29/09/2024
ကလေးများတွင် ဖြစ်တတ်သော ဦးဏှောက်အကြိတ်အား သတိထားနိုင်မည့် အချက် (၈) ချက်
ကလေးတစ်ဦးထံမှာ ဦးဏှောက်အကြိတ် (brain tumor) ရှိနေသလားဆိုတာကို သိနိုင်ဘို့အတွက် ကြိုတင်လေ့လာ စစ်ဆေးမှုတွေ ပြုလုပ်နိုင်ဘို့ အရေးကြီးလှပါတယ်။ ဂျွန်ဟော့ပ်ကင်း ဆေးရုံကြီးရဲ့ ကလေးဆေးကုသရေး စင်တာမှ ကလေးများ၏ အာရုံကြောရောဂါခွဲစိတ်မှုဌာန ဒါရိုက်တာ Alan Cohen, M.D က ဦးဏှောက်မှာ အကြိတ် ရှိလာနိုင်ခြေရှိတဲ့ ဖြစ်လေ့ဖြစ်ထ အများဆုံးရှိတဲ့ ရောဂါ လက္ခဏာတွေကို မျှဝေပေးထားပါတယ်။
၁။ ခေါင်းကိုက်ခြင်း
ဦးဏှောက် အကြိတ်ဖြစ်နေတဲ့ ကလေး တော်တော်များများဟာ သူတို့ရဲ့ ရောဂါဝေဒနာကို စစ်ဆေးမတွေ့ရှိသေးမီမှာ ခေါင်းကိုက်တဲ့ ဝေဒနာကို ခံစားကြရလေ့ ရှိပါတယ်။ သို့သော်လည်း ကလေးတော်တော်များများဟာ ခေါင်းကိုက်တတ်ကြပေမယ့်၊ များသောအားဖြင့် ဦးဏှောက်အကြိတ် ဖြစ်နေတယ်လို့တော့ မဟုတ်ပါဘူး။ အဓိက သတိထား၊ ကြည့်ရှုလေ့လာသင့်တဲ့ အချက်ကတော့ နံနက်ပိုင်း အချိန်မျိုးမှာ ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာကိုပါဘဲ။ သက်ဆိုင်တဲ့ အပိုင်း တစ်ခုအနေနဲ့ တင်ပြရရင် လဲလျောင်းနေတဲ့ အချိန်မျိုးမှာ ဦးဏှောက်အတွင်းပိုင်း ဖိအား မြင့်မားတတ်ပြီး၊ ကျူမာလို့ခေါ်တဲ့ ဦးဏှောက် အကြိတ် ကြောင့် ပိုမို ဆိုးရွားစေလို့ပါဘဲ … ။
၂။ ပျို့ခြင်းနှင့် အန်ခြင်း
ပျို့ခြင်းနှင့် အန်ခြင်း တို့ဟာ တုတ်ကွေးဖြစ်ခြင်း သို့မဟုတ် တုတ်ကွေးကဲ့သို့သော ဖျားနာခြင်း လက္ခဏာများဘဲ ဖြစ်ပါတယ်။ သို့သော်လည်း ရှားရှားပါးပါး အခြေအနေ တစ်ခုအနေနဲ့ အဲဒီလို လက္ခဏာတွေဟာ ဦးဏှောက်အတွင်းမှာ ဦးဏှောက်အကြိတ် တစ်ခု ဖြစ်နေတဲ့အတွက်ကြောင့် ဖိအား တိုးလာလို့ ဆိုတဲ့ လက္ခဏာမျိုး ဖြစ်နိုင်ပါတယ်။ တစ်ကယ်လို့ အဲဒီလို လက္ခဏာမျိုးဖြစ်နေရင် ဖြစ်စေ၊ သို့မဟုတ် ခေါင်းကိုက်တာနဲ့ ပေါင်းပြီး ဖြစ်တာမျိုး ဖြစ်တာမျိုး ဖြစ်စေ ဖြစ်နေခဲ့ရင် ကလေးအထူးကု ဆရာဝန်ထံ ပြသပြီး အကြံဉာဏ်များကို တောင်းခံသင့်ပါတယ်။
၃။ အိပ်ချင်နေခြင်း
အိပ်ချင်နေသော ကလေးတစ်ယောက်ဟာ မည်သည့် သတိထားစရာ အချက်များကို ပေးလိမ့်မည်တော့ မဟုတ်ပေ။ သို့သော် မိမိ၏ စိုးရိမ်စိတ်တစ်ခုအားဖြင့် သတိထားပေးနိုင်ပါသည်။ သင်၏ ကလေးဖြစ်သူ အနေဖြင့် သိသာထင်ရှားသော အကြောင်း တစ်စုံတစ်ရာ မရှိပါဘဲ၊ လှုပ်ရှားမှု နှေးကွေးနေခြင်း၊ အကြောင်းအရာရာ တစ်ခုခုကို ခက်ခက်ခဲခဲ တွေးနေရခြင်း၊ အာရုံ စူးစိုက်နေရခြင်း၊ အလွယ်တစ်ကူ မမှတ်မိခြင်းများ ဖြစ်နေခဲ့ပါက လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်ရန်အတွက် နီးစပ်ရာ ဆရာဝန်၏ အကြံပေး ညွှန်ကြားချက်များကို ရယူသင့်ပါသည်။
