Dr Hnin Thida Cho . Child Clinic .

Dr Hnin Thida Cho . Child Clinic . Child clinic

27/09/2025

📢 အမေရိကန် ကလေးဦးနှောက်အာရုံကြောအဖွဲ့အစည်း (Child Neurology Society) မှ အော်တစ်ဇင်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်

🧩 အမေရိကန် ကလေးဦးနှောက်အာရုံကြောအဖွဲ့အစည်း (CNS) က အော်တစ်ဇင်သည် အကြောင်းရင်းမျိုးစုံကြောင့် ဖြစ်ပေါ်လာကြောင်းနှင့် လက်ရှိကုသမှုများသည် အမြစ်ပြတ်ကုသမှုမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ပံ့ပိုးပေးခြင်းသာဖြစ်ကြောင်း အတည်ပြုထုတ်ပြန်ထားပါသည်။

👩‍👩‍👧‍👦 အော်တစ်ဇင်သည် လူတစ်ဦးချင်းစီအလိုက် လက္ခဏာချင်းမတူဘဲ ရှုပ်ထွေးသည့်အခြေအနေတစ်ခုဖြစ်ပြီး မျိုးဗီဇဆိုင်ရာအချက်များလည်း ပါဝင်ပါသည်။ အော်တစ်ဇင်ရှိသူများသည် ကျွန်ုပ်တို့၏မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် အရေးပါသော အဖွဲ့ဝင်များဖြစ်သည်။ လက်ရှိရရှိနိုင်သည့် အကောင်းဆုံးစောင့်ရှောက်မှုမှာ ကလေးများနှင့် ၎င်းတို့၏မိသားစုများ ဘဝတိုးတက်စေရန်အတွက် ဆေးဘက်ဆိုင်ရာ၊ ဖွံ့ဖြိုးမှုဆိုင်ရာ၊ အပြုအမူဆိုင်ရာ၊ ပညာရေးဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အထောက်အကူများ ပေါင်းစပ်ပါဝင်သည့် တစ်ဦးချင်းစီအတွက် သီးသန့်စီမံချက်များပင် ဖြစ်သည်။

💊 ကိုယ်ဝန်ဆောင်စဉ် paracetamol/Acetaminophen (Tylenol အမည်ဖြင့် လူသိများသော) ဆေးသုံးစွဲခြင်းသည် ကလေးများတွင် အော်တစ်ဇင်ဖြစ်နိုင်ခြေကို မြင့်တက်စေကြောင်း သုတေသနအချို့က ဖော်ပြခဲ့သည်။ သို့သော် မိသားစုမျိုးရိုးလိုက်ခြင်းကဲ့သို့သော အကြောင်းရင်းများကို ထိန်းချုပ်ထားသည့် မကြာသေးမီက လူဦးရေအများအပြားကို အခြေခံသော လေ့လာမှုကြီးတစ်ခုအရ Acetaminophen သုံးစွဲခြင်းနှင့် အော်တစ်ဇင်ဖြစ်နိုင်ခြေကြား ဆက်နွှယ်မှုကို တိုးလာသည်ဟု မတွေ့ရှိရပေ။ ယနေ့အထိ Acetaminophen သုံးစွဲခြင်းသည် အော်တစ်ဇင်ကို ဖြစ်စေသည်ဟု အကြောင်းရင်းခံ ဆက်နွှယ်မှုကို သက်သေပြနိုင်ခြင်း မရှိသေးပါ။

🔎 အော်တစ်ဇင်ဖြစ်စေသော တိကျသည့် အကြောင်းရင်းတစ်ခုတည်းကို သိရှိခြင်းမရှိသေးသကဲ့သို့ ဤအခြေအနေအားလုံးကို ပျောက်ကင်းအောင် ကုသနိုင်မည့် အပြီးသတ်ကုသမှုလည်း မရှိသေးပါ။

