18/01/2025
ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးခြင်း (Rabies vaccine and Immunoglobulin)
💉🐾 ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးခြင်းအမျိုးအစား နှစ်မျိုးရှိသည်။
1️⃣ ထိတွေ့၊ ကိုက်ခံရပြီးနောက် ကာကွယ်ဆေးထိုးခြင်း (Post-exposure prophylaxis)
2️⃣ ကြိုတင်ကာကွယ်ဆေးထိုးခြင်း (Pre-exposure prophylaxis) တို့ဖြစ်သည်။
________________________________________
1️⃣ ထိတွေ့၊ ကိုက်ခံရပြီးနောက် ကာကွယ်ဆေးထိုးခြင်း (Post-exposure prophylaxis)
🛡️ ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေများ၍ ခွေးရူးပြန်ကာကွယ်ဆေးထိုးရန် လိုအပ်သော အခြေအနေများ 🛡️
▶ ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေများသည့်၊ ခွေး၊ ကြောင် (သို့) ခွေးအ၊ ဝံပုလွေ၊ မြေခွေး အစရှိသည့် တောရိုင်းတိရစ္ဆာန်များ၊ အခြားနို့တိုက်သတ္တဝါများ (ဥပမာ- လင်းနို့) မှ ကုတ်ခြင်း၊ ကိုက်ခဲခြင်း
▶ ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေများသည့် တိရစ္ဆာန်များ၏ သွားရည်နှင့်၊ မိမိတွင် ရှိသည့် အနာဒဏ်ရာများ ထိမိခြင်း
▶ ထိတွေ့၊ ကိုက်ခဲ့သော တိရစ္ဆာန်တွင် ပုံမှန်မဟုတ်ဘဲ ရန်လိုသော အပြုအမူရှိခြင်း၊ ဒေါသအလွန်ကြီးပြီး ရန်စမှုမရှိဘဲ ကိုက်ခြင်း၊ ပုံမှန်မဟုတ်သော အသံအက်ဖြင့်ဟောင်ခြင်း၊ အော်ခြင်း၊ သွားရည်တစီစီကျခြင်း၊ အကြောဆွဲခြင်း၊ အကြောသေခြင်းများ တွေ့ရှိရခြင်း
🐶🐱 ကိုက်ခဲ့သော ခွေး (သို့) ကြောင်သည် ကာကွယ်ဆေးထိုးထားသော အိမ်မွေးတိရိစ္ဆာန် ဖြစ်ပြီး၊ စောင့်ကြည့်ကာလ (၁၀)ရက်အတွင်း နေကောင်းကျန်းမာခြင်းရှိပါက ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေနည်း၍ ခွေးရူးပြန် ကာကွယ်ဆေးထိုးရန် “ယေဘုယျအားဖြင့်” မလိုအပ်ပါ။ သို့ရာတွင် အဆိုပါတိရစ္ဆာန်အား သတ်မှတ်ရက် အတွင်းစောင့်ကြည့်ရန် မဖြစ်နိုင်ပါက ကာကွယ်ဆေးထိုးရန်လိုအပ်သည်။
________________________________________
🩺 ထိတွေ့၊ ကိုက်ခံရပြီးနောက် ကာကွယ်ဆေးထိုးရာတွင် ကိုက်ခံရသည့် ဒဏ်ရာအခြေအနေပေါ် မူတည်၍ ခွေးရူးပြန်ကာကွယ်ဆေးနှင့် ခွေးရူးအဆိပ်ဖြေဆေးထိုးရန် လိုမလိုကို ကမ္ဘာကျန်းမာရေးအဖွဲ့အစည်း (WHO)မှ အောက်ပါအတိုင်း သတ်မှတ်ထားသည်။
🎯 အမျိုးအစား (၁) ထိတွေ့မှု (Category I exposure) - လူနာ၏အရေပြားသည် ပုံမှန် ဖြစ်ပြီး ဒဏ်ရာမရှိပါ။ 🎯
