01/01/2025
ဆေးစပ်ပေးပါပြောလာတိုင်း ပိုးသတ်ဆေးတွေ NSAIDS တွေမလ်ုရင် မပေးဖြစ်တာများပါတယ် ဆေးကိုမလိုအပ်ဘဲသောက်ခဲ့ရင် ကျောက်ကပ်ဘဲအလုပ်ပိုလုပ်ရကြောင်းလည်း ရှင်းပြပေးဖြစ်တယ် 🤍
#ဆင်ခြေဖုံးတွေမှာလက်လုပ်လက်စားများတဲ့နေရာတွေမှာ_စပ်ဆေးကတော့_မကင်းနိုင်ကြပါ
#ဆရာဝန်ပြဖို့အဆင်မပြေသူများ_ချို့တဲ့သူများအတွက်_စပ်ဆေးကဆက်ရှိနေအုန်းမှာပါ
#စပ်ဆေး
စပ်ဆေး အန္တရာယ်အကြောင်းရေးတဲ့ဆောင်းပါးအောက်က Comment လေးတစ်ခုပါ ၊ ဟုတ်ပါတယ် ဆရာဝန်ပြသဖို့လက်လှမ်းမမှီတဲ့သူတွေရှိပါတယ် ဒါပေမယ့် အဲ့လိုလက်လှမ်းမမှီတာနဲ့ တစုံတခုဖြစ်ရင် စပ်ဆေးသောက်ရမှာ ဆိုတာကတော့ မဟုတ်ပါဘူး
စပ်ဆေးထဲ ထည့်လေ့ရှိတဲ့ #အရောင်ကျဆေး_Steroid နဲ့ #အကိုက်ခဲပျောက်ဆေး_NSAIDs တွေရဲ့ အန္တရာယ်ကို
👉 စပ်ဆေးဆေးရောင်းတဲ့သူတွေ နဲ့
👉 ဆရာဝန်လက်လှမ်းမမှီတဲ့မိဘပြည်သူတွေ သေသေချာချာသိရှိလာအောင် ကျွန်တော်တို့က ကြိုးစားပြီး အသိပညာပေးနေပါတယ်
* အဲ့ဆေးမသောက်တော့ ကိုက်ရင်ခဲရင် ဘာသောက်ရမှာလဲ ဆိုတာကိုလည်း ဖြေရှင်းပေးပါမယ်
* မကိုက်မခဲရအောင် နေထိုင်မှုတွေပြင်ဖို့ကိုလည်း မျှဝေပေးပါမယ်
ဒါပေမယ့် လိုအပ်တာက အဲ့လိုမျှဝေပေးတာကို ဖတ်ကြဖို့ပါ
စာရှည်တယ်မဖတ်ဘူးဆိုတာမျိုးပေါ့ 🥹😰
___________
ပထမဆုံး
စပ်ဆေးဆိုတာမှာ အရောင်ကျဆေး Steroid , အကိုက်ခဲပျောက်ဆေး NSAIDs , Cevit , အစာအိမ်ဆေး Antacid ဆိုတာတွေပါတတ်ပါတယ်။
ကိုက်ခဲဖျားနာ ပျောက်ပါတယ်
🚨 🚨 🚨 ဘာအန္တရာယ်ရှိလဲ 🚨 🚨 🚨
အရောင်ကျဆေး Steroid တွေဟာ သွေးတိုး၊ ဆီးချို၊ အရိုးပါးအရိုးပွ၊ အဝလွန်၊ အစာအိမ်ရောဂါတွေဖြစ်လာမှာဖြစ်ပြီး
အကိုက်ခဲပျောက်ဆေး NSAIDs တွေဟာ အစာအိမ်ရောင် ၊ အူ/အစာအိမ်အနာ၊ အစာအိမ်သွေးကြောပေါက်၊ ကျောက်ကပ်ပျက်တာတွေဖြစ်လာတတ်ပါတယ် (ဘာရောဂါမှ မယ်မယ်ရရ မရှိပဲ အသက် ၂၀ ကျော်နဲ့ ကျောက်ကပ်ဆေးနေရတာတွေ အတွေ့များလာပါတယ်)
____________
#အဲ့ဒါမသောက်လို့ဘာသောက်ရမှာလဲ❓
🤒 ကိုက်ခဲဖျားနာအတွက် Paracetamol 500mg ပါတဲ့ ဆေးကို တစ်နေ့ကို (၃) ကြိမ် ၈ နာရီခြားပြီးသောက်လို့ရပါတယ်