👨‍⚕️အော်တစ်ဇင်နှင့်ပတ်သက်သော ဖြစ်နိုင်ခြေအချက်များ သို့မဟုတ် ကုသမှုနည်းဗျူဟာများဆိုင်ရာ ဆေးဘက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ကျွမ်းကျင်သူ ကျန်းမာရေးစောင့်ရှောက်မှုပေးသူများနှင့်သာ ဂရုတစိုက်ဆွေးနွေးတိုင်ပင်သင့်ကြောင်း အကြံပြုပါသည်။

Peter B. Kang, MD, FCNS
ဥက္ကဋ္ဌ၊
အမေရိကန် ကလေးဦးနှောက်အာရုံကြောအဖွဲ့အစည်း (Child Neurology Society)

📖 𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞:
𝐏𝐨𝐬𝐢𝐭𝐢𝐨𝐧 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭𝐬 - 𝐂𝐡𝐢𝐥𝐝 𝐍𝐞𝐮𝐫𝐨𝐥𝐨𝐠𝐲 𝐒𝐨𝐜𝐢𝐞𝐭𝐲

👉 အဆိုပါ ထုတ်ပြန်ကြေညာချက်ကို comment ရှိ link တွင်လည်း ဝင်ရောက်ဖတ်ရှူနိုင်ပါသည်။



20/09/2025

RSV Virus (Respiratory Syncytial Virus) နှင့် ကလေးအဆုတ်လေပြွန်ရောင်ရမ်းခြင်းရောဂါ(Brochiolitis)

ဒီတစ်လော ကလေးငယ်တွေ RSV Virus ကူးစက်ခံရတာများလို့ဆိုတဲ့အကြောင်းလေးတွေတွေ့နေတာကြောင့် ကျွန်မဒီဆောင်းပါးလေးရေးလိုက်ပါတယ်။

RSV Virus (Respiratory Syncytial Virus) ဆိုတာဘာလဲ?
-တကယ်တော့ RSV virus က အခုမှပေါ်တဲ့ virus အသစ်
မဟုတ်ပါဘူး။ တုပ်ကွေး Influenza Virus တို့လိုပဲ အရင်ကတည်းရှိနေပြီး ရာသီအလိုက် ကူးစက်နေကျ ဗိုင်းရပ်စ်ပိုးပဲဖြစ်ပါတယ်။ နောက်ပိုင်းကတော့ ပို သတိထားမိလာကြသလို စစ်ဖို့ Test kit တွေလည်းရှိနေပြီမို့ RSV ကူးစက်ကြောင်းသေချာပိုသိလာကြပါတယ်။

-RSV virus ဟာ မိုးအကုန်ဆောင်းအကူးနဲ့ဆောင်းရာသီ ကာလတွေမှာ ကူးစက်မှူအများဆုံးဖြစ်ပါတယ်။

-အသက်(၅)နှစ်အောက်ကလေးတွေမှာအဖြစ်များပြီး အထူးသဖြင့် အသက်(၂)နှစ်အောက် ကလေးတွေမှာလက္ခဏာပြင်းထန်တတ်ပါတယ်။
ဒါ့အပြင် လမစေ့ပေါင်မပြည့်ဘဲ​မွေးတဲ့ကလေးငယ်တွေ၊ ကိုယ်ခံအားနည်းတဲ့ကလေးငယ်တွေ၊ မွေးရာပါနှလုံးရောဂါ၊ အဆုတ်ပြဿနာရှိတဲ့ကလေးငယ်တွေကို ပိုကူးစက်လွယ်ပါတယ်။

ဘယ်လိုကူးစက်လဲ?

