
07/10/2023
“ဆီးဆိပ်သွေးသန့်စင်ကုသခြင်း”
=======================
လူနာများက “ကျောက်ကပ်ဆေးတယ်” ဟု ခေါ်ဆိုကြသည့် “ဆီးဆိပ်သွေးသန့်စင်ကုသခြင်း” နှင့် ပတ်သတ်၍ ကျောက်ကပ်ရောဂါပညာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဦးခင်မောင်ဌေးမှ အသေးစိတ် ရှင်းလင်းပြောပြထားသည်ကို ကျန်းမာရေး ဗဟုသုတ ရရှိစေရန် တင်ဆက်ပေးလိုက်ပါသည်။
✅ ကျောက်ကပ်အလုပ်မလုပ်/အားနည်းရောဂါ
ကျောက်ကပ်(၂)လုံးသည် ခန္ဓာကိုယ်မှ အညစ်အကြေး အဆိပ်အတောက်(ဆီးဆိပ်)များကို စွန့်ထုတ်ပေးရပါသည်။ ကျောက်ကပ်တစ်လုံးကို ထုတ်လိုက်သော်လည်း ကျန်(၁)လုံးကောင်းမွန်နေပါက ဆီးဆိပ် (Urea,Creatinine) များသွေးတွင် များပြားလာခြင်းမရှိပါ။ ကျန်(၁)လုံးကို ၃ပုံ ၁ပုံမှ တစ်ဝက်ခန့် ထုတ် လိုက်ရပါကလည်း ဆီးဆိပ်များ ပုံမှန်အတိုင်း ရှိနိုင်ပါသေးသည်။ သွေးထဲတွင် ဆီးဆိပ်များလာခြင်းသည် အလုပ်လုပ်နိုင်သည့် ကျောက်ကပ်ပမာဏ ၃၀%အောက် နည်းသည်ဟု ခန့်မှန်းနိုင်ပါသည်။ ဆီးဆိပ်များ ရှိသင့်သည်ထက် ၃ - ၄ဆ များပြီဆိုလျှင် အလုပ်လုပ်နိုင်သည့် ကျောက်ကပ်ပမာဏမှာ ၁၀%အောက်ဟု ခန့်မှန်းနိုင်ပါသည်။
✅ ဆီးဆိပ်များကို မည်သို့ ကုသနိုင်ပါသနည်း?
(၁) ဝမ်းဗိုက်တွင်းသို့ ပိုက်ငယ်တစ်ခု ထုံဆေးပေး တပ်ဆင်ဆေးကြောခြင်း။
(၂) ကျောက်ကပ်တု သွေးသန့်စင်စက်ဖြင့် ဖယ်ရှားသန့်စင်ကုသခြင်း။
(၃) ကျောက်ကပ်အစားထိုး ကုသခြင်းတို့ ဖြစ်ပါသည်။
✅ ရေရှည် ကျောက်ကပ်အလုပ်မလုပ်သည့်လူနာများကို မည်သည့်အချိန်တွင် စတင် သွေးသန့်စင်ခြင်း ပြုလုပ်သင့်ပါသလဲ?
၎င်းလူနာများမှာ ဆီးဆိပ်များ တဖြည်းဖြည်းများပြားလာပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို တဖြည်းဖြည်းပျက်စီးချို့ယွင်းလာစေပြီးနောက် အတန်ကြာမှ အသက်ဆုံးရှုံးသည့် အခြေအနေသို့ ရောက်ရှိခြင်းဖြစ်ပါသည်။
အများအားဖြင့် လူနာမစားချင် မသောက်ချင် ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ မောပန်းလာခြင်း၊ နေ့အခါတွင်အငိုက်လွန်လာခြင်း၊ မှိန်းခြင်း၊ ကိုယ်လက်ယားယံလာခြင်း စသည်များ ခံစားလာရလျှင်သော်လည်းကောင်း၊ ကိုယ်တွင် ဆီးဆိပ်ပမာဏ ရှိသင့်သည်ထက် ၄ဆ ၅ဆ ပို၍ စုပုံလာခြင်း စသည့်အချိန်များတွင် စတင် သွေးသန့်စင်ပေးသင့်သည်။
အချို့လူနာများသည် ကျောက်ကပ်ကိုဘေးဖြစ်တတ်သော ဆေးဝါး၊ အစားအစာ၊ အခြားရောဂါ တစ်စုံတစ်ရာ (ဥပမာ-ဝမ်းလျောခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တက်လွန်းခြင်း) များကြောင့် နာတာရှည်ဖြည်းဖြည်းချင်း ကျောက်ကပ်အားနည်းနေရာမှ ရုတ်တရက် လျင်မြန်စွာ ကျောက်ကပ် အားနည်းသွားပြီး ဆီးဆိပ်များ လျင်မြန်စွာ တက်လာတတ်ပါသည်။ ၎င်းလူနာများသည် အထက်ဖော်ပြပါအကြောင်းအချက်များ ပြုပြင်ကုသလိုက်ပါက နဂိုတဖြည်းဖြည်း အားနည်းနေသည့် အခြေအနေသို့ ပြန်လည်ရောက်ရှိကာ ဆီးဆိပ်များ ပြန်လည်လျော့နည်းလာပြီး အချိန်အတိုင်းအတာ တစ်ခုအထိ ပြန်လည်ကောင်းမွန်အသက်ရှင်လာနိုင်ပါသည်။
သို့ရာတွင် ဆီးဆိပ်များ များလွန်း၍ အသက်အန္တရာယ် ပေးနိုင်သည့်အခြေအနေမျိုးတွင် အရဲစွန့် စောင့်စားခြင်းထက် ပိုမိုစိတ်ချရစေရန် ဆီးဆိပ် ဖယ်ရှားသန့်စင်ခြင်းကို ဆောင်ရွက်သင့်ပါသည်။ အတိုင်းအတာတစ်ခုသို့ ကျောက်ကပ် ပြန်လည်ကောင်းမွန်လာကာ ဆက်လက်မဆေးဘဲ ရပ်ထားနိုင်သည်များလည်း ရှိပါသည်။ နာတာရှည်ကျောက်ကပ်အလုပ်မလုပ်သည့် လူနာများမှာ ရေရှည်ဆီးဆိပ် ဖယ်ရှားပေးရန် လိုပါသည်။ နောင်ကျန်းမာလာပါက ကျောက်ကပ် အစားထိုး ကုသမှု ပြုလုပ်နိုင်ပါသည်။
✅ သွေးသန့်စင်ကုခြင်းမပြုဘဲ အရဲစွန့် စောင့်ကြည်မည်ဆိုပါက မည်ကဲ့သို့ ရှိပါမည်လဲ?
အရဲစွန့် စောင့်ကြည့်မည်ဆိုပါက လူနာကံကောင်းလျှင် အထက်ဖော်ပြခဲ့သည့် အကြောင်းတစ်ခုခုကြောင့် ကျောက်ကပ်ခေတ္တအလုပ်မလုပ်သည့် အခြေအနေဖြစ်ခဲ့လျှင် သဘာဝအလျောက် အတိုင်းအတာ တစ်ခုအထိ ပြန်လည် ကောင်းမွန်လာနိုင်သကဲ့သို့ လူနာကံမကောင်းလျှင် တချို့လူနာများမှာ အပြင်ပန်းအားဖြင့် ဆိုးရွားသည်ဟုမထင်ရသော်လည်း အဆိပ်အတောက် အညစ်အကြေးများကြောင့် နာရီပိုင်း၊ ရက်ပိုင်းအတွင်း အသက်ဆုံးရှုံးရခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။
ခေတ္တ စဉ်စားနေချိန်အတွင်း လူနာသက်သာလာခြင်း၊ ရုတ်တရက်သေဆုံးသွားခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော အဖြစ်အပျက်များဖြစ်၍ အံ့သြဖွယ်ရာ မဟုတ်ပါ။ ဥပမာပြရသော် တိုက်အမြင့်ပေါ်မှ ခုန်ချသောသူသည် ထိခိုက်ဒဏ်ရာရရှိမှု များသော်လည်း အင်မတန် ကံကောင်း၍ ဘာမှမဖြစ်နိုင်သကဲ့သို့ ဖြစ်ပါ သည်။ တာဝန်ရှိသူအနေဖြင့် မခုန်ချရန် အကြံဉာဏ်ပေးရမည်သာဖြစ်ပါသည်။
အချို့လူနာများမှာ အသက်အန္တရာယ်ပေးနိုင်လောက်သည့် အနေအထားသို့ ရောက်မလာသေးသော်လည်း ဆီးဆိပ်များကြောင့် ဦးနှောက်၊ နှလုံး၊ သွေး၊ အစာအိမ်လမ်းကြောင်း၊ အရိုး စသည့် ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများ တဖြည်းဖြည်းချင်း ပျက်စီးလာမည်ဖြစ်ရာ လုံးဝမဟန်တော့သည့် အခြေအနေတွင်မှ သန့်စင်ပေးခြင်းသည် လူနာ၏ကျန်းမာရေးကို အားရကျေနပ်ဖွယ်ရာ ကောင်းလောက်အောင် ပြန်လည် စွမ်းဆောင်နိုင်တော့မည် မဟုတ်ပါ။ (ဥပမာပြရသော် ကားအင်ဂျင်ဝိုင်ကို စောစော သန့်စင်ပေးခြင်းသည် အင်ဂျင်သက်တမ်းရှည်သော်လည်း လုံးဝခမ်းခြောက်ပြီး ထိခိုက်ပျက်စီးခြင်းမှ အင်ဂျင်ဝိုင်အထပ်ထပ် လဲသော်လည်း ပျက်စီးသွားပြီးသည့် အင်ဂျင်အစိတ်အပိုင်းများမှာ အကောင်းကဲ့သို့ ပြန်လည် ဖြစ်မလာနိုင်သကဲ့သို့ ဖြစ်ပါသည်။)
✅ မည်မျှကြာအောင် ဆေးကြောရမည်နည်း?
ခေတ္တ ကျောက်ကပ် အလုပ်မလုပ်သည့် လူနာများကို ကျောက်ကပ် ပြန်လည် ကောင်းမွန်လာသည်အထိ (အများအားဖြင့် တစ်ပတ်မှ တစ်လခန့်) သန့်စင်ဆေးကြောကုသခြင်း ပြုလုပ်ရပါမည်။ နာတာရှည် ကျောက်ကပ် အလုပ်မလုပ်သည့် လူနာများကိုမူ ရေရှည်သန့်စင်ဆေးကြောခြင်း ပြုလုပ်ရပါမည်။
✅ ဘယ်နှစ်ကြိမ် ဆေးကြောရပါမည်လဲ?
အကောင်းဆုံးစံချိန်မီ သန့်စင်ကုသပေးမည်ဆိုပါက တစ်ပတ်လျှင်(၃)ကြိမ် သန့်စင်ပေးရပါမည်။ မလုပ်နိုင်ပါက တစ်ပါတ်လျှင်(၂)ကြိမ် အနည်းဆုံး ဆောင်ရွက်သင့်ပါသည်။
✅ ကုန်ကျစရိတ်မည်မျှရှိပါသလဲ?
အသုံးပြုရသည့် ပစ္စည်းများမှာ တန်ဖိုးကြီးမားလှသဖြင့် တစ်ကြိမ် သန့်စင်ပေးလျှင် ကျပ်လေးသောင်းခန့်ကုန်ကျပါမည်။ ၎င်းစရိတ်မှာ ပစ္စည်းကိရိယာများအတွက် အဓိကကုန်ကျခြင်း ဖြစ်ပါသည်။ အခြားတိုင်းပြည်များတွင် အလားတူပစ္စည်းများ အသုံးပြုရာတွင် ကျပ်တစ်သိန်းကျော် ကုန်ကျတတ်ပါသည်။ ပစ္စည်းများကို ၎င်းတိုင်းပြည်များမှ တဆင့် ဝယ်ယူသုံးစွဲရသဖြင့် ပစ္စည်းဖိုး ပိုမို များပြားကုန်ကျသော်လည်း ၎င်းတိုင်းပြည်များနှင့် နှိုင်းယှဉ်လျှင် ဆရာဝန် / ဆရာမ / ဝန်ထမ်းများအတွက် ကုန်ကျစရိတ် နှုန်းထားသက်သာသည့်အတွက် တစ်ကြိမ်ဆေးလျှင် ကျပ်လေးသောင်းခန့်သာ ကုန်ကျခြင်းဖြစ်ပါသည်။
✅ ကျောက်ကပ်အလုပ်မလုပ်သည့်လူနာ ပြန်လည်ကောင်းမွန် လာပါမည်လား?
