07/03/2025
QOA အရိုးကျီးပေါင်းတက်ရောဂါ
အရိုးကျီးပေါင်းတက်ရောဂါ (အို-အေ) သည် မူရင်းရောဂါအဖြစ်လည်းကောင်း၊ အခြားအဆစ်ရောင်ရောဂါ၊ အာရုံကြောရောဂါ၊ ထိခိုက်ဒဏ်ရာ တို့၏ နောက်ဆက်တွဲအဖြစ် လည်းကောင်း ဖြစ်ပေါ်တတ်ပါသည်။
ဒူးနာခြင်းဖြင့် အများဆုံး ဒုက္ခပေးတတ်ပြီး ဇက်ကြောထိုးခြင်း၊ ခါးနားခြင်းများဖြင့်လည်း ရောဂါလက္ခဏာပေါ်တတ်ပါသည်။
မည်သူတွင် ဖြစ်သနည်း
အသက် (၄၀) ကျော်လျှင် လှုပ်ရှားမှု အများဆုံး၊ အလေးဒဏ်အခံရဆုံ၊ အရိုးအဆစ်များ တွင် ပွန်းစားသွားပြီး အရိုးအတက်ထွက်ကာ အဆစ်မှ နာခြင်း၊ ရောင်ခြင်းတို့ ဖြစ်ပါသည်။
အသက် (၆၅) နှစ်ကျော်လျှင် ဒူး၊ လည်ပင်း၊ ခါးဆစ်တို့ကို ဓာတ်မှန်ရိုက်ကြည့်ပါက ၈၀% တွင် အရိုးကျီးပေါင်းတက်မှုကို တွေ့ရသည်။ သို့သော် ရောဂါ ရှိသူ၏ ၂၅% သော နာကျင်ကိုက်ခဲမှုဒုက္ခကို ခံစားကြရသည်။
အထူးသဖြင့် ဝသောသူများနှင့် မျိုးရိုးရှိသူများတွင် ပိုဖြစ်သည်။
ဒူးနာခြင်းသည် အရိုးကျီးပေါင်းတက်ခြင်းကြောင့် ဟုတ်/မဟုတ် ဘယ်လိုသိမလဲ။
၁။ တစ်နှစ်အတွင်းတစ်လဆက်တိုက်ဒူးနာဖူးပါသလား။
၂။ လှေခါးအတက်၊ အဆင်း အခက်အခဲရှိပါသလား။
၃။ အခြား အဆစ်များမနာပဲ ဒူးတစ်ဖက် (သို့) နှစ်ဖက်ကသာအဓိကနာပါသလား။
အထက်ပါ သုံးချက်စလုံး ကိုက်ညီ နေရင်တော့ OA ဒူးနာဖြစ်နိုင်ပါတယ်
ရောဂါသေချာအောင်ဘာလုပ်နိုင်သေးသလဲ
ဒူးကိုဓာတ်မှန်ရိုက်ကြည့်ခြင်းအားဖြင့် အဆစ်တွင်း အကွာအဝေး လျော့သွားခြင်း၊ အရိုးများပိုဖြူလာခြင်း၊ အရိုးအတက်ထွက်ခြင်း စသည့် သွင်ပြင်များကို သိရှိနိုင်ပါသည်။
(သို့သော် ဓာတ်မှန်တွင် ကျီးပေါင်းတက်သွင်ပြင်ရှိသောသူတိုင်း၊ နာကျင်မှုမရှိပါ။ ရောဂါလက္ခဏာ နှင့် ဓာတ်မှန်တွေ့ရှိချက် ကိုက်ညီမှသာ အလေးထား ကုသရန် လိုသည်။)
ရောဂါလက္ခဏာများ
ဒူးနာ၊ ခါးနာ၊ ဇက်ကြောနာခြင်း၊ မနက်အိပ်ယာထစတွင် သိပ်မနာသေးဘဲ အဆစ်ကို အသုံးများ ပြီးသောအချိန်၊ ညနေစောင်းတို့တွင် ပိုနာခြင်း၊ ကြာလာလျှင် အဆစ်၏ ကွေးနိုင်ဆန့်နိုင်စွမ်း၊ လှည့်နိုင်စွမ်း ကျဆင်းပြီး အဆစ်ခိုင်လာခြင်း၊ အဆစ်ပတ်လည်ရှိ ကြွက်သားများအားနည်းပြီး သိမ်သွားခြင်း၊ ကိုင်ကြည့် လျှင် အဆစ်တွင်းအရည်ဝင်နေခြင်း၊ နာခြင်း၊ အရိုးခြင်းပွတ်သံ ခံစားနိုင်ခြင်းတို့ တွေ့ရမည်။ အခြား လေးဖက်နာ၊ အဆစ်ရောင် ရောဂါများတွင် တွေ့ရလေ့ရှိသော သွေးစစ်ချက်များ (ဥပမာ ESR, A*O, RA, ANA, Uric Acid) တို့သည်မြင့်တက်လေ့မရှိပါ။
ကုသမှုနည်းလမ်းများ
(၁) အပ်စိုက်ကုသပေးခြင်း