၄။ အမြင်၊ အကြား သို့မဟုတ် စကားပြောဆိုမှု ပြောင်းလဲခြင်းများ
ဦးဏှောက် အကြိတ် တည်ရှိနေသော နေရာ အပေါ်တွင်မူတည်ကာ အမြင်၊ အကြားနှင့် စကားပြောဆိုမှု တို့အပေါ်တွင် သက်ရောက်မှုများ ရှိမည်ဖြစ်ပါသည်။ သို့သော်လည်း ကလေးများ အနေဖြင့် ထိုသိုသော အချက်များတွင် စိန်ခေါ်မှု အခက်အခဲများ ရှိနေခြင်းများသည် ဦးဏှောက်အကြိတ်နှင့် ဆက်နွယ်မှုများ မရှိသည်လည်း ဖြစ်နိုင်ပါသည်။ ကလေး၏ မြင်မှု၊ ကြားမှုနှင့် စကားပြောဆိုမှုတို့သည် ရုတ်တရက်ကြီး ဆိုသလို အပြောင်းအလဲများ ဖြစ်လာခဲ့ပါက နီးစပ်ရာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် တိုင်ပင် စစ်ဆေးသင့်ပါသည်။
၅။ လုပ်ကိုင်မှု ပေါင်းသင်းဆက်ဆံမှု ပြောင်းလဲခြင်းများ
ကလေး၏ လုပ်ကိုင်မှု ပေါင်းသင်းဆက်ဆံမှု ပြောင်းလဲခြင်းများသည် မိဘဖြစ်သူတို့၏ ထိမ်းသိမ်း ပဲ့ပြင်မှုအပေါ်တွင် ပုံမှန် (စိတ်ပျက်နေခဲ့လျှင်လည်း) အားဖြင့် မှီတည်နေပေမည်။ ရှားရှားပါးပါး အခြေအနေအားဖြင့် ထိုသို့သော အချက်များသည် ဦးဏှောက်အကြိတ်သည် cerebral cortex အပေါ်တွင် သက်ရောက်နေသည့်အတွက်ကြောင့်လည်း ဖြစ်တတ်ပေသည်။ ကလေး၏ စိတ်ပိုင်းဆိုရာ ပြောင်းလဲမှုများ သို့မဟုတ် လုပ်ကိုင်မှု ပေါင်းသင်းဆက်ဆံမှုများ အပြောင်းအလဲ ဖြစ်လာခြင်း သို့မဟုတ် သိသာသော အပြောင်းအလဲများ ဖြစ်ပေါ်ခြင်း တို့ဖြစ်ပေါ်လာပါက ကလေးအထူးကု ဆရာဝန်နှင့် တိုင်ပင် ကုသသင့်ပါသည်။
၆။ မျှခြေမထိမ်းနိုင်ဘဲ မူးမိုက်ခြင်းနှင့် ယိုင်လဲမလို ဖြစ်ခြင်းများ
ဦးဏှောက်အကြိတ် သည် brain stem နှင့် နီးနေပါက၊ မျှခြေမထိမ်းနိုင်ဘဲ မူးမိုက်ခြင်းနှင့် ယိုင်လဲမလို ဖြစ်ခြင်းများ ဖြစ်ပေါ်နိုင်ပေသည်။ ပြေးလွှားနိုင်သော အရွယ် ကလေးများတွင် မထိမ်းနိုင်ဘဲ လိမ့်သွားခြင်း၊ လဲကျခြင်းများသည် ပုံမှန်အားဖြင့် ဖြစ်တတ်ပေသည်။ သို့သော် ကလေးငယ်များတွင် ဆိုးရွားသော အခြေအနေများ ဖြစ်ပေါ်လာခဲ့ပါက ဆရာဝန်အား ခေါ်ယူပြသသင့်ပါသည်။ အတန်ငယ် အရွယ်ရနေပြီဖြစ်သော သင်၏ ကလေးများတွင် သူတို့၏ မျှခြေကို ထိမ်းနိုင်ရန်အတွက် အလွန်ကြိုးစားလုပ်ဆောင်နေရပါက ဘယ့်အတွက်ကြောင့် ဖြစ်ရသည်ကို ဆရာဝန်ထံ ပြသကာ အကူအညီ တောင်းခံနိုင်ပါသည်။
၇။ တက်ခြင်း၊ သတိလစ်ခြင်း