ကျောက်ကပ်ခေတ္တ အလုပ်မလုပ်သည့်ရောဂါ (Acute Renal Failure) မှာအကြောင်းအမျိုးမျိုးကြောင့် ယာယီခေတ္တ ရပ်ဆိုင်းသွားခြင်းဖြစ်ပါသည်။ မကြာမီပြန်လည် ကောင်းမွန်လာတတ်ပါသည်။ တစ်ခါတစ်ရံ ဆီးဆိပ်များ စုပုံ များပြားလာပြီး အချိန်မီ ဆီးဆိပ်များ ဖယ်ရှားခြင်းမရှိပါက တိုတောင်းသော ကာလအတွင်း အသက်ဆုံးရှုံးနိုင်ပါသည်။ ရေရှည်ကျောက်ကပ်အလုပ်မလုပ်သည့် (Chronic Renal Failure) လူနာများမှာ ဆီးဆိပ်အညစ်အကြေးများ တဖြည်းဖြည်းများလာပြီး ဦးနှောက်/နှလုံး/သွေး /အစာလမ်းကြောင်း/ အရိုးစသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ တဖြည်းဖြည်းယိုယွင်းလာပြီး အသက်ဆုံးရှုံးနိုင်ပါသည်။ တစ်ခါတစ်ရံ လူနာအခြေအနေတိုးတက် ကောင်းမွန်လာသလို ရှိပြီးနောက် တဖြည်းဖြည်း အထက်ပါအတိုင်းပျက်စီး ယိုယွင်းလာတတ်ပါသည်။
✅ ကျောက်ကပ် ပြန်လည်ကောင်းမွန်လာအောင် ကုသ၍ရနိုင်မည်လား?
ကျောက်ကပ် တဖြည်းဖြည်း ပျက်စီးမှုသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါက ပြန်လည်ကောင်းမွန်လာအောင် လုပ်နိုင်မည်မဟုတ်ပါ။
ကျောက်ကပ်စတင် ထိခိုက်သည့် အနေအထားတွင် ထိရောက်သောကုသမှု ရယူနိုင်ပါက အချို့လူနာများ ပြန်လည် ကောင်းမွန်လာနိုင်ပါသည်။
ပြန်လည်ကောင်းမလာနိုင်သည့်တိုင်အောင် ထိရောက်သော ဆေးဝါးကုသမှုများဖြင့် ပျက်စီးနှုန်းနှေးကွေးအောင် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ရပါမည်။ ဆီးချို၊ သွေးတိုး၊ ဖောရောင်ခြင်း၊ မောပန်းခြင်း၊ ဆီးသွားရာတွင် လိုသည်ထက်ပို၍ အမြုပ်ထခြင်း၊ ဆီးစစ်ကြည့်ရာတွင် ဆီးထဲ၌အသားဓာတ်ပါနေခြင်း၊ ကျောက်ကပ်အလုပ်လုပ်သည့်ပမာဏကို (သာမာန်သွေးစစ်ခြင်းမျိုးမဟုတ်ဘဲ ပိုမိုတိကျသည့်နည်းများဖြင့်) တိုင်းတာခြင်းစသည်တို့ဖြင့် ကျောက်ကပ်စတင်ပျက်စီးခြင်းကို စောစီးစွာသိရှိပြီး ထိရောက်သောကုသမှုများ ပေးနိုင်ရန်အရေးကြီးပါသည်။ တစ်ချို့သောဆေးဝါး(အနောက်တိုင်းဆေး၊ တိုင်းရင်းဆေး)နှင့် သစ်သီး၊ အရွက်မှထုတ်လုပ်ထားသောဆေး၊ အာဟာရစသည်တို့သည် တစ်ခါတစ်ရံ ကျောက်ကပ်ကို ပိုမိုပျက်စီးစေနိုင်သဖြင့် အထူးသတိပြုစေလိုပါသည်။
✅ လူနာခံနိုင်ရည်ရှိပါမည်လား?
မလုပ်ဘဲထားလျှင် ဆီးဆိပ်များပြီး အသက်အန္တရာယ်များပါသည်။ ဆီးဆိပ်သန့်စင်ပေးတဲ့ အန္တရာယ်က နည်းပါတယ်။
✅ ဆေးပြီးလည်း နောက် သိပ်မကောင်းတာမျိုး ကြားဖူးပါတယ်?
ကောင်းတယ် မကောင်းဘူးဆိုတဲ့ ရလဒ်က လူနာရဲ့ကျန်းမာရေးပေါ်မှာ မူတည်ပါတယ်။ ကျောက်ကပ် (၂) လုံးစလုံး ထုတ်ပစ်ထားလည်း အချိန်မီလုံလုံလောက်လောက် ဆီးဆိပ်သန့်စင်ပေးလျှင် (၁၅)နှစ် အနှစ်(၂၀)အသက်ရှင်သူ ကို တွေ့နိုင်ပါသည်။
အများအားဖြင့် လုပ်ထားခြင်းသည် ကောင်းသည်ဆိုပေမယ့် လူနာကသိပ်မဆိုးသေးဘဲ တင်းခံနေတတ်ပါသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထိခိုက်ပျက်စီးပြီး သေလောက်အောင်ဖြစ်လာတော့မှ လုပ်ပေးပါဆိုပြီး ရောက်လာတတ်တဲ့သူတွေ ဆီးဆိပ်တွေသန့်လာပေမယ့် ပျက်စီးပြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း တွေ ပြန်မကောင်းနိုင်တော့တဲ့အတွက် ဆေးပေမယ့် ကောင်းသင့်သလောက် ပြန်မကောင်းတော့ပါ။
နောက်ပြီး တစ်ပတ် (၃) ကြိမ်ထက် ပိုဆေးလျှင် ပိုကောင်းတယ် ပြောနေကြတဲ့အချိန်မှာ တစ်ပတ်ကို (၂) ကြိမ် ချွေတာဆေးပေးနေတာရယ်၊ ဒီထက်ပိုနည်းပြီး ဆေးချင်လာတာရယ်တွေကြောင့် ကောင်းသင့်သလောက် မကောင်းတာပါပဲ။ ကျောက်ကပ်တု သွေးသန့်စင်စက်နဲ့ အချိန်မီစောစောစီးစီး သင့်တော်တဲ့အချိန်မှာ စတင်ကုသမှုခံယူပြီး စံချိန်မီကုသမှုကို ခံယူနေတဲ့လူနာတွေ လူနာလို့တောင်မထင်ရဘဲ အားကစားပြိုင်ပွဲတွေဝင်နေသူ၊ အလုပ်လုပ်ကိုင်နေသူတွေ အများကြီးရှိပါတယ်။
👉👉👉 နောက်ဆုံးမှာချင်တာက -
- မလုပ်မီ နိုင်၏ မနိုင်၏ကို သေချာစွာ စဉ်းစားစေချင်ပါသည်။ မနိုင်ဝန်ကို သံယောဇဉ်ကြောင့် ဇွတ်မထမ်းစေချင်ပါ။
- လုပ်မည်ဆိုပါက ခန္ဓာကိုယ် အစိတ်အပိုင်းများ ပြင်မရအောင် မပျက်စီးမီ ကောင်းနေစဉ် အချိန်တွင် ကြိုတင် လုပ်သင့်ပါသည်။
- စံချိန်မီအောင် လုပ်ပါ။ အခြေအနေအရပ်ရပ်ကြောင့် အချိန်မီနှင့် စံချိန်မီမလုပ် နိုင်သည်ကို ကုသမှုပေးနေသော ဆရာ / ဆရာမများမှ ဂရုဏာထား နားလည် ပေးသလို လူနာရှင်များမှလည်း အမှန်ကို နားလည်လက်ခံရမှာ ဖြစ်ပါတယ်။
Ref : ပါမောက္ခ ဦးခင်မောင်ဌေး(ကျောက်ကပ်ရောဂါပညာ အထူးကု ဆရာဝန်ကြီး) ရေးသားပါသည်။
"ကျောက်ကပ်ရောဂါအကြောင်းသိကောင်းစရာများ"
❤️ကျောက်ကပ်ဝေဒနာရှင်များ သက်ရှည်ကျန်းမာကြပါစေ❤️
နာတာရှည်ကျောက်ကပ်ရောဂါအကြောင်း အပိုင်း(၁)ဖတ်ရှုလိုပါက - https://goodnewsmm.xyz/?p=12 ကိုနှိပ်ပါ။
🔹ဆီးချိုရောဂါနှင့်ကျောက်ကပ်ရောဂါ ဆောင်းပါးများ၊ဗီဒီယိုများအတွက် သီးသန့်ဝက်ဆိုဒ် - www.goodnewsmm.xyz တွင် (အခမဲ့) ဖတ်ရှုနိုင်ပါသည်။
#ကျောက်ကပ်ရောဂါအကြောင်းသိကောင်းစရာများ