01/11/2022
တရားသိ တရားရှိ ခြင်းသာ ထက်မြက်ခြင်း ဖြစ်ပါတယ်။
ထက်မြက်တဲ့ မိန်းမ..
ထက်မြက်တဲ့ မိန်းမ..
ဆိုပြီး..စာတွေ ပေတွေ တခုတ်တရရေးကြ ပြောကြတာတွေမြင်တော့..
ကိုယ့်ခေတ် ကိုယ့်အခါတုန်းက ထက်မြက်တဲ့ မိန်းမတွေ အကြောင်း သတိရလာမိတယ်
အဲဒီတုန်းက ကျွန်မလည်း စီးပွားရေးပညာရပ်တွေ လေ့လာ လိုက်စားပြီး..ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ Seminar တွေတက်တာ..Presentation တွေ ပြောတာ..နားထောင်တာ..ဆွေးနွေးတာ..စာတမ်းတွေရေးတာ..
စသည်ဖြင့် လူအထင်ကြီးလောက်စရာ..အလုပ်တွေ အတော် လုပ်ခဲ့ဖူးတယ်..
အဲဒီထဲမှာ တကယ် ထက်မြက်တဲ့ မမတွေဟာ..လုပ်ငန်းတွေကို ဦးဆောင်နိုင်တဲ့သူတွေ..ဘယ်နေရာမှာ..ဘယ်လို နည်းဗျူဟာ Strategy တွေချပြီး..ရာခိုင်နှုန်းတွေ ဘယ်လောက်ထိ တိုးသွားအောင် စွမ်းဆောင်နိုင်တာ..ဘာညာ..စသည်ဖြင့်..ရှိသမျှ မီဒီယာ ဂျာနယ် မဂ္ဂဇင်းတွေ..မှာ သူတို့ပုံတွေ အင်တာဗျူးတွေ ဝေဝေဆာဆာနဲ့ အတော် ပေါ်ပြူလာဖြစ်နေခဲ့ကြတာကို တွေ့ခဲ့ဖူးတယ်..
Facebook ဆိုတာမပေါ်သေးတဲ့ အဲဒီအချိန်မှာ စီးပွားရေး လောကနဲ့ပတ်သက်တဲ့ သတင်းတွေ သိချင်ရင် ဒါမျိုးတွေ ဝယ်ဖတ် ဌားဖတ်ခဲ့ရတယ်..
ကျွန်မက အဲဒီတုန်းက မဟာဘွဲ့ ကျမ်းပြုနေတဲ့ ကျောင်းသူတစ်ဦးမို့ အဲဒီ မမတွေကိုတွေ့ရင် အားကျတာအမှန်ပဲ..
လှလည်းလှ..တော်လည်းတော်..သက်ဆိုင်ရာ နယ်ပယ်တွေမှာလည်း နှံ့စပ်..ပြည့်စုံ..အောင်မြင်..
သူတို့စကားတွေကြားရရင်ကို အားတက်မိတယ် ကြိုးစားချင်စိတ်တွေဖြစ်လာရတယ်..
ကိုယ့်စိတ်ထဲမှာတော့..သြော်..ထက်မြက်တဲ့ မိန်းမဆိုတာ ဒီလို အမျိုးသမီးတွေပါလား လို့ အမှတ်ပေးမိတာအမှန်ပဲ
နှစ်အရပြောရရင် လွန်ခဲ့တဲ့ ၁၃နစ်လောက်ကပေါ့..
အမျိုးသမီးတစ်ယောက် စကားပြောနေသံကို သတိထားမိပြီး..လူကို သတိပြု
မိလိုက်ရာကနေ..သူဟာ..ကျွန်မသတ်မှတ်တဲ့ ထက်မြက်တဲ့ မိန်းမ အမျိုးအစားထဲမှာပါနေခဲ့တာကို သိခဲ့ရတော့တာပဲ....
ကျွန်မ ဖတ်တဲ့ စာအုပ်တွေ မဂ္ဂဇင်းတွေမှာ သူ့အကြောင်းတွေ သူနဲ့တွေ့ဆုံခန်းတွေ ခဏခဏ သူ့ဓာတ်ပုံတွေနဲ့ ပါလာနေတော့တာကိုး..
သူက..ကုမ္ပဏီ ကြီးတစ်ခုမှာ.. ရာထူးကြီးတစ်ခုရထားတယ်
အလုပ်ကောင်းတယ်..ဝင်ငွေကောင်းတယ်..
အကြံဉာဏ်တွေကောင်းတယ်..နည်းဗျူဟာတွေ ချမှတ်တဲ့နေရာမှာတော်တယ်..ဆုံးဖြတ်ချက်တွေမှန်ကန်တယ်..
