင်အာဖရိကနိုင်ငံ ကိပ်တောင်းမြို့မှာ တောင်အာဖရိက နှလုံးခွဲစိတ်အထူးကုဆရာဝန် Christiaan Barnard ဦးဆောင်သောအဖွဲ့က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ခွဲစိတ်ပြီး(၁၈)ရက်အကြာမှာ လူနာဟာ အဆုတ်ရောင်ရောဂါ (Pneumonia)ကြောင့် ဆုံးပါးခဲ့ရပါတယ်။ နောက်ပိုင်းကာလတွေမှာတော့ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ ဆေးပညာတွေ၊ နည်းပညာတွေကြောင့် နှလုံးအစားထိုးခွဲစိတ်ကုသမှုတွေကို ပိုမိုအောင်မြင်စွာ ပြုလုပ်လာနိုင်ကြသလို ခွဲစိတ်ပြီးလူနာတွေရဲ့ သက်တမ်းဟာလည်း အလွန်ကျေနပ်ဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့ပါတယ်။

တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် Heart Failure ခံစားနေကြရသော လူနာဦးရေ (၂၆)သန်းခန့်ရှိပြီး End-stage Heart Failure အဆင့်ကို ရောက်ရှိနေကြတဲ့ လူနာပေါင်း သန်းနဲ့ချီပြီး ရှိနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ နှလုံးအစားထိုးခွဲစိတ်ကုသမှုများကို လိုအပ်နေတဲ့လူနာအားလုံးအတွက် အပြည့်အဝပြုလုပ်ပေးနိုင်တဲ့ အခြေအနေကတော့ ယခုအချိန်ထိ မရှိသေးပါဘူး။ နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူသင့်တဲ့ လူနာအားလုံးရဲ့ ကျန်းမာရေးအခြေအနေဟာ နှလုံးအစားထိုးခွဲစိတ်ကုသမှုကို ခံယူနိုင်တဲ့အနေအထားမှာ မရှိကြတာက အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ အလွန်ရှုပ်ထွေးခက်ခဲသော အစားထိုးခွဲစိတ်ကုသမှုဖြစ်ခြင်း (Transplant Complexity)နဲ့ နှလုံးအလှူရှင် လိုအပ်ချက်မပြည့်မီခြင်း (Donor Heart Shortage) ဆိုတဲ့ အဓိကအကြောင်းရင်းများကြောင့်လည်း နှလုံးအစားထိုးခွဲစိတ်ကုသမှုများကို အကန့်အသတ်နဲ့သာ ပြုလုပ်နိုင်ကြခြင်း ဖြစ်ပါတယ်။

နှစ်အလိုက်စာရင်းဇယားတွေအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ တစ်နှစ်ကို နှလုံးအစားထိုးခွဲစိတ်ကုသမှုပေါင်း (၆၀၀၀) မှ (၈၀၀၀)ခန့်အတွင်း ပြုလုပ်နိုင်ကြတယ်လို့ သိရပါတယ်။ အဲဒီအထဲက တစ်ဝက်ကျော်ခန့်ကို အမေရိကန်နိုင်ငံမှာ ပြုလုပ်တာဖြစ်ပြီး ဂျာမနီ၊ ပြင်သစ်၊ စပိန် စတဲ့နိုင်ငံတွေမှာလည်း အများအပြား ပြုလုပ်ကြတာ ဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ကမ္ဘာ့နိုင်ငံများစွာမှာ နှလုံးအစားထိုးခွဲစိတ်တဲ့ အထူးကုဌာနများ (Cardiac Transplant Centers) ဖွဲ့စည်းတည်ထောင်ပြီး နှလုံးအစားထိုးခွဲစိတ်ကုသမှုများကို စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ နိုင်ငံတကာမှာ နှလုံးအစားထိုးခွဲစိတ်ကုသမှု အစီအစဉ်များ ဘယ်လိုဆောင်ရွက်နေကြသလဲဆိုတာကို အကြမ်းဖျင်း ပြောပြပါမယ်။

တစ်နိုင်ငံလုံးအဆင့်၊ ပြည်နယ်/ဒေသအဆင့် အာဏာပိုင်အဖွဲ့အစည်းများအနေနဲ့ မိမိတို့နိုင်ငံအလိုက်၊ ပြည်နယ်/ဒေသအလိုက် သင့်လျော်သော ဥပဒေများ၊ နည်းဥပဒေများ ပြဌာန်းပြီး ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ အစားထိုးခွဲစိတ်ကုသခြင်းဆိုင်ရာ မူဝါဒများချမှတ်ခြင်း၊ စီမံခန့်ခွဲခြင်းများ ပြုလုပ်ပါတယ်။ ကျင့်ဝတ်ထိန်းသိမ်းရေးဆိုင်ရာအဖွဲ့အစည်းများ၊ ကိုယ်အင်္ဂါအလှူရှင်များ စီမံခန့်ခွဲရေးအဖွဲ့အစည်းများ စတဲ့ လိုအပ်သောအဖွဲ့အစည်းများကို အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်ရပါတယ်။ နှလုံးအစားထိုးခွဲစိတ်တဲ့ အထူးကုဌာနများ၊ ဆေးရုံများအလိုက် အသေးစိတ်သတ်မှတ်ကျင့်သုံးကြတဲ့ စည်းကမ်းသတ်မှတ်ချက်များလည်း ရှိကြပါတယ်။

ပထမဦးဆုံးအနေနဲ့ သက်ဆိုင်ရာနှလုံးအထူးကုဆရာဝန်များက နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူသင့်သော End-stage Heart Failure အခြေအနေကို ရောက်ရှိနေတယ်လို့ သတ်မှတ်ယူဆတဲ့ လူနာများနှင့် တိုင်ပင်ဆွေးနွေးညှိနှိုင်းပြီး လူနာရဲ့ဆန္ဒ၊ ရွေးချယ်မှုနဲ့အညီ နှလုံးအစားထိုးခွဲစိတ်တဲ့ အထူးကုဌာန/ဆေးရုံတစ်ခုခုသို့ ရည်ညွှန်းလွှဲပြောင်းပေးရပါတယ်။ သက်ဆိုင်ရာဌာန/ဆေးရုံများမှာ အထူးကုဆရာဝန်များနှင့် ပညာရှင်မျိုးစုံပါဝင်တဲ့ နှလုံးအစားထိုးခွဲစိတ်ကုသမှုအဖွဲ့ (Cardiac Transplant Team)က ကျန်းမာရေးဆိုင်ရာ အလုံးစုံစမ်းသပ်စစ်ဆေးခြင်း (Complete Health Evaluation)၊ စိတ်ပိုင်းနှင့် ဦးနှောက်အာရုံကြောဆိုင်ရာ စစ်ဆေးသုံးသပ်ခြင်း (Psychological and Neurological Evaluation)၊ လူမှုရေးနှင့် ငွေကြေးပိုင်းဆိုင်ရာ စိစစ်သုံးသပ်ခြင်း (Social and Financial Evaluation) များကို အသေးစိတ် ပြုလုပ်ရပါတယ်။

