အာရောဂျံ Clinic - Kyaukme

အာရောဂျံ Clinic - Kyaukme A place where you can get medical treatment and services

မင်္ဂလာပါ...ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ အတွေ့ရအရမ်းမများပေမယ့် ဂရုစိုက် ကုသသင့်တဲ့ အတက်ရောဂါ (epilepsy) အကြောင်း ပြ...
04/01/2023

မင်္ဂလာပါ...ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာ အတွေ့ရအရမ်းမများပေမယ့် ဂရုစိုက် ကုသသင့်တဲ့ အတက်ရောဂါ (epilepsy) အကြောင်း ပြောပြမှာ ဖြစ်ပါတယ်။ ဒီရောဂါကို မြန်မာလို ဝက်ရူးပြန်ရောဂါလို့လည်း ခေါ်ကြပါတယ်။ Data တွေအရ မြန်မာလူမျိုး အယောက် ၁၀၀၀မှာ ၂ယောက်နီးပါး ဒီရောဂါ ဖြစ်တတ်တာမို့ ရောဂါနဲ့ဆိုင်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို အားလုံးသိအောင် ဝေမျှပေးချင်ပါတယ်။

တက်ခြင်းဆိုသည်မှာ ဦးနှောက်အတွင်းရှိ လျှပ်စီးကြောင်းများ ရုတ်တရက်မူမမှန်ပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ တုန်၍ သတိလစ်သွားခြင်း ဖြစ်ပါသည်။ (၂၄)နာရီခြား၍ အနည်းဆုံး(၂)ကြိမ်နှင့်အထက် တက်လျှင် အတက်ရောဂါ (epilepsy) ဟု ခေါ်ပါသည်။

အတက်ရောဂါသည် စိတ်ရောဂါမဟုတ်ပါ၊ ဦးနှောက်နှင့်သက်ဆိုင်သော ရောဂါတစ်မျိုးဖြစ်ပါသည်။ အတက်ရောဂါသည်အရွယ်မရွေး ဖြစ်ပွားနိုင်သော်လည်း ကလေးဘဝနှင့် သက်ကြီးပိုင်းတွင် အဖြစ်များပါသည်။

ရောဂါလက္ခဏာများ
-------------------

- သတိလစ်မေ့မြောကာ တက်သွားခြင်း

- ကိုယ်ခန္ဓာတစ်ခုလုံး(သို့)တစ်ခြမ်း အကြောဆွဲခြင်း

- ပါးစပ်မှ အမြုပ်တစီစီ ထွက်ခြင်း

- ဆီးဝမ်း မထိန်းနိုင်ခြင်း

- မျက်လုံးသည် အများအားဖြင့်ပွင့်နေပြီး တစ်ဖက်သို့ စွေစောင်းကာ အဝေးသို့ကြည့်သကဲ့သို့ ရှိနေခြင်း

- အချို့လူများတွင် စက္ကန့် (သို့) မိနစ် အနည်းငယ်သာ တက်ပြီး အလိုလိုပင် အတက်ကျကာ ပုံမှန်အနေအထားသို့ ပြန်ရောက်လေ့ရှိသည်။ အတက်ကျချိန်၌ စိတ်ရှုပ်ထွေးခြင်း၊ နွမ်းနယ်ခြင်း၊ ထိုင်းမှိုင်း တွေဝေခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်နိုင်ပါသည်။

တက်နေသောလူနာအား အရေးပေါ်ပြုစုကုသခြင်း
---------------------------------------------
ဆောင်ရန်
----------

- လူနာအား အန္တရာယ်မကျရောက်နိုင်သည့်နေရာတွင် လဲလျောင်းထားပေးပါ။

- လူနာအတွက် အန္တရာယ်ဖြစ်စေနိုင်သည့်အရာ မှန်သမျှ ဖယ်ရှားပစ်ပါ။ (ဥပမာ-ဓား၊ ကပ်ကြေး စသည်ဖြင့်)

- အဝတ်စပေါက်တစ်ခုကိုလူနာ၏ဦးခေါင်းအောက်တွင် ထားပေးပါ။

- အဝတ်အစားများ တင်းကြပ်နေပါက ဖြေလျှော့ပေးပါ။

- အတက်ကြာမြင့်သည့်အချိန်ကို မှတ်သားထားပါ။

- သက်တောင့်သက်သာ အနေအထားဖြင့် အဆင်ပြေရာဘက်သို့ ဘေးစောင်းအနေအထား လှည့်ပေးပါ။

- အတက်ကျသည့်အချိန်အထိ လူနာ၏အနားတွင်သာနေပါ။

- လူနာအား အနားယူစေပါ။

- လူနာသည် ထိခိုက်ဒဏ်ရာတစ်စုံတစ်ခုရရှိခဲ့ပါက စနစ်တကျဆေးထည့်ပြီး ပတ်တီးစည်းပေးပါ။

ရှောင်ရန်
--------

- လူနာအား အထိတ်တလန့် မဖြစ်ပါစေနှင့်။

- တက်နေသောလူနာ၏ ခြေလက်များကို ချုပ်နှောင်ခြင်း မပြုလုပ်ရပါ။

- လူနာ၏ပါးစပ်ထဲသို့ မည်သည့်အရာမျှ မထည့်ပါနှင့်။ (ဥပမာ-ဇွန်း)

ကဲ ဒီလောက်ဆို အတက်ရောဂါဆိုတာ ဘာလဲ၊ ဘယ်လိုလက္ခဏာတွေ ပြတတ်လဲဆိုတာနဲ့ အတက်ရောဂါ ရှိသူတစ်ယောက် တက်နေချိန်မှာ ပြုလုပ်ပေးရမယ့် အရေးပေါ် ပြုစုကုသနည်းတွေ အားလုံး ဗဟုသုတ ရကြလိမ့်မယ်လို့ ထင်ပါတယ်။

နောက်အပတ်မှာတော့ အတက်ရောဂါ ရှိသူများ၏ ကျန်းမာရေးအတွက် သိထားသင့်တဲ့အချက်များကို ဆက်လက်ပြောပြပေးမှာ ဖြစ်လို့ page လေးကို like and share လပ်ထားကြဖို့ ဖိတ်ခေါ်ရင်း နောက်အပတ်ကျ ပြန်တွေ့ကြမယ်နော်။

မင်္ဂလာပါ...ဒီတစ်ပတ်မှာတော့ ဆီးချိုသွေးချိုရောဂါရှိသူများ လိုက်နာ ကျင့်သုံးသင့်တဲ့ ဘဝနေထိုင်နည်း ပုံစံများ (lifestyle) အ...
15/12/2022

မင်္ဂလာပါ...ဒီတစ်ပတ်မှာတော့ ဆီးချိုသွေးချိုရောဂါရှိသူများ လိုက်နာ ကျင့်သုံးသင့်တဲ့ ဘဝနေထိုင်နည်း ပုံစံများ (lifestyle) အကြောင်း ပြောပြချင်ပါတယ်။

ဆီးချိုသွေးချိုရောဂါ (Diabetes Mellitus) ကို ကုသရာမှာ သောက်သုံးသော/ ထိုးနှံရသော ဆေးဝါးများ (medications) အပြင် lifestyle modification လို့ခေါ်တဲ့ ဘဝနေထိုင်နည်း ပုံစံများ ပြောင်းလဲခြင်းကလည်း သွေးတွင်း သကြားဓာတ်ကို လျော့နည်းစေပြီး ဆီးချိုသွေးချိုရောဂါ ကုသရာမှာ အထောက်အကူ ပေးပါတယ်။ ဆီးချိုသွေးချိုရောဂါ အကြိုအဆင့် (prediabetes) ရှိသူများအနေနဲ့လည်း lifestyle modification ပြုလုပ်ရုံနဲ့ ဆေးဝါးများ မလိုအပ်ပဲ ဆီးချိုရောဂါ မဖြစ်အောင် တားဆီးပေးနိုင်တာကို တွေ့ရပါတယ်။

