 
                                                                                                    24/09/2025
                                            လေစာအမျိုးမျိုးနှင့် ဆင်ခြင်စရာများ
မြန်မာစကားတွင် လေပွသည်၊ လေချုပ်သည်၊ လေအေ
လေစာအမျိုးမျိုးနှင့် ဆင်ခြင်စရာများ
မြန်မာစကားတွင် လေပွသည်၊ လေချုပ်သည်၊ လေအောင့်သည်၊ လေထိုးသည်၊ လေအန်သည်၊ လေကျစ်သည်၊ လေလှန်သည်၊ လေသက်သည်၊ လေလည်သည် စသည်ဖြင့် လေနှင့်ပတ်သက်သော ဝေါ ဟာရအမျိုးမျိုး ရှိပေသည်။
အခြေအနေ အမျိုးမျိုးအပေါ် မူတည်၍ လေပွလျှင် လေစာကို ရှောင်ရမည်။ လေချုပ်လျှင်၊ လေ ကျစ်လျှင်၊ လေမလျှောက်လျှင် လေစာကို စားပေးသင့်သည်။ လေမလည်လျှင် လေဆေး ပေးရမည် စသည် ဖြင့် ရှိလေရာ လေစာအမျိုးမျိုးကို သိထားသင့်ပေသည်။
ဆေးအဘိဓာန် အဖွင့်ကျမ်းတွင် ဝါယောဓာတ်ကြိုက် အစာဟု ဖော်ပြထားသည်မှာ-
၁။ လက်ဖက်၊ ၂။ တမာ၊ ၃။ ကန့်ကလာ၊
၄။ ဆူးပုပ်၊ ၅။ ကြောင်ပန်း၊ ၆။ ကြောင်လျှာသီး၊
၇။ ကျီးအာသီး၊ ၈။ ကင်းပုံသီး၊ ၉။ ပုံလုံသီး၊
၁၀။ ကြက်ဟင်းခါးသီး၊ ၁၁။ ခွေးတောက်ရွက်၊ ၁၂။ တောရှောက်၊
၁၃။ သပွတ်သီး၊ ၁၄။ မလွှ၊ ၁၅။ ကြက်ဆူ၊
၁၆။ ခရမ်းသီး၊ ၁၇။ သင်္ဘောသီး၊ သင်္ဘောရွက်၊ ၁၈။ ဂုံခါး၊
၁၉။ ကုလားမျက်စိ၊ ၂၀။ ငါးရံ့ပတူ၊ ၂၁။ ကစော့ရွက် စသည်ဖြင့် ဖော်ပြထားသည်။
လေအားနည်းလျှင်၊ လေမသက်လျှင်၊ အကြောအခြင်များတွင် လေလျှောက်အား နည်းနေလျှင် အ ထက်ပါ အသီး၊ အရွက်၊ အပွင့်များကို ဓာတ်စာအဖြစ် စားနိုင်ပေသည်။
အကယ်၍ လေပွနေလျှင်၊ လေလွန်နေလျှင်၊ တစ်နည်းအားဖြင့် သွေးတိုးနေလျှင်၊ သွေးတက်နေ လျှင် အထက်ပါ လေစာများကို ရှောင်ကြဉ်ပြီး စားသုံးရမည် ဖြစ်သည်။
ဝက်သားစားပြီး သွေးတိုးနေသူသည် ကြက်ဟင်းခါးသီး ချက်စားမိသဖြင့် ဦးနှောက်သွေးကြော ပြတ်ပြီး သေဆုံးသွားရသူမှာ လေစာကို နှစ်မျိုးဆင့် စားမိသောကြောင့် ဖြစ်ပေသည်။
ထို့အပြင် အာယုဗ္ဗေဒ ဆေးပညာတွင် လေပကတိဖြင့် မွေးဖွားလာသူဟူ၍ ရှိသေးသည်။ ထိုသူများ မှာ မွေးရာပါ လေလွန်နေသူများ ဖြစ်သည်။ လေစာကို အမြဲရှောင်သင့်သူများ ဖြစ်သည်။ သိမ်ဖြူဆရာတော် ၏ ဆေးပညာ ဥပဒေသကျမ်း (ပထမတွဲ)တွင် ဖော်ပြထားသော
လေပကတိ ရှိသူများ၏ ရုပ်လက္ခဏာများ မှာ-
၁။ ဆံပင်အဖျား ကွဲခြင်း၊ နီခြင်း၊ နည်းခြင်းရှိသူ၊
၂။ ခြေလှမ်းသောအခါ အရိုးအဆက်မှ အသံမြည်သူ၊
