21/03/2024
#ဝက်ခြံပေါက်တဲ့ဆေးတွေ
ဆောင်းပါးခေါင်းစဉ်ကို လျှပ်တပြက် ကြည့်ပြီး ဝက်ခြံပျောက်တဲ့ဆေးတွေ အကြောင်းများလားလို့ ထင်မိမှာပါ။ စာစီတာများ မှားသလားပေါ့။ တကယ် တော့ ဝက်ခြံပျောက်စေတဲ့ ဆေးတွေအများကြီးရှိသလို ဝက်ခြံပေါက်စေတဲ့ဆေးတွေလည်း အများကြီးရှိပါ တယ်။ ဆေးတွေကြောင့် တစ်နည်းအားဖြင့် သူတို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဝက်ခြံအဖုတွေ ထွက် လာတတ်ပါတယ်။ ပြောရရင် သာမန်ဝက်ခြံ မဟုတ်ဘဲ ဆေးကြောင့်ဖြစ်တဲ့ဝက်ခြံမို့ ဆေးဝက်ခြံ (Drug Induced Acne) ဆိုပါတော့။
#ဆေးဝက်ခြံဆိုတာ
ဆေးဝက်ခြံနဲ့ သာမန်ဝက်ခြံဟာ ကွာခြားမှုတွေရှိ ပါတယ်။ သာမန်ဝက်ခြံအများစုကတော့ တစ်လုံးစ၊ နှစ်လုံးစကနေ တဖြည်းဖြည်းချင်းများလာတတ်ပေမဲ့ ဆေးဝက်ခြံကတော့ ရုတ်တရက် အစုလိုက်၊ အပြုံ လိုက် ပေါ်လာတတ်ပါတယ်။ နောက်ပြီး ဆေးဝက်ခြံ တွေက များသောအားဖြင့် ရင်ဘတ်နဲ့ ကျောအပေါ် ပိုင်းလောက်မှာပဲ တွေ့ရတာပါ။ ဒါပေမဲ့ မျက်နှာနဲ့ လည်ပင်းမှာလည်း ဖြစ်နိုင်တာပါပဲ။ သာမန် ဝက်ခြံ ကတော့ အားလုံးသိတဲ့အတိုင်း မျက်နှာမှာပဲ အဓိက ဖြစ်တာပါ။ တစ်ခါတလေမှ ကျောတို့၊ ရင်ဘတ်တို့ အထိ ဆင်းတတ်တာပါ။ ဆေးဝက်ခြံရဲ့ ပုံသဏ္ဌာန် ထူးခြားချက်ကတော့ ဝက်ခြံဖုတစ်ခုနဲ့တစ်ခုဟာ ရွယ်တူ၊ ဆိုဒ်တူပါ။ ဖိုတိုကော်ပီ ကူးထားသလို မျိုးကို ဝက်ခြံဖုတွေ တစ်ခုနဲ့တစ်ခု တူနေတာပါ။ ဆေးပညာ မှာတော့ Mono morphic eruption တဲ့။ တွေ့နေကျ သာမန်ဝက်ခြံမှာတော့ ဝက်ခြံဖုတွေဟာ အရွယ် အမျိုးမျိုး၊ သဏ္ဌာန်အမျိုးမျိုးဆိုတာ အထူးပြောစရာ လိုမယ်မထင်ပါဘူး။ ဆေးဝက်ခြံနဲ့ သာမန်ဝက်ခြံတို့ရဲ့ အဓိက ထူးခြားချက်ကတော့ ဆေးဝက်ခြံမှာ ကော်မီဒုံး (Comedone) ဆိုတဲ့ ဝက်ခြံအဆံ မရှိတာပါပဲ။ ဒါ ကြောင့် ဆေးဝက်ခြံကို တချို့က ဝက်ခြံနဲ့ တူသော အဖုလေးများ(Acneiform eruptions) ဆိုပြီးလည်း သမုတ်ကြလေရဲ့။
#စတီးရွိုက်ဆေးတွေ