▶ တိရစ္ဆာန်ကို ကိုင်တွယ်ခြင်း (သို့) အစာကျွေးခြင်း
▶ လူ၏အရေပြားအကောင်းကို တိရစ္ဆာန်လျှာနှင့် လျက်မိခြင်း အစရှိသော အခြေအနေများတွင် “ခွေးရူးပြန် ကာကွယ်ဆေး ထိုးရန်မလိုအပ်ပါ။”
🎯 အမျိုးအစား (၂) ထိတွေ့မှု (Category II exposure) - လူနာ၏ အရေပြားသည် ဒဏ်ရာရှိသော်လည်း သွေးမထွက်ပါ။ 🎯
▶ သွေးမထွက်သော်လည်း အရေပြားကို ခြစ်မိခြင်း (သို့) ပွန်းပဲပဲ့ဒဏ်ရာရစေခြင်း
▶ အကာအကွယ် မရှိသော(စုတ်ပြဲနေသော) အရေပြားပေါ်တွင် အနည်းငယ်ကိုက်မိခြင်း အစရှိသော အခြေအနေများတွင် “ခွေးရူးပြန်ကာကွယ်ဆေးကို ချက်ချင်းထိုးရန် လိုအပ်သည်။”
🎯 အမျိုးအစား (၃) ထိတွေ့မှု (Category III exposure) - လူနာ၏အရေပြားဒဏ်ရာသည် ပေါက်ပြဲ၍ သွေးထွက်ခြင်းရှိသည်။ 🎯
▶ အရေပြားပေါက်ပြဲသည်အထိ အကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်း
▶ အရေပြားပေါက်ပြဲနေသည့်နေရာ ကို တိရစ္ဆာန်လျှာနှင့်လျက်မိခြင်း
▶ နှုတ်ခမ်း၊ ပါးစပ်၊ မျက်လုံးထဲသို့ တိရစ္ဆာန်တံတွေးနှင့် ထိတွေ့မိခြင်း
▶ လင်းနို့ကိုက်ခံရခြင်း၊ ကုတ်ခြစ်ခံရခြင်း အစရှိသော အခြေအနေများတွင် “ခွေးရူးပြန် ကာကွယ်ဆေးနှင့် ခွေးရူးအဆိပ်ဖြေဆေးကို ချက်ချင်းထိုးရန် လိုအပ်သည်။”
🔎 အောက်ဖော်ပြပါ အခြေအနေများတွင် အမျိုးအစား (၃) ထိတွေ့မှုအတိုင်း ကုသမှုခံယူရမည်။
▶ ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေများသော တိရစ္ဆာန်များသည် လူ၏ အန္တရာယ်ရှိသော နေရာများ (ဦးခေါင်း၊ လည်ပင်း၊မျက်နှာ၊ လက်များနှင့် လိင်အင်္ဂါများ) တွင် ကိုက်ခြင်း
▶ တောရိုင်းတိရစ္ဆာန်များ အကိုက်ခံရခြင်း
________________________________________
✨ ထိတွေ့ကိုက်ခံရခြင်း မဖြစ်ခင် လွန်ခဲ့သော (၃) လအတွင်း ခွေးရူးပြန်ကာကွယ်ဆေးကို အပြည့်အဝထိုးထားသူ ဖြစ်ပါက ကာကွယ်ဆေး ထပ်မံထိုးရန် မလိုအပ်ပါ။ ခွေးရူးအဆိပ်ဖြေဆေးလည်း ထိုးရန်မလိုပါ။ ✨
________________________________________
💉 ခွေးရူးအဆိပ်ဖြေဆေး (Rabies Immunoglobulin)
အမျိုးအစား (၃) ထိတွေ့မှု (Category III Exposure) တွင် Rabies Immunoglobulin ဟုခေါ်သည့် ခွေးရူးအဆိပ်ဖြေဆေးကို ကာကွယ်ဆေးပထမအကြိမ်ထိုးသည့်နေ့မှစ၍ (၇) ရက်အတွင်းသာ ထိုးနှံနိုင်သည်။
💉 ခွေးရူးပြန် ကာကွယ်ဆေးထိုးခြင်း (Rabies vaccination)