ချမ်းသာတယ်..အိမ်ထောင်ရှင်မတစ်ဦးလည်းဖြစ်တယ်..
နောက်ပိုင်းကျတော့ ကျွန်မလည်း ဒီအသိုင်းအဝိုင်းနဲ့ ပတ်သက်မှုမရှိတဲ့ မိန်းမတစ်ယောက်ဖြစ်လာတယ်..
ကျွန်မ ဘဝမှာလည်း ခေါင်းစဉ်တွေပြောင်းသွားတယ်..
ထက်မြက်တာတွေ..ဘာတွေလည်း သိပ်စိတ်မဝင်စားတော့ဘူး..
ကိုယ့်ကိုယ်ကိုယ်ပဲ
ဘယ်လိုပိုကောင်းအောင် လုပ်ရမလဲ..ဆိုတာ စိတ်ဝင်စားတော့တယ်..ကျွန်မအတွက် Inner Journey စခဲ့တယ်..
ဝိပသနာ အလုပ်ကို စိတ်ဝင်စားလာတယ်..ဟိုဟာလိုက်ဖတ်.ဒီဟာလိုက်နားထောင်နဲ့..လေ့လာနေဆဲအချိန်...
တနည်းအားဖြင့် ဘယ်ကျောင်းတက်ပြီး..ဘယ်ဆရာဆီသွားရမလဲလို့ လိုက်ရှာနေတဲ့ အချိန်မှာ..
သတင်းတစ်ခုကို Social Media မှာ တွေ့လိုက်ရတယ်..
ကျွန်မ ချစ်ခဲ့တဲ့ ထက်မြက်တဲ့ အမျိုးသမီး အသက် ၄၀ ကျော်နဲ့ ဆုံးသွားတဲ့ သတင်းပါပဲ..
တကယ်တော့ သူ့ကို မေ့နေခဲ့တာကြာပြီ..
ခုပြန်တွေ့ရတော့..ကွယ်လွန်သွားပြီတဲ့..
ဟယ်..ဒီအစ်မကို သိတယ်..ဆိုပြီး..သူ့အကြောင်းရေးထားတာလေးတွေ လိုက်ဖတ်ခဲ့မိတယ်..
ရောဂါအသိနောက်ကျခဲ့ရတယ်..
မိသားစုတွေကို သူကပဲပြန်အားပေးလို့..အလုပ်တွေကို လျော့ချလိုက်တယ်..အချိန် မကျန်တော့ဘူး ဆိုတဲ့ အသိနဲ့..အပြင်းအထန်ကိုတရားအားထုတ်တယ်..
တောထဲအထိ သွားပြီးတရားအားထုတ်တယ်..
တိုတိုပြောရရင်တော့..
မသေခင် တရားစစ် တရားမှန်ကို တွေ့သွားတဲ့သူပေါ့..
သူသူကိုယ်ကိုယ် ဆိုရင် သူ့လို အခြေအနေမှာ စိတ်ဓာတ်တွေအရမ်းကျသွားမယ်..
ပျော့ခွေသွားမယ်..
ထားခဲ့ရမှာတွေ အများကြီးပဲ..
မိသားစုတွေ..စည်းစိမ်ချမ်းသာတွေ..အောင်မြင်မှုတွေ..ဂုဏ်သတင်းတွေ..အရွယ်ကလည်း အရွယ်ကောင်းမို့ ဒါတွေဖြတ်နိုင်ဖို့ဆိုတာ သိပ်မလွယ်..
တကယ်တော့..သူက
ထက်မြက်တယ်ဆိုတာထက်အများကြီးပိုခဲ့တာ..
အသည်းအသန် အခြေအနေတစ်ခုမှာ အချိန်ရော စိတ်ရော..ဦးနှောက်ရော..manage လုပ်ပြီး
သံသရာက ထွက်တဲ့လမ်းကို ရှာတွေ့သွားတာ..
သူကွယ်လွန်ပြီးတဲ့နောက်မှာ..သူရေးခဲ့တဲ့ ဓမ္မ မှတ်စုလေးတွေ.. Facebook ပေါ် တက်လာတယ်..
သူ့ မှတ်စုတွေထဲမှာ..
ကိုယ်သိပြီးသားတွေပါသလို..
ကိုယ်မသိတာတွေလည်း..တွေ့ရတယ်..
အကောင်းဆုံးကတော့ လက်ကျန်အချိန် အင်မတန်နည်းနေတဲ့ လူတစ်ယောက်အနေနဲ့ သူဘာတွေကို ဘယ်လိုတွေးနေခဲ့လဲဆိုတဲ့ အတွေးစတွေကို လိုက်ရှာရတာဟာ..ဝမ်းနည်းစရာကောင်းသလို..ငါလည်း လုပ်ရမယ်..ဆိုတဲ့ အသိကိုလည်း ရစေတဲ့အတွက် ဒီအစ်မကို လူကိုယ်တိုင် မဆုံဖူးလိုက်ပေမဲ့ ကျေးဇူးတင်နေမိတယ်..