ဆီးချိုသွေးချို ရောဂါရှိသူများ ပြောင်းလဲ ကျင့်သုံးသင့်တဲ့ ဘဝနေထိုင်နည်း ပုံစံတွေကတော့

၁။ အချိုလျော့စားပါ။

- အချို အလွန်အမင်း စားသုံးခြင်းကို ရှောင်ကြဉ်ပါ။ လုံးဝရှောင်သင့်သည့် အစားအစာများကတော့ သကြား၊ကြံသကာ၊ထန်းလျက်၊ ချိုချဉ်၊ အချိုရည် အမျိုးမျိုး၊ ရေခဲမုန့်နဲ့ အလွန်ချိုသော အသီးများ(ဥပမာ- သရက်သီး၊ နာနတ်သီး၊ ပိန္နဲသီး စသဖြင့်)...ထို့အပြင် ကစီဓာတ်များသော အာလူး၊ ကန်စွန်းဥ၊ပိန်းဥ စသည်တို့သည် အနည်းငယ် စားရုံမျှနှင့် သွေးတွင်း သကြားဓာတ်ကို အလွန်အမင်း တက်စေသောကြောင့် အနည်းငယ်သာ စားသုံးသင့်ပါသည်။

၂။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

- ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည် Calorie များကို လောင်ကျွမ်းစေပြီး သွေးတွင်း သကြားဓာတ်ကို လျော့နည်းစေသောကြောင့် ဆီးချိုသွေးချို ရောဂါရှိသူများ အနေဖြင့် သင့်တင့်လျောက်ပတ်သော ကိုယ်လက်လှုပ်ရှားမှုကို တစ်ရက်လျှင် အနည်းဆုံး နာရီဝက်၊ တစ်ပတ်လျှင် အနည်းဆုံး ၅ရက်ခန့် ပြုလုပ်သင့်ပါသည်။ ဥပမာ - လမ်းလျှောက်ခြင်း၊ အေရိုးဗစ် ကစားခြင်း စသည်ဖြင့်...

၃။ ကိုယ်အလေးချိန်(weight) လျော့ပါ။

- ဝသောသူများတွင် ဆီးချိုသွေးချိုရောဂါ အဖြစ်များလေ့ရှိပါသည်။ ကိုယ်အလေးချိန်များခြင်းသည် အင်ဆူလင် ဟော်မုန်း၏ အာနိသင်ကို လျော့နည်းစေပြီး သွေးတွင်း သကြားဓာတ်ကို မြင့်မားစေသောကြောင့် ကိုယ်အလေးချိန်လျော့ခြင်းသည် ဆီးချိုသွေးချိုရောဂါ ကုသရာတွင် အထောက်အကူ ပြုပါသည်။

၄။ အိပ်ရေးဝအောင် အိပ်ပါ။

- အိပ်ရေးဝဝအိပ်ခြင်းသည် လူကို ခွန်အား ဖြစ်စေပြီး ကစီဓာတ် စားသုံးမှုကို လျော့နည်းစေသောကြောင့် သွေးတွင်းသကြားဓာတ်ကိုပါ လျော့ချပေးပါသည်။ ထို့ကြောင့် အိပ်ရေးဝအောင် အိပ်ခြင်းသည်လည်း ဆီးချိုသွေးချိုရောဂါ ရှိသူများ ပြုလုပ်သင့်သည့် ဘဝနေနည်း ပုံစံတစ်မျိုး ဖြစ်ပါသည်။

၅။ စိတ်ဖိစီးမှုများကို လျော့ချပါ။

- စိတ်ဖိစီးမှုများခြင်းသည် ခန္ဓာကိုယ်တွင်းရှိ stress ဟော်မုန်းများကို များပြားစေပြီး ထိုဟော်မုန်းများက အင်ဆူလင် ဟော်မုန်း၏ အာနိသင်ကို လျော့ကျစေသဖြင့် သွေးတွင်းသကြားဓာတ်ကို မြင့်မားစေပါသည်။ ထို့ကြောင့် ဆီးချိုသွေးချို ရောဂါရှိသူများ အနေဖြင့် ပြဿနာများကို မိသားစုထံ ရင်ဖွင့်ခြင်း၊ သူငယ်ချင်းများကို ပြောပြ၍ တိုင်ပင်ခြင်း အစရှိသည့် နည်းလမ်းများဖြင့် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချသင့်ပါသည်။

ကဲ ဒီလောက်ဆို ဆီးချိုသွေးချို ရောဂါရှိသူများ လိုက်နာကျင့်သုံးသင့်တဲ့ ဘဝနေနည်းပုံစံများ အကြောင်း အားလုံး ဗဟုသုတ ရကြလိမ့်မယ်လို့ ထင်ပါတယ်။

အထက်ပါ ဘဝနေနည်းပုံစံတွေဟာ သွေးတွင်းသကြားဓာတ်ကို လျော့ကျစေပြီး ရောဂါ ကုသရာမှာ အထောက်အကူ ဖြစ်စေတာကြောင့် ဆီးချိုသွေးချို ရောဂါ ရှိသူများ အနေနဲ့ ဆေးဝါးများ ပုံမှန်သောက်ရုံသာမက အထက်ပါအတိုင်း လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းရင်း နောက်အပတ်မှ တွေ့ကြမယ်နော်။

မင်္ဂလာပါ...ဒီတစ်ပတ်မှ‌ာတော့ ကလေးတွေမှာ ရောဂါပြင်းထန်မှုများပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်တဲ့ ဝက်သက်ရောဂါ (Measles) အ...
01/12/2022

မင်္ဂလာပါ...ဒီတစ်ပတ်မှ‌ာတော့ ကလေးတွေမှာ ရောဂါပြင်းထန်မှုများပြီး အသက်သေဆုံးတဲ့အထိ ဖြစ်စေနိုင်တဲ့ ဝက်သက်ရောဂါ (Measles) အကြောင်း ပြောပြမှာ ဖြစ်ပါတယ်။

ဝက်သက်ရောဂါ
---------------

ဝက်သက်ရောဂါသည် ဝက်သက်ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် အလွန်ကူးစက်မြန်သောရောဂါဖြစ်ပြီး နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ တစ်ဦးနှင့် တစ်ဦး နီးကပ်စွာထိတွေ့ခြင်းဖြင့် ကူးစက်နိုင်ပါသည်။

ရောဂါလက္ခဏာများ
-------------------

- ပထမဆုံးသော ရောဂါလက္ခဏာမှာ အပြင်းဖျားခြင်းဖြစ်ပြီး (၁)ရက်မှ (၇)ရက် ကြာမြင့်သည်။ ၎င်းကာလတွင် နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ မျက်မြှေးရောင်ခြင်းနှင့် ပါးစောင်တွင် သေးငယ်သော အဖြူစက်ပေါ်ခြင်းများ ဖြစ်ပွားသည်။

- ရောဂါပိုးဝင်ရောက်ပြီး နောက်(၇)ရက်မှ (၁၈)ရက်အတွင်းတွင် အနီအဖုအပိန့်များ မျက်နှာနှင့် လည်ပင်းမှစတင် ပေါ်လာပြီးနောက် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ (၅)ရက်မှ (၆)ရက်ကြာမြင့်ပြီးနောက် အရောင်ဖျော့ပြီး ပျောက်သွားသည်။

- နောက်ဆက်တွဲ ဆိုးကျိုးများမှာ အဆုတ်ရောင်ခြင်း၊ ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါဖြစ်ပြီး အရည်ခမ်းခြောက်ခြင်း၊ နားအလယ်ခန်း ရောင်ခြင်းနှင့် ဦးနှောက်ရောင်ခြင်း တို့ဖြစ်သည်။

- ဝက်သက်ရောဂါနှင့် အဆုတ်ရောင်ရောဂါယှဉ်တွဲဖြစ်ပွားခြင်းသည် ကလေးများသေဆုံးမှု မြင့်မားစေသော အကြောင်းတစ်ခုဖြစ်သည်။