၃။ အသံကြမ်း၊ အသံကွဲသူ၊
၄။ စကားများခြင်း၊ အကျိုးမဲ့လွန်စွာ ပြောတတ်သူ၊
၅။ အစားကြီး၍ ချို၊ ချဉ်၊ စပ်နှင့် အစေးများသော အသားကြိုက်ခြင်း၊
၆။ ဂီတ၊ ပြက်ရယ်မှုနှင့် တောတောင်၌ မွေ့လျော်ခြင်း၊
၇။ ကုန်းချောပြောဆို၊ ခိုက်ရန်ဖြစ်ပွားမှု၌ မွေ့လျော်ခြင်း၊
၈။ အအိပ်နည်းခြင်း၊ အိပ်သည့်အခါ မျက်စိဖွင့်တက်ခြင်း၊
၉။ အိပ်သောအခါ အိပ်မက်တွင် သစ်ပင်၊ အမြင့်၊ ကောင်းကင် ပျံတက်သည်ဟု မက်တတ်ခြင်း၊
၁၀။ ကိုယ်၊ နှုတ် အမူအယာ မတည်ငြိမ်ခြင်း- စသည်တို့အပြင်
ဘာဝပ္ပကာသကျမ်း၌ ခြေဖဝါး၊ လက်ဖဝါးကွဲခြင်း၊ ပိန်ကြုံခြင်း၊ လျင်စွာသွားလာ တတ်ခြင်း၊ အသားအရေ ခြောက်ကပ်ခြင်း စသည့် လက္ခဏာငါးမျိုးကို ထပ်မံဖော်ပြထားသည်။ ထိုသူများ သည် မွေးရာပါ လေပကတိ ရှိသူများ ဖြစ်သဖြင့် လေပွ၊ လေပျက်စေမည့် အစာများကို ထပ်မံရှောင်ရမည် ဖြစ်သည်။
ထို့အပြင် အခါးဟူသမျှ လေဓာတ်ကြွသည်ဟု ဆိုရိုးရှိသဖြင့် လေရောဂါ အခံရှိသူများသည် ခါး သော အရသာရှိသော အစာမှန်သမျှကိုလည်း သင့်ရုံမျှသာစား၍ လွန်ကဲအောင် မစားသင့်ကြောင်း တင်ပြ လိုက်ရပေသည်။
ကြက်ဟင်းခါးသီး လေစာ
စာရေးသူ ငယ်စဉ်က နေထိုင်ရာမြို့တွင် ဦးလေးတော်စပ်သူ တစ်ဦးသည် နံနက်စာ ဝက်သားဟင်း၊ ညစာတွင် ကြက်ဟင်းခါးသီးချက် စားပြီးနောက် တီဗွီကြည့်နေရင်း မူးသည်ဆိုကာ လဲကျသွားသည်။
ဆေးရုံ ပို့သော်လည်း မသက်မမီ၊ ဦးနှောက် သွေးကြောပြတ်ပြီး သေဆုံးသွားသည်ဟု ဆရာဝန်များက ဖြေသည်။
ကြက်ဟင်းခါးသီး၏ အခါးအရသာကို နှစ်သက်သူ များစွာရှိသည်။ ချက်၍၊ ကြော်၍ စားကြသည်။ ကြက်ဟင်းခါးသီး နှစ်မျိုးရှိသည်။ အကြီးမျိုးနှင့် အသေးမျိုးဟူ၍ ရှိသည်။
ကြက်ဟင်းခါးသီး အသေးလေးများ ကို တောကြက်ဟင်းခါးသီးဟု ခေါ်ကြသည်။ တကယ်ပင် တောက ထွက်လာသည်လား၊ စိုက်ပျိုး၍ ရသည် လား သေချာတော့ မသိပါ။
အချို့က တောထဲမှ အလေ့ကျပေါက်သည်ကို ခူး၍ ရောင်းသည်ဟုလည်း သိရ သည်။ ပို၍ခါးသဖြင့် အချို့က တောကြက်ဟင်းခါးသီးကို ပုစွန်ခြောက်နိုင်နိုင်ဖြင့် ချက်စားရသည်ကို ပိုကြိုက် ကြသည်။
လူတို့၏ သဘာဝ အချိုကို ကြိုက်ကြသည်။ အခါးကို ကြိုက်သူမရှိဟု ထင်ကြသော်လည်း တကယ် တမ်းတွင် အခါးအရသာကို နှစ်သက်စွဲလမ်းသူ များစွာရှိသည်။ အခါးသည် လေပိုဖွပေးသဖြင့် အစားများများ စားနိုင်သည်။ ရင်ချောင်သည်ဟု ယူဆကြသည်။
ကြက်ဟင်းခါးသီးကို ပါးပါးလှီးပြီး နေလှန်းကာ အကြွပ်ကြော်စားသူများလည်း ရှိသည်။