ဝက်ခြံပေါက်စေတဲ့ ဆေးတွေထဲမှာ အကြုံရဆုံး ကတော့ စတီးရွိုက်(steroid) ဆေးတွေပါပဲ။ ဒီ ဆေးတွေက အသုံးများကြတာကိုး။ (Covid-19) ကို တောင် ဒက်ဆာမက်သာဆုံး (Dexamethasone) ဆိုတဲ့ စတီးရွိုက်နဲ့ ထိရောက်စွာ ကုနိုင်ပြီဆိုပဲ။ ဆရာ ဝန်တွေက ရောဂါအရ လိုအပ်လို့ညွှန်းတာကြောင့် သုံးကြရသလို တချို့ကတော့ မိမိသဘောနဲ့ ထင်တိုင်း သုံးနေကြတာလည်း အများကြီးပါ။ ဘယ်လိုပဲဖြစ်ဖြစ် စတီးရွိုက် စားဆေး၊ ထိုးဆေး၊ လိမ်းဆေးတွေကြောင့် ဆေးဝက်ခြံတွေ ပေါက်တတ်ပါတယ်။ ဒါကြောင့် စတီးရွိုက် ဝက်ခြံ (Steroid Acne) ဆိုပြီးတောင် ခေါ်ကြပါတယ်။ စတီးရွိုက်တွေဟာ သာမန်ဝက်ခြံဖု တွေကိုပါ ပိုပြီးဆိုးစေပါတယ်။ ခေတ္တတော့ ငြိမ်သွား သလိုရှိပေမဲ့ ကြာတော့ အားလုံးစုပြုံပြီး ကန်ထွက်လာ တတ်ပါတယ်။
စတီးရွိုက်တွေထဲမှာ ြွကက်သားတွေ ထွားကြိုင်း အောင်သုံးကြတဲ့ Anabolic steroid တွေကလည်း ဝက်ခြံထွက်တတ်ပါတယ်။ မောင်ဗမာတွေ၊ ဂျင်ကစား တဲ့သူတွေ သုံးတတ်တဲ့ဆေးပေါ့။ လေ့လာမှုအရ အဲဒီ စတီးရွိုက် သုံးစွဲသူ တစ်ဝက်လောက်ဟာ ဝက်ခြံဖု ထွက်သတဲ့။
#မှိုဝက်ခြံ
ကြုံလို့ တစ်ဆက်တည်းပြောရရင် စတီးရွိုက်တွေ ကြောင့် မှိုဝက်ခြံ (Fungal Acne) ဆိုတာလည်း ပေါက်တတ်ပါတယ်။ အစုလိုက် အဝေးလိုက် နီနီရဲရဲ အဖုလေးတွေပါ။ ဆေးဝေါဟာရကတော့ အရှည်ကြီးပါ။ Pityrosporum folliculitis တဲ့။ အရေပြားပေါ်မှာ သာမန်တွေ့နေကျ မှိုတစ်မျိုးဟာ စတီးရွိုက်သုံးစွဲသူ တွေမှာ အကောင်ရေများလာပြီး ဆံခြည်အိပ်ကိုရောင် ရမ်းစေလို့ပါပဲ။ ဝက်ခြံနဲ့တူပေမဲ့ သူ့မှာလည်း အဆံမရှိ ပါဘူး။ လည်ပင်း၊ လက်မောင်း၊ ကျောရင်ဘတ် စတဲ့နေရာတွေမှာ ရုတ်တရက် ထွက်လာတတ်တဲ့ အဖုမျိုးလေးတွေပါ။ လူနာတွေက ဘာအဖုတွေလဲလို့ မေးတဲ့အခါ ကျွန်တော်တို့ ဆရာဝန်တွေကလည်း ရှည်ရှည်ဝေးဝေး ရှင်းပြမနေဘဲ အပူဖုလေးတွေလို့ပဲ