-ရောဂါပိုးရှိသူ နှာချေ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့အမှုန်အမွှားကနေဖြစ်စေ၊ ရောဂါပိုးရှိသူက နမ်းလိုက်တာဖြစ်စေ စသည်ကနေကူးစက်တတ်ပါတယ်။
-RSV ဗိုင်းရပ်စ်ပိုးဟာ အရုပ်တွေ၊ မျက်နှာပြင်တွေ၊ တံခါးလက်ကိုင် စတာတွေမှာ နာရီအတော်ကြာအသက်ရှင်ပါတယ်။

ရောဂါလက္ခဏာတွေကဘာတွေလဲ?
-ငွေ့ငွေ့ဖျားခြင်း (သို့) အဖျားမရှိတာလည်းဖြစ်နိုင်ပါတယ်။
-နှာစေး၊ နှာချေ၊ နှာပိတ်ခြင်း။
-ချောင်းဆိုးခြင်း။

လက္ခဏာပြင်းထန်​သော ကလေးငယ်များတွင်အဆုတ်အတွင်းရှိ လေပြွန်လေးများ ရောင်ရမ်း၍ ကျဉ်းလာခြင်း၊ ချွဲများပိတ်ဆို့ခြင်း စသည်တို့ ဖြစ်ပေါ်လာပြီး ချောင်းအဆက်မပြတ်ဆိုးခြင်း၊ အသက်ရှူမြန်ခြင်း၊ အသက်ရှူလျှင် တရွှီရွှီအသံမြည်ခြင်း၊ ရင်ဘတ်အောက်နဲ့ နံရိုးကြားချိုင့်ဝင်ခြင်းစတဲ့ အဆုတ်လေပြွန်ရောင်ရမ်းတဲ့အထိဖြစ်တတ်ပါတယ်။

နောက်ဆက်တွဲအနေနဲ့
-ဘက်တီးရီးယားပိုးများ ထပ်မံဝင်ရောက်လာခြင်းကြောင့် အဆုတ်ရောင်ခြင်း
-အဆုတ်လေပြွန်များတွင် ချွဲများပိတ်ပြီး လေမရှူနိုင်သဖြင့် အောက်ဆီဂျင်ဓာတ်ကျဆင်းခြင်း
စတဲ့ ပြဿနာတွေဖြစ်လာတတ်ပါတယ်။

ထို့နောက်မှာ နို့မစို့နိုင်တာ၊ အစားအသောက်မဝင်တာတွေအထိဖြစ်ပြီး ရေဓာတ်ခမ်းခြောက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ?
-ရောဂါကူးစက်လွယ်တဲ့ကာလတွေမှာ ကလေးတွေကို လူထူထပ်တဲ့နေရာတွေ မခေါ်ပါနဲ့။
-ကလေးငယ်တွေကို အာဟာရစုံလင်မျှတအောင်ကျွေးပါ။
-Daycare၊ မူကြို၊ ကျောင်း စတာတွေသွားတဲ့အခါ နှာခေါင်းစည်းတပ်ခိုင်းပါ၊ လက်သေချာဆေးဖို့ ကလေးကိုရော ကျောင်းကိုရောမှာပါ။
-လသားကလေးတွေရှိတဲ့အိမ်တွေမှာ လူအများအလွန်စုဝေးခြင်းကိုရှောင်ပါ။
-လူကြီးတွေအနေနဲ့ ကလေးတွေကို ထိတွေ့ကိုင်တွယ်ရာမှာ လက်ဆေးပြီးမှကိုင်ပါ။ လသားကလေးတွေကို မနမ်းပါနဲ့။
-နေမကောင်းတဲ့လူကြီးတွေအနေနဲ့ ကလေးတွေနားကပ်ရတဲ့အခါ နှာခေါင်းစည်းသေချာတပ်ဆင်ပါ။ လက်သေချာဆေးပါ။
-နေမကောင်းတဲ့ကလေးငယ်များကိုကိုင်တွယ်သော လူကြီးတွေက မကြာခဏလက်ဆေးဖို့လိုပါတယ်။
-ပိုးများ ရှိနိုင်တဲ့နေရာတွေကို ပိုးသတ်ပြီးသန့်ရှင်းရေးလုပ်ရပါမယ်။
-ပတ်ဝန်းကျင်ကို လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ပေးပါ
-ကလေးရဲ့ပတ်ဝန်းကျင်မှာ ဆေးလိပ်သောက်ခြင်း၊ E-စီးကရက်သောက်ခြင်းကို ရှောင်ကြဥ်ပါ။
-အနံ့ပြင်းတဲ့အမွှေးတိုင်၊ အမွှေးငွေ့၊ ခြင်ဆေးငွေ့တွေ ကလေးနားမသုံးပါနဲ့။
-ရာသီတုပ်ကွေးမကူးစက်အောင် နှစ်စဉ် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပါ။
-အသက် (၈)လအောက် ကလေးများ ပြင်းထန်
အဆုတ်လေပြွန်ရောင်ရောဂါဖြစ်ခြင်းမှ ကာကွယ်နိုင်
ရန် RSV ရာသီမတိုင်မီ (သို့) ရာသီအတွင်း Nirsevimab ကိုတစ်ကြိမ်ထိုးနိုင်ပြီး
-အသက် (၈)လ မှ (၁၉)လကြား ပြင်းထန် RSV ရောဂါဖြစ်နိုင်ခြေ မြင့်တဲ့ကလေးတွေလည်း Nirsevimab တစ်ကြိမ်ထိုးနိုင်ပါတယ်။
-ကိုယ်ဝန်ဆောင်မိခင်များလည်း ကိုယ်ဝန်ပတ် (၃၂)ပတ် မှ (၃၆)ပတ်အတွင်း RSV ကာကွယ်ဆေး တစ်ကြိမ်ထိုးခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။

