29/10/2024
"အဖြစ်များနေတဲ့ ပါးချိတ်ရောင်ရောဂါ (သို့မဟုတ်) မော်နာ”
အခုတလောမှာ ပါးချိတ်ရောင်ရောဂါ (Mumps) ဖြစ်တဲ့ကလေးတွေ တော်တော်များများ တွေ့ရပါ တယ်။ မြန်မာလိုတော့ “မော်နာ” လို့လည်း ခေါ်ပါတယ်။ အထူးသဖြင့် ကျောင်းတွေက ကူးစက်ပြီး ကျောင်းသားအရွယ် ကလေးတွေမှာ တွေ့ရပါတယ်။ ပါးချိတ်ရောင် (Mumps) က ဗိုင်းရပ်စ်ပိုးတစ်မျိုး ကြောင့် ဖြစ်တာပါ။ ကူးစက်လွယ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။
ဒီဗိုင်းရပ်စ်က လူခန္ဓာကိုယ်ထဲကို ဝင်ပြီးရင် လူ့ရဲ့ ပါးစပ်ထဲကို တံတွေးထည့်ပေးတဲ့ တံတွေး အကျိတ် (Salivary glands) တွေမှာ ထပ်မံပေါက်ပွားပြီး ဒီအကျိတ်တွေကို ရောင်ယမ်းစေပါတယ်။ အဓိက အကြီးဆုံး တံတွေးအကျိတ်ကတော့ နားရွက် အောက်ပိုင်း နားကပ်ပန်တဲ့ နေရာလေးရဲ့ ရှေ့၊ နောက်နဲ့ အောက်ဖက်မှာရှိတဲ့ ပဲရောတစ်အကျိတ် (Parotid gland) ပါ။ အဲ့ဒါအပြင် အောက်မေးရိုးရဲ့ ဘေး တဖက် တချပ် အတွင်းဖက်မှာလည်းကောင်း၊ လျှာခင်ရဲ့ ဘေးတစ်ဖက်တချက်မှာ လည်းကောင်း၊ တံတွေး အကျိတ်တွေရှိလို့ အဲ့ဒီနေရာတွေလည်း ရောင်ယမ်းနိုင်ပါတယ်။
ဒီပါးချိတ်ရောင်ရောဂါရဲ့ ကူးစပ်ပုံကတော့ အဖြစ်များတဲ့ နှာစေး ချောင်းဆိုး၊ တုပ်ကွေးရောဂါနဲ့ ကိုဗစ်ကူးစပ်ပုံ အတိုင်းပါပဲ။ တံတွေးထဲမှာပါတဲ့ ဒီဗိုင်းရပ်စ်က နှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် တံတွေးပေထါးတဲ့ လက်က တဆင့် အခြားလူတစ်ယောက်ဆီကို အလွယ်တကူ ကူးစက်သွားနိုင်ပါတယ်။ ရောဂါလက္ခဏာ မပေါ်ခင် ရက်အနည်းငယ်နဲ့ ရောဂါလက္ခဏာပေါ်ပြီး ရက်အနည်းငယ်အထိ ကူးစက်နိုင်ပါတယ်။ ရောဂါကူးစက်ခံ ရပြီး (၁၂) ရက်မှ (၂၅) ရက် အကြာမှာ ရောဂါလက္ခဏာတွေ စပေါ်လာတတ်ပါတယ်။ တစ်ခါဖြစ်ပြီးရင် တော့ တစ်သက်တာလုံး ကာကွယ်မှု ရပါတယ်။
ရောဂါလက္ခဏာတွေကတော့ မျက်နှာရဲ့ တဖက်တချက်မှာရှိတဲ့ ပါးချိတ်တွေရောင်ပြီး နာလာတာ နဲ့ ပြပါတယ်။ တခါတလေ တဖက်တည်း၊ တခါတလေ တပြိုင်နက် ရောင်တတ်ပါတယ်။ နာလည်း နာပါ တယ်။ ဖိကြည့်ရင်လည်း နာပြီး အစာကို ဝါးစားတဲ့အခါမှာလည်း နာတတ်ပါတယ်။ တခြား လက္ခဏာ တွေအနေနဲ့ ခေါင်းကိုက်ခြင်း၊ အဆစ်အမြစ် နာခြင်း၊ အာခေါင် ခြောက်ခြင်း၊ ဗိုက် အနည်းငယ်နာခြင်း၊ ခွန်အားလျော့ခြင်း၊ မစားချင် မသောက်ချင်ဖြစ်ခြင်း၊ အပူကြီးခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။