ယေဘုယျအားဖြင့် လူနာတစ်ဦးအနေနဲ့ နှလုံးအစားထိုးခွဲစိတ်ကုသမှု မခံယူသင့်သော အဓိကအချက်အလက်များ ရှိပါတယ်။ အသက်အရွယ် အလွန်ကြီးရင့်ပြီး နှလုံးအစားထိုးခွဲစိတ်မှုဒဏ်ကို ခံနိုင်ရည်မရှိခြင်း (Advanced Age with inability to recover from transplant surgery)၊ အလွန်ပြင်းထန်သော ကျောက်ကပ်၊ အသည်း၊ အဆုတ်ရောဂါများ ရှိနေခြင်း (Serious Kidney,Liver or Lung diseases)၊ ကင်ဆာရောဂါဖြစ်ပွားခြင်း (History of Cancer)၊ ခန္ဓာကိုယ်တစ်နေရာရာမှာ ရောဂါပိုးများ ပွားများဝင်ရောက်နေခြင်း (Active Infection)၊ အစားထိုးပြီးနှလုံးအသစ် ကျန်းမာစေရန်လိုအပ်သော လူနေမှုပုံစံများ ပြောင်းလဲကျင့်သုံးရန် ဆန္ဒမရှိခြင်း (Unwilling to make Lifestyle Changes necessary for healthy donor heart) စသည်တို့ဖြစ်ပါတယ်။

သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီပြည့်စုံတဲ့ လူနာများကိုသာ နှလုံးအစားထိုးခွဲစိတ်မှု ခံယူသင့်တဲ့လူနာများအဖြစ် ပဏာမစိစစ်ရွေးချယ်ပြီး နှလုံးအလှူရှင်လက်ခံရရှိရန် စောင့်ဆိုင်းနေသော လူနာစာရင်း (Waiting List for Donor Organ)ထဲမှာ ထည့်ရပါတယ်။ စောင့်ဆိုင်းနေစဉ်ကာလအတွင်းမှာ လူနာအခြေအနေကို အမြဲမပြတ်စောင့်ကြည့်ပြီး လိုအပ်သောဆေးဝါးများဖြင့် ထိန်းချုပ်ကုသမှုများ (Optimal Medical Treatment) ပြုလုပ်ပေးထားရပါတယ်။ ဒါ့အပြင် လိုအပ်လာပါက နှလုံးသွေးလွှတ်ခန်း အထောက်အကူပြု စက်ပစ္စည်း (Ventricular Assist Device-VAD) (သို့မဟုတ်) နှလုံးအတု (Total Artificial Heart-TAH) ခွဲစိတ်တပ်ဆင်ခြင်း ဆိုတဲ့ ပေါင်းကူးခြင်းနည်းလမ်းများ (Bridge treatments)နဲ့ နှလုံးအစားထိုးခွဲစိတ်သည့်အချိန်ထိ လူနာအသက်ကို ကယ်တင်ထားနိုင်အောင် ကြိုးစားကြရပါတယ်။

Ventricular Assist Device (VAD) များထဲမှာ Left Ventricular Assist Device (LVAD), Right Ventricular Assist Device (RVAD) နဲ့ Biventricular Assist Device ဆိုပြီး အမျိုးမျိုးရှိပါတယ်။ အဲဒီထဲမှာ LVAD ကို အသုံးအများဆုံးဖြစ်ပြီး နှလုံးဘယ်ဘက်သွေးလွှတ်ခန်းထဲက သွေးများကို ပင်မသွေးလွှတ်ကြီး(Aorta) မှတစ်ဆင့် ခန္ဓာကိုယ်အနှံ့အပြားသို့ရောက်အောင် ကူညီညှစ်ထုတ်ပေးပါတယ်။ LVAD တပ်ဆင်အသုံးပြုခြင်းကို နှလုံးအစားထိုးခွဲစိတ်ဖို့ စောင့်နေသောလူနာများအတွက် ယာယီပေါင်းကူးပေးတဲ့ ကုထုံးတစ်ခု (A Bridge to Transplant) အဖြစ်လည်းကောင်း၊ နှလုံးအစားထိုးခွဲစိတ်ခြင်း မပြုလုပ်နိုင်တော့တဲ့ တချို့လူနာများအတွက် အမြဲတမ်း ရေရှည်ကုထုံးတစ်ခု (Destination Therapy) အဖြစ်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။

LVAD တပ်ဆင်အသုံးပြုလို့မရနိုင်သော တချို့လူနာများအတွက် နှလုံးအတုတပ်ဆင်ခြင်း (Inplantation of Total Artificial Heart-TAH)ကို နှလုံးအစားထိုးခွဲစိတ်ဖို့ စောင့်နေချိန်မှာ ယာယီကုထုံးတစ်ခု (A Bridge to Transplant) အနေနဲ့ ပြုလုပ်နိုင်ပါတယ်။ နှစ်ပေါင်းများစွာအတွင်း နိုင်ငံအသီးသီးမှာ နှလုံးအတုများကို တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုကောင်းမွန်သော စွမ်းဆောင်ရည်ရရှိအောင် တီထွင်ဖန်တီး ထုတ်လုပ်ခဲ့ကြပါတယ်။ နှလုံးအတု အမျိုးအစားများပေါ် မူတည်ပြီး တပ်ဆင်ပြီးလျှင် နှလုံးအလှူရှင်ရသည်အထိ လပေါင်းများစွာမှ နှစ်ချီကြာအောင် အသုံးပြုနိုင်ပါတယ်။

နှလုံးအလှူရှင် (Donor Heart)နဲ့ ရောဂါဆိုးဝါးမှု ဦးစားပေးအစီအစဉ်အရ လက်ခံရရှိတဲ့လူနာ (Recipient)တို့အကြား သတ်မှတ်ထားသောအချက်အလက်များ ပြည့်စုံကိုက်ညီတဲ့အခါမှာ နှလုံးအစားထိုးခွဲစိတ်ကုသမှု (Heart Transplant)ကို စီစဉ်ပြုလုပ်ရတာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အလှူရှင်နှလုံးကို ထုတ်ယူခြင်း (Retrieval of Donor Heart) ပြုလုပ်ပြီး (၄)နာရီမှ(၆)နာရီအတွင်း လက်ခံမဲ့လူနာမှာ ပြန်လည်ခွဲစိတ်တပ်ဆင်နိုင်ဖို့ ကြိုးစားရပါတယ်။ Donor Heart ထုတ်ယူတဲ့နေရာမှ Recipient လူနာရှိတဲ့နေရာကို သတ်မှတ်ချိန်အတွင်း အချိန်မီ အမြန်ဆုံးရောက်ရှိနိုင်ဖို့ လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေး အစီအစဉ်များအားလုံးကို စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့လည်း အလွန်အရေးကြီးလှပါတယ်။