- ဗီတာအေ ဖြည့်စွက်တိုက်ကျွေးခြင်း အပါအဝင်ထိရောက်စွာ ပြုစုကုသမှုပေးခြင်းဖြင့် ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချနိုင်ပါသည်။

ရောဂါကာကွယ်ခြင်း
-------------------

- ဝက်သက်ရောဂါဖြစ်ပွားမှုကို ဝက်သက်ကာကွယ်ဆေး ပါဝင်သော ကာကွယ်ဆေး(၂)ကြိမ် ထိုးနှံပေးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။

– ဝက်သက်ကာကွယ်ဆေး ပထမအကြိမ်ကို ကလေးအသက်(၉)လ မှ (၁၂)လအရွယ်တွင် ထိုးနှံပေးရမည်။

– ဒုတိယအကြိမ်ကို ကလေးအသက် (၁၈)လမှ (၂)နှစ်အတွင်း ထိုးနှံပေးသင့်ပါသည်။

- ဝက်သက်ပါဝင်သောကာကွယ်ဆေးကို ကလေးငယ်၏ ဘက်ဘက်လက်မောင်းအပေါ်ပိုင်း၊ အရေပြားအောက်သို့ ထိုးနှံပေးပါသည်။

ကဲ ဒီလောက်ဆို ဝက်သက်ရောဂါဆိုတာ ဘာလဲ၊ ဘယ်လို လက္ခဏာတွေပြလဲ၊ ဘယ်လို အန္တရာယ် ရှိလဲ ဆိုတာနဲ့ ရောဂါ မဖြစ်ပွားအောင် ဘယ်လို ကာကွယ်ရမလဲဆိုတာ အားလုံး ဗဟုသုတ ရကြလိမ့်မယ်လို့ ထင်ပါတယ်။

မိမိတို့ရဲ့ အဖိုးတန် ရတနာ ရင်သွေးငယ်များကို ဝက်သက်ရောဂါ မဖြစ်ပွား‌ေအာင်ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံပေးကြဖို့ တိုက်တွန်းရင်း နောက်အပတ်မှ ပြန်တွေ့ကြမယ်နော်။

မင်္ဂလာပါ...အရင်အပတ်က အသည်းရောင် အသားဝါ B ရောဂါအကြောင်း ဝေမျှခဲ့ပြီးပြီဆိုတော့ ဒီတစ်ပတ်မှာတော့ အသည်းရောင် အသားဝါ B ရောရါ...
16/11/2022

မင်္ဂလာပါ...အရင်အပတ်က အသည်းရောင် အသားဝါ B ရောဂါအကြောင်း ဝေမျှခဲ့ပြီးပြီဆိုတော့ ဒီတစ်ပတ်မှာတော့ အသည်းရောင် အသားဝါ B ရောရါ မဖြစ်ပွားရလေအောင် ကြိုတင် ကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်း ပြောပြချင်ပါတယ်။

ကာကွယ်နိုင်မည့် နည်းလမ်းများ
-----------------------------

- အသည်းရောင် အသားဝါရောဂါ (ဘီ) ပိုး ကူးစက်ခြင်းမခံရအောင် ကြိုတင်ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံခြင်းသည် အသည်းရောင် အသားဝါ B ပိုး ကူးစက်ခြင်းကို 95 % အထိ ကာကွယ်ပေးနိုင်ပါသည်။

- ကလေးမွေးဖွားပြီး (၂၄)နာရီအတွင်း မွေးကင်းစကလေးအား အသည်းရောင်အသားဝါရောဂါ (ဘီ) ကာကွယ်ဆေး ထိုးနှံသင့်ပါသည်။

- လူတိုင်း အသည်းရောင်အသားဝါ Bပိုး ကာကွယ်ဆေး (၃)ကြိမ် ထိုးနှံခြင်းဖြင့် ရောဂါပိုးကူးစက်ခံရမှုမှ ကာကွယ်နိုင်ပါသည်။ ပထမအကြိမ် ထိုးနှံခြင်း၊ ဒုတိယအကြိမ် ထိုးနှံခြင်းကို ‌၃လအကြာ၊ တတိယအကြိမ် ထိုးနှံခြင်းကို ၆လအကြာတွင် ထိုးနှံရမည် ဖြစ်ပါသည်။

- သွေးမလှူမီ သွေးလှူရှင်အား အိပ်ခ်ျအိုင်ဗွီ၊ ဆစ်ဖလစ်၊ အသည်းရောင်အသားဝါရောဂါ (ဘီ) နှင့် (စီ) ရှိ / မရှိ စစ်ဆေးခြင်းများ ပြုလုပ်ရပါမည်။
င်္
ကဲ ဒီလောက်ဆို အသည်းရောင် အသားဝါ B ရောဂါ မဖြစ်ပွားအောင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အကောင်ဆုံး ဖြစ်ကြောင်း အားလုံး သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

အသည်းရောင် အသားဝါ B ရောဂါဟာ လုံးဝပျောက်ကင်းအောင် ကုသရန် ခက်ခဲသည့်အတွက် လူတိုင်း ကာကွယ်ဆေး ထိုးနှံထားကြဖို့ တိုက်တွန်းရင်း နောက်အပတ်မှ ပြန်တွေ့ကြမယ်နော်။

မင်္ဂလာပါ...အရင်လတွေက မင်မင် မအားတဲ့အတွက် ကျန်းမာရေး အသိပညာပေး post တွေ ပုံမှန် မတင်ဖြစ်ပဲ page လေး active မဖြစ်တဲ့အတွက်...
10/11/2022

မင်္ဂလာပါ...အရင်လတွေက မင်မင် မအားတဲ့အတွက် ကျန်းမာရေး အသိပညာပေး post တွေ ပုံမှန် မတင်ဖြစ်ပဲ page လေး active မဖြစ်တဲ့အတွက် တောင်းပန်ပါတယ်...ဒီတစ်ပတ်မှာတော့ အသည်းရောင် အသားဝါ B ရောဂါအကြောင်း ဝေမျှပေးချင်ပါတယ်။

အသည်းရောင်အသားဝါ (B)
--------------------------
အသည်းရောင်အသားဝါရောဂါပိုးများအနက် (B) ပိုးကြောင့်ဖြစ်ပွားသည့် အသည်းရောဂါတစ်မျိုးဖြစ်ပြီး ရုတ်တရက် အသည်းရောင်ရောဂါနှင့် နာတာရှည်အသည်းရောဂါဖြစ်စေနိုင်သည့် အသက်အန္တရာယ်ရှိစေနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။

လက်ရှိတွင် စိတ်ချရ၍ အရည်အသွေးကောင်းမွန်သော ကာကွယ်ဆေးများဖြင့် ၎င်းရောဂါအား (၉၅%) ကာကွယ်နိုင်ပါသည်။ နာတာရှည်အသည်းရောဂါခံစားနေရသောလူနာများသည် အသည်းကင်ဆာရောဂါအဆင့်သို့ လျင်မြန်စွာရောက်ရှိတတ်ပြီး လအနည်းငယ်အတွင်း အသက်သေဆုံးနိုင်ပါသည်။

ရောဂါလက္ခဏာများ
-------------------

- ဖျားခြင်း၊

- မောပန်းနွမ်းနယ်ခြင်း၊

- ပျို့အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊

- ဆီးအရောင်ရင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊

- အစားအသောက်ပျက်ခြင်း၊

- အဆစ်အမြစ်ကိုက်ခဲခြင်း၊

ကူးစက်နိုင်သည့် နည်းလမ်းများ
-----------------------------

- မိခင်မှကလေးသို့ ကလေးမွေးဖွားစဉ်တွင် ကူးစက်နိုင်ခြေအများဆုံးဖြစ်ပါသည်။

- ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း

- ရောဂါပိုးပါဝင်နေသောသွေး၊ ခန္ဓာကိုယ်မှထွက်သော အရည်များ၊ တံတွေးများ၊ ရာသီသွေးများနှင့် ထိတွေ့ကိုင်တွယ်မှုရှိခြင်း