တစ်လော က မိတ်ဆွေတစ်ဦးက လက်ဆောင်ပေးသဖြင့် ကြက်ဟင်းခါးသီးသနပ် ဟူ၍ စားရသည်။ သရက်သီးသနပ် ကိုသာ တွေ့ဖူးသည်။ ယခု ကြက်ဟင်းခါးသီး သနပ်မှာလည်း ထိုနည်းတူပင် မဆလာနိုင်နိုင်ဖြင့် ချက်ပြီး သ နပ်ပြုလုပ်ကာ ကြာရှည် အထားခံအောင် ပြုလုပ်ထားသည်။ ထိုကြက်ဟင်းခါးသီး သနပ်ပြုလုပ်သူ မိတ်ဆွေ သည်
ဈေးသည် မဟုတ်ပါ။ ပညာတက်အငြိမ်းစား အရာရှိကြီးတစ်ဦး ဖြစ်ပြီး စင်ကာပူနိုင်ငံတွင် သွားရောက် ပညာသင်ကြားနေသူ သမီးကို စားစေချင်၍ နိုင်ငံခြားသား မိတ်ဆွေများပါ အကြိုက်တွေ့ပြီး မှာကြားသဖြင့် တဖြည်းဖြည်း ရောင်းချရသည်အထိ ဖြစ်လာသည်ဟု ဆိုသည်။
စင်ကာပူနိုင်ငံသား အတော်များများသည် မြန်မာပြည်မှ ပို့သော ကြက်ဟင်းခါးသီး သနပ်ကို ကြိုက်ကြသည်ဟု သိရသည်။ အခါးသည် အစာကို ကြေ စေသည်ဟု ယူဆကြသည်။
ယောအတွင်းဝန် ဦးဘိုးလှိုင်၏ ဥတုဘောဇနသင်္ဂဟ ကျမ်းတွင် ကြက်ဟင်းခါးသီးသည် (အသီးကြီး သော ကြက်ဟင်းခါးနှင့် အသီးငယ်သော ကြက်ဟင်းခါး) နှစ်မျိုးလုံးပင်ခါး၏။ ခါးသော်လည်း လေကို မပျက် စေတတ်။ အေး၏။ သလိပ်၊ သည်းခြေကို နိုင်၏။ အဖျားနာ၊ ပဏ္ဍုနာ(အသားဝါ)၊ မေဟနာ(ဆီးချို)၊ ပိုးနာတို့ ကို နိုင်၏။
ကြက်ဟင်းခါးသီး အငယ်သည် အကြီးထက် ကြေလွယ်၏။ ဝမ်းမီးကို တောက်စတတ်၏ဟု အ ကောင်းဘက်သို့ များစွာညွှန်း၍ ရေးသားထားသည်ကို တွေ့ရပေသည်။ စာညွှန်း (ဥတုဘောဇနသင်္ဂဟ ကျမ်း၊ တေရသမ အကြိမ်၊ စာ-၂၆၂)
ထို့ကြောင့် ကြက်ဟင်းခါးသီးသည် လေစာဖြစ်သော်လည်း ဆေးဖက်ဝင်အောင် စားသုံးတတ်လျှင် အဖျား၊ အသားဝါ၊ ဆီးချို၊ ပိုးနာတို့ကို နိုင်သော အသီးဖြစ်သည်။ ချင့်ချိန် စားသုံးတတ်ဖို့ လိုသည်။ ဝက်သား စသော အခြားလေစာများနှင့် တစ်နေ့တည်းနှစ်မျိုး တွဲမစားရန်သာ သတိရှိရမည်ဖြစ်သည်။
အကြောင်းမညီညွတ်၍ ကြက်ဟင်းခါးသီး စားပြီး ခေါင်းမူးလျှင် ရှောက်ရည်နှင့် ပျားရည် (ရှောက် ကြီးအရည် ကြွေဇွန်းကြီး သုံးဇွန်းနှင့် ပျားရည် တစ်ဇွန်း) စပ်သောက်လျှင် သက်သာစေနိုင်ပါသည်။
လည် ပင်းအရိုးအဆစ် ကျီးပေါင်းရှိသူများ မူးလျှင်လည်း ဤဆေးနည်းဖြင့်ပင် သက်သာသဖြင့် ရှောက်သီးနှင့် ပျားရည်မှာ အိမ်တိုင်း တွင် ဆောင်ထားသင့်သော တိုင်းရင်းဆေး ဖြစ်သည်။
ခွေးတောက်ရွက် လေစာ