နှလုံးအစားထိုးခွဲစိတ်မှု ပြုလုပ်တဲ့အခါမှာ လူနာရဲ့ နှလုံးနဲ့အဆုတ်လှုပ်ရှားမှုကို လိုအပ်တဲ့အချိန်အတိုင်းအတာတစ်ခုထိ ရပ်တန့်ထားပြီး နှလုံးနှင့်အဆုတ်စက် (Heart-Lung Machine)ကို အစားထိုးအသုံးပြုကာ Open-Heart Surgery နည်းလမ်းဖြင့် ခွဲစိတ်ကုသရတာ ဖြစ်ပါတယ်။ လူနာရဲ့ ရောဂါဖြစ်နေတဲ့နှလုံးကို ခွဲစိတ်ထုတ်ယူဖယ်ရှားပြီးမှ အလှူရှင်ရဲ့နှလုံးကို အစားထိုးတပ်ဆင်ရတာဖြစ်တဲ့အတွက် သာမန်နှလုံးခွဲစိတ်မှုများနဲ့မတူဘဲ အလွန်ခက်ခဲရှုပ်ထွေးပြီး နာရီပေါင်းများစွာကြာတဲ့ ခွဲစိတ်ကုသမှုကြီးတစ်ခု ဖြစ်ပါတယ်။ ယခင်က နှလုံးခွဲစိတ်မှုခံယူထားခဲ့ဖူးသောလူနာမှာ ပြုလုပ်ရခြင်းဖြစ်ပါက ပိုပြီးခက်ခဲရှုပ်ထွေးကာ အချိန်လည်းပိုပြီးကြာတတ်ပါတယ်။

နှလုံးအစားထိုးခွဲစိတ်ပြီးလူနာများအား လူနာရဲ့အခြေအနေပေါ်မူတည်ပြီး အထူးကြပ်မတ်ကုသခန်း (Intensive Care Unit-ICU) အပါအဝင် ဆေးရုံပေါ်မှာ တစ်ပတ်မှ သုံးပတ်ခန့်အထိ ပြည့်ပြည့်ဝဝ ပြုစုစောင့်ရှောက်မှုပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်ဆေးဝါးများအပြင် ကိုယ်ခံစွမ်းအားဖိနှိပ်ထားသောဆေးများ (Immunosuppressants) သုံးစွဲကုသခြင်း၊ ပြီးပြည့်စုံသော နှလုံးရောဂါလူနာ ပြန်လည်ထူထောင်ရေးအစီအစဉ်များ (Cardiac Rehabilitation Programs) ပြုလုပ်ခြင်း၊ ရာသက်ပန်ပြုစုစောင့်ရှောက်မှု အစီအစဉ်များ (Lifelong Care Plans) ချမှတ်ထားခြင်း စသည်ဖြင့် စနစ်တကျ ပြင်ဆင်ဆောင်ရွက်ထားဖို့ အထူးလိုအပ်ပါတယ်။

နှလုံးအစားထိုးခွဲစိတ်မှုခံယူထားတဲ့ လူနာများအနေနဲ့ သာမန်နှလုံးခွဲစိတ်ကုသမှုများမှာ ကြုံတွေ့ရနိုင်တဲ့ အထွေထွေအန္တရာယ်များအပြင် နှလုံးအစားထိုးခွဲစိတ်ခြင်းနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ သီးခြားအန္တရာယ်များလည်း ရှိပါတယ်။ အဓိကအားဖြင့် အစားထိုးထားတဲ့နှလုံးကို လူနာရဲ့ခန္ဓာကိုယ်မှ လက်မခံဘဲ ငြင်းပယ်ခြင်း (Rejection of the Donor Heart)၊ အစားထိုးထားတဲ့နှလုံး အလုပ်မလုပ်ဘဲ အလိုအလျောက် ပျက်စီးလာခြင်း (Primary Graft Failure)၊ Immunosuppressants ဆေးဝါးများရဲ့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာခြင်း (Medication Side Effects)၊ ကိုယ်ခံအားကျဆင်းမှုကြောင့် ကင်ဆာရောဂါများ ဖြစ်ပေါ်လာခြင်း (Development of Cancer) နှင့် ရောဂါပိုးမွှားများဝင်ရောက်ခြင်း (Infection) စသည်တို့ ဖြစ်ပါတယ်။

အောင်မြင်စွာ နှလုံးအစားထိုးခွဲစိတ်မှုခံယူပြီးတဲ့ လူနာအနေနဲ့ကတော့ ခံစားနေရတဲ့ နှလုံးရောဂါဝေဒနာများ သိသိသာသာ သက်သာပျောက်ကင်းသွားပြီး ကျန်းမာရေးအခြေအနေများ ချက်ချင်း ပြောင်းလဲတိုးတက်သွားနိုင်တဲ့အတွက် "နှလုံးသားအသစ်ဖြင့်ရှင်သန်ခြင်း" လို့တောင် တင်စားပြောဆိုရမှာ ဖြစ်ပါတယ်။ လူနာရဲ့ အသက်အရွယ်၊ မူလကျန်းမာရေးအခြေအနေ၊ အစားထိုးထားတဲ့နှလုံးကို ခန္ဓာကိုယ်ကလက်ခံနိုင်စွမ်း အစရှိတဲ့ အဓိကအချက်များအပါအဝင် အခြားအချက်အလက်များစွာပေါ်မှာ မူတည်ပြီး လူနာတစ်ဦးနဲ့တစ်ဦး ဆက်လက်အသက်ရှင်နေနိုင်တဲ့သက်တမ်း ကွာခြားနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီသက်တမ်းအတွင်းမှာတော့ နှလုံးရောဂါဝေဒနာများ ဆိုးဝါးစွာခံစားနေရတဲ့ အခြေအနေက ကင်းဝေးပြီး ပကတိလူကောင်းတစ်ယောက်လိုမျိုး နှလုံးသားအသစ်ဖြင့် ရှင်သန်လှုပ်ရှား နေထိုင်သွားလာနိုင်မှာကတော့ အလွန်သေချာတဲ့အချက်ပဲ ဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သုတေသန အချက်အလက်များအရ နှလုံးအစားထိုးခွဲစိတ်ပြီး လူနာများရဲ့ အသက်ရှင်နိုင်တဲ့နှုန်း (Survival Rate) ကို ကြည့်မယ်ဆိုရင် ခွဲစိတ်ပြီးလူနာတွေရဲ့ (၉၀%)ဟာ တစ်နှစ်ကြာတဲ့အထိ၊ (၈၀%)ဟာ (၅)နှစ်အထိ၊ (၆၀-၇၀%)ဟာ (၁၀)နှစ်အထိ ဆက်လက်အသက်ရှင်နိုင်ကြတယ်ဆိုတာ တွေ့ရပါတယ်။ ယေဘုယျအားဖြင့် ပုံမှန်အသက်ရှင်ရပ်တည်နိုင်တဲ့ သက်တမ်း (၁၅)နှစ်ခန့်ရှိတယ်လို့ လက်ခံထားကြပါတယ်။ တချို့လူနာများဟာ နှစ်ပေါင်း (၂၀-၃၀)အထိ ကြာအောင် အသက်ရှင်သန်နိုင်ကြတာလည်း ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ နှလုံးအစားထိုးခွဲစိတ်ကုသခြင်းဟာ နှလုံးရောဂါ လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်း (Cure Treatment)လို့ မဆိုနိုင်ပေမဲ့ တခြားနည်းလမ်းများနဲ့ ကုသလို့မရတော့တဲ့ နောက်ဆုံးအဆင့် နှလုံးရောဂါလူနာများရဲ့ အသက်ကိုကယ်တင်နိုင်တဲ့ အကောင်းဆုံးကုထုံး (Gold Standard Treatment) ဖြစ်တယ်ဆိုတာကိုတော့ တညီတညွတ်တည်း သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် လူနာကို နှလုံးအစားထိုးခွဲစိတ်ကုသမှု ပြုလုပ်ပေးနိုင်ရန်အတွက် ဦးနှောက်သေဆုံးနေပြီး နှလုံးခုန်နေသေးသော နှလုံးအလှူရှင် (Brain Death Donor with Beating Heart) ထံမှ စောင့်ဆိုင်းရယူ အသုံးပြုရတာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ End-stage Heart Failure ခံစားနေကြရပြီး နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူရန် စောင့်ဆိုင်းနေကြတဲ့ လူနာအရေအတွက်နဲ့ နှလုံးအလှူရှင်ရရှိမှု အချိုးအစားဟာ အလွန်ကွာဟချက်များနေပါသေးတယ်။ ဒါကြောင့် လူနာများရဲ့အသက်ကို အချိန်မီကယ်တင်နိုင်ဖို့ လူလူချင်းနှလုံးအစားထိုးခွဲစိတ်ကုသမှုအပြင် အခြားသောနည်းလမ်းများကိုလည်း ထပ်မံပြောင်းလဲအသုံးပြုနိုင်အောင် စဉ်ဆက်မပြတ် ကြိုးစားနေကြပါတယ်။