(၁၀ လုံးကို ၅၀၀ ပဲရှိလို့ တစ်လုံး ၅၀ လောက်ပဲကျသင့်ပါတယ်)
အကိုက်ခဲပျောက်ဆေး NSAIDs လောက် ကိုက်ခဲတာမသက်သာပေမယ့် အထိုက်အလျောက်သက်သာပါတယ်
🗣️ ချောင်းဆိုးတာအတွက် က Dextromethorphan နဲ့ Chlorphenamine ရောထားတဲ့ ဆေးကို တစ်နေ့ကို (၃) ကြိမ် ၈ နာရီခြားပြီးသောက်လို့ရပါတယ်။ တစ်ကဒ်မှ ၁၀၀ ဝန်းကျင်ရှိတဲ့ brand တွေရှိလို့ တစ်လုံး ၁၀ ကျပ်ပဲ ကျပါတယ်။
🤧 နှာစေး၊နှာမွှန်၊နှာရည်ယိုတာအတွက် Burmeton , Cetrizine စတဲ့ ဆေးတွေရှိပါတယ် ။ Burmeton ဆို တစ်နေ့ ၃ ကြိမ်/၄ ကြိမ် သောက်လို့ရပြီး Cetrizine က တစ်နေ့တစ်ကြိမ်ပဲသောက်ဖို့လိုပါတယ် (Original Cetrizine က စျေးများပေမယ့် စျေးသက်သာတဲ့ Brand တွေရှိပါတယ်)
🤢 ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် စျေးကြီးတဲ့ Probiotic တွေသောက်နေစရာမလိုပါဘူး - ဝမ်းသွားသလောက် ဓာတ်ဆားရည်လိုက်သောက်ရုံပါပဲ ဓာတ်ဆားတစ်ထုပ် ၅၀၀ ဝန်းကျင်ရှိပါတယ်
စျေးများလို့ဓာတ်ဆားမသောက်ချင်ဘူးဆိုလဲ
ရေတစ်လီတာ ကို အိမ်မှာရှိတဲ့ သကြားလက်ဖက်ရည်ဇွန်း (၈) ဇွန်း ၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ထည့်ပြီး သေချာပျော်အောင်ဖျော်သောက် လို့ရပါတယ်။
နေမကောင်းတဲ့အခါ အဓိက အရေးကြီးတာက
1. အစာအာဟာရဝင်အောင်စားရပါမယ်
အစာကြေမလွယ်လို့ ဆန်ပြုတ်၊ စွပ်ပြုတ်သောက်လည်း ရပါတယ် (အရေးကြီးတာက အစာမဖြတ်ဖို့ပါ) (အသားဓာတ်ကအရေးကြီးပါတယ် ငါးစားလည်းရသလို ပဲစားလည်းရပါတယ်)
2. သေသေချာချာနားရပါမယ် - အလုပ်ကတစ်နေ့လုပ်မှတစ်နေ့စားမို့ ခွင့်မရဘူးဆိုလည်း အိမ်ရောက်တဲ့အခါ သေသေချာချာနားပါ ၊ သေသေချာချာအိပ်ပါ
3. ရေအရည်ဟာ အရေးကြီးလှပါတယ်
ရေကတော့ ကြိုက်သလောက်သောက်လို့ ရနိုင်တာမို့ တစ်နေ့ (၃) လီတာ အနည်းဆုံးသောက်ပါ
4. အရက်သောက်ရင်ကိုက်ခဲတာသက်သာသလိုရှိနိုင်ပေမယ့် ရေဓာတ်ခမ်းခြောက်မှုကိုဖြစ်စေသလို ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေလို့ ဖျားနာတာကို ကြာရှည်စေပါတယ်