ခွေးတောက်ရွက်သည် ကြက်ဟင်းခါးသီး ကဲ့သို့ပင် အခါးဓာတ်ပါသော အစာဖြစ်သည်။ သို့သော် မ တူညီသော ဓာတ်သဘောမှာ ခွေးတောက်ရွက်သည် (ပူခါး)ဖြစ်၍ ကြက်ဟင်းခါးမှာ (အေးခါး) ဖြစ်သည်။
ခွေးတောက်ရွက်ကို များသောအားဖြင့် ဟင်းချို ချက်သောက်လေ့ ရှိကြသည်။ ခွေးတောက်ရွက်နှင့် ကြက်ခြေထောက်ရိုးကို ရောပြီး ဟင်းချိုချက်လေ့ ရှိသည်။ အညောင်းအကိုက် များလျှင်၊ ခါးနာလျှင် ချက် စားလေ့ရှိကြသည့် ဓာတ်စာနည်း ဖြစ်သည်။
ယခု နိုင်ငံတော် သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဖြစ်တော်မူသော မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော်ကြီးသည် လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်က မိမိ ကျောင်းတိုက်တွင်ပင် စာသင်သံဃာများကို စာ သင်၊ စာချ၊ စာပြန် အညောင်းထိုင် များသောအခါ
အညောင်းပြေစေရန် အတွက်ဟု ဆိုကာ စာရေးသူတို့၏ မိဘ(ယောက္ခမ)များ အိမ်သို့ ဒကာရင်း ဖြစ်သည်နှင့်အညီ ခွေးတောက်ရွက် ဟင်းချိုကပ်ပါဟု ခိုင်းလေ့ရှိ သည်ကို အမှတ်ရမိသည်။
ထိုအခါ ခွေးတောက်ရွက်ကို ရှာပြီး ဓာတ်ဖက်ဖြစ်သော ကြက်ခြေထောက်ရိုးဖြင့် ဟင်းချိုချက်ကာ ကပ်လှူရပါသည်။ ခွေးတောက်ရွက်သည် နှစ်ရှည် အညောင်းစွဲသူများ၊ အညောင်းထိုင်ရ သူများ၊ ခါးနာ၊ ဒူးနာ၊ လေးဖက်နာ ရှိသူများနှင့် သင့်သည်ဟု ဆိုသည်။
ခွေးတောက်ရွက်ကို ကြက်ရိုးနှင့်ရောပြီး ဟင်းချိုချက်ရခြင်းမှာ ကြက်ရိုးမှထွက်သော အရသာက အ ခါးဓာတ်ကို ပြေနိုင်သဖြင့် ဖြစ်နိုင်သလို ရှေးက ဓာတ်စာဆရာများ၏ ကက်ကင်းသဘောဟုလည်း ဆိုကြ သည်။
ခွေးတောက်ရွက်မှ (ခ)နှင့် (ရ)သည် (တနင်္လာ)နှင့် (ဗုဒ္ဓဟူး) ဖြစ်သည်။ ထို့အတူ ကြက်ရိုးမှ (က)နှင့် (ရ)သည်လည်း (တနင်္လာ)နှင့် (ဗုဒ္ဓဟူး) ဖြစ်သောကြောင့် ဓာတ်တူနာမ်တူ ဖြစ်သဖြင့် ဆေးဖက်ဝင်သည်ဟု ယူဆသည့် ဆရာများရှိသည်။
မည်သို့ပင်ဖြစ်စေ ခွေးတောက်ရွက်နှင့် ကြက်ရိုးမှာ လိုက်ဖက်သော အရသာ ရှိသော ဟင်းချိုအဖြစ် ထမင်းဆိုင်ကြီးများတွင်ပင် ချက်၍ တည်ခင်းကြသည်ကို တွေ့ရပါသည်။
ခွေးတောက်ရွက်ကို ဟင်းချိုအဖြစ်သာမက ကြော်စားသူများလည်း ရှိပါသည်။ ခွေးတောက်ရွက်နှင့် ဥသျှစ်ရွက်ကို တွဲ၍ ဟင်းချိုချက်သည်လည်း တွေ့ရဖူးသည်။ ခွေးတောက်ရွက်၊ ဥသျှစ်ရွက်နှင့် ကန်စွန်းရွက် သုံးမျိုးတွဲ၍ ဟင်းချိုချက်သူများလည်း ရှိသည်။
ဥတုဘောဇန သင်္ဂဟကျမ်းတွင် ခွေးတောက်ရွက်အကြောင်း ဖော်ပြထားသည်ကို မတွေ့ရပေ။