ဦးဏှောက်အကြိတ်သည် ဦးဏှောက်၏ အပေါ်ယံ မျက်နှာပြင်တွင် ရှိနေပါက တက်ခြင်း၊ သတိလစ်ခြင်း၊ များဖြစ်ပေါ်တတ်ပေသည်။ ရယ်မောခြင်း အပါအဝင်၊ လုပ်ဆောင်မှု အကြောင်းမျိုးစုံကြောင့်လည်း တက်ခြင်းများ ဖြစ်ပေါ်တတ်ပေသည်။ ကလေးတွင် ထိုသို့သော အချက်များ ဖြစ်ပေါ်နေပါက ဆရာဝန်ထံ ပြသ တိုင်ပင်သင့်ပေသည်။ ထိုသို့ ဖြစ်ခြင်းများသည် ဦးဏှောက်အကြိတ်ကြောင့်သော်လည်းကောင်း၊ အခြားအကြောင်းကြောင့်သော်လည်းကောင်း ဖြစ်နိုင်သော်လည်း ထိုသို့ တက်ခြင်း၊ သတိလစ်ခြင်း များအား ဘယ့်အတွက်ကြောင့် ဖြစ်ရသည်ကို အမြဲလိုလို စစ်ဆေးဖော်ထုတ်သင့်ပါသည်။
၈။ ဦးခေါင်းအရွယ်အစား ကြီးမားခြင်း
ငယ်ရွယ်သော ကလေးများတွင် သူတို့၏ ဦးခွံသည် အရွယ်အလိုက် အတူတစ်ကွ ဖွံဖြိုးခြင်း မရှိသေးသည်များလည်း ဖြစ်တတ်ပါသည်။ အရိုးများသည် ပျော့ပြောင်းကာ ပုံသွင်းနိုင်သေးသည့် အခြေအနေတွင် ရှိနေသေးသည်ဖြစ်ရာ၊ ဦးဏှောက်အကြိတ်ကြောင့် သူတို့၏ ဦးခေါင်းအား ပုံမှန်မဟုတ်သော နည်းလမ်းအားဖြင့် ပိုမိုကြီးထွားလာစေပါသည်။ သင့်ကလေး၏ ဦးခေါင်းပုံသဏ္ဌန်သည် တစ်ဘက်ဘက်သို့ ကြီးထွားလာခြင်း သို့မဟုတ် အခြား ပြင်းထန်သော အပြောင်းအလဲများဖြစ်ပေါ်နေခဲ့ပါက၊ ဆက်လက် စစ်ဆေးကုသရန်လိုအပ်သည်များကို ဆရာဝန်ထံ ပြသကာ အကြံဉာဏ်များ တောင်းခံသင့်ပါသည်။
အထက်က ဖော်ပြခဲ့သည့် ရောဂါလက္ခဏာများသည် ပုံမှန် ဖြစ်လေ့ ဖြစ်ထရှိသော ကျန်းမာရေး အခြေအနေများကြောင့်လည်း ဖြစ်တတ်ပါသည်။ သို့သော်လည်း တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ရောဂါလက္ခဏာများသည် သင်၏ ကလေးတွင် ဖြစ်ပေါ်နေခဲ့ပါက၊ သင်ယုံကြည်ရသော ကျွမ်းကျင်သော ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ကာ အကြံဉာဏ်များကို ရယူသင့်ပါသည်။ ထိုသို့သော ရောဂါလက္ခဏာများ ဖြစ်ရခြင်းအား MRI Scan ဖြင့် ဦးဏှောက် အနေအထား ပုံမှန် ဖြစ်မဖြစ်ကို စစ်ဆေး ဆုံးဖြတ်ပေးနိုင်ပါသည်။
အကယ်၍ သင်၏ ကလေးထံတွင် ရှားပါးသော အခြေအနေအားဖြင့် ဦးဏှောက်အကြိတ် တစ်ခုရှိနေပြီဆိုပါက၊ ကလေးများအတွက် အာရုံကြောရောဂါများခွဲစိတ်ကုသမှု နောက်ဆုံးပေါ် ကုသနည်းများဖြင့် လူငယ် ရောဂါသည် အတော်များများအား ပျောက်ကင်းအောင် ကုသနိုင်နေပြီ ဖြစ်ပါသည်။
မှတ်ချက် … ရောဂါရှာဖွေမှု ပြုလုပ်ရာတွင်၊ သင့်ကလေး၏ ဦးဏှောက်အတွင်းပိုင်း အခြေအနေကို သိရှိနိုင်ရန်အတွက် MRI Scan ရိုက်ကူးရန်အတွက် ငွေကြေး အခက်အခဲ ရှိပါက “KMBLinn Health Care Fund” ဖေ့စ်ဘွတ်ခ် စာမျက်နှာ မှတစ်ဆင့် လူနာရှင်၏ အမည်၊ အသက်၊ နေရပ်လိပ်စာ၊ ဆရာဝန်၏ MRI ရိုက်ကူးရန်အတွက် လွှဲစာအထောက်အထား တို့ကို တင်ပြပြီး အကူအညီ ရယူနိုင်ပါသည်။