29/09/2022
ျို့တဲ့ခြင်းအကြောင်း
🩸G6PD ဆိုတာက ??
G6PD ဆိုတာ Glucose 6 phosphate dehydrogenase လို့ခေါ်တဲ့ အင်ဇိုင်းဓာတ်တစ်မျိုးပါ။ ဒီဓာတ်က သွေးထဲကသွေးနီဥလေးတွေကြံ့ခိုင်အောင်ကာကွယ်ပေးပြီး သူတို့ရဲ့အောက်ဆီဂျင်သယ်တဲ့လုပ်ငန်းတွေကို ပုံမှန်ဖြစ်အောင်ကူညီပေးပါတယ်။
ဒီအင်ဇိုင်းချို့တဲ့နေရင် သွေးနီဥတွေကထိရှလွယ်ပြီး ခန္ဓာကိုယ်ရဲ့ဓာတ်တိုးဖြစ်စဉ်တွေကို ခံနိုင်ရည်မရှိတော့ဘဲ ပြိုကွဲပျက်စီးကာ ရုတ်တရက်သွေးအားနည်းရောဂါကိုဖြစ်စေပါတယ်။
👨👨👦👦ဘယ်လိုလူတွေမှာ G6PD ဓာတ်ချို့တဲ့တတ်ပါသလဲ ?? ဘာကြောင့်ပါလဲ ??
G6PD ဓာတ်ချို့တဲ့တာဟာ မျိုးရိုးဗီဇ (Genetic) နဲ့ပတ်သက်ပါတယ်။ အထူးအားဖြင့် ယောကျာ်းလေးတွေမှာတွေ့ရများတတ်သော်လည်း အချို့မိန်းကလေးတွေမှာလည်းဖြစ်နေတတ်ပါတယ်။
မိန်းကလေးတွေမှာဖြစ်ရင် ထူးခြားတဲ့လက္ခဏာတွေမပြဘဲ မျိုးဗီဇကိုသာသယ်ဆောင်နေပြီး ကိုယ်ဝန်ဆောင်မီးဖွားချိန်ရောက်ရင် မိခင်မှကလေးသို့မျိုးဗီဇဆက်ပြီးပေးတတ်ပါတယ်။
🔍🔍 G6PD Deficiency ဖြစ်နေရင် ကြုံတွေ့ရနိုင်တဲ့ရောဂါလက္ခဏာတွေက ??
ရောဂါလက္ခဏာပြသချိန်တွေက တစ်ဦးနဲ့တစ်ဦးမတူညီတတ်ကြပါဘူး။ မွေးကင်းစကလေးတွေမှာဆိုရင်တော့ သွေးနီဥတွေပြိုကွဲလို့ မွေးပြီး (၁)ရက်မှ (၂) ရက်အတွင်း ရုတ်တရက်ပြင်းထန်စွာအသားဝါပါတယ်။
အသားဝါဓာတ် (Bilirubin) ထွက်တာများလွန်းခဲ့ရင် ဒီဓာတ်တွေကဦးနှောက်ကိုသွားထိပြီး ကလေးရဲ့ဦးနှောက်နဲ့အာရုံကြော၊ ဉာဏ်ရည်ဉာဏ်သွေး၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုစတာတွေထိခိုက်နိုင်ပြီး ကလေးမှာရာသက်ပန် မသန်မစွမ်း (Cerebral Palsy) ဖြစ်တာမျိုးနဲ့ အသက်အန္တရာယ်အထိတောင်ရှိနိုင်ပါတယ်။
ဒီလိုကလေးတွေက ပုံမှန်ကလေးအသားဝါတာထက်ပိုဝါတတ်လို့ မီးချောင်းပြရုံနဲ့မရတတ်ဘဲ သွေးလဲကုသတဲ့အဆင့်ထိရောက်လေ့ရှိပါတယ်။ အချိန်မီထိထိရောက်ရောက်ကုနိုင်ရင်တော့ ကလေးမှာအန္တရာယ်မရှိစေပါဘူး။