▶ ခွေးရူးပြန် ကာကွယ်ဆေးကို ထိုးနှံရာတွင် လက်မောင်း (သို့) ပေါင်အရှေ့ဘက်၊ ဘေးဘက်နေရာများတွင် အရေပြားအောက် (သို့) အသားထဲသို့ သတ်မှတ်ထားသောရက်များအတိုင်း ထိုးနှံနိုင်သည်။
▶ “အရေပြားအောက် ထိုးမည်ဆိုပါက” စတင်ထိုးနှံသည့်နေ့ (D0)၊ (၃) ရက်မြောက်နေ့ (D3) နှင့် (၇) ရက်မြောက်နေ့ (D7) များတွင် စုစုပေါင်း (၃) ကြိမ်ထိုးရန် လိုအပ်သည်။
▶ “အသားထဲသို့ထိုးမည်ဆိုပါက” စတင်ထိုးနှံသည့်နေ့ (D0) ၊ (၃) ရက်မြောက်နေ့ (D3) နှင့် (၇)ရက်မြောက်နေ့ (D7) နှင့် (၁၄)ရက်မြောက်နေ့ (D14) များတွင် စုစုပေါင်း (၄) ကြိမ်ထိုးရန်လိုအပ်သည်။
________________________________________
📌 ယခင်က ခွေးရူးပြန် ကာကွယ်ဆေးထိုးဖူးသူများတွင် ကာကွယ်ဆေးထိုးခြင်း 📌
ယခင်က ကာကွယ်ဆေးကို အပြည့်အဝထိုးထားသည့် အထောက်အထားရှိသူများနှင့် ခွေးကိုက်ခံရပြီးနောက် ကာကွယ်ဆေးအနည်းဆုံး (၂) ကြိမ်ထိုးပြီး ဆက်မထိုးဖြစ်သူများတွင် ထပ်မံထိတွေ့မှု (သို့) အကိုက်ခံရခြင်း ရှိလျှင် အောက်ပါအချက်များကို လိုက်နာရန် လိုအပ်သည်။
▶ ခွေးရူးအဆိပ်ဖြေဆေး ထိုးရန်မလိုပါ
▶ ခွေးရူးပြန်ကာကွယ်ဆေးကို ထိုးရာတွင် စတင်ထိုးနှံသည့်ရက်တွင် တစ်ကြိမ် နှင့် (၃)ရက်မြောက်နေ့တွင် တစ်ကြိမ် စုစုပေါင်း (၂)ကြိမ်ထိုးနှံရမည်။
✨ ယခင်က ခွေးရူးပြန်ကာကွယ်ဆေးကို အပြည့်အဝထိုးထားသည့် အထောက်အထားမပြနိုင်သူများတွင် ကာကွယ်ဆေးကို အပြည့်အဝပြန်လည်ထိုးရမည့်အပြင် လိုအပ်လျှင် ခွေးရူးအဆိပ်ဖြေဆေးပါ ထိုးနှံရမည်။ ✨
📌 ခုခံအားကျဆင်းသူများတွင် ခွေးရူးပြန်ကာကွယ်ဆေးနှင့် ခွေးရူးအဆိပ်ဖြေဆေးထိုးခြင်း 📌
ခုခံအားကျဆင်းသူများတွင် ခွေးရူးပြန် ကာကွယ်ဆေးကို အသားဆေးထိုးခြင်းနည်းကိုသာ အသုံးပြုသင့်ပြီး စတင်ထိုးနှံသည့်နေ့ ၊ (၃) ရက်မြောက်နေ့၊ (၇)ရက်မြောက်နေ့ ၊ (၁၄)ရက်မြောက်နေ့ နှင့် (၂၈)ရက်မြောက်နေ့များ (D0 , D3, D7, D14, D28) တွင် စုစုပေါင်း (၅) ကြိမ် ပြည့်အောင် ထိုးရန်လိုအပ်သည်။
________________________________________
2️⃣ ကြိုတင်ကာကွယ်ဆေးထိုးခြင်း (Pre-exposure prophylaxis)
🛡️ ခွေးရူးပြန်ရောဂါကူးစက်နိုင်ခြေများသည့်သူများ (တိရစ္ဆာန်များနှင့် အထိအတွေ့များသူများ၊ တိရစ္ဆာန်ဆရာဝန်များ၊ ဓာတ်ခွဲခန်းတွင် အလုပ်လုပ်သူများ၊ တိရစ္ဆာန်ပေါများသည့် အဖြစ်များသော နေရာဒေသများသို့ ခရီးသွားလာသူများ)တွင် ထိုးနှံသင့်သည်။ ခွေးရူပြန်ကာကွယ်ဆေးကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ထိုးလျှင် စတင်ထိုးသည့်နေ့တွင် တစ်ကြိမ် နှင့် (၇) ရက်မြောက်နေ့တွင် တစ်ကြိမ် စုစုပေါင်း (၂) ကြိမ်ထိုးနှံရမည်။