ရှုတော်မူ အဘိဓာန်တွင် ခွေးတောက်ရွက်သည် ချို၊ ငန်၊ ခါး အရသာ သုံးပါးရှိ၏။ အေး၏။ ပထဝီ ဓာတ်ကို ခိုင်မာစေတတ်၏။ တေဇောဓာတ်နှင့် မသင့်။ သွေး၊ လေ၊ သလိပ်နှင့် ခွေးရူးတို့၏ အဆိပ်ကိုနိုင်၏။ သွေး၊ လေကြောင့် ယားယံခြင်း၊ ရေငတ်ခြင်းတို့ကို နိုင်၏။ ချွေးကို ထုတ်စေတတ်၏ဟု ဆို၏။
သဘာဝဓမ္မ ဆရာသန်း၏ ကျန်းမာရေးဓာတ်စာ စားနည်း နိဿရည်းကျမ်း ဣစ္ဆာသယ ပိဋကတ်ပုံ နှိပ်တိုက်၊ ၁၃၂၉ ခုထုတ်၊ စာ-၃၇)၌ ခွေးတောက်ရွက်ကို အရသာအားဖြင့် (ပူ၊ ခါး၊ စပ်)ဖြစ်၍
အကျိုးသွား အားဖြင့် ဆီးသက်၊ ဓာတ်သက်၊ လေသက်၊ ချွေးထွက်စေသော ဓာတ်စာအဖြစ် ဖော်ပြထားသည်ကို ဗဟုသု တအဖြစ် တင်ပြလိုက်ရပေသည်။
ခွေးတောက်ရွက်သည် ဆေးဖက်ဝင်သကဲ့သို့ ခွေးတောက်မြစ်သည်လည်း ဆေးဖော်ရာတွင် များစွာ အသုံးဝင်သည်။ ပရဆေးဆိုင်တိုင်းတွင် ဆေးဖော်သူများအတွက် ခွေးတောက်မြစ်ကို စုဆောင်းထားကြ သည်။
အထူးသဖြင့် အဖျားဆေး၊ ငန်းဆေးများ ဖော်စပ်ရာတွင် ပါဝင်သည်။ ဂျပန်ခေတ်က ကျောက်၊ ဝက်သက်၊ အဖျားကြီးများကုသည့် နာဂဝီသ ငန်းဆေးတွင် ဂုံခါး၊ သမက၊ ခွေးတောက်မြစ်၊ သက်ရင်းကြီး မြစ်၊ လက်ထုတ်ကြီးမြစ် ငါးမျိုးပါဝင်သည်။ အဖျားကြီးပြီး မေးခိုင်သူများကို ဤဆေးဖြင့်ပင် ကုသသည်။
တိုင်းရင်းဆေးခန်းသုံး ဆေးနည်းများတွင် အသုံးများသော ဆေးနည်းအမှတ်-၄၃ အကင်းဆယ်ပါး ဆေးသည် မှိုင်းရှုဆေး၊ လိမ်းဆေး၊ သောက်ဆေး၊ သုံးမျိုး စွယ်စုံရဆေး ဖြစ်သည်။
အအေးပတ်၍ နှာစေး ခြင်း၊ ခေါင်းအုံ၊ ခေါင်းကိုက်ခြင်းတို့ကို ဆေးမှုန့်ကို မီးကျီးခဲပေါ် ဖြူး၍ ထွက်လာသော အငွေ့ကို ရှုပေးရုံဖြင့် သက်သာစေနိုင်သည်။
အနာငုပ်ခြင်း၊ အနာရင်းခြင်း၊ မိန်းမတို့ ဓမ္မတာမမှန် ထိမ်ကျန်ခြင်းတို့ အတွက် သောက်ဆေးအဖြစ် ရေနွေးပူပူဖြင့် သောက်နိုင်သည်။ ဤဆေးဖုံတွင် ဆေးအမည် ၁၅မျိုး ပါဝင်၍ ခွေး တောက်မြစ်သည် ထိပ်ဆုံးမှ ပါဝင်သည်။
အခြားသောလေစာများဖြစ်သည့် _ သခွားသီး၊ ခရမ်းသီး၊ ဂေါ်ဖီပွင့်၊ ရုံးပတီသီး၊ စသည်များအကြောင်းကို အလျဉ်းသင့်သောအခါတင်ပြပေးပါမည်။ လေစာများကြောင့် လေမဖြတ်စေရန် ဆင်ခြင်သတိပြု စားသောက်နိုင်ကြပါစေ။
ကြည်လွင်မြင့် (မုဒြာ) 8.12.2017
crd
 #ရှင်ဘုရင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး                                        
 
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  