- ရောဂါပိုးပါဝင်သော သွေးသွင်းခြင်း

- ရောဂါပိုးပါဝင်သော ကိုယ်ခန္ဓာအစိတ်အပိုင်းများ အစားထိုးကုသခြင်း

- ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရောဂါရှိသူလူနာအား ကုသမှုပေးနေစဉ် မတော်တဆအပ်စူးမိခြင်း (သို့) အကြောတွင်းသို့ မူးယစ်ဆေးထိုးသွင်းလေ့ရှိသူများတွင် အပ်နှင့်ဆေးထိုးပြွန်များအား တစ်ဦးနှင့် တစ်ဦးဝေမျှ အသုံးပြုခြင်း၊ တစ်ခါသုံးဆေးထိုးပြွန်အား အသုံးမပြုခြင်း

ကဲ ဒီလောက်ဆို အသည်းရောင် အသားဝါ B ရောဂါရဲ့ လက္ခဏာများအကြောင်းနဲ့ ကူးစက်နိုင်တဲ့ နည်းလမ်းများအကြောင်း အနည်းနဲ့အများ ဗဟုသုတ ရကြလိမ့်မယ်လို ထင်ပါတယ်။ အသည်းရောင် အသားဝါ B ရောဂါဟာ အမြစ်ပြတ်ရန် ကုသဖို့ ခက်ခဲတဲ့ ရောဂါမျိုး ဖြစ်တာကြောင့် မဖြစ်ပွားခင် ကြိုတင်၍ B ပိုး ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ ရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်းကို‌တော့ နောက်တစ်ပတ်မှာ ဆက်လက် ဝေမျှသွားမှာဖြစ်လို့ page လေးကို like and share လုပ်ထားကြဖို့ ဖိတ်ခေါ်ရင်း နောက်တစ်ပတ်ကျ ပြန်တွေ့ကြမယ်နော်။

မင်္ဂလာပါ...ခုရက်ပိုင်းအတွင်းမှာ Covid positive case တွေ ပြည်တွင်းမှာ ပြန်တွေ့ရလာတဲ့အပြင် တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို...
18/09/2022

မင်္ဂလာပါ...ခုရက်ပိုင်းအတွင်းမှာ Covid positive case တွေ ပြည်တွင်းမှာ ပြန်တွေ့ရလာတဲ့အပြင် တရုတ်-မြန်မာ နယ်စပ် ရွှေလီမြို့မှာ Lockdown ၅ရက် ချရတဲ့အထိ ဖြစ်လာတာကြောင့် Covid-19 ရောဂါပိုး ကူးစက်ခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများအကြောင်းကို အားလုံးပဲ ပြန်အမှတ်ရအောင် ဝေမျှပေးလိုက်ပါတယ်။

COVID-19 ရောဂါပိုး ကူးစက်ခံရခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းများ
------------------------------------------------------------------------------

- လက်ကိုရေနှင့်ဆပ်ပြာ (သို့မဟုတ်) အရက်ပြန်ပါသော ရေမလိုလက်သန့်ဆေးရည်ကိုအသုံးပြု၍စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောပါ။ မကြာခဏဆေးပါ။

- နှာချေ၊ ချောင်းဆိုးသည့်အခါနှာခေါင်းနှင့်ပါးစပ်ကိုတစ်ရှူး၊လက်ကိုင်ပဝါ (သို့) မိမိ၏တံတောင်ဆစ်တို့ဖြင့်လုံခြုံအောင် ဖုံးအုပ်ထားပါ။

- နှာချေ၊ချောင်းဆိုးရာတွင်အသုံးပြုထားသောတစ်ရှူးကို အဖုံးပါသောအမှိုက်ပုံးထဲသို့ချက်ချင်းစွန့်ပစ်ပြီးလက်ကိုစင်ကြယ်စွာဆေးပါ။

- ပါးစပ်နှင့်နှာခေါင်းစည်း(mask) ကိုအပြင်သို့ထွက်သည့်အခါတိုင်း၊ တခြားသူများနှင့် (၆) ပေအတွင်းတွင်ပြောဆိုဆက်ဆံရသည့်အခါတိုင်း၊ စနစ်တကျ အသုံးပြုပါ။

- သင်၏မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တို့ကိုထိတွေ့ ပွတ်သပ်ခြင်းမှရှောင်ကြဉ်ပါ။ ပါးစပ်နှင့်နှာခေါင်းစည်း(mask) ကို တပ်ဆင်ထားစဉ်လက်နှင့်ကိုင်တွယ် ထိတွေ့ခြင်းကိုရှောင်ကြဉ်ပါ။

- တတ်နိုင်သလောက်အိမ်တွင်းတွင်သာနေထိုင်ပါ။ လူစုလူဝေးရှိသော နေရာများသို့လုံးဝ (လုံးဝ) သွားရောက်ခြင်းမပြုပါနှင့်။

- ချောင်းဆိုး၊ ဖျားနာ လက္ခဏာခံစားနေရသူများ၊ နေမကောင်းဖြစ်နေသူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ပါ။

- ချောင်းဆိုး၊ဖျားနာလက္ခဏာခံစားနေရပါက (သို့) ရောဂါသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန (သို့) ဆေးရုံသို့အမြန်ဆုံးဆက်သွယ်၍ဆေးကုသမှုခံယူခြင်းဖြင့် အခြားသူများအားရောဂါကူးစက်ပျံ့ပွားခြင်းမှကာကွယ်ပါ။

- ကိုဗစ်ကာကွယ်ဆေး မထိုးရသေးလျှင် အမြန်ဆုံး ထိုးနှံပါ။ ကာကွယ်ဆေး ၂ကြိမ် ထိုးပြီးသူများလည်း ပေါ့ဆမနေပဲ Booster dose ထိုးခြင်း၊ mask တပ်ခြင်း၊ လက်ဆေးခြင်းတို့ဖြင့် ကာကွယ်ပါ။ မိမိ၏ မိသားစု၊ ဆွေမျိုးများနှင့် ပတ်ဝန်းကျင်ကိုလည်း ကာကွယ်ဆေး ထိုးနှံကြရန် တိုက်တွန်းပါ။ ကာကွယ်ဆေး ထိုးထားခြင်းအားဖြင့် ကိုဗစ်ရောဂါပိုး ကူးစက်မှုကို အပြည့်အဝ ၁၀၀ ရာခိုင်နှုန်း မကာကွယ်နိုင်သော်လည်း ရောဂါပြင်းထန်မှု ကျဆင်းခြင်း၊ အသက်အန္တရာယ်ဘေးမှ ကာကွယ်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများရှိကြောင်း ရှင်းပြပါ။

ကဲ အားလုံးပဲ အထက်ပါ အချက်များကို တစ်ဦးချင်းစီ လိုက်နာကျင့်သုံးကြပြီး ကိုဗစ် ပဉ္စမလိုင်း ဖြစ်သည်အထိ ဆိုးရွားစွာ ကူးစက်ပျံ့ပွားခြင်းကို ကာကွယ်ကြပါစို့နော်။

မင်္ဂလာပါ...ဒီအပတ်မှာတော့ အစာအိမ် ရောင်ရမ်းခြင်း သို့မဟုတ် အစာအိမ် နာခြင်း (Gastritis) အကြောင်း ပြောပြမှာ ဖြစ်ပါတယ်။အစာအ...
03/08/2022

မင်္ဂလာပါ...ဒီအပတ်မှာတော့ အစာအိမ် ရောင်ရမ်းခြင်း သို့မဟုတ် အစာအိမ် နာခြင်း (Gastritis) အကြောင်း ပြောပြမှာ ဖြစ်ပါတယ်။