ကုသဖို့
အိမ်မှာ မိဘအုပ််ထိန်းသူတွေဘာလုပ်ပေးလို့ရလဲ?
-(၆)လအောက်ဆို မိခင်နို့သေချာဝင်အောင်တိုက်ပါ။
-(၆)လအထက်ဆို အာဟာရစုံအောင်သေချာဂရုစိုက်ကျွေးပါ။ ရေသေချာတိုက်ပါ။ နို့လည်းသေချာတိုက်ပေးပါ။
-Humidifier သုံးနိုင်ပါတယ်။ နှာပိတ်တာကို သက်သာစေပါတယ်။
-နို့စို့ပြီးတိုင်းချက်ချင်းလှဲမအိပ်ခိုင်းပါနဲ့။ ခဏထောင်ထားပြီး လေလည်းသေချာထုတ်ပေးပါ။
-နှာပိတ်တဲ့အခါ နှာခေါင်းထဲကို ဆားရည် အစက်ချပေးနိုင်ပါတယ်။ Physiodose ခေါ်တဲ့ဗူးလေးတွေ ဆေးဆိုင်တွေမှာရှိပါတယ်။ တစ်ဖက်ကို တစ်ခါချရင် ၄-၅စက်အထိချနိုင်ပါတယ်။ ဗူးဖောက်ပြီးရင် ၂၄နာရီအတွင်းကုန်အောင်သုံးရပါမယ်။
နှာအရမ်းပိတ်တဲ့အခါ အစက်ချပြီးရင် နှပ်စုပ်တဲ့ ကိရိယာလေးတွေ (လေစုပ်ဘောလုံးလေးတွေ၊ ပြွန်လေးတွေနဲ့ ပြန်စုပ်ပေးရင်ပိုကောင်းပါတယ်)
Physiodose မရှိပါက ရေကျက်အေးတစ်ခွက်ထဲကို ဆား လက်ဖက်စားဇွန်း တစ်ဝက်ခန့်ထည့်ပြီး သုံးနိုင်ပါတယ်။
-ကလေးအသက်(၂)နှစ်အထက်ကို နှာစေးပျောက်ဆေးတွေဖြစ်တဲ့ Antihistamine ဆေးရည် 2.5 mg ကို ညဖက်တိုက်နိုင်ပါတယ်။
-ဖျားတဲ့အခါ အဖျားပျောက်ဆေး Paracetamol အရည်ကိုတိုက်နိုင်ပါတယ်။ မကြာခဏလုံးဝမတိုက်ရပါ။ အနည်းဆုံး (၆)နာရီကြားတစ်ခါ တိုက်နိုင်ပါတယ်။ ကလေးကိုယ်အလေးချိန်ပေါ်မူတည်ပြီးတိုက်ရမှာဖြစ်ပါတယ်။ 1kg ကို 15 mg နှုန်းနဲ့ဖြစ်ပါတယ်။ ဆေးဗူးတွေမှာ အသေးစိတ်ရေးထားပေးပါတယ်။