⚠️ ခွေးရူးပြန်ရောဂါသည် ရောဂါဖြစ်လျှင် ကုသဆေး မရှိသည့်အတွက်ကြောင့် အသက်သေဆုံးနိုင်ခြေ ၁၀၀% ရှိသည်။ ထို့ကြောင့် ခွေးရူးပြန်ရောဂါကို ကြိုတင်ကာကွယ်ခြင်းသည် အထိရောက်ဆုံး နည်းလမ်းဖြစ်သည်။ ⚠️
🐾 ကာကွယ်ဆေးထိုးခြင်းအပြင် အခြားကြိုတင်ကာကွယ်နိုင်သည့် နည်းလမ်းများမှာ_
▶ မိမိ၏အိမ်မွေးတိရိစ္ဆာန်များကို ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း
▶ မိမိ၏အိမ်မွေးတိရိစ္ဆာန်များကို တစ်ခြား ပြင်ပတိရိစ္ဆာန်များ ထိတွေ့မှုမရှိစေခြင်း
▶ ခွေးရူးပြန်ရောဂါဟု သံသယရှိသည့် လမ်းဘေးခွေးများတွေ့လျှင် သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း
▶ မိမိအိမ်သို့ လင်းနို့များဝင်ရောက်ခြင်းမှ ကာကွယ်ခြင်း
▶ ခွေးနှင့် တစ်ခြားတိရိစ္ဆာန်ပေါများသော အရပ်ဒေသသို့သွားလျှင် ကြိုတင်ပြီး ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံထားခြင်း
▶ ခွေးအကိုက်မခံရအောင် ဂရုစိုက်ခြင်း (လမ်းဘေးခွေးများနှင့် ဝေးဝေးမှနေခြင်း၊ ခွေးများကို ရန်မစခြင်း) စသည်တို့ကိုပြုလုပ်ပေးခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်ခြင်းကို ကာကွယ်လျှော့ချနိုင်သည်။
🧬 ခွေးရူးပြန်ရောဂါအကြောင်း သိကောင်းစရာများ 🧬
https://www.facebook.com/share/p/19ojdFwLkE/
________________________________________
𝗘𝘅𝗽𝗹𝗼𝗿𝗲 𝘄𝗶𝘁𝗵 𝘂𝘀:
𝗪𝗲𝗯𝘀𝗶𝘁𝗲 : https://www.cllhealth.com/
𝗟𝗶𝗻𝗸𝗲𝗱𝗜𝗻 : https://www.linkedin.com/company/cll-health/
𝗬𝗼𝘂𝗧𝘂𝗯𝗲 : https://www.youtube.com/
#ခွေးရူးပြန်ရောဂါ #ခွေးရူးပြန်ရောဂါကာကွယ်ဆေး
🧬 ခွေးရူးပြန်ရောဂါသည် ကြောက်စရာကောင်းသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး အဓိကအားဖြင့် ခွေး နှင့် လင်းနို့များမှတစ်ဆင့် လူကိုကူးစက်ခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါဖြစ်လျှင် အသက် သေဆုံးနိုင်ခြေသည် (၁၀၀%) ရှိသည်။
🐕🦺 မိမိ၏ အိမ်မွေးခွေး (ခွေးရူးပြန်ရောဂါ ကာကွယ်ဆေး ထိုးထားသောခွေး) အကိုက်ခံရလျှင် ခွေးရူးပြန်ရောဂါ ကူးစက်နိုင်ခြေနည်းသော်လည်း မိမိ၏ခွေးသည် တစ်ခြားပြင်ပ တိရိစ္ဆာန်များနှင့် ထိတွေ့မှုရှိနေလျှင် ရောဂါကူးစက်နိုင်ခြေရှိသဖြင့် မပေါ့ဆသင့်ပါ။ ခွေးရူးပြန်ရောဂါ ကုသရန် အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆေး ကြိုတင် ထိုးနှံထားခြင်း ဖြစ်သည်။