သူတို့ နားလည်အောင်ပြောကြရပါတယ်။ မှိုဝက်ခြံလို့ ပြောရင် ရှင်းရခက်ရော။ မှိုဝက်ခြံဆိုတဲ့အတိုင်း မှိုသတ် ဆေးနဲ့ ဝက်ခြံပျောက်ဆေး တွဲလိမ်းလိုက်ရင် အလွယ် တကူပဲ ပျောက်သွားတတ်ပါတယ်။ စတီးရွိုက်က တော့ ဖြတ်ပစ်ရမှာပေါ့။
#တီဘီဆေးနဲ့ ဝက်ခြံ
ကျွန်တော်တို့နိုင်ငံမှာ တီဘီဖြစ်ပွားနှုန်းဟာ တဖြည်းဖြည်းနဲ့ ကျလာပေမဲ့ ၂၀၁၈ ခုနှစ်မှာ လူ တစ်သိန်းမှာ ၃၃၈ ယောက် ဒီရောဂါဖြစ်နေတယ် ဆိုပဲ။ ဒီတော့ တီဘီဆေးတွေနဲ့ မကင်းနိုင်ကြသေးပါ ဘူး။ INH လို့ အတိုကောက်ခေါ်ကြတဲ့ အိုင်ဆိုနိုင်ယာ စစ် တီဘီဆေးဟာ ထူးထူးခြားခြား ဝက်ခြံပေါက် တတ်ပါတယ်။ တီဘီလူနာမှာ ပင်ကိုက ဝက်ခြံရှိခဲ့ရင် လည်း အဲဒီဝက်ခြံတွေ ပိုဆိုးစေပါတယ်။ INH တင် မဟုတ်ပါဘူး၊ Rifampicin, Streptomycinစတဲ့ တီဘီ ကုထုံးဆေးတွေလည်း တစ်ခါတစ်လေ ဝက်ခြံပေါက် တတ်တာပါပဲ။ ဝက်ခြံပေါက်လို့ဆိုပြီး တီဘီဆေးတွေ မရပ်လိုက်ပါနဲ့။ ဆေးပတ်လည်အောင် သောက်ရမှာ ပါ။ ဝက်ခြံလည်းကု၊ တီဘီလည်းကုပေါ့။
#စိတ်ကျန်းမာရေးဆေးနဲ့ ဝက်ခြံ
ခုခေတ်မှာ စိတ်ပိုင်းဆိုင်ရာ မကျန်းမမာ ဖြစ်သူ တွေက အများသား။ ကိုဗစ်ကာလမှာဆို ပိုပြီးများမှာ ပါ။ အပြင်မထွက်ရဘဲ Stay at home ခြေချုပ်မိနေ တော့ သူသူငါငါ အနည်းနဲ့အများ စိတ်ခံစားရတာ ချည်းပါ။ စိတ်ကျန်းမာရေးဆေးတွေကလည်း များ သောအားဖြင့် စွဲသောက်ကြရတာများပါတယ်။ များ စွာသော အဲဒီဆေးတွေထဲမှာ လစ်သီယမ် (Lithium) ဆိုတဲ့ဆေးကတော့ ဝက်ခြံဖုတွေ ထွက်တတ်ပါတယ်။ ရှေ့ပိုင်းမှာပြောခဲ့သလို လည်ပင်း၊ ကျော၊ မျက်နှာ စတဲ့ နေရာတွေမှာပေါ့။ တစ်ချို့ဆို ဆေးသောက်ပြီး ဘာမှ မကြာသေးဘူး အဖုတွေထွက်လာတော့ အဲဒီ ဆေးကို ဆက်မသောက်ချင်ကြပါဘူး။ တကယ် တော့ စိတ်ကျန်းမာရေးလည်းကု၊ အရေပြားကျန်းမာ ရေးလည်းကုပေါ့။ အခြားစိတ်ကျန်းမာရေးဆေးတွေ ဖြစ်တဲ့ Phenytoin, Olanzapineစတဲ့ ဆေးတွေ လည်း အခန့်မသင့်ရင် ဝက်ခြံလို အဖုတွေ ထွက်လာ တတ်တာပါပဲ။
#ဗီတာမင်ဘီတွဲ(B12)နှင့် ဝက်ခြံ