အရက်မသောက်ပါနဲ့ ၊ ဆေးလိပ်မသောက်ပါနဲ့
____________
#အလုပ်ကြောင့်_ကိုက်ခဲနာကျင်တာတွေလျော့ပါးရအောင်
- ရေများများသောက်ပါ (ရေဓာတ်ခမ်းခြောက်ခြင်းက ကြွက်သားအဆစ်မြစ်တွေနာကျင်စေပါတယ်)
- ချွေးထွက်များလို့ ရေနဲ့ဓာတ်ဆားဓာတ် (Calcium, Potassium) စတာတွေ ဆုံးရှုံးတဲ့အခါ ကိုက်ခဲတာ ၊ ကြွက်သားတွေအားမရှိတာ နုံးတာတွေဖြစ်လာတတ်လို့ ချွေးထွက်များလွန်းရင် အပေါ်မှာပြောထားတဲ့ ဓာတ်ဆားဖျော်နည်းအတိုင်းဖျော်သောက်ပါ
- ဖီးကြမ်းငှက်ပျော်သီးစားပါ
- ကြွက်သားတွေအသုံးပြုတာများပြီး တင်းမာနေတာတွေကို ပြန်မလျှော့ပေးရင် ကိုက်ခဲတာတွေဖြစ်တတ်လို့ အိမ်ရောက်လို့ ရေမချိုးခင် အကြောလျှေော့လေ့ကျင့်ခန်းလေး ၁၀-၁၅ မိနစ်လောက်လုပ်ပါ (ဘာလုပ်ရမလဲ မသိရင် ကျွန်တော့ Page မှာ အကြောလျှော့လေ့ကျင့်ခန်းဆိုတာကြည့်ပြီး လိုက်လုပ်လို့ရပါတယ်)
- ကျွန်တော်တို့ နိုင်ငံက ဟင်းသီးဟင်းရွက်က အသားထက်စျေးသက်သာပါတယ် များများစားပါ နေ့တိုင်းစားပါ (အားဆေးဆိုတဲ့ Multivitamins တွေသောက်စရာမလိုဘူးပေါ့)
- အရက် ဆေးလိပ် ကွမ်း စားနေ/သောက်နေရင် ဖြတ်ဖို့ကြိုးစားပါ (ကျန်းမာရေး/လူမှုရေး/စီးပွါးရေး တခုအတွက်မှ မကောင်းပါဘူး)
ဒီလို နည်းလမ်းလေးတွေ နေ့စဉ်နေ့တိုင်း လိုက်နာပြီး နေထိုင်မှုပုံစံပြင်လိုက်ရင် မကြာခဏဖျားနာတော့မှာ မဟုတ်သလို
ဖျားနာခဲ့လျှင်လည်း စပ်ဆေးတွေအလွယ်မသောက်ပဲ ညွှန်းပြထားတဲ့ ဆေးတွေကြိုးစားကြည့်ပါ
မသက်သာပဲ အတော်ဆိုးလာခဲ့ရင် နီးစပ်ရာပြည်သူ့ဆေးရုံပြင်ပလူနာဌာနကိုပြသလိုက်ပါ (တချို့ဆေးတွေဆို အခမဲ့တောင်ပေးတတ်ပါတယ်)
စာရှည်ပေမယ့် အကျိုးရမယ်ထင်ပါတယ် Tik Tok 5 ခုလောက်ကြည့်မယ့် အချိန်လေးပဲရှိတာပါ
ပြောင်းလဲကြည့်ကြပါ 💪💪💪
(Photo credit; YangonMediaGroup )
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
💕Happy New Year to you all 💕
Dr. ဘုန်းစည်သူလွင်
11:30 pm/31.12.24
(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )