01/08/2023
ကျောင်းတွေမှာမသင်ရတဲ့ ငွေကြေးပညာ (ဖတ်ချိန် ၂၀ မိနစ်ခန့်)
Financial Literacy ကြောင်းကိုစမပြောခင် အမေရိကန်က နာမည်ကျော် ဇီဝေဗေဒပညာရှင် ၊ စာရေးဆရာ Bruce Lipton နဲ့အမေးအဖြေလုပ်ထားတဲ့ (ကြည့်ဖူးသော) Interview တစ်ခုထဲကအကြောင်းလေးကို အရင်ပြောပြချင်တယ်။ အဲဒီ interview ထဲမှာ Bruce Lipton က ဆင်းရဲတာပဲဖြစ်ဖြစ် ချမ်းသာတာပဲဖြစ်ဖြစ် မျိုးရိုးလိုက်တတ်တယ်တဲ့။ ပြောချင်တဲ့သဘောက (များသောအားဖြင့်) ဆင်းရဲတဲ့မိဘတွေ ကမွေးလာတဲ့ ကလေးတွေက ဆက်ဆင်းရဲပြီး၊ ချမ်းသာတဲ့မိဘတွေကမွေးလာတဲ့ ကလေးတွေက ဆက်ချမ်းသာကြတယ်ပေါ့။ လူတွေတော်တော်များများက ဒါကို Obvious ပါကွာ၊ သိသာနေတဲ့အရာတစ်ခုပဲ၊ ဘာထူးဆန်းလို့လဲလို့ ပြောကောင်းပြောကြပါလိမ့်မယ်။ ဒါပေမယ့်Bruce Lipton ပြောတဲ့ မျိုးရိုးလိုက်တယ်ဆိုတဲ့နေရာမှာ မိဘကအမွေထားခဲ့လို့ သား၊သမီးကဆက်ချမ်းသာတာ၊မိဘကမချမ်းသာလို့ ဘာမှမထားခဲ့နိုင်လို့ သား၊သမီးကဆက်ဆင်းရဲတာ မျိုးကိုပြောတာမဟုတ်ပါဘူး။ သူပြောတဲ့မျိုးရိုးလိုက်တယ်ဆိုတာက တွေးပုံခေါ်ပုံ၊ စီးပွါးရှာတတ်တာ၊ ချမ်းသာစေတဲ့ mindset၊ ဆင်းရဲစေတဲ့ mindset အဲဒါတွေပါ မျိုးရိုးလိုက်တာမျိုးကို ပြောချင်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆင်းရဲဲခြင်း၊ ချမ်းသာခြင်းဆိုတာက မျိုးရိုးလိုက်တတ်တယ်ဆိုရင် အဲဒါဘာဖြစ်လို့လဲ ? ကျွန် တော်တို့ ဆန်းစစ်ဖို့မလိုဘူးလား ?
Bruce Lipton ရဲ့အဆိုအရချမ်းသာတဲ့မိဘတွေကမွေးလာတဲ့ ကလေးတွေဟာ သူတို့ရဲ့မိဘတွေ ချမ်းသာအောင် ဘယ်လိုကြိုးစားခဲ့ကြသလဲဆိုတာကို ငယ်ငယ်လေးကတည်းက လေ့လာခွင့်ရတဲ့အပြင် သူတို့ရဲ့မိဘတွေတွေ ငွေကြေးနဲ့ပိုင်ဆိုင်မှုတွေကိုဘယ်လို စီမံခန့်ခွဲသလဲ၊ ဘယ်လို တိုးပွါးအောင်လုပ်သလဲ၊ လုပ်ငန်းတွေကိုဘယ်လိုဦးစီးလုပ်ကိုင်သလဲ စတာတွေကို ငယ်ငယ်လေးကတည်းက အနီးကပ် မြင်နေခဲ့ရတယ်၊ ကြားနေခဲ့ရတယ်၊ မသိလိုက် မသိဖာသာ သင်ယူခွင့်ရခဲ့တယ်။ အဲဒါကြောင့် ကြီးလာတဲ့အခါ သူတို့လုပ်ငန်းတစ်ခုကို ဦးစီးရမယ်၊ စီးပွားရေးတစ်ခုကို ထူထောင်ရမယ်ဆိုတဲ့အချိန်ကျတော့ သူတို့မှာ အတွေ့အကြုံတော်တော်ရှိနေပြီ။ လုပ်ရဲကိုင်ရဲဖြစ်နေပြီ။ လုပ်ရင်ဖြစ်တယ်လို့ ကိုယ့်ဟာကိုယ်ယုံကြည်မှုရှိတဲ့ mindset မျိုးရှိနေပြီ။
တစ်ချိန်တည်းမှာပဲ အခြေခံ လက်လုပ်လက်စား မိဘကမွေးလာတဲ့ကလေးတွေကျပြန်တော့ သူတို့ ငယ်ငယ်ကတည်းက သင်ယူခဲ့ရတာသည် ကျောင်းတက်မယ် ၊ ဘွဲ့ရအောင်လုပ်မယ် ၊ လုပ်ငန်းခွင်ထဲဝင်မယ် ၊ ပိုက်ဆံရှာမယ်။ ဒါပဲ။ သူတို့မိဘတွေလည်း အဲဒီအတိုင်းပဲလုပ်ခဲ့တယ်။ အဲဒီအတွက်ကြောင့် သူတို့အလှည့်ကျတော့လည်း အဲဒီအတိုင်းပဲဆက်လုပ်သွားတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်ဉီးတော့ စိတ်ကမလုပ်ရဲဖြစ်နေတယ်။ ကိုယ့်မိဘတွေတောင် မစွန့်စားရဲခဲ့တာကို ကိုယ့်အလှည့်ကျမှ စွန့်စားဖို့ဆိုတာကတော်တော်ခက်တယ်။ အဲဒီတော့ ကျောင်းတက်မယ် ၊ ဘွဲ့ရအောင်ယူမယ် ၊ အလုပ်ရှာမယ် ၊ လုပ်ငန်းခွင်ထဲဝင်မယ် ၊လစာရမယ်၊ ပိုက်ဆံစုမယ်။ ဆိုတော့ မိဘကလည်း ဒီ trend ပဲ၊ သားသမီးကလည်း ဒီ trend ပဲ။ အဲဒီတော့ သူတို့သည် လခစား မျိုးဆက်တစ်ခုအဖြစ်ဆက်လက်ရှင်သန်နေသလိုဖြစ်နေတယ်။ အဲဒီလိုပြောတော့ မင်းကလခစား အလုပ်တွေကို မကောင်းဖူးပြောတာလား ဆိုပြီး ပြောကြပါဉီးမယ်။ အဲဒီလိုပြောတာ မဟုတ်ပါဘူး။လခစားအလုပ်တွေမှာလည်း ကောင်းတဲ့အချက်တွေရှိသလို ဆိုးတဲ့အချက်တွေလည်းရှိတယ်။ လခစားအလုပ်ပဲဖြစ်ဖြစ် ကိုယ်ပိုင်လုပ်ငန်းပဲဖြစ်ဖြစ် သူ့အားသာချက်နဲ့သူ ၊ သူ့အားနည်းချက်နဲ့သူပဲ။ ဆိုလိုချင်တဲ့ Point က မိဘကဝန်ထမ်းဖြစ်ရင် သားသမီးကလည်း ၀န်ထမ်းဖြစ်ဖို့ Chance ကများတယ်ဆိုတာပဲ။ ဆိုတော့ ကျွန်တော်တို့ မေးရမယ့်မေးခွန်းက "အကယ်လို့ ကျွန်တော်တို့ဟာ အခြေခံလူတန်းစား ၊ လက်လုပ်လက်စား မိဘနှစ်ပါးကမွေးလာတဲ့သားသမီးတွေဆိုရင် ကျွန်တော်တို့ဟာ ဒီ လခစားဘဝကို အမွေအဖြစ်ဆက်ခံရတော့မှာလား ? အဲဒီအထဲကနေကျွန်တော်တို့ရုန်းထွက်ပြီး ချမ်းသာတဲ့မိဘကမွေးလာတဲ့သူတွေ ရောက်နေတဲ့ financial အခြေအနေမျိုး ကျွန်တော်တို့ မရနိုင်ဘူးလား"။
အဖြေက ကျွန်တော်တို့ ရနိုင်ပါတယ်။ တစ်အချက်က ကျွန်တော်တို့ Financial Literacy (ငွေကြေးဆိုင်ရာပညာတတ်မြောက်မှု ဒါမှမဟုတ် နောက်တစ်နည်း ဘာသာပြန်ရမယ်ဆိုရင် ငွေကြေးဆိုင်ရာအရင်းအမြစ်တွေကိုသေချာစီမံခန့်ခွဲပြီး ရင်းနှီးမြုပ်နှံတတ်တဲ့ အတတ်ပညာ) ကိုကျွန်တော်တို့ တတ်ရပါမယ်။ ဒီ Financial Literacy ကိုကျွန်တော်တို့ ကျောင်းတွေမှာ မသင်ရပါဘူး။ ကျွန်တော်တို့ရနေတဲ့ Education System တစ်ခုလုံးက ကျွန်တော်တို့ကို အလုပ်သမားကောင်းတွေ၊ ဝန်ထမ်းကောင်းတွေဖြစ်အောင်ပဲ သင်ပေးနေတာပါ။ ကျွန်တော်တို့သင်ခဲ့ရတဲ့သင်ရိုးညွှန်းတမ်းတွေမှာ လုပ်ငန်းရှင်တွေဖြစ်လာဖို့၊ ငွေကြေးစီမံခန့်ခွဲတတ်ဖို့ ဘာမှမပါပါဘူး။ အလုပ်သမားကောင်းတစ်ယောက် ၊ ၀န်ထမ်းကောင်းတစ်ယောက် ဖြစ်ဖို့လိုအပ်တဲ့ အရည်းအချင်းတွေပဲသင်ပေးခဲ့တာပါ။ (အခုတော့ အချို့နိုင်ငံတွေမှာ အခြေခံပညာရေးစနစ်မှာကတည်းကစပြီး ကလေးတွေအတွက် financial education ကိုစတင်သင်ပေးကာ နိုင်ငံရဲ့ စီးပွါးရေးကိုဆွဲတင်ဖို့ ပြင်ဆင်နေကြပါပြီ။) တစ်ချိန်တည်းမှာပဲ ချမ်းသာတဲ့ မိဘရဲ့သားသမီးတွေကျတော့ Financial Literacy ကို မသိလိုက်မသိဖာသာပဲ သူတို့မိဘတွေဆီကနေ နီးနီးကပ်ကပ်သင်ယူခွင့်ရခဲ့ကြတယ်။ သိလာတာတစ်ခုက မိဘကမချမ်းသာလည်း Financial Literacy ကို ကျွန်တော်တို့ဟာကျွန်တော်တို့ လေ့လာလို့ရတယ်။ မိဘမချမ်းသာလည်း Financial Literacy ကို ကိုယ့်ဟာကိုယ်လေ့လာပြီးချမ်းသာသွားတဲ့ ဘီလျံနာတွေ ကမ္ဘာပေါ်မှာ အများကြီးပဲ။ ဒါပေမယ့် Financial Literacy ကိုဘာလို့လေ့လာမှာလဲ ? ချမ်းသာရုံသက်သက်ပဲလား ? ရည်ရွယ်ချက်ကို သိရမယ်။ ငွေကြေးကဘဝမှာအရေးကြီးလို့လား ? ပိုက်ဆံဆိုတာဘဝမှာ အရေးမကြီးပါဘူးဆိုပြီး ပြောကြတယ်။ ပိုက်ဆံသည် ဘဝမှာ အရေးကြီးဆုံးမဟုတ်ဘူးဆိုတာ မှန်ပါတယ်။ ဘဝမှာ ပိုက်ဆံထက်အရေးကြီးတာက Financial Freedom ရဖို့ပါ။ မချမ်းသာရင်နေပါစေ၊ Financial Freedom ရပြီး ကိုယ့်ဘဝကို ကိုယ်ဖြတ်သန်းချင်တဲ့ ပုံစံမျိုးနဲ့ ဖြတ်သန်းနိုင်ဖို့ပဲလိုပါတယ်။ Financial Freedom ဆိုတာ ငွေကြေးအရအမှီအခိုကင်းမှုပါ။
Financial Freedom
Financial Freedom ဆိုတာ ခုန ကျွန်တော်ပြောခဲ့သလိုပဲ၊ ငွေကြေးအရအမှီအခိုကင်းမှု။ ငွေကြေးအရအမှီအခိုကင်းမှုဆိုတာဘာလဲ ? ဥပမာ ကျွန်တော်က လခစားဝန်ထမ်းဆိုပါစို့။ ကျွန်တော် တိုက်ခန်းတစ်ခန်းပိုင်ဆိုင်ဖို့အတွက် ကျွန်တော် ဘယ်လောက်စုရမလဲ? ထားပါတော့။ ကျွန်တော်က တစ်လကို လစာ ၁၀ သိန်းရတယ် ၊ တစ်လကို ငါးသိန်းနဲ့ လောက်အောင်သုံးတယ်၊ ကျန် ၅ သိန်းကို စုနိုင်တယ်ပဲထားပါတော့။ ကျနော် သိန်း ၁၀၀ တန်တိုက်ခန်းတစ်ခန်း၀ယ်ဖို့ ၁၀ လ စုရင် သိန်း ၅၀ ရမယ်။ လ၂၀ ဆိုရင် သိန်း ၁၀၀ တန် တိုက်ခန်းတစ်ခန်းဝယ်လို့ရမယ်။ (ဉပမာပြောတာနော်။ သိန််းတစ်ရာတန်တိုက်ခန်းဆိုတော့ ရီစရာဖြစ်နေမှာစိုးလို့။ မရှိဘူးတော့မဟုတ်ဘူး။ ရှိလိမ့်မယ်။ ဒါပေမယ့် နေရာ နဲ့ အခန်းကကောင်းချင်မှကောင်းလိမ့်မယ်။) ကဲ ထားတော့။ ဆက်ရရင် ကျွန်တော် လ၂၀ စုလိုက်တယ်။ သိန်း ၁၀၀ တန် တိုက်ခန်း တစ်ခန်းဝယ်လိုက်နိုင်တယ်။ ကျွန်တော် တိုက်ခန်းတစ်ခန်း ပိုင်သွားတယ်။ လ ၂၀ ကြာတိုင်း တိုက်ခန်းတွေ ဝယ်ဝယ်သွားတယ် ထားပါတော့။ (တကယ်က ဒုတိယမြောက် တိုက်ခန်းကစပြီး လ ၂၀ မကြာတော့ဘူး။ ဘာလို့လဲဆိုတော့ ပထမ တိုက်ခန်းဝယ်ပြီး အဲဒီအိမ်မှာ စနေကတည်းက အိမ်ငှါးရမ်းခမကုန်တော့လို့ (သို့) ပထမတစ်အိမ်ဝယ်ပြီး စငှါးလို့ ငှါးရမ်းခရကတည်းက ကျွန်တော့်တစ်လစုငွေက ၅ သိန်းမကတော့ဘဲ ပိုများသွားလို့ လ ၂၀ စောင့်စရာမလိုတော့ဘူး။ တတိယအိမ်ကျ ပိုတောင်မြန်သွားသေးတယ်။) (ဒီနေရာမှာ ငွေဆိုတာ စုရင်ကြာလာတဲ့အခါ ငွေကြေးဖောင်းပွမှုကြောင့် တန်ဖိုးလျော့လာတတ်တာမို့ သိန်းတစ်ရာမပြည့်မီငွေကိုငွေအတိုင်းမထားဘဲ ငွေကြေးဖောင်းပွမှုကိုကာထားဖို့ ရွှေအဖြစ်ပြောင်းထားမလား ? ဒါမှမဟုတ် သိန်း ၁၀၀တန်အခန်းကိုဝယ်ဖို့ သိန်း ၅၀ ပဲစုမယ် ၊ ကျန်တဲ့ ၅၀ ကို ဘဏ်ချီးငွေနဲ့ဝယ်ပြီး ဘဏ်ကိုပေးရမယ့် အတိုးကို အိမ်ငှါးရမ်းခနဲ့ချေသွားမယ်။ အရင်းကိုက လစဉ်စုမိတဲ့ ၅ သိန်းနဲ့ဆပ်သွားမယ်ဆိုရင် ကြာမြင့်ချိန်က လ၂၀ လောက်ပဲစောင့်ရပေမယ့် အိမ်ပိုင်စောစောဖြစ်မယ်။ နောက်တစ်ခုက သိန်း ၁၀၀ မပြည့်ခင် စုမိသလောက်ပိုက်ဆံနဲ့လုပ်လို့ရတဲ့ငွေပွါးစေမယ့် အလုပ်လေးတွေလည်းတွဲပြီး လုပ်လို့ရပါသေးတယ်။ ဉပမာ- ငွေတိုးချီးတာတို့၊ ဖုန်းငွေဖြည့်ကဒ်ရောင်းတာတို့၊ online ကနေပစ္စည်းတွေမှာပေးတာ/ရောင်းတာ စတာတွေပါ။ အဲလိုလုပ်ခြင်းအားဖြင့်လည်း သိန်း၁၀၀ target ကိုမြန်မြန်ရောက်စေမှာဖြစ်ပါတယ်။ ဒါတွေကလည်း စဉ်းစားပြီး ကိုယ်ဉာဏ်ရှိရင်ရှိသလို လုပ်သွားလို့ရတဲ့အပိုင်းတွေပါ။ ) ကဲ ထား ခုနစကားပြန်ဆက်ရရင် အဲဒီလိုနဲ့ လ ၆၀ (၅နှစ်) မကြာမီမှာပဲ ကျွန်တော့်မှာတိုက်ခန်း ၃ ခန်းပိုင်သွားပြီထားပါတော့။ အဲဒီ ၃ ခန်းထဲက ၁ ခန်းက ကျွန်တော်နေတယ်။ ကျန်၂ ခန်းကို ပြန်ငှါးထားတယ်။ အဲဒီ ငှါးထားတဲ့ တိုက်ခန်းက ၀င်တဲ့ ၀င်ငွေက ကျွန်တော့်ရဲ့ passive income (အလုပ်မလုပ်ရဘဲ ဝင်နေတဲ့ဝင်ငွေ) ဖြစ်သွားတယ်။ ဆိုတော့ အဲဒီ Passive Income တွေက ကျွန်တော် အလုပ်လုပ်စရာ မလိုဘဲ ဝင်နေတာ။လက်ရှိအလုပ်ကိုလည်း လုပ်နေတယ်။ တစ်ချိန်တည်းမှာ တိုက်ခန်း ၂ ခန်း ရဲ့ ငှါးရမ်းခကလည်း အသားတင်ဝင်နေတယ်။ အဲလို ပိုင်ဆိုင်မှုတွေ တစ်ဆင့်ပြီး တစ်ဆင့် ထပ်ထပ်စုသွားရင်းနဲ့ တစ်ချိန်မှာ အဲဒီပိုင်ဆိုင်မှုတွေက ပြန်ရှာပေးတဲ့ ဝင်ငွေ passive income က တစ်လကို ၁၀ သိန်းဖြစ်သွားတယ်ထားပါတော့။ ကျွန်တော်လုပ်နေတဲ့ လခစား၁၀ သိန်းတန် အလုပ်ကိုဆက်လုပ်စရာ မလိုတော့ဘူး။ passive income ကနေလစဉ်ဝင်နေတဲ့ ၁၀ သိန်းနဲ့ နေလို့ရသွားတယ်။ ငွေကြေးအရ အမှီအခိုကင်းသွားတယ်။ ဘာအလုပ်မှလုပ်စရာ မလိုတော့ဘူး။ အဲဒီအခြေအနေကိုfinancial freedom ဖြစ်တယ်လို့ခေါ်တယ်။
လူတစ်ယောက်ဟာ ဘဝမှာ Financial Freedom ရသင့်တယ်။လက်လှုပ်မှ ပါးစပ်လှုပ်ရတယ်ဆိုရင် အသက် ၆၀ အထိလည်း အလုပ်လုပ်နေရမယ်။ အသက် ၇၀၊ ၈၀ အထိလည်း လုပ်နေရမှာပဲ။ သေတဲ့အထိ အလုပ်လုပ်နေရမှာပဲ။ ဘဝမှာငွေကြေးအမှီအခိုကင်းကင်းနဲ့ နေလိုက်ရမှာမဟုတ်ဘူး။ ဆိုတော့ ကျွန်တော်တို့က အလုပ်လုပ်တယ်ဆိုရင် ဘာအတွက်လုပ်သလဲဆိုတာ စဉ်းစားရမယ် ။ လူတစ်ယောက်က အလုပ်လုပ်တယ်ဆိုရင် တစ်ချိန်ချိန်မှာ Financial Freedom ဖြစ်ဖို့အတွက် ရည်ရွယ်ချက်ထားသင့်တယ်။ ဒါမှလည်း အလုပ်လုပ်ရကျိုးနပ်မှာ။ မဟုတ်ရင်တော့ ခုနကပြောသလိုပဲ သေခါနီးအထိ အလုပ်လုပ်နေရသလိုဖြစ်နေမယ်။ အဲဒီတော့ Financial Freedom သည် ဘဝမှာ အရေးကြီးတယ်။ ဒါမှလည်း ကျွန်တော်တို့ Quality of Life ရမှာ။ ဘဝမှာ ကောင်းကောင်းမွန်မွန် နေခွင့် ၊ ဖြတ်သန်းခွင့် ရမှာ။ ဆိုတော့ Financially (ငွေကြေးအရ) Freedom (လွတ်မြောက်မှုရှိအောင် ၊ ကင်းလွတ်မှုရှိအောင်) ကျွန်တော်တို့ ငယ်ငယ်က မသင်လိုက်ရတဲ့ Financial Literacy ကို သိဖို့လိုအပ်ပါတယ်။ Financial Literacy ကိုသိဖို့ ကျွန်တော်တို့ ဘယ်လိုလေ့လာမလဲ ? တိကျတဲ့ နည်းလမ်းတော့မရှိဘူး။ ကျနော်တို့လုပ်နိုင်တာက Financial Literacy နဲ့ဆိုင်တဲ့ Video တွေ ၊ Interview တွေ ၊ Talk Show တွေ Youtube မှာ အများကြီးပဲ။ ကျွန်တော်တို့ ရှာပြီးနားထောင်လို့ရတယ်။ Financial Literacy နဲ့ဆိုင်တဲ့စာအုပ်တွေရှာဖတ်လို့ရတယ်။ ကျွန်တော်တို့ ကိုယ့်ပတ်ဝန်းကျင်မှာ ငွေကြေးစီမံခန့်ခွဲမှုကောင်းကောင်းနဲ့ စီမံခန့်ခွဲရင်း ပိုပိုမြင့်တဲ့နေရာတစ်ခုကို ရောက်သွားတဲ့သူတွေကိုလည်း တွေ့ဖူးမှာပဲ။ သူတို့ကိုကြည့်ပြီး ကိုယ်က နမူနာယူလို့ရတယ်။ သူတို့ဆီက အတွေ့အကြုံတွေကို မေးမြန်းပြီးတော့ သူတို့ဆီက ပညာယူလို့ရတယ်။ ကိုယ့်လက်ရှိအလုပ်ထဲက လုပ်ငန်းရှင်ရဲ့ အားသာချက်တွေ၊ အားနည်းချက်တွေ၊ သူစဉ်းစားဆုံးဖြတ်ပုံတွေကို ရရင်ရသလို လေ့လာလို့ရမယ်။ သူ့ အောင်မြင်မှုတွေက သင်ခန်းစာယူလို့ရသလို သူ့အမှားတွေကနေလည်း ကိုယ်ကသင်ခန်းစာယူလို့ရမယ်။ အဲဒီနည်းလမ်းတွေနဲ့ Financial Literacy ကိုသင်ယူလို့ ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အခုစာဖတ်နေသူလိုပဲ ဒီပညာရေးစနစ်ထဲကပဲ ကြီးပြင်းလာရသူမို့ အသက်အရွယ်တစ်ခုရမှ Financial Literacy ကိုသိလာပြီးလေ့လာနေရတုန်းပါ။ အဲဒီတော့ ဒီစာအုပ်ထဲမှာ Financial Literacy နဲ့ပတ်သက်ပြီး ကျွန်တော့်အနေနဲ့ အရမ်းကြီးတော့ ပေးနိုင်မှာမဟုတ်ဘူး။ ကိုယ်လေ့လာနေတဲ့အရာလေးတွေကို ပြန်ဝေမျှပေးရုံလောက်ပဲ တတ်နိုင်မှာပါ။perfect ဖြစ်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စာဖတ်သူအတွက် အကျိုးတစ်စုံတစ်ရာဖြစ်တယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။
Budgeting
Financial Freedom ရဖို့ အခြေခံက သုံးငွေလျာထားချက် (Budgeting) ရှိရမယ်။ အဲဒီမှာ အခြေခံ element သုံးခုရှိတယ်။ Spend (သုံးတာ) ရှိမယ် ၊ Save (စုဆောင်းတာ) ရှိမယ် ၊ Give (ပြန်လှူတာ) ရှိမယ် ။ Spend လုပ်တာ၊ Give လုပ်တာနဲ့ Save လုပ်တာ အဲဒီသုံးခုကို ကျွန်တော်တို့ အချိုးကျကျခွဲထားမှ ကျွန်တော်တို့ အကြွေးမတင်မှာပါ။ ဒီကနေ့ခေတ်မှာ ရုပ်ဝတ္ထုဝါဒထွန်းကားလာတဲ့အတွက် လူတွေဟာ ရုပ်ဝတ္ထုပစ္စည်းတွေပိုင်ဆိုင်နိုင်မှ စိတ်ချမ်းသာမယ် ထင်နေကြတယ်။ အဲဒီအတွက် Save လုပ်နိုင်တာထက်ပို Spend လုပ်မိပြီး အကြွေးတင်နေကြတယ်။အကြွေးတင်တယ်ဆိုတာ Financial Freedom ရဖို့ရဲ့ ဆန့် ကျင်ဘက်ကိုရောက်သွားပြီ။ (တစ်ခုတော့ရှိတာပေါ့။ တကယ်စျေးတက်ရိပ်ရှိလို့ အိမ်၊ခြံ၊မြေလိုဟာမျိုးကို ဘဏ်က loan (အကြွေး) နဲ့ဝယ်တဲ့ကိစ္စမျိုးကတော့ ချွင်းချက်ပါ။ ဒါ ဝယ်ကိုဝယ်သင့်တဲ့ ပိုင်ဆိုင်မှုမျိုးကိုး။ တက်လာတဲ့စျေး နဲ့ ပြန်ရမယ့် ငှါးရမ်းခက ဘဏ်တိုးကိုကောင်းကောင်းကြေတယ်ဆိုရင် ယူသင့်တဲ့ ကြွေးပါ။ bad debt လား ၊ good debt လားစဉ်းစားရမှာပါ။) ခုနbudgeting အကြောင်းပြန်ဆက်ရရင် ဆိုပါစို့ တစ်လဝင်ငွေလစာ ၁၀ သိန်းရှိတယ်၊ အဲဒီ လစာ ၁၀ သိန်းမှာဘယ်နှစ်သိန်းက စားဖို့ ၊ ၀တ်ဖို့ အတွက်သုံးမလဲ၊ ဘယ်နှစ်သိန်းကိုတော့ လှူဖို့တန်းဖို့အတွက်သုံးမလဲ ၊ ဘယ်နှစ်သိန်းကိုတော့ စုမလဲ စသဖြင့် လျာထားရမယ်။ ကျွန်တော်ကတော့ ပြောင်းပြန်လုပ်စေချင်တယ်။ တစ်လကိုဘယ်လောက်သုံးမလဲဆိုတာထက် ငါ တစ်လကို ဘယ်လောက်စုချင်လဲဆိုတာကို အရင်ဆုံးစဉ်းစားစေချင်တယ်။ ဉပမာ ဝင်ငွေ ၁၀ သိန်းရှိတယ်၊ ၇ သိန်းစုချင်တယ်၊ ၇ သိန်းကို ဖယ်ထားလိုက်ရင် ၃ သိန်းပဲကျန်မယ်၊ ၃ သိန်းမှာ ၁သိန်းလှူချင်တယ်၊ ရတယ်လှူလိုက်မယ်၊ ၂ သိန်းကျန်မယ် ၊ ကျန်၂ သိန်းတည်းနဲ့ လောက်အောင်သုံးမယ်။ ဒါကိုမဖြစ်နိုင်ဘူး ပြောချင်ပြောကြလိမ့်မယ်။ တကယ်တန်း လက်ထဲမှာ၂ သိန်းပဲကျန်တော့လို့ လောက်ငအောင်သုံးမှရတော့မယ်ဆိုတဲ့ အခြေအနေတစ်ခုရောက်လာရင် အဲ့ဒီလူဟာ လောက်အောင်သုံးမိမှာပဲ။ အဲဒီတော့ စုချင်တဲ့ပမာဏကို အရင်ဆုံးစဉ်းစားကြည့်စေချင်တယ်။ နောက်တစ်ချက်က တစ်ရက်တာ Expense တွေကို နေ့တိုင်း ရေးမှတ်နေဖို့ပါ။ အခုဆို ဖုန်းထဲမှာမှတ်ဖို့ application တွေလည်းရှိတယ်။ မဟုတ်လည်း ဖုန်းထဲက note ထဲမှာမှတ်လို့ရတယ်။နောက် စာအုပ်နဲ့လည်းမှတ်လို့ရတယ်။ ဘယ်နည်းနဲ့ပဲမှတ်မှတ်ပါ။ အဓိကက မှတ်ဖြစ်ဖို့ပါပဲ။ နေ့တိုင်းလက်ဖက်ရည်ဆိုင်ထိုင်တာကဘယ်လောက်၊ ထမင်းစားတာက ဘယ်လောက်၊ ဟင်းဖိုးကဘယ်လောက်၊ မီတာခကဘယ်လောက်၊ Internet ဖိုးကဘယ်လောက်၊ Phone Bill ဖိုးကဘယ်လောက် စသဖြင့် တစ်လလုံးသုံးသွားတာကိုသာမှတ်သွားရင် လကုန်လို့ ပြန်ပီး စာရင်းချုပ်ကြည့်တဲ့အခါမှာ ငါစားဖို့အတွက်တစ်လကိုဘယ်လောက်သုံးနေလဲ၊ငါ Phone Bill အတွက် တစ်လကို ဘယ်လောက်သုံးနေလဲ၊ ငါမလိုအပ်တဲ့အဝတ်အစားတွေ နဲ့ တကယ်အသုံးမလိုတဲ့ ပစ္စည်းတွေအတွက် ဘယ်လောက် သုံးနေလဲ ကိုယ့်ဟာကိုယ် ပြန်သုံးသပ်လို့ရတာပေါ့။ အဲဒီလိုသုံးသပ်ဖြစ်တဲ့အတွက် မလိုအပ်တာတွေမှာ လျော့သုံးပြီး လိုအပ်တဲ့နေရာတွေမှာ ပိုသုံးဖြစ်စေပါတယ်။ ဥပမာ- ကိုယ့်ရဲ့Education နဲ့ပက်သက်လို့ ဘာမှ သုံးမထားဘူး၊ စာအုပ်တစ်အုပ်တောင် ဒီလမှာ ၀ယ်မဖတ်ဖြစ်ဘူး၊ နောက်လကျရင် ငါ အဝတ်အစားတို့၊ Coffee ဖိုးတို့ လျှော့သုံးပြီး ငါ့အတွက်အကျိုးရှိမယ့် သင်တန်းအတွက်သော်လည်းကောင်း၊ ငါ့အတွက် အကျိုးရှိမယ့် စာအုပ်တွေအတွက်သော်လည်းကောင်း ပိုသုံးမယ်ဆိုတာမျိုး လုပ်လို့ရပါတယ်။
အဲလို သုံးငွေလျာထားချက် (Budgeting) ကို အကျိုးရှိရှိ လုပ်နိုင်သွားပြီဆိုရင် ငွေကလည်း ပိုလျှံလာမှာပဲ။ ပိုစုမိမှာပဲ။ အဲဒီမှာ အရေးကြီးတဲ့အချက်က ပိုလျှံလာတဲ့ငွေကို စုထားတဲ့အတိုင်းထားရင် ဘဏ်တိုးရတာကလွဲလို့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ ငွေစုထားရုံနဲ့ ကျွန်တော်တို့လိုချင်တဲ့ Finalcial Freedom မရနိုင်ပါဘူး။Financial Freedom ရဖို့ စုထားတဲ့ငွေကို invest (ရင်းနှီးမြှုပ်နှံ) တတ်ဖို့လည်း လိုပါသေးတယ်။
Investment (ရင်းနှီးမြှုပ်နှံမှု)
တခြားနိုင်ငံတွေမှာဆိုရင်တော့ ရင်းနှီးမြုပ်နှံစရာ နေရာတွေ အများကြီးရှိပါတယ်။ Stock and Share မှာ Invest လုပ်မလား၊ Bond တွေဝယ်စုမလား စသဖြင့်အများကြီးပါ။ ကျွန်တော်တို့က ဒီနိုင်ငံမှာပဲ နေတာဖြစ်တဲ့အတွက် ဒီနိုင်ငံနဲ့ကိုက်ညီတာပဲ ကျွန်တော်တို့စဉ်းစားရပါလိမ့်မယ်။ ဒီနိုင်ငံမှာ ကျွန်တော်တို့ ဘာတွေ Invest လုပ်လို့ရမလဲ။တစ်ချို့ကရွှေဝယ်စုတယ်၊ တစ်ချို့ကအိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံတယ်၊ တစ်ချို့ကျတော့ သူငယ်ချင်းတွေဝိုင်းinvest လုပ်ပြီး လုပ်ငန်းတစ်ခု ထူထောင်ကြည့်တယ်၊ သူငယ်ချင်းလုပ်တဲ့လုပ်ငန်းတစ်ခုမှာ ငွေဝင်ရင်းတယ်၊ ဒါမှမဟုတ် စုငွေတွေကို ကိုယ်ပိုင် လုပ်ငန်းလုပ်တဲ့အချိန်ကြရင် ပြန်ရင်းတယ် စသည်ဖြင့် လုပ်ကြပါတယ်။ အဲဒီတော့ကျွန်တော်တို့ရဲ့ စုငွေတွေကို Invest လုပ်ဖို့ Plan စဉ်းစားထားရမယ်။ အခြေခံဘက်ဂျက်ကောင်းကောင်းနိုင်ရင်ကျွန်တော်တို့ ငွေပိုငွေလျှံထွက်လာမယ်။ ငွေပိုငွေလျှံ များများထွက်လေ ကျွန်တော်တို့ များများစုမိလေပဲ။ များများစုမိလေ ကျွန်တော်တို့ များများရင်းနှီးမြှုပ်နှံနိုင်လေပဲ။ ဒီနေရာမှာ ငွေရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် Knowledge လိုလာပြီ။ ငါတို့ ပိုထွက်လာလို့ စုမိတဲ့ ပိုက်ဆံတွေကို ဘယ်နားမှာ ရင်းနှီးမြုပ်နှံရင် ငါတို့အတွက် အကောင်းဆုံးဖြစ်မလဲ စဉ်းစားရတော့မယ်။ ပိုလာတဲ့ငွေကို များသောအားဖြင့်က သုံးပစ်လိုက်တတ်ကြတယ်။ ပိုင်ဆိုင်မှု (Asset) တစ်ခုအဖြစ်ပြောင်းရမဲ့နေရာမှာ Liabilities (ပေးရန်ရှိ) ဖြစ်သွားတတ်ကြတယ်။ ဥပမာ- သိန်း ၂၀၀ စုဖြစ်တယ်။ကျွန်တော်တို့ ကားဝယ်လိုက်တယ်။ (ဒီခေတ် သိန်း ၂၀၀ နဲ့ကားကောင်းကောင်း မရမှန်း သိပါတယ်။ ဉပမာအနေနဲ့ပြောတာပါ။) (ဒီအကြောင်းအရာတွေက Robert Kiyosaki ရေးပြီး မြန်မာလို ဆင်းရဲဖေဖေ ချမ်းသာဖေဖေ ဆိုတဲ့နာမည်နဲ့ ထွက်ထားတဲ့ ဘာသာပြန်စာအုပ်ထဲမှာ ပါတယ်။ အဲဒီစာအုပ်သည်လည်း ဖတ်သင့်တဲ့အထဲမှာပါတယ်။အဲဒီစာအုပ်ထဲမှာ ဘာပြောထားလဲဆိုတော့ လူတွေက Assets နဲ့ Liabilities နဲ့ကို ကောင်းကောင်းမခွဲတက်ဘူးတဲ့။) ဆိုတော့ ကားတစ်စီးဝယ်လိုက်တယ် သိန်း ၂၀၀ စုပီးတော့။ ကားက Asset လား Liabilities လား ? တကယ်လို့ကျွန်တော်တို့ဝယ်လိုက်တဲ့ကား က Taxi ဆိုပါစို့။ ကျွန်တော်တို့ဝယ်လိုက်တဲ့ Taxi ကို Owner ခယူပြီးတော့ ငှါးထားတယ်ဆိုရင် အဲဒီကားက ကိုယ့်အတွက် ပိုက်ဆံရှာပေးနေတဲ့အတွက် asset (ပိုင်ဆိုင်မှု/ရရန်ရှိ) ဖြစ်နေတယ်။တကယ်လို့ ဝယ်လိုက်တဲ့ကားက အိမ်စီးကားဆိုပါစို့။ ကားလှလှလေးလိုချင်တယ်ဆိုတဲ့စိတ်တစ်ခုနဲ့ ဝယ်ချလိုက်တယ်။ သိန်း ၂၀၀ သည် ကားထဲမှာဝင်သွားတယ်။ ဒါပေမယ့် အဲဒီကားက ကိုယ့်အတွက် ဘာ Money မှ Generate လုပ်မပေးဘူး။ အရေးပေါ်ကျန်းမာရေးအတွက်ငွေလိုလို့ ပြန်ရောင်းရင်လည်း သိန်း ၂၀၀ တောင်ပြန်မရဘူး။ ငွေရှာမပေးဘူး။ ငွေရှာမပေးတဲ့အပြင် ကားတစ်စီးရှိနေတဲ့အတွက် အဲဒီကားရဲ့ Maintenance တွေလာမယ်၊ ဆီထည့်ရမယ်၊ ကားရေသွားဆေးရမယ်၊ Accessories တွေဝယ်ထည့်ရမယ်၊ ကားပျက်ရင် ပြင်ရမယ်၊ ခြောက်လတစ်ခါသွားပြီး Check up လုပ်ရမယ်၊ Engine Oil လဲရမယ်။ ဒါတွေက စုမိမယ့်အစား ပိုက်ဆံ ပိုထွက်မယ့်အရာတွေဆိုတော့Liabilities (ပေးရန်ရှိ) ဖြစ်သွားတယ်။ အဲဒီတော့ ကျွန်တော်တို့က စုမိတဲ့ ပိုက်ဆံကို Liabilities မှာမသုံးမိဘဲ Assets မှာသုံးမိဖို့ အရေးကြီးတယ်။ (ကားမ ၀ယ်နဲ့ ပြောတာမဟုတ်ဘူးနော်။ ဉပမာ ပေးတာပါ။ အရင်အချိန်က ကားသည်liability ဆိုပေမယ့် အခုလို ငွေကြေးဖောင်းပွနေတဲ့အချိန်မှာတော့ ကားစျေးက အမြဲတက်နေတဲ့အတွက် စုထားတဲ့ငွေတွေ တန်ဖိုးကျမသွားအောင် ကားကို ရွှေလို၊ အိမ်၊ခြံ၊မြေလို ပိုင်ဆိုင်မှု (asset) တစ်ခုအနေနဲ့ ပြောင်းကိုင်နေကြတာပါ။ သိန်း ၂၀၀ နဲ့ ၀ယ်လိုက်တယ်၊ နောက်တစ်လလောက်ကျ သိန်း ၃၀၀ ဖြစ်သွားတယ်။ စျေးတက်သွားတယ်ဆိုတော့ Money Generate လုပ်နေတဲ့သဘောတောင်ဖြစ်သွားတယ်။) ဆိုတော့ ပြောချင်တဲ့ point က ကားဝယ်တာ၊မဝယ်တာကို ပြောချင်တာမဟုတ်ဘူး။ ပြောချင်တဲ့ Point က ငွေပိုငွေလျှံကို ကျွန်တော်တို့ဘယ်မှာရင်းနှီးမြှုပ်နှံမလဲ။ ကိုယ့် အတွက် Income တစ်ခုရှာပေးနိုင်တဲ့ နေရာ၊ Asset ဖြစ်မယ့်အရာတွေမှာ သုံးရမယ်။ ဉပမာ - လုပ်ငန်းတစ်ခုတည်ထောင်မယ်။ အဲဒီလုပ်ငန်းက ငွေအမြဲဝင်နေတယ် အဲဒါဆို Asset။ သူငယ်ချင်းတစ်ယောက်ရဲ့လုပ်ငန်းထဲမှာ ငွေဝင်ရင်းတယ်။ အမြတ်ငွေကို ရင်းထားတဲ့ရာခိုင်နှုန်းအတိုင်း အချိုးကျ ပြန်ရတယ်။ အဲဒါဆိုAsset။
အဲဒီတော့ Assets နဲ့ liabilities ကိုသိပြီဆိုရင် invest လုပ်တတ်ဖို့လိုတဲ့ နောက်အချက်တစ်ခုကတော့ မျက်စိဖွင့်၊နားစွင့် ထားဖို့ပါ။ ငါ့ရဲ့ငွေပိုငွေလျှံတွေ၊ ငါစုထားတဲ့ပိုက်ဆံတွေကို ဘယ်မှာ ရင်းနှီးမြှုပ်နှံရမလဲဆိုတာ အမြဲတမ်းလေ့လာနေသင့်တယ်။ ဗဟုသုတတွေရှာပြီး နားထောင်နေသင့်တယ်။ မျက်စိ ဖွင့် နားစွင့်ထားပြီး ခေတ်နဲ့မျက်ခြေမပြတ် လိုက်နေတယ်ဆိုရင် ရင်းနှီးမြှုပ်နှံစရာ တစ်ခုမဟုတ်တစ်ခု တွေ့မှာပဲ။ တွေ့တယ်ဆိုရင်လည်း ကျွန်တော်တို့ရင်းနှီးမြှုပ်နှံရဲဖို့လိုတယ်။ Confidence ရှိရှိနဲ့ လုပ်ရဲတဲ့ mindset လိုတယ်။ အထူးသဖြင့် ကျွန်တော်တို့ လခစားဝန်ထမ်းတွေရဲ့ သား၊သမီးတွေမှာ အဲဒီလိုလုပ်ဖို့ မဆုံးဖြတ်ရဲဖြစ်နေတတ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့တစ်သက်လုံးကျွန်တော်တို့မြင်ခဲ့ရတာ ကိုယ့်အဖေ၊အမေက အလုပ်လုပ်တယ်၊ ပိုက်ဆံစုတယ်။ ဒါပဲ။ ဒီစုထားတဲ့ပိုက်ဆံကို အလုပ်တစ်ခုထဲမှာ ရင်းလိုက်ဖို့ မရဲကြဘူး။ ရင်းလိုက်လို့ ဒီလုပ်ငန်းလေးမအောင်မြင်ရင် ငါတို့ရှိတာလေးကုန်သွားမယ်ဆိုတာမျိုး ကြောက်တတ်ကြတယ်။ ကြောက်လည်းကြောက်သင့်တယ်။ တစ်ဖက်မှာ ချမ်းသာတဲ့သူတွေရဲ့ သား၊သမီးတွေကျတော့ သူတို့ အဖေ၊အမေက ငယ်ငယ်ကတည်းက ငွေပိုငွေလျှံထွက်လာရင်နောက်ထပ်လုပ်ငန်းတစ်ခုထောင်လိုက်၊ ရင်းလိုက် လုပ်နေတာကို သူတို့မြင်နေ၊ ကြားနေခဲ့ရတယ်။ သူတို့အတွက်က ဒါမစိမ်းတော့ဘူး။ သူတို့အတွက်က အဲဒီပုံစံကို တအား Used To ဖြစ်နေပြီ။ ဆိုတော့ သူတို့ သည် လုပ်ရဲတယ်။လုပ်ရဲတဲ့သူက လုပ်လိုက်တယ်။ လုပ်လိုက်တဲ့အတွက်ကြောင့် လုပ်ဖြစ်သွားတယ်။ လုပ်ဖြစ်သွားတဲ့အတွက်ကြောင့်အောင်မြင်ဖို့ နဲ့ ကျရှုံဖို့က ဖြစ်နိုင်ချေ ၅၀/၅၀ ပဲ။ အောင်လည်းအောင်မြင်နိုင်သလို ရှုံးတာလည်း ဖြစ်သွားနိုင်တယ်။မလုပ်ရဲလို့ လုပ်ကိုမလုပ်ဘူးဆိုရင်တော့ ဖြစ်နိုင်ချေက ၅၀/၅၀ မဟုတ်တော့ဘူး။ သုညပဲ။ ဘာမှဖြစ်မှာ မဟုတ်ဘူး။ အဲဒီတော့ ပထမဆုံး သေချာလေ့လာ။ စဉ်းစား။ ပြီးမှ ဆုံးဖြတ်။ ဆုံးဖြတ်ပြီးပြီဆိုရင်တော့ တကယ်စသာလုပ်လိုက်တော့။ အနည်းဆုံးတော့ အောင်မြင်နိုင်ချေ ၅၀ ရာခိုင်နှုန်းကိုယ့်ဘက်မှာရှိတယ်။ ရာခိုင်နှုန်းများချင်ရင်အလုပ်တစ်ခုကို စမလုပ်ခင် သေချာ လေ့လာသုံးသပ်ဖို့လိုတယ်။ အမြဲတမ်း မျက်စိဖွင့် နားစွင့်ပြီး အကွက်အကွင်းကောင်းကောင်းတွေကို အမြဲတမ်း ရှာဖွေနေဖို့လိုတယ်။ အဲလိုသာလုပ်နိုင်မယ်ဆိုရင် အဲဒီလူတစ်ယောက်အတွက်ကမအောင်မြင်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။ တကယ်လို့ကျွန်တော်တို့ချလိုက်တဲ့ ဆုံးဖြတ်ချက်က မှန်တယ်၊ ရင်းနှီးမြှုပ်နှံတဲ့ ဆုံးဖြတ်ချက်ကမှန်သွားတဲ့အတွက်ကြောင့် အောင်မြင်တဲ့လုပ်ငန်းတစ်ခုထဲမှာငွေရင်းနှီးမြှုပ်နှံဖြစ်သွားတယ် ဆိုရင် အဲဒါ Asset တစ်ခုဖြစ်သွားတယ်။ အဲလို passive income တစ်ခုအမြဲပေးနေနိုင်တဲ့ asset တွေကျွန်တော်တို့လက်ထဲမှာရှိနေပြီဆိုရင် ကျွန်တော်တို့ဟာ Financial Freedom ရဖို့အတွက် လမ်းကြောင်းပေါ်ရောက်သွားပြီလို့ ပြောလို့ရပြီ။ ရှေ့မှာဖော်ပြခဲ့တဲ့ တိုက်ခန်း (၃) ခန်း စုတဲ့ ဥပမာလိုပဲ။ တိုက်ခန်း (၃) ခန်း စုမိတယ်။ တစ်ခန်းက ကိုယ်နေတယ်။ အိမ်ငှါးခမပေးရတော့ဘူး။ အလကား နေရပြီ။ နောက်ထက်နှစ်ခန်းကကျတော့ ကိုယ့်အတွက် ၀င်ငွေရှာပေးနေတယ်။ အဲဒီအခြေအနေ ကိုရောက်သွားပြီ။ လူတစ်ယောက်ဟာ Financial Freedom ဖြစ်တဲ့ အခြေအနေတစ်ခုကိုရောက်သွားရင် ဘဝမှာ အချိန်တော်တော်များများက အခြေခံစားဝတ်နေရေးအတွက် ပူစရာမလိုတော့ဘူး။ ငွေကြေးအရ မှီခိုရမှုကင်းသွားတဲ့အတွက်ကြောင့် လခစားအလုပ်တစ်ခုကို လုပ်နေစရာမလိုတော့ဘူး။ သူ့အချိန်ကို သူပိုင်သွားပြီ။ သူ့အချိန်ကိုသူပိုင်သွားတဲ့အတွက်ကြောင့် ဘာအကျိုးရှိလဲဆိုတော့ ဘဝမှာသူ့အတွက်အရေးပါတဲ့အရာတွေကို အချိန်ပေးနိုင်သွားတယ်။ သူ့မိသားစုကို သူအချိန်ပေးချင်သလောက်ပေးလို့ရသွားတယ်။ ပိုထွက်လာတဲ့အချိန်တွေကို သူ့ကျန်းမာရေးအတွက်ပေးလို့ရတယ်။ Gym ပဲကစားမလား၊ Golf ပဲရိုက်မလား၊ ညနေတိုင်း ပြေးမှာလား ? ငွေကြေးအရမှီခိုရမှုကင်းသွားတဲ့အတွက် သူဝါသနာပါတာတွေကိုလုပ်လို့ရသွားတယ်။ လူတစ်ယောက်ဟာ သူဝါသနာပါတာတွေ၊ Passionate ဖြစ်တာတွေ၊ စိတ်ဝင်စားတာတွေ၊ သူ့အသွေးထဲအသားထဲက သူလုပ်ချင်တယ်ဆိုတဲ့ အရာတွေကို လေ့လာလိုက်စားတဲ့အခါမှာ အဲဒီ နယ်ပယ်ထဲမှာလည်း သူလုပ်လို့ရတဲ့အကွက် အကွင်းတွေကို သူတွေ့လာအုန်းမှာပဲ။ ဥပမာထားပါတော့ လခစားဝန်ထမ်းလုပ်တယ်၊ ငွေစုတယ်၊ပြီးတော့ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံတယ်၊ သူရင်းနှီးမြှုပ်နှံတဲ့ ခြံတွေ၊ အိမ်တွေက သူ့တွက်ကိန်းအတိုင်းတက်လာတဲ့အတွက်ကြောင့် Financially Freedom ဖြစ်တဲ့အခြေအနေတစ်ခုကိုရောက်သွားတယ်ဆိုပါစို့။ အဲဒီလူဟာလခစားဝန်ထမ်း မလုပ်တော့ဘူး။ သူအချိန်ပိုသွားတယ်။ သူ့မိသားစုကို အချိန်ပေးတယ်။ သူငယ်ငယ်တုန်းကတည်းကဝါသနာပါတဲ့ Golf ကိုစကစားတယ်။ အဲလို ဝါသနာပါတာကို ကစားရင်းနဲ့ Golf ရိုက်တဲ့သူငယ်ချင်းတွေရလာတယ်။ Golf ရိုက်တဲ့အသိုင်းအဝိုင်းနဲ့ သူထိတွေ့ခွင့်ရလာတယ်။ သူ့မှာငွေပိုငွေလျှံရှိတယ်။ အချိန်ရှိတယ်။ အဲအခါ သူ golf နဲ့ဆိုင်တဲ့ ပစ္စည်းတွေထပ်ရောင်းတယ်။ သူကိုယ်တိုင်လည်း သုံးတယ်။ သူ့သူငယ်ချင်းမိတ်ဆွေတွေကိုလည်းရောင်းတယ်။ မရောင်းရမှာလည်း မပူရဘူး။ ဝယ်သုံးမယ့် မိတ်က ရှိနေပြီကိုး။ ဆိုတော့ အလုပ်အနေနဲ့မဟုတ်ဘူး။ မလုပ်လည်း စားဝတ်နေရေးကမပူရတော့ဘူး။ ဒါပေမယ့် သက်သက်ကို အပျော် အနေနဲ့ ဝါသနာတစ်ခုအနေနဲ့ကိုလုပ်နေတာ။ အဲလို Financial Freedom ရသွားတဲ့လူတစ်ယောက်ရဲ့ ဘဝ lifestyle ကို မြင်ယောင်ကြည့်စမ်း။ လူတိုင်းအဲဒီလို ဘဝမျိုးရသင့်တယ်။ ရနိုင်တယ်။ အဓိကက Financial Literacy တတ်ဖို့ပဲ။
ဒီစာအုပ်ထဲမှာFinancial Literacy နဲ့ ပက်သက်ပီးတော့ ကျွန်တော်သိသမျှ ဒီလောက်အထိပဲ မျှဝေပေးနိုင်ပေမယ့် ဒီစာအုပ်ရဲ့ပြင်ပမှာ Financial Literacy နဲ့ ပက်သက်ပီး ဆက်လေ့လာချင်တယ်ဆိုရင် လေ့လာလို့ရမယ့် resource တွေဒီစာအုပ်ထဲမှာ မျှဝေပေး ထားပါတယ်။ အဲဒါတွေကတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ စာအုပ်တွေလည်း ဖြစ်နိုင်တယ်။ Interview တွေလည်း ဖြစ်နိုင်တယ်။ ကြည့်သင့်တဲ့ Documentary တွေလည်း ဖြစ်နိုင်တယ်။ အဲဒါတွေအားလုံးကိုအောက်မှာ စာအုပ်တွေအတွက်တစ်ကဏ္ဍ၊ Movies တွေအတွက်က တစ်ကဏ္ဍ၊ Youtube မှာရှာကြည့်လို့ရမယ့်Interview တွေ၊ video တွေအတွက်က တစ်ကဏ္ဍ၊ Netfilx မှာကြည့်လို့ရမယ့် Documentary တွေအတွက်က တစ်ကဏ္ဍ ဆိုပြီး သူ့အပိုင်းနဲ့သူ ကျွန်တော်ကြည့်ဖူး၊ ဖတ်ဖူးသမျှလေးတွေကို ခွဲပြီး ဖော်ပြပေးထားပါတယ်။