တချို့တွေကမွေးကင်းစမှာ ရောဂါမပြင်းထန်ဘဲ အသက်ကြီးတဲ့အထိဒီရောဂါကို ဖြစ်လို့ဖြစ်နေမှန်းမသိတာမျိုးလည်းရှိတတ်ပါတယ်။ အရေးကြီးတာတစ်ချက်က G6PD ချို့တဲ့သူတွေဟာ ပုံမှန်အားဖြင့်အလိုလိုသွေးနီဥပျက်ခြင်းများမရှိတတ်ဘဲ သာမန်လူတွေလိုပဲရှိတတ်ပါတယ်။
သို့သော်လည်း သူတို့နဲ့ဓာတ်မတည့်တာတစ်ခုခုနဲ့ထိတွေ့မိတာ၊ စားသုံးမိတာမျိုးရှိတဲ့အချိန်မှာ ရုတ်တရက်သွေးနီဥတွေပြင်းထန်စွာပြိုကွဲပြီး သွေးအားနည်းရောဂါဖြစ်စေနိုင်ပါတယ်။
ဒီအခါမှာ သွေးအားနည်းခြင်းရဲ့ဆိုးကျိုးတွေဖြစ်တဲ့ မောပန်းခြင်း၊ ဖြူဖျော့ပြီးအားနည်းနေခြင်း၊ မျက်စိ၊ အသားဝါခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်းမှအစပြုကာ ဆီးမည်းမည်းများသွားခြင်း၊ အမောဖောက်ပြီးသတိလစ်ခြင်းတွေအထိဖြစ်နိုင်ပါတယ်။
ဘယ်အသက်အရွယ်ပဲရောက်ရောက် မတည့်တာနဲ့တွေ့ချိန်တိုင်း ဒီလက္ခဏာတွေကအကြိမ်ကြိမ်ပြန်ဖြစ်တတ်ပါတယ်။ မတည့်တဲ့အချက်တွေနဲ့ထိတွေ့မှုကိုရပ်လိုက်ရင် လက္ခဏာတွေသက်သာသွားလေ့ရှိပါတယ်။
ဒါကြောင့်မို့ G6PD ချို့တဲ့တာကိုသိရှိတာနဲ့တပြိုင်နက် မတည့်တဲ့အရာတွေကိုမှတ်သားပြီး သတိပြုရှောင်ကြဉ်ပေးသွားကြဖို့က အထူးအရေးကြီးပါတယ်။
📛📛 G6PD ချို့တဲ့သူတွေနဲ့မတည့်တဲ့အရာတွေက ??
(၁) တောင်ကြီးပဲလှော်၊ ပဲကြားများ၊ ပဲကြီး၊ ပဲပိစပ်၊ ပဲပုပ်စတဲ့ပဲများ
(၂) ကြက်ဟင်းခါးသီး၊ ဒန်းရွက်၊ လက်ဖက်နှင့် လက်ဖက်စိမ်း (Green Tea)
(၃) Chemical ဆိုးဆေးများ၊ မဲနယ်ပါသော အသုံးအဆောင်၊ အစားအစာအမျိုးမျိုး
(၄) ပရုတ်လုံး၊ ပရုတ်ခဲနှင့် ပရုတ် (Menthol) ပါသောအစားအစာ၊ အသုံးအဆောင်များ ( သကြားလုံး၊ ပီကေ၊ သွားတိုက်ဆေး၊ ဒဏ်ကြေဆေး၊ ပရုတ်ဆီစသဖြင့်) လုံးဝမသုံးရပါ။ (*** မွေးကင်းစကလေးအတွက် အနှီးပြင်ဆင်ချိန်မှာပရုတ်လုံးများမထည့်ဘဲ ပြင်ဆင်သင့်ပါတယ်။***)
(၅) ဆေးဝါးများတွင်လည်း G6PD ချို့တဲ့သူများနဲ့မတည့်တဲ့ဆေးတွေများစွာရှိပါတယ်။
အဓိကသုံးများတတ်သောဆေးများအနေနဲ့
- ဗီတာမင် C နှင့် ဗီတာမင် K ဆေးများ၊ သံဓာတ်များသောဆေးများ