အစာအိမ် ရောင်ရမ်းခြင်း (Gastritis) ဆိုတာ အစာအိမ်၏ အတွင်းပိုင်း နံရံများ ထိခိုက်မိ၍ ရောင်ရမ်းလာခြင်းကို ဆိုလိုပါသည်။ အစာအိမ် ရောင်ရမ်းခြင်းကို အဓိက ဖြစ်စေသော အကြောင်းရင်းများမှာ

- အစာစားချိန် မမှန်ခြင်း/ အဆာလွန်ခြင်း

- အပူ၊ အစပ်များ လွန်ကဲစွာ စားသုံးခြင်း

- အရက် အလွန်အကျွံ သောက်သုံးခြင်း

- အကိုက်အခဲ ပျောက်ဆေး (NSAIDs)များ ပမာဏ လွန်ကဲစွာ သောက်သုံးမိခြင်း သို့မဟုတ် ကာလ ကြာရှည်စွာ ‌သုံးစွဲမိခြင်း

- စိတ်ဖိစီးမှု များခြင်း

- ဆေးလိပ်သောက်ခြင်း စသည်တို့ ဖြစ်ပါသည်။

အစာအိမ်‌ ရောင်ရမ်းခြင်း၏ ရောဂါ လက္ခဏာာများ
----------------------------------------------

- ရင်ခေါင်းတွင် မီးစနှင့် ထိုးသကဲ့သို့ ပူ၍ နာကျင်ခြင်း

- အစာမကြေခြင်း

- ပျို့၍ အန်ချင်လာခြင်း သို့မဟုတ် အန်ခြင်း

- ရင်ပြည့်၊ ရင်ကယ် ဖြစ်ခြင်း

- နေထိုင်၍ မကောင်းခြင်း စသည်တို့ ခံစားရပါသည်။

အစာအိမ် ရောင်ရမ်းစဉ်တွင် လိုက်နာရမည့် အချက်များ
--------------------------------------------------

- အပူ၊ အစပ် လွန်ကဲသော အစာများကို ရှောင်ကြဉ်ပါ။

- အရက်သေစာ သောက်စားခြင်းကို ရှောင်ကြဉ်ပါ။

- အစာစားချိန် မှန်အောင်စားပါ။ အဆာ မလွန်ပါစေနှင့်။

- အစာအမာများကို တထိုင်တည်း အဝစားခြင်းမျိုးကို ရှောင်ကြဉ်၍ အစာ ခပ်ပျော့ပျော့ (ဥပမာ- ဆန်ပြုတ်၊ စွပ်ပြုတ် စသည်တို့)ကို မကြာမကြာ နည်းနည်းချင်း စားသုံးပါ။

- ဆေးလိပ်သောက်တတ်ပါက ဆေးလိပ် ဖြတ်ပါ (သို့မဟုတ်) လျှော့သောက်ပါ။

- အကိုက်အခဲ ပျောက်ဆေးများ မိမိသဘောဖြင့် လွန်ကဲစွာ သောက်သုံးခြင်းကို ရှောင်ကြဉ်ပါ။ မဖြစ်မနေ သောက်ရမည် ဆိုလျှင်လည်း အစာအိမ် ရောင်ရမ်းခြင်းကို မဖြစ်စေနိုင်သော အကိုက်အခဲပျောက်ဆေးမျိုး ပြောင်းသောက်ရန် နီးစပ်ရာ ဆရာဝန်၊ ဆရာမများထံမှ အကြံဉာဏ် ရယူပါ။

- စိတ်ဖိစီးမှု မများစေရန် ကြိုးစား ဖြေလျော့ပါ။ ( ဥပမာ- တရားထိုင်ခြင်း၊ စိတ်သောကများကို မိသားစုထံ ရင်ဖွင့်ခြင်း စသည်ဖြင့်)

ကဲ ဒီလောက်ဆို အစာအိမ်ရောင်ခြင်းဆိုတာ ဘာလဲ၊ ဘယ်လို လက္ခဏာတွေ ပြလဲ ဆိုတာနဲ့ အစာအိမ်ရောင်ရမ်းစဉ် လိုက်နာရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို အားလုံး ဗဟုသုတ ရကြလိမ့်မယ်လို့ ထင်ပါတယ်။ အစာအိမ် ရောင်ရမ်းရာကနေ ဂရုမစိုက်မိပါက အစာအိမ် အနာဖြစ်ခြင်း၊ အစာအိမ် သွေးကြောပေါက်ခြင်း အထိ ဖြစ်နိုင်တာမို့လို့ အစာအိမ်ရောင်တဲ့ လက္ခဏာများ ခံစားရပါက ပေါ့ပေါ့ဆဆ မနေကြပဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ ပြသပြီး ကုသမှု ခံယူဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။

အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ရှိကြပါစေလို့ ဆုမွန်ကောင်း တောင်းပေးရင်း နောက်တစ်ပတ်ကျ ပြန်တွေ့ကြမယ်နော်။

မင်္ဂလာပါ...ဒီအပတ်မှာတော့ မိမိ‌ပုံမှန်‌ေသာက်သုံးနေကျ ဆေးဝါးများ ရှာမရလျှင် သို့မဟုတ် ဈေးတအား တက်နေလျှင် အာနိသင်တူတဲ့ ဆေး...
27/07/2022

မင်္ဂလာပါ...ဒီအပတ်မှာတော့ မိမိ‌ပုံမှန်‌ေသာက်သုံးနေကျ ဆေးဝါးများ ရှာမရလျှင် သို့မဟုတ် ဈေးတအား တက်နေလျှင် အာနိသင်တူတဲ့ ဆေးဝါးများကို ဘယ်လို ရှာဖွေ ဝယ်ယူရမလဲဆိုတာ အားလုံး သိအောင် ဝေမျှပေးချင်ပါတယ်။

ယခုလက်ရှိကာလမှာ တချို့ဆေးတွေက Company မှ အရောင်းရပ်ထားတာကြောင့် ပြတ်လပ်ခြင်း ဒါမှမဟုတ် ရောင်းဈေး မြှင့်တက်လာခြင်းကြောင့် ဈေးတက်သွားခြင်းတို့ကို အားလုံး တွေ့ကြုံ ခံစားနေရမှာ ဖြစ်ပါတယ်။ နာတာရှည် ရောဂါများ ြဖစ်သော သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဉ်း စသည့် လူနာများအတွက် ဆေးပြတ်လပ်မှု မရှိစေရန်နဲ့ ဆေးဝါးများ နေ့စဉ် ပုံမှန်သောက်သုံးရန် အရေးကြီးတာကြောင့် မိမိသောက်သုံးနေကျ ဆေးဝါးများ ရှာမရပါက အလားတူ ဆေးဝါးများကို ဘယ်လို ရှာဖွေ ဝယ်ယူရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

Brand အစွဲ မထားပါနှင့်...အချို့လူနာများသည် ဆေးဝါးများကို ထုတ်လုပ်သည့် Company (Brand Name) ဖြင့် မှတ်သားထားတတ်ကြသည်။ ဥပမာ - သွေးကျဆေး တစ်မျိုးဖြစ်သော Amlosun 5...Amlosun သည် Brand Name ဖြစ်ပြီး ပါဝင်သော ဆေးဝါးဓာတ်၏ အမည် (Generic Name) မှာ Amlodipine Besylate 5mg ဖြစ်ပါသည်။ ထို့အတွက်ကြောင့် Amlosun 5 ရှာမရလျှင် အခြား Company မှ ထုတ်လုပ်သည့် Amlodipine Besylate 5mg ပါသော ဆေးဝါးများကို အစားထိုး သောက်သုံးနိုင်ပါသည်။ (ဥပမာ - Amlong 5, Amlotere 5, Amlopac 5, Amlobest 5 စသည်ဖြင့်)...အလားတူ ဆီးချိုဆေး တစ်မျိုးဖြစ်သော Metformin Denk 500mg ရှာမရလျှင် Generic name ဖြစ်သော Metformin 500mg ပါဝင်သည့် အခြားဆေးဝါးများကို လတ်တလော အစားထိုးသုံးစွဲနိုင်ပါသည်။ (ဥပမာ - METF-500, Glycomet 500, Metkare-500, Medformin 500 စသဖြင့်)