ကမ္ဘာ့ပထမဆုံး မျိုးရိုးဗီဇပြုပြင်ထားသောဝက်နှလုံး (Gene-edited Pig Heart) ဖြင့် အစားထိုးခွဲစိတ်ကုသမှု (Pig-to-Human Heart Transplant)ကို (၂၀၂၂) ခုနှစ်မှာ အမေရိကန် နှလုံးခွဲစိတ်အထူးကုဆရာဝန် Bartley P. Griffith က အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပြီး လူနာဟာ (၂)လခန့် အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး မျိုးစိတ်မတူညီသော သတ္တဝါတစ်မျိုးရဲ့ အင်္ဂါအစိတ်အပိုင်းများ (Xenografts)ကို အသုံးပြုပြီး အစားထိုးခွဲစိတ်ကုသခြင်းကို Xenotransplantation လို့ ခေါ်ပါတယ်။ လူနာများအတွက် နှလုံးအလှူရှင်လိုအပ်မှုပြဿနာကို ဖြေရှင်းရာမှာ အကျိုးရှိသောနည်းလမ်းတစ်ခုအနေနဲ့ အပြည့်အဝအသုံးချနိုင်ဖို့အတွက် ဆက်လက်သုတေသနပြု ကြိုးစားလျက်ရှိကြပါတယ်။

မကြာသေးခင် (၂၀၂၄)ခုနှစ် ဂျူလိုင်လမှာ ဩစတြေးလျအင်ဂျင်နီယာ Dr. Daniel Timms တီထွင်ဖန်တီးထားတဲ့ Titanium သတ္တုနဲ့ ပြုလုပ်ထားသော BiVACOR TAH နှလုံးအတုကို လူသားနှလုံးနေရာမှာ ပထမဆုံး အစားထိုးတပ်ဆင်တဲ့ခွဲစိတ်မှုကို အမေရိကန်နိုင်ငံတွင် အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ အဆင့်မြင့်နည်းပညာများကို အသုံးပြုထားပြီး နှလုံးသွေးလွှတ်ခန်းများ (Ventricles)ရဲ့ လုပ်ငန်းဆောင်ရွက်ပုံနဲ့ အနီးစပ်ဆုံးတူညီအောင် တီထွင်ထားတဲ့အတွက် အခြားနှလုံးတုများနဲ့မတူဘဲ အနည်းဆုံး (၁၀)နှစ်လောက်ကြာတဲ့အထိ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ နှလုံးအစားထိုးခွဲစိတ်ကုသမှုနယ်ပယ်မှာ အလွန်ထူးခြားတဲ့ တိုးတက်ပြောင်းလဲမှုတစ်ခုလို့ သတ်မှတ်ယူဆနေကြပါတယ်။

ယခုအခါ ကမ္ဘာပေါ်မှာ နှလုံးအစားထိုးခွဲစိတ်ကုသမှု အောင်မြင်စွာခံယူရရှိပြီး လက်ကျန်ဘဝသက်တမ်းကို နှလုံးသားအသစ်ဖြင့် ရှင်သန်လှုပ်ရှားနေကြတဲ့သူတွေလည်း တစ်နေ့တစ်ခြား တိုးတက်များပြားလာနေပြီ ဖြစ်ပါတယ်။ နောင်လာမဲ့ကာလများမှာလည်း နောက်ထပ်ပြီးတော့ "နှလုံးသားအသစ်ဖြင့်ရှင်သန်ခြင်း" ဇာတ်လမ်းများစွာကို ဆက်လက်မြင်တွေ့ ကြားသိနေကြရဦးမှာ အသေအချာပါပဲ။ မျှော်လင့်ချက်တွေ အပြည့်အဝရှိနေတဲ့ နှလုံးသားအသစ်နဲ့လူတွေချည်းပဲ ပေါင်းစုနေထိုင်နိုင်ကြမဲ့ ကြည်နူးပျော်ရွှင်ဖွယ်ရာ "နှလုံးသားမြို့တော်" တွေတောင် ပေါ်ပေါက်လာလေမလားလို့ စိတ်ကူးယဉ်ကြည့်မိပါတယ်။

မြန်မာပြည်က နှလုံးရောဂါဝေဒနာရှင် လူနာများသည်လည်း ကံကောင်းထောက်မစွာနဲ့ အဲဒီလိုနှလုံးသားမြို့တော်မျိုးမှာ ကြည်နူးပျော်ရွှင်ရတဲ့ဘဝကို တစ်ချိန်ချိန်မှာ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။ လူနာတွေကို နှလုံးသားအသစ် ဖန်တီးပြုလုပ်ပေးနိုင်ဖို့ ပြင်းပြတဲ့ဆန္ဒရှိကြတဲ့ မျိုးဆက်သစ် နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်များရဲ့ အန္တိမရည်မှန်းချက်နဲ့ အိပ်မက်လှလှလေးတွေ ဖြစ်မြောက်လာအောင် အကောင်အထည်ဖော်နိုင်မဲ့ အခွင့်အရေးတွေလည်း တစ်နေ့နေ့မှာ မလွဲမသွေရရှိနိုင်ကြပါစေ။ မြန်မာပြည်သူပြည်သားများ အားလုံးသည်လည်း လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန အစရှိတဲ့ ကိလေသာတရားများကြောင့် စွန်းထင်းပျက်စီးနေတဲ့ နှစ်ဟောင်းက နှလုံးသားဟောင်းနေရာမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါးနဲ့ပြည့်စုံတဲ့ နှလုံးသားအသစ်ဖြင့် အစားထိုးရှင်သန်ပြီး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

 #နှလုံးခွဲစိတ်အထူးကုဆရာဝန် နှင့် #နှလုံးသားဝေဒနာများ (၂၀) အကျည်းတန်ခြေသလုံးများနှင့် နောက်ကွယ်ကအန္တရာယ်များ************...
11/01/2025

#နှလုံးခွဲစိတ်အထူးကုဆရာဝန် နှင့်
#နှလုံးသားဝေဒနာများ (၂၀)