အာရုံကြောအားဆေးဆိုပြီး ဘီတွဲကို သုံးကြရပါ တယ်။ ဘီဝမ်း(B1)၊ ဘီစစ် (B6)တို့နဲ့ သုံးမျိုးတွဲ ပြီး ဝမ်း၊ စစ်၊ တွဲ အာရုံကြောအားဆေးတွေ ဈေးကွက် မှာ ပလူပျံလို့ပါ။ ဘာစီလိုနာ ဘောလုံးသင်းရှေ့တန်း တိုက်စစ်မှုး(မက်ဆီ၊ ဆွာရက်၊ နေမာ) တို့ရဲ့ MSNအတွဲကို အစွမ်းထက်လို့လားမသိဘူး အတော်ရောင်း အားကောင်းတဲ့ အားဆေးဆိုပါတော့။ အဲဒီဆေးတွေထဲ မှာ ထူးထူးခြားခြား B12 ဓာတ်ဟာ လွန်ကဲလာရင် ဝက်ခြံပေါက်တတ်ပါတယ်။ B12 ဟာ ဝက်ခြံပိုးရဲ့ ဗီဇကို ပြောင်းလဲနိုင်စွမ်းရှိပြီး ဝက်ခြံပိုပေါက်စေတယ် လို့ သုတေသီတွေက ဆိုပါတယ်။ ဒီတော့ ဝက်ခြံ ရှိသူတွေအနေနဲ့ကတော့ B12 ဟာ တန်ဆေး လွန်ဘေးလို့ ဆိုရမှာပါ။ ဆရာဝန်တွေက လိုအပ်လို့ ညွှန်း ရင်တော့ ဆက်သောက်ပေါ့။ တချို့ဆရာဝန်တွေက တော့ B12 ထိုးဆေးကိုပဲ အားဆေးအဖြစ် လူနာ စိတ်ကျေနပ်အောင် ထိုးပေးလိုက်ကြတာမျိုး ရှိပါ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝက်ခြံရှိသူတွေကိုတော့ မလိုအပ်ဘဲ ဒီဆေးတွေကို မညွှန်းသင့်ပါဘူး။ မိမိ ဘာသာလည်း အရမ်းကာရော မသောက်ကြပါနဲ့။ ဆေးကြောင့် ပေါက်တဲ့ဝက်ခြံတွေက အဲဒီတရားခံ ဆေးတွေ ရပ်လိုက်မှပဲ ကောင်းသွားမှာမို့ပါ။
#မှိုသတ်ဆေး၊ ပိုးသတ်ဆေးတွေ
ခုဆွေးနွေးခဲ့တဲ့ ဆေးတွေအပြင် အခြားဆေးတွေ လည်း အခန့်မသင့်တဲ့အခါ ဝက်ခြံအဖုတွေ ထွက် တတ်ပါသေးတယ်။ ပင်နယ်စလင် အပါအဝင် ပိုး သတ်ဆေးတွေလည်း ပါတာပေါ့။ ဝက်ခြံကုတဲ့
Co-trimoxatole, Doxycycline, tetracycline ဆေး တွေတောင် ရှားရှားပါးပါး ဝက်ခြံတွေ ထွက်တတ်ပါ တယ်။ ဒါကြောင့် တချို့ဝက်ခြံလူနာတွေဟာ ဒီဆေး တွေ သောက်လိုက်ခါမှ ပိုပြီးကန်ထွက်လာတာမျိုး ပါ။ ရှားရှားပါးပါး အဖြစ်မျိုးပါ။ အရေပြားမှို (ပွေး) ကုသရာမှာသုံးတဲ့ မှိုသတ်ဆေးတချို့လည်း ဝက်ခြံဖု လေးတွေ ရုတ်တရက်ပေါက်တာမျိုး တစ်ခါတလေ ကြုံရတတ်ပါတယ်။ ဒါကြောင့် ဆေးတစ်ခု သောက် ပြီးတဲ့အခါ အရေပြားမှာ ထူးခြားလက္ခဏာတွေ ရှိ၊ မရှိ သတိထားကြည့်ကြရတာပါ။