________________________________________
🛑 ခွေးရူးပြန်ရောဂါသည် ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုး (Rabies virus) ကြောင့်ဖြစ်ပြီး ဗိုင်းရပ်စ်ပိုးသည် သွေးနွေးသတ္တဝါများ၏ တံတွေးများတွင် တွေ့ရလေ့ရှိသည်။ လူသားများသို့ ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေများသောတိရိစ္ဆာန်များမှာ –
▶ အိမ်မွေးတိရိစ္ဆာန်နှင့် မွေးမြူရေးတိရိစ္ဆာန်များဖြစ်သည့် – ကြောင်၊ ခွေး၊ နွား၊ ဆိတ်၊ မြင်းနှင့် မြွေပါ
▶ တောရိုင်းတိရိစ္ဆာန်များဖြစ်သည့် – လင်းနို့၊ ဖျံ၊ ဝံပုလွေ၊ မြေခွေး၊ မျောက်၊ ရက်ကွန်းနှင့် ရှဉ့်
👉 ခွေးရူးပြန်ရောဂါပိုးရှိသော တိရိစ္ဆာန်များ၏ တံတွေးများနှင့် လူများ၏ ပွန်းပဲ့ဒဏ်ရာ ဖြစ်နေသောအရေပြား (သို့) မျက်လုံး (သို့) ပါးစပ်တို့ကို ထိမိ၍ ခွေးရူးပြန် ရောဂါကူးစက်နိုင်သည်။ ရှားရှားပါးပါးကူးစက်နိုင်ခြေရှိသည့်နည်းများမှာ လှိုဏ်ဂူထဲမှ လင်းနို့များနှင့် ထိတွေ့ခြင်း၊ ရောဂါရှိသူထံမှ ကိုယ်တွင်းအင်္ဂါ လက်ခံယူမိခြင်း၊ မျက်ကြည်လွှာ လက်ခံယူမိခြင်း စသည်တို့ဖြစ်သည်။
👉 ခွေးရူးပြန်ရောဂါဗိုင်းရပ်စ်ပိုးသည် လူ့ခန္ဓာကိုယ်၏ အာရုံကြောများကို အဓိက ထိခိုက်ပျက်စီးစေသည်။ ထိုအာရုံကြောများမှတစ်ဆင့် ဦးနှောက်သို့ကူးစက်ပျံ့ပွားပြီး ဦးနှောက် ထိခိုက်ပျက်စီး၍ သေဆုံးရခြင်းဖြစ်သည်။
________________________________________
🎯 ခွေးရူးပြန်ရောဂါကူးစက်နိုင်သော တိရိစ္ဆာန်များ အကိုက်ခံရလျှင် –
▶ အကိုက်ခံရသည့် ဒဏ်ရာကို သေချာသန့်ရှင်းရေးလုပ်ရပါမည်။ အကိုက်ခံရသည့်ဒဏ်ရာကို ရေ နှင့် ဆပ်ပြာတို့ဖြင့် (၁၅)မိနစ်ခန့်ကြာအောင် သေချာစွာ သန့်ရှင်းရေးလုပ်ရမည်။
▶ အနာကို ပိုးသတ်ဆေးရည် (အရက်ပြန်၊ ဘီတာဒိုင်း) နှင့် သန့်ရှင်းရေး ထပ်မံပြုလုပ်ရမည်။
▶ သွေးထွက်နေလျှင် သန့်ရှင်းသော အဝတ်နှင့် သွေးတိတ်အောင် ဖိထားရမည်။
▶ မိမိ၏မိသားစုဆရာဝန် (သို့) နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့သွား၍တိုင်ပင်ပြသပြီး လိုအပ်ပါက ခွေးရူးပြန်ရောဂါကာကွယ်ဆေး နှင့် မေးခိုင်ကာကွယ်ဆေးထိုးရမည်။