➡️ရက်အကြာကြီးမစောင့်ပါနဲ့။ ကလေးအခြေအနေကို ကြည့်ပြီး ပြင်းထန်လက္ခဏာတွေရှိပါက ဆေးရုံဆေးခန်းသွားပြီးဆရာဝန်နဲ့ ပြသဆွေးနွေးရပါမယ်။
လိုအပ်တာတွေစစ်ဆေးပြီး လိုအပ်ရင်ဆေးရုံတက်ကုသမှုခံယူနိုင်ပါတယ်။

ဆေးရှူတာနဲ့ပတ်သတ်ပြီး အချို့မိဘအုပ်ထိန်းသူတွေအထင်မှားတာရှိပါတယ်။ ရှူစရှိရင် အမြဲရှူရမှာမို့ မရှူဘဲ ငြင်းတာမျိုးပါ။
တကယ်တော့ အလွန်မှားပါတယ်။ အပေါ်မှာပြောခဲ့သလို ဗိုင်းရပ်စ်ကြောင့် လေပြွန်လေးတွေရောင်ရမ်းပြီးကျဉ်းလာတဲ့အခါ ဆေးရှူမှသာ လေပြွန်လေးတွေပြန်ပွင့်တဲ့အခါ အမြန်သက်သာပြီးနောက်ဆက်တွဲပြင်းထန်တဲ့ လက္ခဏာတွေဆက် မဖြစ်မှာပါ။

အားလုံးအဆင်ပြေကြပါစေရှင်။
Dr. ရတနာမျိုးညွန့်

#လွတ်လပ်စွာမျှဝေနိုင်ပါတယ်တဆင့်ကူးယူတင်ပြခြင်းခွင့်မပြုပါ

13/09/2025
01/09/2025

ဒီနေ့ ဩဂုတ်လ ၃၁ ရက်နေ့လေးက
“ CLL HEALTH WEBSITE & CLL HEALTH LIBRARY-ကျန်းမာသုတ” တည်ထောင်ခြင်းတစ်နှစ်ပြည့်နေ့လေးဖြစ်ပါတယ်။


“CLL HEALTH LIBRARY-ကျန်းမာသုတ”မှာ
မိဘပြည်သူများ ကျန်းမာရေးဗဟုသုတရရှိရန် နှင့် မှန်ကန်သောကျန်းမာရေးအသိအမြင်များ တစ်ဆင့်ထက်တစ်ဆင့် လက်ဆင့်ကမ်းတိုးပွားစေရန် ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးအသိပညာပေး အချက်အလက်များပါဝင်တဲ့ ကျန်းမာရေးဆောင်းပါးများကို ရေးသားလာခဲ့တာ အပုဒ်ပေါင်း ၆၀၀ ကျော်ခဲ့ပြီး၊ ဒီနေ့လေးမှာတစ်နှစ်ပြည့်ခဲ့ပါပြီ။

ဒီတစ်နှစ်အတွင်းမှာ ကျန်းမာသုတကို ရုပ်လုံးဖော်ပေးခဲ့ကြတဲ့ CLL HEALTH ကျန်းမာသုတအဖွဲ့ရဲ့ စိတ်ရင်းစေတနာကို ချီးကျူးဂုဏ်ပြုရင်း၊ မိဘပြည်သူများလည်း ကျန်းမာသုတ ကို ဝင်ရောက်ဖတ်ရှုခြင်းဖြင့် ကျန်းမာရေးအသိပညာများ တိုးပွားကြမယ်လို့ ယုံကြည်မိပါတယ်။