ကုသမှုအနေနဲ့တော့ ဗိုင်းရပ်စ်ပိုးဖြစ်တဲ့အတွက် ပိုးသတ်ဆေးတွေနဲ့ ကုသလို့ မရပါဘူး။ နာတာနဲ့ ဖျားတာအတွက် အကိုက်အခဲပျောက်ဆေးတွေဖြစ်တဲ့ ပါရာစီတမောနဲ့ Ibuprofen တွေကို သုံးလို့ရပါ တယ်။ Ibuprofen ကို မသုံးခင်မှာတော့ သွေးလွန်တုပ်ကွေး မဟုတ်တာ သေချာဖို့ လိုပါတယ်။ အရင်က သုံးခဲ့တဲ့ အကိုက်အခဲပျောက်ဆေးတွေမှာပါတဲ့ Aspirin ပါတဲ့ဆေး တွေကို တော့ (၁၆) နှစ်အောက် ကလေးတွေမှာ မသုံး သင့်ပါဘူး။ အကျိတ်ပေါ်မှာ ရေခဲကပ်ခြင်း၊ ရေနွေးအိတ်ကပ်ခြင်းတို့နဲ့ နာကျင်မှုကို အနည်းငယ် သက် သာအောင် လုပ်ပေးလို့ ရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ အများလုပ်နေတဲ့ မဲနယ်လိမ်းတာ၊ အခြားဆေး တွေ လိမ်းတာက အကျိုး မရှိပါဘူး။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ရောဂါဆိုတော့ လူ့ကိုယ်ခံအားက နိုင်သွားတာနဲ့ ပျောက်ကင်းသွားပါမယ်။ ပါးစပ်ကို သန့်အောင် ထားဖို့ လိုပါတယ်။ မကြာခဏ ဆားရည် နွေးနွေးနဲ့ ပလုပ်ကျင်းပေးတာက အကျိုးရှိပါတယ်။
အမျိုးသားကာကွယ်ဆေးထိုး စီမံချက်မှာ “ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး” (MMR) ကာကွယ် ဆေးထိုးထားတဲ့ နိုင်ငံတွေမှာတော့ ဒီရောဂါကို ကလေးတွေမှာ တွေ့ရခဲပါတယ် (ဥပမာ-UK)။ ကာကွယ် ဆေး မရခဲ့တဲ့ အရွယ်တွေမှာ တွေ့ရပါတယ်။ သူတို့က ဒီကာကွယ်ဆေးကို (၁၉၈၈) ခုနှစ်ကတည်း ကစပြီး အားလုံးကို ထိုးပေးခဲ့တာပါ။
ကျွန်တော်တို့ရဲ့ အမျိုးသားကာကွယ်ဆေးထိုး စီမံချက်မှာတော့ (၉) လနဲ့ (၁၈) လအရွယ် ကလေး တွေမှာ “ဝက်သက်၊ ဂျိုက်သိုး” (MR) ကာကွယ်ဆေး ထိုးပေးထားပါတယ်။ “ပါးချိတ်ရောင်” မပါတဲ့ အတွက် ပါးချိတ်ရောင် ကာကွယ်မှု မရှိပါဘူး။ ပြင်ပပုဂ္ဂလိကဆေးရုံတွေမှာ “ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး” ကာကွယ်ဆေးထိုးထားရင်တော့ ကာကွယ်မှု ရပါတယ်။ ဒါကတော့ လူအနည်းစုပဲ လက်လှမ်း မှီမှာပါ။
ဒီရောဂါရဲ့ နောက်ဆက်တွဲလက္ခဏာတွေကတော့
(၁) ဝှေးစေ့ရောင်ခြင်း
လူပျိုဖေါ်ဝင်ပြီး အရွယ်တွေမှာ ပါးချိတ်ရောင် ဖြစ်ခဲ့ရင် (၃) ယောက်မှ (၁) ယောက်လောက်က ဝှေးစေ့ရောင်တတ်ပါတယ်။ များသောအားဖြင့် တစ်ဖက်ပဲ ရောင်တယ်၊ နာတယ်၊ ဖျားတတ်ပါတယ်။ ပါးချိတ်ရောင်ပြီး (၄) ရက်က (၈) ရက်လောက်မှာ ဖြစ်တတ်ပါတယ်။ အနာသက်သာတဲ့ ဆေးသောက်၊ ဝှေးစေ့ကို ပင့်မထားနိုင်တဲ့ အောက်ခံဘောင်းဘီဝတ်၊ အိပ်တဲ့အချိန်မှာ ကပ္ပါယ်အိတ်အောက်မှာ အဝတ် တစ်ခုခံထား၊ ရေခဲကပ်ခြင်းဖြင့် သက်သာအောင် လုပ်လို့ရပါတယ်။ သိပ်ဆိုးရင်တော့ နီးရာ ဆရာဝန် ပြရမှာပါ။ ဒီလိုဖြစ်ဖူးတဲ့ အမျိုးသားတွေမှာ သုတ်ကောင်ရေ လျော့တာရှိပေမဲ့ ကလေးမရတဲ့ အထိတော့ အင်မတန်ဖြစ်ခဲပါတယ်။
