
18/07/2024
ဝက်ခြံရောဂါဖြစ်ပွားလာပုံအဆင့်ဆင့်
ဝက်ခြံဖြစ်ပွားရာတွင် အဓိက အဆင့်လေးဆင့်ပါဝင်ပါသည်။
၁။ ပထမအဆင့်အနေဖြင့် အဆီအိတ်ဂလင်း၏ အဆီထုတ်ပေးသော ပြွန်ငယ်ပိတ်သွားရာမှ အစပြုပါသည်။ အဆီအိတ်ပြွန်ပိတ်ရခြင်းမှာ ပြွန်နံရံပေါ်ရှိ ဆဲလ်များ ပျက်စီးကြွေကျသောကြောင့်ဖြစ်ပြီး ဗီတာမင်အေ ချို့တဲ့ခြင်းသည် အဓိကအကြောင်းတရားဖြစ်ပါသည်။
၂။ ဒုတိယအနေဖြင့် အဆီအိတ်အတွင်း အဆီဓာတ်များ ပိုမိုထုတ်လုပ်မှုကြောင့်ဖြစ်ပါသည်။ အဆီပြွန်ပွင့်နေလျှင် ပြဿနာ မဟုတ်သော်လည်း အဆီပြွန်ပိတ်နေလျှင် အဆီအိတ်များ တင်းပြီး ဖောင်းလာပါတော့သည်။ အဆိုပါအဆီများ အများအပြားထွက်လာကြရန် အဓိကလှုံ့ဆော်ပေးသောအရာမှာ အမျိုးသားဟိုမုန်းဓာတ်ဖြစ်သည့် အန်ဒရိုဂျင် (Androgen) ဖြစ်ပါသည်။
၃။ တတိယအဆင့်အနေနှင့် အဆမတန်များပြားလာသော အဆီများသည် အရေပြား၏ အပေါ်မျက်နှာပြင်ပေါ်သို့ အဆီပြွန်မှတစ်ဆင့် အတင်းတိုးထွက်လာပါသည်။ ထိုအခါ လေနှင့်ထိတွေ့ကာ ဓာတ်တိုးခြင်း (Oxidation) ဖြစ်ပြီး မည်းသွားပါသည်။ ဝက်ခြံ၏ထိပ်၌ မည်းနေသောအဆံအဖြစ် တွေ့ရပါသည်။ ယင်းကို ဝတ်ဆံမည်း (Open comedone or blackhead) ဟု ခေါ်ပါသည်။ အကယ်၍ အဆီထွက်ရန်အပေါက်သည် လုံးဝပိတ်နေလျှင် လေနှင့် ထိတွေ့ခွင့်မရသည့်အတွက် အမည်းစက်ကိုလည်း တွေ့မြင်ရမည်မဟုတ်ပါ။ ထိုအခါ ဝတ်ဆံဖြူ (closed comedone or white head) ဟုခေါ်ပါသည်။
၄။ နောက်ဆုံးနှင့်အရေးအကြီးဆုံးမှာ ဝက်ခြံရောဂါပိုးများ ပွားများလာခြင်း ဖြစ်ပါသည်။ အဆိုပါပိုးမှာ ဘက်တီးရီးယားများဖြစ်ပြီး Propionibacterium acne ဟုခေါ်ပါသည်။ ယင်းဘက်တီးရီးယားများသည် လေမဲ့အခြေအနေ (Anaerobic condition) ၌သာ ပေါက်ပွားနိုင်ကြပါသည်။
ထို့ကြောင့် အဆီပြွန်ပုံမှန်ပွင့်နေလျှင် ပြင်ပလေနှင့် ထိတွေ့မှုကြောင့် ပေါက်သွားနိုင်ခြင်းမရှိဘဲ ပြွန်ပိတ်နေသော ဝက်ခြံများ၏အတွင်း၌သာ ပေါက်ပွားကြပါသည်။ အဆိုပါ ဘက်တီးရီးယားမှ ထုတ်လုပ်သောအဆိပ်များသည် ပတ်ဝန်းကျင်ရှိ ဆဲလ်များကို ထိခိုက်ပျက်စီးရောင်ရမ်းခြင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် ဝက်ခြံမှာ ရောင်ပြီး တင်းလာရခြင်း ဖြစ်ပါသည်။ ဝက်ခြံသည် ပုံပါ ဇယားတွင် ဖော်ပြထားသော အဆင့်များအတိုင်း ဖြစ်ပေါ်လာပါက ထိုဝက်ခြံသည် နာကျင်မှုကိုပေးသဖြင့် စိတ်မချမ်းမြေ့စရာ ဖြစ်ရပါသည်။
ဒေါက်တာခင်မောင်လွင် (FAME)
“ဝက်ခြံရောဂါ” စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။