‘’CLL HEALTH LIBRARY-ကျန်းမာသုတ” တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အထူးအစီအစဥ်လေးတစ်ခုကို ဩဂုတ်လ ၃၁ရက် မှစပြီး စက်တင်ဘာလ ၂ရက် နေ့ထိ စီစဥ်ပေးထားပါတယ်။

ဒီအစီအစဥ်လေးကတော့ ‘’ချစ်စရာ့အရွယ်ကျန်းမာရေး … ဖေဖေ၊မေမေတို့သိလိုရာမေး ’’ ဖြစ်ပြီး ကလေးကျန်းမာရေးနဲ့ပတ်သက်လို့ ဖေဖေ၊မေမေတို့ သိလိုသမျှ မေးခွန်းများကို ဩဂုတ်လ ၃၁ မှစပြီး စက်တင်ဘာလ ၂ရက်နေ့ထိ ယခု post comment မှာ မေးမြန်းထားနိုင်ပြီး ၊ CLL HEALTH မှ ဖေဖေ၊မေမေ တို့မေးခွန်းများကို အလျဥ်းသင့်သလိုအမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမှာပါ။

မေးခွန်းများကို ဖြေကြားတဲ့အခါ တစ်ဦးချင်းအလိုက်ဖြစ်စေ၊ မေးခွန်းများတူနေပါက စုပြီး mention ခေါ်၍ဖြစ်စေ ပြန်လည်ဖြေကြားပေးသွားမှာပါ။ အချို့ မေးခွန်းများအား လိုအပ်ပါက chat box သို့ပို့၍ တိုက်ရိုက်ဖြေကြားပေးသွားပါမယ်။

ဒီအစီအစဥ်လေးက မိဘပြည်သူများ ကျန်းမာရေးဗဟုသုတတိုးပွားစေရန် နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာ‌ရေးအသိပညာများ လက်ဆင့်ကမ်းမျှဝေနိုင်အောင် ဦးတည်ရည်ရွယ်ထားလို့ ကျန်းမာရေးနှင့်မသက်ဆိုင်သည့်မေးခွန်းများအား ပြန်လည်ဖြေကြားခြင်း မပြုနိုင်သည်ကို မေတ္တာရပ်ခံပါရစေ။

Ø လူနာ ဆေးမှတ်တမ်း၊ဓာတ်ခွဲစမ်းသပ်မှုအဖြေများ၊ဓာတ်မှန်၊အာထာရာဆောင်း အဖြေများအား စာဖြင့်ဖြစ်စေ၊ဓာတ်ပုံရိုက်၍ဖြစ်စေ မေးခွန်းများမေးမြန်းခြင်းအား လူနာ privacy ကို စောင့်ထိန်းရမည့်ကျင့်ဝတ်အနေဖြင့် ကန့်သတ်ထားပါတယ်။

Ø အရေးပေါ်အခြေအနေမေးခွန်းများ မေးမြန်းခြင်းအား ကန့်သတ်ထားပါတယ်။ အ‌ရေးပေါ်အခြေအနေဟု ယူဆပါက နီးစပ်ရာဆေးရုံ၊ဆေးခန်းများကို ပြသသင့်ပါတယ်။

Ø ကျန်းမာ‌ရေးနှင့်မသက်ဆိုင်သည့် မေးခွန်းများ မေးမြန်းခြင်းအား ကန့်သတ်ထားပါတယ်။

‘’ချစ်စရာ့အရွယ်ကျန်းမာရေး … ဖေဖေ၊မေမေတို့သိလိုရာမေး’’ တွင် ဖြေကြားထားသော အဖြေများသည် ကျန်းမာရေးပညာပေး ရည်ရွယ်ချက်ဖြင့်သာ ဖြေကြားထားခြင်းဖြစ်ပါတယ်။

ဒါဆို ဖေဖေ၊မေမေတို့သိလိုသမျှ မေးခွန်းများကို “ချစ်စရာ့အရွယ်ကျန်းမာရေး … ဖေဖေ၊မေမေတို့သိလိုရာမေး” မှာ အခုပဲမေးနိုင်ပါပြီနော် ...