(၂) အမျိုးသမီး သားဥအိမ်ရောင်ခြင်း
မိန်းကလေးတွေမှာတော့ ဝမ်းဗိုက် အောက်ပိုင်း တဖက်တချက်မှာရှိတဲ့ သားဥအိမ် (O***y) ရောင်ယမ်းတာ ဖြစ်နိုင်ပါတယ်။ ဒါဖြစ်ရင်တော့ ဖျားခြင်း၊ ဝမ်းဗိုက်အောက်ပိုင်း နာခြင်းတွေ ဖြစ်နိုင်ပါ တယ်။
(၃) မုန့်ချိုအိတ် ရောင်ခြင်း (Pancreatitis)
၂၅ ယောက်မှာ ၁ ယောက်လောက် ဖြစ်နိုင်ပါတယ်။ အဖျားကြီးခြင်း၊ ဗိုက်နာခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အသားဝါခြင်းတွေ ဖြစ်နိုင်ပါတယ်။ များသောအားဖြင့်တော့ မပြင်းထန်ပါဘူး။ ဒါပေမဲ့ ဆေးရုံတင် ကုသဖိုတော့ လိုပါတယ်။
(၄) ဦးနှောက်အမြှေးရောင်ခြင်း
ဇက်တောင့်ခြင်း၊ အလင်းရောင် ကြည့်မရခြင်း၊ ခေါင်းကိုက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ (၄) ယောက်မှာ (၁) ယောက်လောက် ဖြစ်နိုင်တယ်ဆိုပေမဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရတော့ အဲဒီ လောက် မတွေ့ရပါဘူး။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ ဦးနှောက်အမြှေးရောင်လိုလည်း ပြင်းထန် ခြင်း မရှိပါဘူး။
(၅) ဦးနှောက်ရောင်ခြင်း (Encephalitis)
ဒါကတော့ ဦးနှောက်တစ်ခုလုံး ရောင်တဲ့အတွက် ပိုပြီး ပြင်းထန်ပါတယ်။ ၁၀၀၀ မှာ ၁ ယောက်လောက်သာ ဖြစ်ပါတယ်။ အသက်အန္တရာယ် ရှိနိုင်ပါတယ်။ သတိလစ်ခြင်း၊ တက်ခြင်း စတာ တွေ ရှိတတ်ပါတယ်။ ဆေးရုံတင် ကုသဖို့ လိုပြီး တခါတရံ အထူးကြပ်မတ်ဆောင်ကို ရောက်နိုင်ပါတယ်။
(၆) အကြားအာရုံ ထိခိုက်ခြင်း
၂၅ ယောက်မှာ ၁ ယောက်လောက်ကတော့ နားလေးတာ ခဏ ဖြစ်နိုင်ပါတယ်။ အကြားအာရုံကို ရေရှည်ထိခိုက်တာကတော့ ၂၀,၀၀၀ မှ ၁ ယောက်လောက်ပဲ ရှိပါတယ်။
အခုတလောမှာ ပါးချိတ်ရောင်ရောဂါနဲ့ ကလေးတွေကို အများအပြား တွေ့ရပါတယ်။ နောက် ဆက်တွဲ ဆိုးကျိုးနဲ့ ဆေးရုံတက်ရတဲ့ ကလေးတချို့လည်း ရှိပါတယ်။
ကျွန်တော်တို့ ကလေးတော်တော်များများက အမျိုးသားကာကွယ်ဆေးထိုး စီမံချက်မှာ “ဝက် သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး” ကာကွယ်ဆေး မရထားပါဘူး။ “ဝက်သက်၊ ဂျိုက်သိုး” ပဲ ရထားပါတယ်။ ဒါကလည်း ကုန်ကျစရိတ်နဲ့ ရရှိတဲ့အကျိုးကိုတွက်ပြီး စီစဉ်ပေးထားရတာ ဖြစ်လို့ပါ။
အများစုကတော့ အလွယ်တကူပဲ ကုသပျောက်ကင်းနိုင်ပါတယ်။ ရှားရှားပါးပါး နောက်ဆက်တွဲ ရောဂါတွေဖြစ်ရင်လည်း စနစ်တကျ ကုသမှု ခံယူဖို့လိုပါတယ်။
ပါးချိတ်ရောင် ရန်ဘေး ကင်းဝေးပါစေ။
ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)