Financial Literacy ပတ်သက်ပြီး ဖတ်သင့်သော စာအုပ်များကတော့
(၁) ချမ်းသာဖေဖေဆင်းရဲဖေဖေ နှင့် ချမ်းသာလူငယ် Smart လူငယ်
ဘာသာပြန်ထားတဲ့သူက မြတ်ငြိမ်း။ အပေါ်မှာလည်း ဒီစာအုပ်နဲ့ပတ်သက်လို့ပြောပြီးသားပါ။ ဒီစာအုပ်က တစ်ကမ္ဘာလုံးရောင်းအားကောင်းတဲ့ စာအုပ်ထဲမှာလည်းပါပါတယ်။
(၂) ဒေါ်လာ ၁၀၀ ကိုယ်ပိုင်လုပ်ငန်းတစ်ခု
ဘာသာပြန်သူက DuDu။ စာအုပ်ကထူတယ်။ ဒါပေမယ့် ဖတ်လို့ကောင်းတယ်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်တဲ့သူတွေအတွက် Idea တွေ၊ အကြံဉာဏ် နဲ့ လမ်းညွှန်ချက်တွေ၊ တွန်းအားတွေအများကြီးပေးနိုင်ပါလိမ့်မယ်။
(၃) Think And Grow Rich(Napoleon Hill)
ဒီစာအုပ်ကလူတိုင်းသိတဲ့စာအုပ်တစ်အုပ်ပဲ။ ထွက်တာလည်းကြာလှပြီ။ ဒါပေမယ့် လက်ရှိအထိကို ဘဝတိုးတက်အောင်မြင်ရေးနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ Motivation Speaker တွေညွှန်းရင်ပဲဖြစ်ဖြစ် ဒီစာအုပ်က မပါမဖြစ်အမြဲတမ်းပါရတယ်။ မြန်မာပြည်မှာတော့ ဆရာကြီးရွှေဥဒေါင်းက "အကြံဉာဏ်ဖြင့်ကြီးပွားရေး" ဆိုတဲ့နာမည်နဲ့ပြန်ရေးထားတယ်။ မြန်မာလိုဖတ်ချင်တဲ့ စာဖတ်ပရိတ်သတ်တွေအနေနဲ့ကတော့ ရွှေဥဒေါင်းရဲ့ အကြံဉာဏ်ဖြင့်ကြီးပွားရေးဆိုစာအုပ်ကို ရှာဖတ်လို့ရတယ်။
(၄) ကိုယ်ပိုင်လုပ်ငန်းဖြင့် ကြီးပွါးမယ့်ပုဂ္ဂိုလ်
ရေးသူက ဖေမြင့်ပါ။ ထွက်တာတော့ကြာပြီ။ ပထမဆုံးအကြိမ်ပုံနှိပ်တာက ၁၉၉၇ က။ ကျွန်တော်ကတော့ အဖေ့ဆီကရတာ။ အဖေဝယ်ထားတုန်းက ၂၇၅ ကျပ်တဲ့။ စာအုပ်လေးပေါ်မှာ ကပ်ထားတဲ့ စျေးနှုန်းစတစ်ကာလေးက ခုအထိရှိသေးတယ်။ အဲဒီခေတ်ကထုတ်တာဆိုတော့ ဒီစာအုပ်လေးက လွယ်လွယ်ရှာလို့ရမရတော့မသိဘူး။ ဒါပေမယ့် ဖတ်လို့တော့ အရမ်းမိုက်တယ်။
(၅) စီးပွားရေးလုပ်ငန်း ခေါင်းဆောင်ကောင်းတို့၏လမ်းစဉ်
ဒါလည်း ကျွန်တော့်အဖေဆီက အမွေရတာပဲ။ သူ့ထုံးစံအတိုင်း စာအုပ်အတွင်းက ပထမစာမျက်နှာမှာ ဒေါက်တာအောင်ဝင်းမောင် ၂၀၀၁ June ဆိုတဲ့လက်မှတ်အတိုလေးနဲ့ စာအုပ်အဖုံးပေါ်မှာ Blazon ၃၀၀ ကျပ်ဆိုတဲ့ စျေးနှုန်းစတစ်ကာလေးလည်း ကျန်သေးတယ်။ ပထမဆုံးထုတ်ဝေတဲ့နှစ်က ၂၀၀၀ ခုနှစ်က။ ရေးသူက မောင်ပေါ်ထွန်းပါ။
Financial Literacy နဲ့ပက်သက်ပီးကြည့်သင့်တဲ့ Documentary များ
(၁) Money Explained
Netflix မှာတင်ထားတယ်။ အဲဒီ Documentary ထဲမှာ ပိုက်ဆံကဘယ်လိုတွေအလုပ်လုပ်သလဲ၊ ဘဏ်တွေကဘယ်လိုအလုပ်လုပ်သလဲ၊ အကြွေးတွေက ဘယ်လိုအလုပ်လုပ်သလဲ၊ ဘဏ်တွေရဲ့ ချေးငွေတွေကဘယ်လိုအလုပ်လုပ်တာလဲ၊ လူတွေလက်ရှိမှာကြုံနေရတဲ့ အကြွေးပြန်မဆပ်နိုင်တဲ့ပြဿနာတွေ၊ Credit Card တွေအကြောင်း စတာတွေကို ဒီ Documentary ထဲမှာ ရှင်းပြပေးထားတာပါ။ ငွေကြေးအကြောင်း နားလည်ချင်တဲ့သူတွေ ကြည့်သင့်ပါတယ်။ ယူစရာတစ်ခုနှစ်ခုတော့ အနည်းဆုံးပါမှာ ကျိန်းသေပါတယ်။
(၂) Minimalism: Less is Now
ဒီ Documentary က ငွေရေးကြေးရေးနဲ့ တိုက်ရိုက်ကြီးသက်ဆိုင်တာတော့မဟုတ်ဘူး။ ဒါပေမယ့် concept တွေကမိုက်တယ်။ Minimalist သမားတွေက ဘဝမှာ အရေအတွက်ထက် အရေအသွေးကို ပိုပြီး တန်ဖိုးထားကြတယ်။တစ်ခါတစ်လေ လူတွေဟာ ဘဝမှာ မလိုအပ်တဲ့ပစ္စည်းတွေ ၀ယ်တယ်။ ပြီးရင် တကယ်လည်း မသုံးဘူး။ အိမ်မှာလည်း နေရာတွေအများကြီးယူတယ်။ ပိုက်ဆံလည်းကုန်ပြီး တကယ်မသုံးဖြစ်တဲ့ဟာတွေပေါ့။ Minimalist သဘောတရားကတော့ အဲလိုမဖြစ်အောင် မလိုတာဆိုမဝယ်ဘူး။ အရေအတွက်နည်းနည်း နဲ့ ကိုယ့်အတွက်တကယ်အသုံးဝင်မယ့် ပစ္စည်းတွေပဲ စုမယ်။ မလိုအပ်တဲ့ပစ္စည်းလေးတွေဆို မဝယ်ဘူး။ အဲဒီတော့ Life ကပိုပြီးတော့လည်းရိုးရှင်းတယ်။ ငွေကုန်ကြေးကျလည်းမများဘူး။ ပျော်စရာလည်းကောင်းတယ်။ အဲဒီလို Lifestyle တွေကိုရိုက်ပြထားတာပါ ဒီ documentary ထဲမှာ။
(3) Capitalism : A Love Story
ဒီ documentary ကတော့ Capitalism အကြောင်းကိုရိုက်ထားတာပါ။ Documentary ရဲ့ အစိတ်အပိုင်းအများစုကတော့ Capitalism ရဲ့ မကောင်းတဲ့အကြောင်းတွေကို ဖော်ပြထားတာပါ။ ဒါပေမယ့် ကျွန်တော်တို့ တစ်ကမ္ဘာလုံးကျင့်သုံးနေတဲ့ စီးပွါးရေးစနစ်က Capitalism ဆိုတော့ Ca