.com
#ကျန်းမာသုတ #ကျန်းမာရေးဆောင်းပါး

08/08/2025

“ဘဝအစ ရက်တစ်ထောင်” ဆိုတာက ကလေး အသက်(၂)နှစ်ထိ ကာလဖြစ်ပြီး ထိုအချိန်ကာလက ကလေးငယ်ရဲ့ အနာဂတ်ကို အဓိကပုံဖော်ပေးတဲ့ အချိန်ဖြစ်ပါတယ်။

📅 ရက်တစ်ထောင်တွက်ချက်ပုံမှာ — ကိုယ်ဝန်ဆောင်ချိန် – ၂၇၀ ရက်၊ မွေးပြီးနောက် ကလေးအသက် (၁)နှစ် အထိ – ၃၆၅ ရက်၊ (၁)နှစ်မှ (၂)နှစ်အထိ – ၃၆၅ ရက်၊ 📌 စုစုပေါင်း ရက် (၁၀၀၀) ဖြစ်ပါတယ်။

🧠 ကိုယ်ဝန်ဆောင်စဉ် သန္ဓေသားဘဝမှာ ဦးနှောက်က ပထမဆုံး စတင်ဖွဲ့စည်းလာတဲ့ ကိုယ်အင်္ဂါတစ်ခုဖြစ်ပြီး၊ ကိုယ်ဝန် (၃) ပတ်ခန့်မှ စတင်ဖွံ့ဖြိုးလာပါတယ်။
🧠 လူကြီးဦးနှောက်ရဲ့ ၈၀% ဒီရက်တစ်ထောင်အတွင်း ဖွံ့ဖြိုးလာပါတယ်။

အဆိုပါရက် (၁၀၀၀)ကာလအတွင်း သန္ဓေသားနှင့် ကလေးငယ်ရဲ့ ဦးနှောက် စတင်ကောင်းစွာ ဖွံ့ ဖြိုးနိုင်ဖို့ အောက်ပါတို့အပေါ် မူတည်ပါတယ်။

(၁) ဗီဇ
(၂) ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်၏ အာဟာရ
(၃) ပိုးမွှားနှင့် အဆိပ်အတောက်များ
(၄) မွေးဖွားချိန် ပြဿနာများ
(၅) ကလေးငယ်၏ ပတ်ဝန်းကျင်နှင့် ထိတွေ့မှု၊ ပတ်ဝန်းကျင်အပေါ် လေ့လာစူးစမ်းနိုင်မှုများ
(၆) မွေးပြီးကလေးငယ်​၏ အာဟာရ

“ဘဝအစရက်တစ်ထောင်” ကာလကို မှန်ကန်၊ ညီညွတ်မျှတစွာ ဖြတ်သန်းခြင်းက ကလေးငယ်အား အကောင်းဆုံးသော ဦးနှောက်အားဆေး တိုက်ကျွေးခြင်းပဲဖြစ်ပါတယ်။
________________________________________

📚 “ဘဝအစ ရက်တစ်ထောင်” အကြောင်း ကျန်းမာရေးဆောင်းပါးအပြည့်အစုံကို အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။

🎯 လွယ်ကူစွာ ဖတ်ရှုနိုင်ရန်အတွက် ကျန်းမာရေးဆောင်းပါး Link ကို Comment မှာ မျှ‌‌ဝေဖော်ပြပေးထားပါတယ်။

Address

အမှတ်( ၃ )ကမ်းနားလမ်း၊၁၅၀ကွက်သစ်၊, ကူးဆိပ်လမ်းထိပ်၊, ဘားအံမြို့
Hpa-an

Telephone

+959402589262

Website

Alerts

Be the first to know and let us send you an email when Dr Hnin Thida Cho . Child Clinic . posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category