ခေတ်တွေပြောင်းလာတော့ ထက်မြက်တဲ့ မိန်းမတွေရဲ့ပုံစံတွေလည်း ပြောင်းလာခဲ့တယ်..
လူပုံအလည်မှာ စွာရဲတယ် ဖြဲရဲတယ်..ငါအမြဲမှန်တယ်..လို့ ကိုယ့်ကိုယ်ကို
ဘယ်တော့မှ သံသယမရှိ..၁၀၀ ရာခိုင်နှုန်း ပြောရဲတယ်..ဝေဖန်မှုတွေကို ဂရုမစိုက်..ဆဲရင်ပြန်ဆဲတယ်..ပိုလုပ်ပြတယ်..
ယောကျာ်းကို ဘာညာ ဘယ်လို ပြုစုပေးမှ..အဝတ်အစား ကို ဘယ်လိုဝတ်ပြမှ..ယောကျာ်းချစ်တာခံရမှ..
ထက်မြက်တဲ့ မိန်းမလို့လည်း ဆိုကြပြန်တယ်..
သာမန် မိန်းမတစ်ယောက်ဖြစ်တဲ့..ကျွန်မဟာ..အဲဒီ...နာမည်ကျော်ကြား.. ထက်မြက်တဲ့ မိန်းမသားများဆီက ဘာတွေများရနိုင်မလဲလို့ စောင့်ကြည့်တတ်တဲ့စိတ်တော့ ...တစ်ခါတစ်လေရှိနေခဲ့ပါတယ်..
အကျဉ်းအကျပ်ကျနေတဲ့ အခြေအနေတွေမှာ ထွက်ပေါက်ကို ဘယ်လို ရှာခဲ့သလဲဆိုတဲ့..သူတို့ရဲ့..ရုန်းကန်မှု ကြိုးစားမှုတွေကို သိချင်ခဲ့မိတယ်..
Inspiration လေးတစ်ခုခုပေါ့..
ဒါပေမဲ့..
သူတို့ ပြောတဲ့စကားတွေကို နားထောင်ကြည့်တဲ့အခါ..
ပညာရပ်ပိုင်းဆိုင်ရာမှာ..နှံ့စပ် ကျွမ်းဝင်မှုတွေ..
အသိဥာဏ်ပိုင်းဆိုင်ရာမှာ..ပြည့်ဝမှုတွေ..
ဂုဏ်သိက္ခာအရ..တန်ဖိုးထားအပ်တဲ့ စံတွေ ပျောက်နေတာတော့အမှန်ပဲ..
ကိုယ်ခံယူထားတဲ့ Professional ဘဝတစ်ခုကို ကိုယ်တိုင် လေးစားတတ်ရဲ့လား..
မိဘ ဆွေမျိုး အသိုင်းအဝိုင်းက လက်မ..ထောင်..
ဂုဏ်ယူကြတဲ့..အမျိုးသမီးတွေ ဖြစ်ရဲ့လားဆိုတာ..ပြန်ပြီး မေးခွန်းထုတ်ချင်စရာတွေ ဖြစ်လာမိတယ်..
ခေတ်တွေပြောင်းလာသလို ထက်မြက်တဲ့ မိန်းမဆိုတဲ့ ခေါင်းစဉ် အောက်က Definition တွေလည်း ပြောင်းလာတာ
ဖြစ်နိုင်ပါတယ်..
ကျွန်မကတော့ ရှေးရိုးဆန်တဲ့သူပါပဲ..
လူတွေဟာ..သေလောက်တဲ့ အကြောင်းတွေ မတွေ့ခင်မှာတော့ မာနတွေနဲ့ထောင်မတ်ပြီး နေတတ်ကြပါတယ်..
ဒီ ကြောက်စရာအဖြစ်တွေကို ခဏခဏတွေ့မိတဲ့အခါ..
ကိုယ့်ကိုယ်ကို ဘယ်လို ကယ်တင်ရမလဲဆိုတာသာ..
ကျွန်မအတွက် စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်လာတယ်..
ကိုယ့်ကိုယ်ကို ကယ်တင်ရုံသာမက..တကယ်ကို လွတ်မြောက်သွားကြသူတွေဟာလည်း ကျွန်မအတွက် Spiritual Mentor..စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ..လေးစားအားထား ရသူတွေ ဖြစ်လာကြတော့တာပါပဲ
မွန်ဟော်စီ
ဇွန် ၂၀၁၉
#ထက်မြက်တဲ့မိန်းမ
Photo: Internet