- ဆာလ်ဖာ (Sulphur) ပါသောဆေးများ Septrin, Chloramphinicol, Streptomycin,
- အကိုက်အခဲပျောက်ဆေးအုပ်စုတွင် Asprin, Paracetamol ပါသောဆေးများ
- ပဋိဇီဝပိုးသတ်ဆေးများတွင် Quinolones (Ciprofloxaccin, Ofloxaccin, Norfloxaccin) ၊ Nalidixic acid၊ Nitrofurantoin
- ငှက်ဖျားဆေးများ Primaquine၊ Pentuquine ၊ Quine အမည်ပါဆေးဝါးများ
- အချို့သောကင်ဆာဆေးများ၊
- အချို့သော တိုင်းရင်းဆေးများ
(၆) အချို့သောဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးများကူးစက်ခံရခြင်း စတဲ့အကြောင်းရင်းတွေက G6PD ချို့တဲ့သူတွေအတွက် ရောဂါပြင်းထန်စေတတ်လို့ သတိပြုရှောင်ကြဉ်ပေးရမှာဖြစ်ပါတယ်။ ဆရာဝန်ပြသချိန်တိုင်းမှာ မိမိမှာဒီအင်ဇိုင်းချို့တဲ့ကြောင်း မမေ့မလျော့ပြောပြရမှာဖြစ်ပါတယ်။
💊💉 G6PD ချို့တဲ့လို့သွေးအားနည်းရင်ဘယ်လိုကုသမှုခံယူရတတ်ပါသလဲ??
ပထမဦးဆုံးအနေနဲ့ ဖြစ်စေတဲ့အကြောင်းအရာကို ရှာဖွေပြီးချက်ချင်းရပ်တန့်ရမှာပါ။ ဒီလိုမတည့်တဲ့အရာကိုရပ်တန့်ရုံနဲ့ ရောဂါလက္ခဏာတွေက သက်သာလာတတ်ပါတယ်။
တချို့မှာတော့ရောဂါဆိုးရွားနေရင် ဆေးရုံတက်ပြီးအောက်ဆီဂျင်ရှုရတာ၊ သွေးအားတိုးဆေးများပေးတာ၊ သွေးသွင်းတာမျိုးတွေလုပ်ပြီး ကုသရတတ်ပါတယ်။
💢💢 G6PD ချို့တဲ့ခြင်းကိုစောစောသိရှိနိုင်ဖို့ ??
G6PD ချို့တဲ့မှုရှိမရှိကို သွေးဖောက်စစ်ဆေးခြင်းဖြင့်သိနိုင်ပါတယ်။ မိမိရဲ့မျိုးရိုးထဲမှာဒီရောဂါရှိဖူးရင် ကလေးမွေးဖွားတဲ့အခါမှာ အထူးသဖြင့်ယောကျားလေးဖြစ်ပါက မွေးကင်းစကလေးအရွယ်တည်းက သွေးစစ်ကြည့်ထားသင့်ပါတယ်။
ဒါမှသာမတည့်တဲ့အရာတွေကို ကြိုတင်ရှောင်ထားလို့ရမှာပါ။ ဒီလိုရှောင်ကြဉ်နေထိုင်နိုင်ရင် တသက်တာလုံးဒီရောဂါကြောင့်အန္တရာယ်မရှိနိုင်ဘဲ သာမန်လူများကဲ့သို့ကောင်းမွန်စွာနေထိုင်နိုင်ပါကြောင်း ကျန်းမာရေးဗဟုသုတ မျှဝေပေးလိုက်ပါတယ်👩🔬
Source - https://www.medscape.com
ကျန်းမာရေးနှင့်အထွေထွေဗဟုသုတ
#မူရင်းရေးသားသူကိုခရက်ဒစ်ပေးပါတယ်