အကျည်းတန်ခြေသလုံးများနှင့် နောက်ကွယ်ကအန္တရာယ်များ
*********************************************

ပြည်တွင်းပြည်ပမှာ ပြုလုပ်တဲ့ လှယဉ်ကျေးမယ်ပြိုင်ပွဲများ၊ ကာယအလှမယ်ပြိုင်ပွဲများကို လူတိုင်းကြည့်ဖူးမြင်ဖူးကြမှာပါ။ အလှမယ်များရဲ့ ခေါင်းကအစခြေဖျားအဆုံး အလှအပတွေ ပြသယှဉ်ပြိုင်ကြရာမှာ "ခြောက်ပြစ်ကင်း သဲလဲစင်" ဖြစ်စေဖို့ ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေထဲမှာ ဆံပင်အလှ၊ မျက်နှာအလှ၊ ကိုယ်ကာယအလှတွေအပြင် ခြေသလုံးအလှပါ ပါဝင်လိမ့်မယ်လို့ ယူဆမိပါတယ်။ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ငယ်စဉ်တုန်းက မိန်းကလေးငယ်များ ထမီတိုတိုဝတ်ပြီး ခြေသလုံးအလှကို ဖော်ကျူးပြသကြတဲ့အချိန် "Hot Short" ဆိုတဲ့ စကားလုံးတစ်ခု ခေတ်စားခဲ့ဖူးတာကိုလည်း ပြန်လည်အမှတ်ရမိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူသားတွေရဲ့ခြေထောက်များကို အလှပျက်စေပြီး "အကျည်းတန်ခြေသလုံးများ" ဖြစ်လာစေနိုင်တဲ့ ခြေထောက်သွေးပြန်ကြောရောဂါတွေအကြောင်းကို ကျန်းမာရေးဗဟုသုတတစ်ခုအဖြစ် ရေးပြချင်ပါတယ်။

ရောဂါတွေအကြောင်းမပြောခင် သိထားသင့်တဲ့ ခန္ဓာကိုယ်အောက်ပိုင်းနဲ့ခြေထောက်များကနေ အသုံးပြုပြီးသွေးညစ်များ နှလုံးအိမ်ထဲကို ပြန်လည်သယ်ယူပို့ဆောင်ပေးတဲ့ ခြေထောက်သွေးပြန်ကြောများ ဖွဲ့စည်းပုံစနစ် (Venous System of Lower Limb) အပိုင်းသုံးခု အကြောင်းကို အကြမ်းဖျင်းပြောပြပါ့မယ်။

ပထမပိုင်းအနေနဲ့ အရေပြားအောက်မှာကပ်လျက်ရှိနေတဲ့ သွေးပြန်ကြောလေးများမှ စတင်ပေါင်းစုလာကာ ခြေချင်းဝတ်ကနေ ဒူးခေါင်းနားထိရှည်တဲ့ အပေါ်ယံသွေးပြန်ကြောငယ် (Short Saphenous Vein)နဲ့ ခြေချင်းဝတ်ကနေ ပေါင်ရင်းထိရှည်တဲ့ အပေါ်ယံသွေးပြန်ကြောကြီး (Great/Long Saphenous Vein) နှစ်ခုဖြစ်လာပြီး အပေါ်ယံသွေးပြန်ကြောစနစ် (Superficial Venous System) ဖြစ်လာပါတယ်။ သွေးပြန်ကြောငယ်က ခြေသလုံးတွင်းသွေးပြန်ကြော (Popliteal Vein) ထဲကိုလည်းကောင်း၊ သွေးပြန်ကြောကြီးက ပေါင်တွင်းသွေးပြန်ကြော (Femoral Vein) ထဲကိုလည်းကောင်း အသီးသီးစီးဝင်ကာ ဒုတိယပိုင်းဖြစ်တဲ့ အတွင်းပိုင်းသွေးပြန်ကြောစနစ်ထဲကို ရောက်ရှိပါတယ်။

ကြွက်သားများကြားမှာ နက်ရှိုင်းစွာရှိနေတဲ့ အတွင်းပိုင်းသွေးပြန်ကြောစနစ် (Deep Venous system)အဖြစ် ခြေချောင်းများ၊ ခြေဖမိုး၊ ခြေချင်းဝတ်နေရာများက သွေးပြန်ကြောလေးများ ပေါင်းစုလာပြီး ခြေသလုံးတွင်းသွေးပြန်ကြော (Popliteal Vein)၊ ပေါင်တွင်းသွေးပြန်ကြော (Femoral Vein)၊ ခြေထောက်သွေးပြန်ကြော (External Iliac Vein) ဆိုပြီး အဆင့်ဆင့် ဆက်ပြီးဖြစ်လာပါတယ်။ နောက်ဆုံး ဝမ်းဗိုက်ပိုင်းအတွင်းမှာ အောက်ပိုင်းသွေးပြန်ကြောကြီး (Inferior Vena Cava) ဖြစ်လာပြီး နှလုံးအပေါ်ဘက် ညာဘက်သွေးဝင်ခန်း (Right Atrium)ထဲကို ဝင်ရောက်သွားပါတယ်။

တတိယပိုင်းအနေနဲ့ အပြင်နဲ့အတွင်း သွေးပြန်ကြောများကို ကြွက်သားများကြားမှ ထိုးဖောက်ဆက်သွယ်ထားတဲ့ ဖောက်ထွင်းသွေးကြောအတိုလေးများ (Perforators System) ဆိုပြီး ရှိပါတယ်။ ဒူးခေါင်းရဲ့အထက်နဲ့အောက်နား၊ ခြေချင်းဝတ်အထက်နားတွေမှာ အစီအစဉ်တကျ တည်ရှိပါတယ်။

ခြေထောက်သွေးပြန်ကြောများအားလုံးမှာ နှလုံးဘက်သို့တစ်လမ်းသွား အဆို့ရှင်များ(Valves) ပါရှိပြီး သွေးများနောက်ပြန်မစီးနိုင်အောင် ကာကွယ်တားဆီးထားပါတယ်။ ထူးခြားစွာ ဖွဲ့စည်းတည်ဆောက်ထားတဲ့ အဲဒီအဆို့ရှင်များရဲ့ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ခန္ဓာကိုယ်ရဲ့ ဒုတိယနှလုံးလို့ ထင်ရှားကျော်ကြားတဲ့ ခြေသလုံးကြွက်သားများ (Calf Muscles)ရဲ့ လှုပ်ရှားညှစ်ထုတ်မှုများကြောင့် ခန္ဓာကိုယ်အောက်ပိုင်းက သွေးညစ်များဟာ ကမ္ဘာ့ဆွဲအားကိုဆန့်ကျင်ပြီး သွေးပြန်ကြောများမှတစ်ဆင့် နှလုံးထဲကို ပြန်လည်စီးဆင်းဝင်ရောက်တာ ဖြစ်ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ခြေထောက်သွေးပြန်ကြောအဆို့ရှင်များ ပျက်စီးလာပြီး မလုံတော့တဲ့အခါ နှလုံးဘက်ကိုသွားရမဲ့သွေးများ အပြည့်အဝမသွားနိုင်တော့ဘဲ ခြေထောက်သွေးပြန်ကြောတွေထဲမှာ နောက်ပြန်ကျလာတဲ့သွေးများ (Venous Reflux) စုပုံဖောင်းကားလာပြီး သွေးဖိအားများလာတတ်ပါတယ်။ အချိန်ကာလ ကြာမြင့်လာတဲ့အခါမှာ သွေးကြောမျှင်လေးများ (Capillaries) ပေါက်ကွဲပျက်စီးပြီး သွေးကြောအတွင်းကသွေးများ အပြင်ဘက်သို့ထွက်လာခြင်း (Extravasation of blood) ဖြစ်လာပါတယ်။ အဲဒီကနေ နောက်ဆက်တွဲ ဆက်လက်ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေကြောင့် လူနာများဟာ အမျိုးမျိုးသော ရောဂါလက္ခဏာများကို ခံစားလာကြရတာ ဖြစ်ပါတယ်။