#သွေးသန့်ဆေး၊ အပူငြိမ်းဆေး
ကျွန်တော်တို့နိုင်ငံမှာ အသုံးများနေတဲ့ သွေးသန့် ဆေး၊ အပူငြိမ်းဆေး စတဲ့တိုင်းရင်းဆေးတချို့ဟာ လည်း ဝက်ခြံလိုအဖုလေးတွေ ထွက်တာမျိုး မကြာ ခဏ ကြုံရပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ပေါ့။ ရုတ်တရက် ကန်ပြီးထွက်လာတာပါ။ ကျော၊ ရင်ဘတ်တွေမှာ အတွေ့များပါတယ်။ အဲဒီဆေးတွေ မှာ ဘာဓာတ်တွေ၊ ဘာဟော်မုန်းတွေပါသလဲဆိုတာ တော့ မသိပါဘူး။ ဝက်ခြံမကြာခဏပေါက်တဲ့သူတွေ အနေနဲ့ သတိထားသင့်ပါတယ်။
#မေးရင်ဖြေပါ
ဆေးဝက်ခြံတွေ ဟုတ်၊ မဟုတ် မသင်္ကာတဲ့အခါ ဆေးရာဇဝင်ကို ဆရာဝန်တွေက ခရေစေ့တွင်းကျ သေချာမေးကြရပါတယ်။ ဘာရောဂါအခံရှိသလဲ၊ ဘာဆေးတွေသောက်သလဲ၊ လိမ်းသလဲ၊ ထိုးခဲ့သလဲ၊ ဆေးမှတ်တမ်းတွေရှိ၊ မရှိ၊ သောက်နေဆဲဆေးတွေက ဘာတွေလဲ စသဖြင့်ပေါ့။ တချို့ကျတော့ မမှတ်မိတာ၊ မသိတာတွေ ဖြစ်ပါလေရော။ တချို့ကျတော့လည်း မိမိသဘောနဲ့ မိမိဝယ်သောက်၊ ဝယ်လိမ်းနေတာဆို တော့ အမှန်မပြောပဲ ထိမ်ချန်ထားတာမျိုး ရှိပါတယ်။ ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ဖြေနိုင်ခဲ့ရင် ရောဂါကို ခြေရာကောက်နိုင်ဖို့ လွယ်တာပေါ့။ ဆေးဝက်ခြံရဲ့ တရားခံဆေးကို အဖြေထုတ်လို့ရနိုင်တာပေါ့။
#မစိုးရိမ်ပါနဲ့
အသက်အရွယ် မရွေး၊ ကျား၊ မ မရွေး ပေါက် တတ်တဲ့ ဆေးဝက်ခြံဟာ သက်ဆိုင်တဲ့ဆေးကို ရပ် လိုက်တဲ့အခါ သူ့အလိုလိုပြန်ကောင်းသွားတာပါ။ မကုတ်၊ မဖဲ့ခဲ့ရင် အမာရွတ်တောင် မကျန်ပါဘူး။ ဒါပေမဲ့ ရောဂါအရ ဆရာဝန်တွေက ညွှန်းတဲ့ဆေး တွေကိုတော့ ဝက်ခြံပေါက်လို့ဆိုပြီး မိမိသဘောနဲ့ ရပ် ပစ်လို့ မရပါဘူး။ အဲဒီဆေးလည်း ဆေးပတ်လည် အောင် ဆက်သောက်၊ ဆေးဝက်ခြံလည်း ကုပေါ့။ သတိထားသင့်တာက ဘယ်ဆေးမဆို ဘေးထွက် ဆိုးကျိုးတော့ ရှိတာချည်းပါ။ ပါးပါးနဲ့ များများပဲ ကွာတာပါ။
#ဒေါက်တာကျော်ကျော်