မိမိပုံမှန် သုံးစွဲနေသော ဆေးဝါးများတွင် Brand Name အပြင် ပါဝင်သော ဆေးဝါးဓာတ်၏ အမည် (Generic Name) ပါရှိပါသည်။ အာနိသင်တူသော ဆေးဝါးများ ဝယ်ယူရန် Generic Name ကို အရင်သိအောင် ဖတ်ပါ။ (ဥပမာ - Amlosun ၏ Generic name သည် Amlodipine Besylate...Metformin-denk ၏ Generic name သည် Metformin စသည်ဖြင့်)

Generic Name တူသော ဆေးဝါးများကို တွေ့ပြီဆိုလျှင် ဒုတိယ အနေဖြင့် ပါဝင်သော ဆေးဝါးဓာတ် ပမာဏ (mg, mcg) တို့ တူ၊ မတူ စစ်ပါ။ ဥပမာ - Amlosun 5 တွင် ပါဝင်သော Amlodipine Besylate ပမာဏသည် 5mg ဖြစ်သည်။ ထို့ကြောင့် အစားထိုး သုံးမည့် ဆေးဝါးတွင်လည်း Amlodipine Besylate 5mg ပါဝင်ရမည် ဖြစ်သည်။ အလားတူ Amlosun 10 အစားသုံးမည့် ဆေးဝါးတွင်လည်း Amlodipine Besylate 10mg ပါဝင်ရမည် ဖြစ်သည်။ ပါဝင်သော ဆေးဝါးဓာတ် ပမာဏ mg/mcg တူညီမှသာလျှင် အစားထိုး သုံးစွဲနိုင်မည် ဖြစ်သည်။ ( ဥပမာ- Metformin Denk 500 အစား သုံးမည့် ဆေးတွင် Metformin 500mg ပါဝင်ရမည်...Metformin 850 mg ပါဝင်သောဆေးများကို အစားထိုး သုံး၍ မရပါ...အလားတူ Metformin Denk 850 အစား သုံးမည့် ဆေးတွင် Metformin 500mg ပါဝင်သောဆေးများ သုံး၍ မရနိုင်ပါ။)

Generic name ရော၊ ပါဝင်သော ဆေးပမာဏရော တူလျှင် တတိယ အနေဖြင့် Myanmar Register ပါ၊ မပါ နှင့် Exp Date နီး၊ မနီးကို ဆက်လက် စစ်ဆေးပါ။ Date လွန်ပြီးသော ဆေးဝါးများ၏ အာနိသင်သည် ပြောင်းလဲမှု ရှိနိုင်သဖြင့် မိမိ သောက်သုံးမည့် အချိန်တွင် ထိုဆေးဝါးများ Exp Date ကျော်လွန်မှု မရှိစေရန် အထူးဂရုပြု စစ်ဆေးသင့်ပါသည်။

အချို့ဆေးဝါးများတွင် ပါဝင်သော ဆေးဝါးအမည်များမှာ ၁မျိုးတည်း မကပဲ ၂မျိုး၊ ၃မျိုး စသည်ဖြင့် ပါရှိနိုင်ပါသည်။ ထိုသို့သော ဆေးများကို ရှာမရ၍ အာနိသင်တူသော ဆေးဝါးများ ရှာဖွေ ဝယ်ယူလိုပါက ပါဝင်သော ဆေးပစ္စည်း တစ်ခုချင်းစီ၏ အမည်နှင့် ပါဝင်သော ပမာဏ တစ်ခုချင်းစီ တူ၊ မတူ တိုက်ဆိုင် စစ်ဆေးပြီးမှသာ ဝယ်ယူသင့်ပါသည်။ ထို့အပြင် SR, MR စသည့် အမည်များပါသော ဆေးဝါးများကို အစားထိုး ဝယ်ယူလိုပါက အစားထိုးမည့် ဆေးအမည်တွင်လည်း SR, MR စသည်တို့ ပါသင့်ပါသည်။

နောက်ဆုံးအနေဖြင့် ဆေးဝါးများ အစားထိုး ဝယ်ယူရာတွင် လွဲချော်မှု မရှိစေရန် သက်ဆိုင်ရာ ဆေးဆိုင်ပိုင်ရှင်များ၊ ဆေးရောင်းသူများ၊ ဆရာဝန်၊ ဆရာမများ၏ အကြံဉာဏ်ကို ရယူ၍ ရွေးချယ် ဝယ်ယူခြင်းသည် အန္တရာယ် အကင်းဆုံးနှင့် စိတ်အချရဆုံး နည်းလမ်း ဖြစ်ပါသည်။

ကဲ ဒီလောက်ဆို သွေးတိုး၊ ဆီးချိုနဲ့ အခြား နာတာရှည် ဝေဒနာရှင်များ အနေဖြင့် မိမိတို့ ပုံမှန် သောက်သုံးနေကျ ဆေးဝါးများ ရှာမရခဲ့လျှင် သို့မဟုတ် ဈေးနှုန်းကြီးမြှင့်နေခဲ့လျှင် အာနိသင်တူသော အခြားဆေးဝါးများကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲဆိုတာ အားလုံး ဗဟုသုတ ရကြလိမ့်မယ်လို့ ထင်ပါတယ်။

အားလုံးပဲ သက်ဆိုင်ရာ ဆေးဝါးများ အလွယ်တကူ ဝယ်ယူ ရရှိပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ရှိကြပါစေလို့လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

မင်္ဂလာပါ...ဒီတစ်ပတ်မှာတော့ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ကလေးငယ်ကို ပြုစုစောင့်ရှောက်ရာမှာ သတိထားသင့်တဲ့ အချက်များက...
20/07/2022

မင်္ဂလာပါ...ဒီတစ်ပတ်မှာတော့ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ကလေးငယ်ကို ပြုစုစောင့်ရှောက်ရာမှာ သတိထားသင့်တဲ့ အချက်များကို ပြောပြမှာ ဖြစ်ပါတယ်။

သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ ကလေးငယ်ကို ပြုစုစောင့်ရှောက်ရာမှာ

- ဂရုတစိုက်ကြည့်ရှုခြင်း (သွေးပေါင်မှန်မှန်ချိန်ခြင်း၊ ကလေးအခြေအနေစောင့်ကြည့်ခြင်း၊ အညိုရောင်အန်ခြင်း၊ ဝမ်းမည်းသွားခြင်း စသည့် အန္တရာယ်ရှိသော သွေးလန့်သည့် လက္ခဏာများ ရှိ၊ မရှိ အထူးဂရုပြု စောင့်ကြည့်ခြင်း)

- ကိုယ်ပူချိန်အတွက် ပါရာစီတမော (Paracetamol) တိုက်ကျွေးနိုင်ခြင်းနှင့် ရေပတ်တိုက်ပေးခြင်း၊ ပါရာစီတမော (Paracetamol) မှာ ကိုယ်အပူချိန်အတွက် သာမက နာကျင်ကိုက်ခဲနေသည်များအတွက်လည်း အသုံးပြုပါသည်။ အခြားကိုယ်ပူကျဆေး၊ အကိုက်အခဲပျောက်ဆေး အက်စ်ပရင် (Aspirin)ကဲ့သို့ ဆေးများကို လုံးဝ မသုံးစွဲရပါ။ ထိုဆေးများသည် သွေးယိုစီးခြင်းရှိနေပါက ပိုဆိုးစေသည့်အတွက် ဖြစ်ပါသည်။