အထက်ပါတို့ကိုလုပ်ဆောင်ခြင်းဖြင့် ခွေးရူးပြန်ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။
________________________________________
ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် လူသို့ကူးစက်ခံရပြီး ရက်ပေါင်းများစွာကြာသည်အထိ ရောဂါလက္ခဏာ မပြပါ။
📌ခွေးရူးပြန်ရောဂါ၏ ကနဦး ရောဂါလက္ခဏာများ
တုပ်ကွေး ရောဂါလက္ခဏာများကဲ့သို့ – ဖျားခြင်း၊ အားအင်ကုန်ခန်းခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနှင့် အကိုက်ခံရသည့်နေရာသည် ပူလောင်ခြင်း၊ ယားယံခြင်း၊ ထုံကျဉ်ခြင်း (သို့) နာကျင်ခြင်း
📌 ခွေးရူးပြန်ရောဂါ ဗိုင်းရပ်စ်ပိုးသည် ဦးနှောက်နှင့်အာရုံကြောတို့ကို ကူးစက်ဝင်ရောက်ပြီး ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများမှာ –
▶ စိတ်ဂနာမငြိမ်ဖြစ်လွန်းခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ရန်လိုခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း
▶ ခေါင်းကိုက်ခြင်း
▶ လည်ပင်းတောင့်တင်းခြင်း
▶ တက်ခြင်း
▶ ကြွက်တက်ခြင်း
▶ နှလုံးခုန်မြန်ခြင်း
▶ အသက်ရှူမြန်ခြင်း
▶ အစာမျိုရခက်ခြင်း၊ တံတွေးအများအပြားထွက်ခြင်း
▶ မျက်နှာတစ်ခြမ်းရွဲ့ခြင်း
▶ ရေကြောက်ခြင်း
▶ မျက်နှာသို့ လေထိသည်ကို ကြောက်ရွံ့ခြင်း
▶ အကြောသေခြင်း
⚠️ ခွေးရူးပြန်ရောဂါ၏ နောက်ဆက်တွဲပြဿနာများမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ပိုမိုဆိုးဝါးလာပြီး နောက်ဆုံးအသက်သေဆုံးခြင်း ဖြစ်သည်။ ထို့ကြောင့် ခွေးကိုက်ခံရဖူးပြီး ခွေးရူးပြန်ခြင်းဟု ယူဆရသည့် လက္ခဏာများ ရှိလျှင် အရေးပေါ်အခြေအနေ ဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသကုသမှုခံယူရန် လိုအပ်ပါသည်။
________________________________________
💡 ကြောက်စရာကောင်းသော ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်သည့် ခွေးရူးပြန်ရောဂါ၏ ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ ကာကွယ်ခြင်း နှင့် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုးခြင်း (ခွေးအကိုက်မခံရမီ ကြိုတင်ကာကွယ် ဆေးထိုးခြင်း (Pre-exposure prophylaxis) နှင့် ခွေးအကိုက်ခံရပြီးမှ ကာကွယ်ဆေးထိုးခြင်း (Post-exposure prophylaxis)) စသည့် အကြောင်းအရာများကို ဆက်လက်ဖတ်ရှုနိုင်ရန်အတွက် comment တွင် Link ပေးထားပါသည်။
#ခွေးရူးပြန်ရောဂါ