(၂) ကြပ်ထုပ်ထိုး၍ကုသခြင်း
(၃) သောက်ဆေးပေး၍ကုသခြင်း
အကိုက်အခဲသက်သာစေသောဆေးများပေးခြင်း
အဆစ်ကိုအားပြည့်စေသောဆေးများပေးခြင်း
အဓိကပြဿနာ အရိုးနုပါးပြီး အဆစ်ရိုးတွင်ကျီးပေါင်းပြန်တက်ရာ မှမျက်နှာပြင် မညီမညာဖြစ်ပြီး အရိုးခြင်း ပွတ်ကာ နာခြင်းဖြစ်သည်။ ယခုအခါအရိုးနုကို ပြန်ထူစေသော အဆစ်အားဖြည့်ဆေးများသောက်ပေးခြင်းဖြင့် ရောဂါကိုသက်သာစေပါတယ်
(၄) ခွဲစိတ်ကုသခြင်း
အရိုးကို ပြန်တည့်ပေးခြင်း၊ အဆစ်အစားထိုးခြင်းတို့ဖြင့် အိပ်ယာထဲလဲနေသူကို လမ်းပြန် လျှောက် နိုင်အောင် လုပ်ပေးနိုင်ပါသည်။
(၅) ထောက်ကူပစ္စည်းသုံးခြင်း
ဒုတ်ကောက်၊ဒူး စွပ် တုိ့ကို စနစ်တကျသုံးလျှင်ကောင်းသည်။
၃။ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အနေအထိုင် ဆင်ခြင်ခြင်းသည် အရေးအကြီးဆုံးဖြစ်ပါသည်။ နာတာရှည် ရောဂါဖြစ်သဖြင့်ရောဂါနှင့် နေတတ်အောင် ပိုဆိုးမလာအောင် လေ့ကျင့်သွားဖို့လို ပါသည်။
အဝလွန်ခြင်းကို ရှောင်ပါ။ ထမင်းတစ်နပ်လျှင် တစ်ပန်းကန်သာစားပါ။ ကြားတွင် သွားရည်စာ မစားရ။ ဆီပြန်ဟင်းစားလျှင် အသားစားပါ။ ဆီဆမ်း မစားရ။ ဗိုက်မဝလျှင် ဟင်းသီးဟင်းရွက်နှင့် တို့စရာ များများတို့စားပါ။ ငါးများများစားနိုင်သည်။ သစ်သီးဝလံ တစ်နေ့တစ်လုံးစားပါ။ ခါးအကျယ် ၃၆ လက်မ မကျော်အောင်ထိန်းပါ။ တစ်ပတ်(၃)ရက် တစ်ရက်နာရီဝက်ခန့် လမ်းလျှောက် လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်သည့်အခါ လမ်းလျှောက် ဖိနပ် ( Walking Shoe) ကို သုံးပါ။
ဒူးဘေးရှိကြွက်သားများ သန်မာလာအောင် ဒူးလေ့ကျင့်ခန်းလုပ်ပါ။ စိတ်ပါလျှင် တစ်ခါတည်း အကြာကြီးလုပ်ပြီး စိတ်မပါလျှင်မေ့ထားခြင်းမျိုးမရပါ။ နေ့စဉ်အကြိမ်ရေနည်းနည်းနှင့် မှန်မှန်မပျက်လုပ်ရမည်။
ဒူးကွေးထိုင်ခြင်းသည် အဆစ်ပေါ်တွင် ဒဏ်ဖြစ်စေသဖြင့် တတ်နိုင်သမျှ ရှောင်ပါ။ ဘုရားရှိခိုးခြင်း၊ တရားထိုင်ခြင်း၊ အိမ်သာတက်ခြင်းတို့တွင်ပဆစ် တုပ်ထိုင်ခြင်း၊ တင်ပျဉ်ခွေ ထိုင်ခြင်း၊ ဆောင့်ကြောင့် ထိုင်ခြင်းတို့ကို ရှောင်လွှဲပြီး ကုလားထိုင်၊ ခွေးခြေတို့ကို အသုံးပြုပါ။
ဒူးနာချိန်တွင် ပရုပ်ဆီလိမ်းခြင်း၊ အပူကပ်ခြင်း၊ ရေခဲကပ်ခြင်း၊ ကြိုက်ရာလုပ်နိုင်ပါသည်။ နှိပ်ခြင်း၊ ချိုးခြင်းတော့မကောင်းပါ။ အပူအအေးကပ်ထား၍ အနာသက်သာနေချိန်တွင် လှုပ်ရှားမှုပေါ့ပေါ့ပါးပါး လုပ်ပေးသင့်ပါသည်။ အလေးအပင်မခြင်း၊ ပြေးခြင်းတို့ ရှောင်ရမည်။
ဥဩမင်း တိုင်းရင်းဆေးခန်း