- အရည် ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်သဖြင့် ဓာတ်ဆားရည်သောက်ခြင်း၊ အသီးအနှံဖျော်ရည်များ သောက်ပေးခြင်းတို့ ပြုလုပ်ရပါမည်။ နို့တိုက်ကလေးငယ်များကို မိခင်နို့ဆက်လက် တိုက်ကျွေးရန်ဖြစ်ပါသည်။

- ဖျားနေသည့် ကလေးကို အစားအသောက်မကျွေးခြင်းမျိုးကို မပြုလုပ်သင့်ပါ။ ကလေးစားချင်သောက်ချင်စိတ် ရှိမည်ဆိုပါက မည်သည့် အစားအစာမဆို ကျွေးနိုင်ပါသည်။ သို့သော် ကလေးကို အညိုရောင်အရည်များ (ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်၊ မိုင်လို၊ အိုဗာတင်း) တိုက်ကျွေးခြင်းကို ရှောင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် သွေးလွန်တုပ်ကွေးဖြစ်သည့် ကလေးများသည် အစာအိမ်လမ်းကြောင်းတလျှောက်တွင် သွေးကြောလေးများမှ သွေးယိုစိမ့်ပြီး အညိုရောင်များ အန်တတ်သဖြင့် ကော်ဖီသကဲ့သို့ အညိုရောင်ရှိသည့် အရည်များ တိုက်ကျွေးသည့်အခါ ခွဲခြားရခက်ခဲသောကြောင့် ဖြစ်ပါသည်။

သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူတွင် အောက်ပါအချက်များရှိလျှင် ဆေးရုံတင်ရပါမည်။

- ဆေးရုံနှင့် အသွားအလာခက်သည့် နေရာတွင်နေသူများ၊ ပို့ဆောင်ရေး ခက်ခဲသည့်ဒေသတွင်နေသူများ

- သွေးဥမွှားအရေအတွက် ၁ဝဝ အောက်ကျနေသူများ၊ သွေးလန့်သည့်လက္ခဏာရှိသူများ

- နှာခေါင်းသွေးယို၊ သွားဖုံးသွေးယိုစသည့် သွေးယိုစီးသည့် လက္ခဏာရှိနေသူများ

- အလွန်အမင်း အန်နေခြင်း၊ အရည်မသောက်နိုင်ခြင်း တို့ဖြစ်နေသည့်သူများ

- သက်ဆိုင်ရာတာဝန်ခံဆရာဝန်မှ ဆေးရုံတက်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ပေးထားသူများ

ဆေးရုံဆေးခန်းသို့ အချိန်မီမရောက်ရှိနိုင်ပါက နောက်ဆက်တွဲဆိုးကျိုးများကြောင့် အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်ပါသည်။ ထို့အပြင် သက်ဆိုင်ရာဆေးရုံမှ တာဝန်ခံဆရာဝန်၏ ခွင့်ပြုသည့် အချိန်မတိုင်သေးဘဲ ဆင်းပါက ဆိုးကျိုးများဖြစ်ပြီး ကလေးကို ထိခိုက်မည်ဖြစ်ကြောင်း အထူး ဂရုပြုရန် လိုပါသညါ။ ဆေးရုံဆင်းပြီးပါက တစ်ပတ်လောက် အနားယူရန် လိုအပ်ပါသည်။

ကဲ ဒီလောက်ဆို သွေးလွန်တုပ်ကွေး ဖြစ်ပွားသူကို ပြုစုရာမှာ သတိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အားလုံး သိရှိ သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။

နောက်အပတ်မှာလည်း ကျန်းမာရေးဆိုင်ရာ သိသင့်သိထိုက်သည်များကို ဆက်လက်ဝေမျှပေးသွားမှာမို့ page လေးကို Like and Share လုပ်ထားကြဖို့လည်း မမေ့ကြပါနဲ့နော်။

မင်္ဂလာပါ...ဒီရက်ပိုင်း ဆေးခန်းမှာ သွေးလွန်တုပ်ကွေး လူနာလေးတွေ အတွေ့ရများလာတဲ့အတွက် သွေးလွန်တုပ်ကွေး ဆိုတာ ဘာလဲ၊ ရောဂါလက...
13/07/2022

မင်္ဂလာပါ...ဒီရက်ပိုင်း ဆေးခန်းမှာ သွေးလွန်တုပ်ကွေး လူနာလေးတွေ အတွေ့ရများလာတဲ့အတွက် သွေးလွန်တုပ်ကွေး ဆိုတာ ဘာလဲ၊ ရောဂါလက္ခဏာတွေရော ဘယ်လိုပြသလဲ ဆိုတာနဲ့ သွေးလွန်တုပ်ကွေးမှာ သတိထားရမယ့် အန္တရာယ်ရှိတဲ့ သွေးလန့်ခြင်း လက္ခဏာများအကြောင်း ဝေမျှ ပေးချင်ပါတယ်။

သွေးလွန်တုပ်ကွေး ဆိုတာ ဘာလဲ?
------------------------------
သွေးလွန်တုပ်ကွေးရောဂါသည် Dengue Virus ကူးစက်ခြင်းကြောင့် ဖြစ်ပွားပါသည်။ အဆိုပါ ရောဂါသည် သွေးလွန်တုပ်ကွေးပိုး သယ်ဆောင်သည့် ခြင်ကျားအကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ဖြစ်ပွားသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ဒင်ဂီးအဖျားရောဂါ (Dengue Fever)၊ သွေးလွန်တုပ်ကွေးရောဂါ (Dengue Haemorrhagic Fever) နှင့် သွေးလန့်ခြင်း (Dengue shock syndrome) ဟူ၍ အဆင့်ဆင့်ဖြစ်ပွားတတ်သော ရောဂါဖြစ်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အသက်(၁၅)နှစ်အောက်တွင် အများဆုံး ဖြစ်ပွားတတ်သော်လည်း ယခုအခါတွင် အသက်အရွယ်မရွေး ဖြစ်ပွားလျက်ရှိပါသည်။ ကျား/မ မရွေး တောရောမြို့ပါ နေရာမရွေး ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်ပါသည်။ တစ်နှစ်ပတ်လုံး ကူးစက်နိုင်ပြီး မိုးရာသီတွင် အဖြစ်အများဆုံးဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများ
--------------------------------------
- အဖျားတက်ခြင်း

- ခေါင်းကိုက်ခြင်း

- တစ်ကိုယ်လုံး ကိုက်ခဲခြင်း

- ပျို့ခြင်း၊ အန်ခြင်း

- မစားချင် / မသောက်ချင်ဖြစ်ခြင်း

- ခန္ဓာကိုယ်၌ အစက်အပြောက်များ ပေါ်လာခြင်းတို့ ဖြစ်တတ်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါတွင် သတိထားရမည့် အန္တရာယ်ရှိသော သွေးလန့်ခြင်း လက္ခဏာများ
------------------------------------------
- ခန္ဓာကိုယ်တွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များအန်ခြင်း

- ဝမ်းမည်းမည်း သွားခြင်း

- နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးယိုခြင်း

- ခန္ဓာကိုယ်တွင် ထိခိုက်သကဲ့သို့၊ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း

- ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း (များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တတ်ပါသည်။)

- ရုတ်တရက် ဗိုက်အောင့်လာခြင်း

- ဂဏှာမငြိမ်ဖြစ်ခြင်း(သို့) အရမ်းမှိန်းလာခြင်း

- ခြေဖျား၊ လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း

- သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း

- အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် (၂၀)မီလီမီတာ မာကျူရီ (သို့) ထို့ထက်နည်းခြင်း

- အစာ /ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ် အန်ခြင်း စသည်တို့ဖြစ်ပါသည်။

- ကလေးကိုယ်အပူချိန် ကျဆင်းသွား၍ မှိန်းလျှင် / အိပ်နေလျှင် အန္တရာယ်ရှိသော အခြေအနေ ဖြစ်နိုင်ပါသည်။

*** အထက်ပါ စိုးရိမ်ရသည့် လက္ခဏာတစ်ခုခု တွေ့ရှိခဲ့ပါက နီးစပ်ရာဆေးရုံ ဆေးခန်းသို့ ချက်ချင်း ခေါ်ဆောင်ပြသရန် လိုအပ်ပါသည်။ ****

မိဘများ၊ အခြေခံကျန်းမာရေးဝန်ထမ်းများအနေနှင့် တုပ်ကွေးဖျား (အထူးသဖြင့်ကလေးသူငယ်များ) ဖျားနာပါက သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်‌ချေကို အစဉ်အမြဲ ထည့်သွင်းစဉ်းစားရပေမည်။ ရာသီတိုင်းတွင် သွေးလွန်တုပ်ကွေးဖြစ်တတ်သည်။

ကဲ ဒီလောက်ဆို သွေးလွန်တုပ်ကွေးရောဂါဆိုတာ ဘာလဲ၊ ဘယ်လို လက္ခဏာတွေ ပြသလဲနဲ့ သတိထားရမယ့် အန္တရာယ်ရှိတဲ့ သွေးလန့်ခြင်း လက္ခဏာများအကြောင်း အားလုံး ဗဟုသုတ ရကြလိမ့်မယ်လို့ ထင်ပါတယ်။

မိဘများ အနေနဲ့လည်း ဒီကာလ မိမိတို့ကလေးများ ဖျားနာပါက ပေါ့ဆမနေကြပဲ သွေးလွန်တုပ်ကွေး ဖြစ်နိုင်ချေကို အမြဲ ထည့်သွင်း စဉ်းစားပြီး သတိထားရမယ့် လက္ခဏာများကို ဂရုစိုက် စောင့်ကြည့်၍ ပေါ်ပေါက်လာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသဖို့ သတိပေးလိုပါတယ်။

အားလုံးပဲ သွေးလွန်တုပ်ကွေး ရောဂါ အန္တရာယ်မှ ကင်းဝေးကြပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ ရှိကြပါစေလို့ ဒီ post လေးနဲ့အတူ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

သန်ဘက်ခါ (၈.၇.၂၀၂၂) တွင် အိန္ဒိယ COVID ကာကွယ်ဆေး (Covishield) တစ်လုံးထိုးဖို့ ရှိပါတယ်...လူ၃ဦးစာ နေရာ ရပါသေးတယ်...တတိယအက...
06/07/2022

သန်ဘက်ခါ (၈.၇.၂၀၂၂) တွင် အိန္ဒိယ COVID ကာကွယ်ဆေး (Covishield) တစ်လုံးထိုးဖို့ ရှိပါတယ်...လူ၃ဦးစာ နေရာ ရပါသေးတယ်...တတိယအကြိမ် Booster အဖြစ် ထိုးနှံလိုသူများ အနေဖြင့် 09952291995 သို့ ဆက်သွယ် စာရင်းပေးနိုင်ပါတယ်...ဈေးနှုန်းအနေနဲ့ကတော့ တစ်ဦးလျှင် ၃သောင်းကျပ် ကျသင့်ပါမယ် ခင်ဗျ။

မင်္ဂလာပါ...အရင်အပတ်က သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ အန္တရာယ်ရှိသော လက္ခဏာတွေအကြောင်း ဝေမျှခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ ...
29/06/2022

မင်္ဂလာပါ...အရင်အပတ်က သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲ အန္တရာယ်ရှိသော လက္ခဏာတွေအကြောင်း ဝေမျှခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေအကြောင်း ပြောပြချင်ပါတယ်။

သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများ
-----------------------------------------------------

- အမျှင်ဓါတ်နှင့် ဗီတာမင်များပြီး လတ်ဆတ်သောသစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နှင့် နှံစားသီးနှံ (ပြောင်း၊ လူး၊ ဆတ်) များများစားသုံးခြင်း

- နို့နှင့်ဒိန်ချဉ်များကို အဆီဓါတ်ထုတ်၍ စားသုံးခြင်း

- ပြည့်ဝဆီများအစား ငါးနှင့်သီးနှံများမှရသော မပြည့်ဝဆီနှင့် အစားထိုးစားသုံးခြင်း

- ပဲအမျိုးမျိုး (ဥပမာ-ကုလားပဲ)၊ အစေ့အဆန် (ဥပမာ-သီဟိုဠ်စေ့)၊ အဆီပါသောငါးကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ်စားသုံးခြင်း

- အငန်ဓါတ်သည် သွေးပေါင်ချိန်ကို တက်စေသဖြင့် အငန်ဓါတ်များသောငါးပိ၊ ငံပြာရည်တို့ကို ရှောင်ခြင်း

- အသား/ငါးခြောက်များနှင့် အသင့်စား အစားအစာများကိုရှောင်ခြင်း စသည်တို့ဖြင့် သွေးတိုးရောဂါကို ကာကွယ်နိုင်ပါသည်။

သွေးတိုးရောဂါရှိပါက လိုက်နာရန်အချက်များ
----------------------------------------

- ကျန်းမာရေးဝန်ထမ်းများမှ ညွှန်ကြားသော ဆေးဝါးများကို ပုံမှန်သောက်ပါ။

- သွေးကျဆေးများသည် လူနာတစ်ဦးနှင့်တစ်ဦး အာနိသင်နှင့် ဆိုးကျိုးများ မတူတတ်သဖြင့် တစ်ဦးချင်း သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်း နှင့် တိုင်ပင်စမ်းသပ်ပြီးမှ ဆေးသောက်ပါ။

- သွေးပေါင်မှန်မှန် ချိန်ပါ။

- မဝလွန်း၊ မပိန်လွန်း သင့်တော်သည့် ကိုယ်အလေးချိန်ရှိအောင် ထိန်းသိမ်းပါ။

- သင့်တော်သည့် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို နေ့စဉ်နာရီဝက်ခန့် မှန်မှန်ပြုလုပ်ပါ။

- ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းကိုဖြတ်ပါ။

- ငါး၊ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတို့ကို များများစားပါ။

- အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။

သွေးတိုးရောဂါကို အချိန်မီသိရှိပြီး ထိထိရောက်ရောက် ဆေးကုသမှုခံယူပါက သွေးတိုးရောဂါကို အခြေခံပြီးဖြစ်ပေါ်လာမည့် နှလုံးသွေးကြောရောဂါ၊ လေဖြတ်ရောဂါ၊ ကျောက်ကပ်ပျက်စီးခြင်း၊ မျက်စိအမြင်လွှာပျက်စီးခြင်းတို့ကို အချိန်မီ ကာကွယ်နိုင်ပြီး သက်တမ်းစေ့ နေနိုင်မည် ဖြစ်ပါသည်။

ကဲ အားလုံးပဲ အထက်ပါ နည်းလမ်းတွေအတိုင်း လိုက်နာ ကျင့်ကြံ နေထိုင် စားသောက်ခြင်းဖြင့် သွေးတို‌းရောဂါ မဖြစ်အောင် ကာကွယ်လိုက်ကြပါစို့နော်။

‌နောက်အပတ်တွေမှာလည်း ကျန်းမာရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဆက်လက်ဝေမျှပေးသွားမှာမို့ page လေးကို like and share လုပ်ထားကြဖို့ မမေ့ကြပါနဲ့နော်။

Address

9/64, Shwe Phi Oo Road
Kyaukme
06341

Opening Hours

Monday 08:00 - 12:00
15:00 - 18:00
Tuesday 08:00 - 12:00
15:00 - 18:00
Wednesday 08:00 - 12:00
15:00 - 18:00
Thursday 08:00 - 12:00
15:00 - 18:00
Friday 08:00 - 12:00
15:00 - 18:00
Saturday 08:00 - 12:00
15:00 - 18:00
Sunday 08:00 - 12:00
15:00 - 18:00

Telephone

+959952291995

Website

Alerts

Be the first to know and let us send you an email when အာရောဂျံ Clinic - Kyaukme posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to အာရောဂျံ Clinic - Kyaukme:

Share