ကာလကြာရှည်စွာ ဖြစ်လာတဲ့ ခြေထောက်သွေးပြန်ကြောရောဂါများကို Chronic Venous Insufficiency (CVI) လို့ ခေါ်ပါတယ်။ အဲဒီရောဂါများအနက် Superficial System မှာ အထင်ရှားဆုံးက သွေးကြောထုံးခြင်း (Varicose Veins) ဖြစ်ပြီး Deep System မှာ အရေးအကြီးဆုံးက အတွင်းပိုင်းသွေးပြန်ကြောများထဲမှာ သွေးခဲပိတ်ဆို့ခြင်း (Deep Vein Thrombosis-DVT) ဖြစ်ပါတယ်။ အဲဒီရောဂါများဟာ လူနာရဲ့ခြေထောက်များကို အမြင်မတော်ရလောက်အောင် အလှပျက်အကျည်းတန်စေတဲ့အပြင် အလွန်ဆိုးဝါးသော နောက်ဆက်တွဲပြဿနာများစွာကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့ အဲဒီခြေထောက်သွေးပြန်ကြောရောဂါများကြောင့် ဖြစ်ပေါ်ခံစားရတဲ့ ရောဂါဝေဒနာများအားလုံးကို "အကျည်းတန်ခြေသလုံးများနှင့် နောက်ကွယ်ကအန္တရာယ်များ" လို့သာ ခေါ်ဆိုလိုက်ချင်ပါတယ်။

CVI ရောဂါများ ဖြစ်စေနိုင်တဲ့ အန္တရာယ်များသောအချက်များ (Risk Factors) အများအပြား ရှိပါတယ်။ မိသားစုထဲမှာ အလားတူရောဂါဖြစ်ဖူးခြင်း (Family History/ Genetics)၊ အသက်အရွယ်ကြီးလာခြင်း (Older Age)၊ လှုပ်ရှားမှုနည်းပါးခြင်း (Lack of Movement)၊ ကြာရှည်စွာ မတ်တတ်ရပ်ပြီး (သို့မဟုတ်) ထိုင်ပြီး အလုပ်လုပ်ရခြင်း (Prolonged Standing or Sitting)၊ လေဖြတ်ခြင်း (Stroke)၊ ထိခိုက်ဒဏ်ရာရခြင်း/ခွဲစိတ်ကုသမှုခံယူရခြင်း (Injury/Surgery) စတဲ့ အကြောင်းများကြောင့် ရေရှည်အနားယူရခြင်း (Long-term Bed Rest)၊ ကိုယ်ဝန်ဆောင်ခြင်း (Pregnancy)၊ အမျိုးသမီးဟော်မုန်း (Estrogen hormone) များစေနိုင်သော ပဋိသန္ဓေတားဆေးများ (Oral Contraceptives)နှင့် သွေးဆုံးချိန် ဖြည့်စွက်ဆေးဝါးများ သောက်သုံးခြင်း (Hormone Replacement Therapy)၊ ဆေးလိပ်သောက်ခြင်း (Smoking)၊ အဝလွန်ခြင်း (Obesity)၊ ကင်ဆာရောဂါများ (Cancer)၊ နှလုံးညှစ်အားနည်းခြင်းရောဂါ (Heart Failure)၊ တချို့သွေးရောဂါများ (Haematological Diseases)၊ ကိုဗစ်ရောဂါ (COVID 19 Infection) စသည်တို့ဖြစ်ပါတယ်။

CVI ရောဂါများခံစားရတဲ့ လူနာများအနေနဲ့ ခြေထောက်များ ညောင်းညာခြင်းနှင့် နာကျင်ကိုက်ခဲခြင်း (Achy or Tired Legs)၊ လေးလံပြီးနေထိုင်ရခက်ခြင်း (Heavy Feeling)၊ ညအချိန် ကြွက်တက်သလိုဖြစ်ခြင်း (Cramping)၊ နီညိုသောအရေပြားအရောင်သို့ ပြောင်းလာခြင်း (Reddish-brown Skin)၊ ရာဘာကဲ့သို့ အရေပြားမာကျောလာခြင်း (Leathery-looking Skin)၊ ပူလောင်ခြင်း (Burning)၊ ထုံကျဉ်ခြင်း (Tingling)၊ ယားယံခြင်း (Itching)စတဲ့ ရောဂါလက္ခဏာများ ဖြစ်တတ်ပါတယ်။ ပင့်ကူအိမ်ပုံသဏ္ဌာန် သွေးပြန်ကြောလေးများ (Spider Veins) ဖြစ်လာခြင်းမှစပြီး သွေးကြောထုံးခြင်းများ (Varicose Veins) အထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ခြေထောက်ရောင်ရမ်းခြင်း (Leg Oedema)၊ ခြေချင်းဝတ်အထက်နားမှာ အနာများဖြစ်ခြင်း (Ulcers)၊ နှင်းခူကဲ့သို့ အရေပြားယားယံအနာများဖြစ်ခြင်း (Eczema-like Skin Lesions)၊ အပေါ်ယံသွေးပြန်ကြောရောင်ရမ်းခြင်း (Superficial Thrombophlebitis)၊ သွေးခဲခြင်း (Blood clots)၊ သွေးထွက်ခြင်း (Bleeding) စတဲ့ နောက်ဆက်တွဲပြဿနာများလည်း ဖြစ်လာနိုင်ပါတယ်။

Varicose Veins ဆိုတာက ခြေထောက်ရဲ့ အရေပြားအောက်မှာ ကြီးမားဖောင်းကားပြီး တွန့်လိမ်ကောက်ကွေးနေတဲ့ အတောင့်လိုက်ရှိနေသော သွေးပြန်ကြောများ (Dilated, Tortuous and Elongated Veins) ဖြစ်ပါတယ်။ ခြေသလုံးနေရာမှာ အများဆုံးဖြစ်တတ်ပြီး အပေါ်ယံသွေးပြန်ကြောကြီးတလျှောက် ပေါင်ရင်းအထိ ရှိနေတတ်ပါတယ်။ ချက်ချင်း အသက်အန္တရာယ်ပေးနိုင်သောရောဂါ မဟုတ်ပေမဲ့ ခြေထောက်များကို အလွန်အရုပ်ဆိုးအကျည်းတန်စေတဲ့အပြင် နောက်ဆက်တွဲပြဿနာများ ဖြစ်လာပါက သက်သာပျောက်ကင်းအောင် အချိန်ယူပြီး ခက်ခက်ခဲခဲ ကုသရတဲ့အတွက် လူနာရဲ့ ပုံမှန်လူနေမှုဘဝ (Quality of Life)ကို ထိခိုက်စေပြီး စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်များ (Psychological Discomforts) ဖြစ်စေသော အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။

နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်များအနေနဲ့ Varicose Veins ကို သက်သာပျောက်ကင်းအောင် ကုသနိုင်တဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ သွေးပြန်ကြောထဲကို ဆေးရည်ထိုးသွင်းဖျက်ဆီးခြင်း (Sclerotherapy)၊ Catheter ပိုက်ရှည်ထည့်ပြီး ရေဒီယိုလှိုင်း (သို့မဟုတ်) လေဆာဖြင့် အပူပေးဖျက်ဆီးခြင်း (Cather-based procedures using Radiofrequency or Laser energy)၊ ရောဂါဖြစ်နေတဲ့သွေးပြန်ကြောကို ခွဲစိတ်ရှာဖွေ၍ အရင်းမှချည်ပြီးထုတ်ပစ်ခြင်း (Ligation and Stripping)၊ သေးငယ်သောခွဲစိတ်မှုများဖြင့် သွေးကြောထုံးများကို ခွဲစိတ်ထုတ်ပစ်ခြင်း (Microincisions and Phlebectomy)၊ ဖောက်ထွင်းသွေးကြောအတိုလေးများကို မှန်ပြောင်းအသုံးပြုခွဲစိတ်ခြင်း (Subfascial Endoscopic Perforators Surgery-SEPS) စသည်တို့ဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ CVI ရောဂါများဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်တဲ့ အတွင်းပိုင်းသွေးပြန်ကြောများထဲမှာ သွေးခဲပိတ်ဆို့ခြင်း (Deep Vein Thrombosis-DVT) အကြောင်းကို ပြောပြချင်ပါတယ်။

DVT ရောဂါဖြစ်နေသော လူနာများအနေနဲ့ သွေးခဲပိတ်ဆို့တဲ့နေရာပေါ်မူတည်ပြီး ခြေထောက်ရောင်လာခြင်း (Leg and Thigh Swelling)၊ ခြေသလုံးနာကျင်ကိုက်ခဲခြင်း (Leg Pain/Cramps)၊ ခြေထောက်ပူနွေးလာခြင်း (Feeling of Warmth)၊ အရေပြားအရောင်ပြောင်းလာခြင်း (Skin Colour Changes) စတဲ့ လက္ခဏာများ ဖြစ်လာနိုင်ပါတယ်။ ရောဂါဖြစ်နေပေမဲ့ ဘာလက္ခဏာမှမပြဘဲ သွေးပြန်ကြောတွေထဲမှာ သွေးခဲပိတ်ဆို့နေခြင်း (Silent DVT) မျိုးလည်း ရှိတတ်ပါတယ်။ ရောင်ရမ်းကြီးမားနေသော ခြေထောက်နဲ့ခြေသလုံးများကြောင့် အလှပျက်အကျည်းတန်နေတာကို အပေါ်ယံမြင်သာပေမဲ့ အလွန်အန္တရာယ်များသော မမြင်နိုင်တဲ့ နောက်ဆက်တွဲအခြေအနေများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိနားလည်ထားဖို့က ပိုပြီးအရေးကြီးပါတယ်။

ပိတ်နေတဲ့သွေးခဲတွေဟာ အကြောင်းတစ်ခုခုကြောင့် ပြုတ်ထွက်သွားပြီး အတွင်းပိုင်းသွေးပြန်ကြောစနစ်အတိုင်း မျောပါသွားကာ နှလုံးအပေါ်ဘက် ညာဘက်သွေးဝင်ခန်း (Right Atrium) ထဲအထိ ရောက်သွားနိုင်ပါတယ်။ အဲဒီကမှတစ်ဆင့် အဆုတ်သွေးလွှတ်ကြောများ (Pulmonary Arteries) ထဲမှာ ရောက်ရှိပိတ်ဆို့သွားခြင်းကို Pulmonary Embolism (PE)လို့ ခေါ်ပါတယ်။ DVT ဖြစ်တဲ့သွေးပြန်ကြောတွေ နှလုံးနဲ့နီးလေလေ သွေးခဲပြုတ်ထွက်သွားပြီး PE ဖြစ်နိုင်တဲ့ အန္တရာယ်များလေလေ ဖြစ်ပါတယ်။ DVT ရောဂါရဲ့ အရေးအကြီးဆုံးနဲ့ သတိအထားသင့်ဆုံး နောက်ကွယ်ကအန္တရာယ်ကြီးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူနာများအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ကိုက်ခဲခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းဝေဒနာများ ခံစားနေရတဲ့ ခြေထောက်များ၊ ခြေသလုံးများကို သက်သာချင်တဲ့စိတ်ဇောနဲ့ မဆင်မခြင် နင်းနှိပ်ခြင်းများ မပြုလုပ်မိအောင် သတိပြုကြဖို့ အထူးလိုအပ်ပါတယ်။

Pulmonary Embolism ရောဂါမှာ ပိတ်ဆို့သွားတဲ့သွေးကြောနေရာကို မူတည်ပြီး ရောဂါလက္ခဏာအမျိုးမျိုး ကွဲပြားခြားနားတတ်ပါတယ်။ ပင်မအဆုတ်သွေးလွှတ်ကြော (Main Pulmonary Artery)မှ ဘယ်ညာခွဲထွက်တဲ့ ခွဆုံနေရာမှာ Saddle Embolus လို့ ကျော်ကြားတဲ့ မြင်းကုန်းနှီးပုံသဏ္ဌာန် သွေးခဲကြီး ပိတ်ဆို့သွားခဲ့ရင် အဆုတ်နှစ်ဘက်လုံး သွေးမရတော့တဲ့အတွက် ရုတ်တရက် အသက်ရှူကြပ်မောပန်းခြင်း (Sudden Shortness of Breath) ဖြစ်လာပြီး ချက်ချင်းအသက်ဆုံးရှုံးခြင်း (Sudden Death) ဖြစ်သွားနိုင်ပါတယ်။ ဘယ်/ညာ အဆုတ်သွေးလွှတ်ကြော (Left/Right Pulmonary Artery) တစ်ခုခုကို ပိတ်ဆို့ခဲ့ရင်တော့ ပိတ်တဲ့ဘက်က ရင်ဘတ်နာခြင်း (Chest Pain)၊ သတိလစ်ခြင်း (Syncope)၊ သွေးခုန်နှုန်းမြန်လာခြင်း (Tachycardia)၊ အသက်ရှူမြန်လာခြင်း (Tachypnoea)၊ ချောင်းဆိုးသွေးပါခြင်း (Haemoptysis) စတဲ့ လက္ခဏာများ ဖြစ်နိုင်ပါတယ်။

ဆရာဝန်များအနေနဲ့ ရောဂါရာဇဝင် (History)နဲ့ အသေးစိတ် စမ်းသပ်စစ်ဆေးခြင်း (Physical Examination) များအရ DVT နဲ့ Pulmonary Embolism ရောဂါများကို သံသယရှိမယ်ဆိုရင် သွေးခဲများမှထွက်သော ဓာတ်ပစ္စည်းတစ်မျိုးဖြစ်တဲ့ D-dimer level ကို သွေးဖောက်စစ်ဆေးခြင်း (Blood Test) ဖြင့် ရောဂါရှိမရှိ အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ DVTရောဂါကို အတိအကျ အမည်သတ်မှတ်နိုင်ဖို့အတွက် ခြေထောက်သွေးပြန်ကြောများမှာ အသံလှိုင်းဖြင့်ရောဂါရှာဖွေခြင်း (Duplex Ultrasound) ပြုလုပ်နိုင်ပါတယ်။ Pulmonary Embolism ရောဂါအတွက် လိုအပ်ပါက အဆုတ်သွေးကြောကွန်ပျူတာဓာတ်မှန် (CT Pulmonary Angiogram)၊ သံလိုက်အထူးဓာတ်မှန် (MRI)၊ အဏုမြူရောင်ခြည်သုံးပြီး အဆုတ်တွင်းလေဝင်မှုနှင့် သွေးစီးဆင်းမှု အချိုးအစား ရှာဖွေခြင်း (V/Q Scan) စတဲ့ အဆင့်မြင့်စမ်းသပ်စစ်ဆေးမှုများကို ဆက်လက်ပြုလုပ်နိုင်ပါတယ်။

DVTနဲ့ Pulmonary Embolism ရောဂါများကို ကုသတဲ့အခါမှာ အဓိကအားဖြင့် ဖြစ်ပြီးသားသွေးခဲများ ပိုပြီးကြီးထွားမလာစေဖို့နဲ့ သွေးခဲအသစ်များ ထပ်ဖြစ်မလာစေဖို့ သွေးကျဲဆေးများပေးခြင်း (Anticoagulant Therapy) နည်းလမ်းကို အသုံးပြုရပါတယ်။ လူနာအခြေအနေပေါ် မူတည်ပြီး သွေးခဲပျော်ဆေးများထိုးခြင်း (Thrombolytic Therapy) နည်းလမ်းကိုလည်း သင့်တော်သလို ပြုလုပ်နိုင်ပါတယ်။ နှလုံးနှင့်သွေးကြော ခွဲစိတ်အထူးကုဆရာဝန်များအနေနဲ့ လိုအပ်ပါက တချို့ Pulmonary Embolism ရောဂါများအတွက် ခွဲစိတ်ပြီးသွေးခဲများထုတ်ပစ်ခြင်း (Pulmonary Thrombectomy) ကို တစ်ခါတစ်ရံ ပြုလုပ်ပေးရတတ်ပါတယ်။ နိုင်ငံတကာမှာတော့ ခေတ်မီနည်းပညာများ အသုံးပြုကာ အောက်ပိုင်းသွေးပြန်ကြောကြီးအတွင်းမှာ ဇကာတပ်ဆင်ခြင်း (IVC Filters Placement) ပြုလုပ်ပြီး ပြုတ်ထွက်သွားသောသွေးခဲများ ညာဘက်နှလုံးသွေးဝင်ခန်း (Right Atrium)ထဲသို့ မရောက်စေရေးအတွက် ကာကွယ်တားဆီးကြပါတယ်။

ခြေထောက်သွေးပြန်ကြောရောဂါများဟာ ခံစားရသောလူနာများရဲ့ နေ့စဉ်လူနေမှုဘဝကို အလွန်ဒုက္ခပေးနိုင်တဲ့အပြင် တစ်ခါတစ်ရံ အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဆိုးဝါးသောရောဂါများ ဖြစ်ပါတယ်။ ရောဂါမဖြစ်အောင် ကာကွယ်နိုင်ရန်၊ ဖြစ်လာပါကလည်း ရောဂါလက္ခဏာများ သက်သာစေရန်နဲ့ ပိုဆိုးမလာစေရန်အတွက် လူနာကိုယ်တိုင် လိုက်နာပြုလုပ်နိုင်တဲ့ အထောက်အကူပြုနည်းလမ်းများ ရှိပါတယ်။ အထူးသဖြင့် အထက်မှာဖော်ပြခဲ့တဲ့ ရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ်များသောအချက်များ (Risk Factors)ကို တတ်နိုင်သမျှ လျှော့ချနိုင်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ကိုယ်အလေးချိန်လျှော့ချခြင်း (Weight Reduction)၊ ဆေးလိပ်မသောက်ဘဲ ရှောင်ကြဉ်ခြင်း (Avoid Smoking)၊ အချိန်ကြာမြင့်စွာ မတ်တတ်ရပ်ခြင်း၊ ထိုင်ခြင်းတို့မှ ရှောင်ကြဉ်ခြင်း (Avoid Standing or Sitting for a long time)၊ ထိုင်နေတဲ့အချိန်နဲ့ လဲလျောင်းတဲ့အချိန်များမှာ ခြေထောက်ကိုမြှင့်ထားခြင်း (Legs Elevation when sitting or lying down)၊ လေယာဉ်၊ ကား၊ ရထားများ အချိန်ကြာမြင့်စွာစီးပြီး (Long-haul Travel) ခရီးသွားရတဲ့အခါ ငြိမ်သက်မနေဘဲ မကြာခဏ လှုပ်ရှားသွားလာပေးခြင်း၊ လမ်းလျှောက်လေ့ကျင့်ခန်းများပြုလုပ်ခြင်း (Working Exercises)၊ အထူးပြုလုပ်ထားသော အသားကပ်ခြေအိတ်များ ဝတ်ဆင်ခြင်း (Graduated Compression Stocking) နှင့် ထိခိုက်ဒဏ်ရာရခြင်း (Trauma)၊ ခွဲစိတ်မှုကြီးများခံယူခြင်း (Major Surgery)၊ လေဖြတ်ခြင်း (Stroke) စတဲ့အခြေအနေများမှာ အမြန်ဆုံး ပြန်လည်လှုပ်ရှားသွားလာခြင်း (Early Ambulation) ပြုလုပ်ပြီး နာလန်ထူနိုင်အောင်ကြိုးစားခြင်း စသည်တို့ဖြစ်ပါတယ်။

မြန်မာပြည်သူပြည်သားများအနေနဲ့ "အကျည်းတန်ခြေသလုံးများနှင့် နောက်ကွယ်ကအန္တရာယ်များ" မဖြစ်ရအောင် တတ်နိုင်သမျှ ကြိုးစားအားထုတ်ရင်း "ခြေသလုံးအလှ"ကို အမြဲထိန်းသိမ်းနေထိုင်ကြရမှာဖြစ်သလို ကိုယ်ချင်းစာတရားနှင့် ညှာတာထောက်ထားမှုများ ကင်းမဲ့ခြင်း၊ တစ်ကိုယ်ကောင်းဆန်လွန်းခြင်း၊ လူလူချင်းလှည့်ပတ်ပြီး ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ အနိုင်ကျင့်နှိပ်စက်ညှဉ်းပန်းခြင်း စတဲ့ မကောင်းသောစိတ်ထားများနဲ့ ဖုံးလွှမ်းနေတဲ့ "အကျည်းတန်နှလုံးသားများ" မဖြစ်ရလေအောင် "နှလုံးသားအလှ"ကိုလည်း အလားတူ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

Address

Chaungzon

Website

Alerts

Be the first to know and let us send you an email when Prof. Aung Zaw Myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram