03/04/2025
#သဘာဝဘေးဒုက္ခနှင့်အန္တရာယ်ဆိုးကြီးများတွင် အသုံးပြုနိုင်သော နည်းလမ်းတခု (သို့မဟုတ်) Crisis Management Briefing ( )
မေလ ၂၈ ရက်နေ့ #စစ်ကိုင်းငလျင် ကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် စသည့်မြို့ကြီးများတွင် လူအမြောက်အများသေကြေပျက်စီးခြင်း အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ခြင်းများက မြန်မာတနိုင်ငံလုံးသာမက ကမ္ဘာကိုပါတုန်လှုပ်စေခဲ့ပါသည်။ ဤနေရာတွင် ရုပ်ပိုင်းဆိုင်ရာအသက်သေကြေ ထိခိုက်ပျက်ဆီးမှုများထက် စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်ရခြင်းတို့သည် ပိုမိုဆိုးရွားပြီးကာလကြာရှည်အောင်ဖိစီးနိုပ်စက် နိုင်ပါသည်။
ငလျင်၊ ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခတ်ခံရခြင်း စသော သဘာဝကပ်ဘေးများသာမက အကြမ်းဖက်တိုက်ခိုက်ခံရခြင်းအမျိုးမျိုးတို့သည် စိတ်ပိုင်းဆိုင်ရာဝေဒနာများကိုကြာရှည်စွာခံစားရစေနိုင်ပြီး နာတာရှည်ကျန်းမာရေးချို့ယွင်းမှုများဖြစ်စေပါသည်။ သို့ပါ၍ ဘေးဒုက္ခကယ်ဆယ်ရေးသမားများအနေဖြင့် ဒုက္ခသည်များ၏စိတ်ပိုင်းဆိုင်ရာဝေဒနာများအား အတတ်နိုင်ဆုံးလျှော့ချနိုင်မည့် နည်းလမ်းတခုကို ၂၀၀၀ ခုနှစ်နောက်ပိုင်းအသုံးပြုလာခဲ့ကြပါသည်။ ၎င်းနည်းလမ်းကို Johns Hopkins တက္ကသိုလ်မှ စိတ်ကျန်းမာရေးပါမောက္ခ George S Everly က စတင်အသုံးပြုခဲ့ခြင်းဖြစ်ပါသည်။ ထိုနည်းလမ်းကို Crisis Management Briefing (အရေးပေါ်ရှင်းပြဆောင်ရွက်မှု) ဟုခေါ်ပါသည်။
Management Briefing (CMB) ဆိုတာဘာလဲ
CMB သည် အရေးပေါ်အစည်းအဝေးတမျိုးဖြစ်ပါသည်။ လိုအပ်သော သတင်းအချက်အလက်များကို အမြန်ဆုံးနှင့် အမှန်ဆုံး ဖြန့်ဝေရန်ရည်ရွယ်ပါသည်။ ဆင့်ခေါ်ရမည့်သူများမှာ ကပ်ဘေးဒုက္ခသည်များ၊ အသက်ရှင်ကျန်ရစ်သူများ နှင့် လာရောက်ကြည့်ရှုသူများတို့ဖြစ်ပါသည်။ လူအုပ်စု ၁၀ ယောက်မှ အယောက်၃၀၀ အထိစုစည်းနိုင်ပါသည်။ လတ်တလောဖြစ်ပေါ်ခဲ့သော သို့မဟုတ် ဖြစ်လျက်ရှိသောဘေးအန္တရာယ်ဆိုးနှင့်ပတ်သက်သည့် အရေးတကြီးသိရန်လိုအပ်သောအချက်အလက်များကို အမြန်ဆုံးပေးလိုသည့်အတွက် တဘက်သတ် ဆက်သွယ်ရေး (one-sided communication) သာအဓိကသုံးပါသည်။ သိလိုသောမေးခွန်းများကို CMB နောက်ဆုံးပိုင်းတွင်သက်ဆိုင်ရာကျွမ်းကျင်သူများနှင့်မေးရန်စီစဉ်ပေးပါသည်။
CMB မစမီ ကယ်ဆယ်ရေးတာဝန်ရှိသူများ၊ တာဝန်ယူထားသူများနှင့် အရင်ဆွေးနွေးပြီး မိမိတို့အချင်းချင်းလဲ တိုင်ပင်ကာ ပြောမည့် အကြောင်းအရာများကို သဘောတူဆုံးဖြတ်ရပါသည်။
CMB ကိုတကြိမ်ထက်မက ပြုလုပ်နိုင်ပါသည်။ လုပ်လဲလုပ်သင့်ပါသည်။ သို့မှသာ ဘေးသင့်ပြည်သူများအနေဖြင့်သိလိုသမျှအချက်များကိုဖြေကြားပေးပြီး ယုံကြည်မှုပိုမိုရရှိနိုင်ပါမည်။
CMB သည် ကပ်ဘေးဒုက္ခဆိုင်ရာစိတ်ဖိစီးမှုများလျော့ပါးရေးကုထုံး(Critical Incident Stress Management)၏ရှေ့ပိုင်းဖြစ်ပါသည်။ CMB ဖြင့်စိတ်ထိခိုက်ဖိစီးမှု မသက်သာပါက Critical Incident Stress Debriefing-CISD ဖြင့်ဆက်လက်ကုသရပါသည်။
ိုဘယ်သူတွေလုပ်လို့ရလဲ
မည်သူမဆိုလုပ်နိုင်ပါသည်။ CMB ၏သဘောတရားနှင့်နည်းလမ်းသာသိရန်လိုပါသည်။ သို့သော် အတိုင်းအတာတခုထိတာဝန်ရှိသူ၊ အဖွဲ့၏ဦးဆောင်သူဖြစ်လျင်ပိုထိရောက်ပါသည်။ အဖွဲ့အသီးသီး၏ ခေါင်းဆောင်ပိုင်းမှ ပူးပေါင်းပါဝင်လျင်မူ အကောင်းဆုံးဖြစ်သည်။ ဥပမာ မြို့နယ် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေး၊ မီးသတ်၊ ကျန်းမာရေး (မိသားစုကျန်းမာရေးဆရာဝန်၊ စိတ်ကျန်းမာရေးဆရာဝန်၊ သူနာပြု)၊ ပရဟိတအဖွဲ့၊ အလှူရှင်အဖွဲ့ ၊ ဘာသာရေးခေါင်းဆောင်များ(သံဃာတော်၊ ခရစ်ယန် မူဆလင် တရားဟောဆရာ) အစရှိသည်တို့ပါဝင်လျင်အကောင်းဆုံးဖြစ်ပါသည်။
သို့သော် မီဒီယာပွဲ၊ ဓါတ်ပုံရိုက်ပွဲ၊ ပါတီစည်းရုံးရေးပွဲမျိုးမဖြစ်ရန်အထူးသတိပြုရပါမည်။
ဟောပြောမည့်သူများသည် ၎င်းဘေးဒုက္ခကပ်၏ဒဏ်ကို တိုက်ရိုက်ထိခိုက်ခံစားရသူမဖြစ်သင့်ပါ။ ဟောပြောသူ၏စိတ်လှုပ်ရှားနေပါက CMB ၏ထိရောက်မှုကိုလျော့ပါးစေပါသည်။
ိုဘယ်လိုလုပ်သလဲ
ဟောပြောမှုအဆင့်၄ဆင့်ဖြင့် တနာရီအတွင်း ခပ်သွက်သွက်ပြုလုပ်ပါသည်။ မိတ်ဆက်ခြင်း(Introduction)၊ အခြေနေမှန်တင်ပြခြင်း(Fact)၊ သင်ပြခြင်း(Teaching) နှင့် အာရုံပြန်လည်စုစည်းခြင်း(Re-entry) ဟူ၍၄ဆင့်ရှိပါသည်။ (အောက်ပါပုံကိုကြည့်ပါ)
🤝 မိတ်ဆက်ခြင်း(Introduction phase)
ဦးဆောင်ဟောပြောမည့်သူကမိမိကိုယ်တိုင်နှင့် အခြားအဖွဲ့သားတဦးစီ၏အမည်နှင့်တာဝန်တို့ကိုမိတ်ဆက်ပါသည်။ ထို့နောက်လာရောက်ရသည့်အကြောင်းရင်းနှင့်ဦးတည်ချက်ကိုပြောပါသည်။ ဦးတည်ချက်ဆိုသည်မှာ လက်ရှိအခြေအနေမှန်ကိုသိစေရန်၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် ဝန်ဆောင်မှုများမည်သို့ရယူရန် နှင့် မည်သည့်ကယ်ဆယ်ရေးအစီအစဉ်များရှိကြောင်းသိကြစေရန်တို့ဖြစ်ကြောင်း ရှင်းပြရပါသည်။ စကားပြောရာတွင် သွယ်ဝိုက်မနေဘဲ လိုရင်းတိုရှင်းပြော၍ ဒုတိယအဆင့်သို့ဆက်သွားပါသည်။
👍 အခြေနေမှန်တင်ပြခြင်း(Fact phase)
ဒုတိယအဆင့်တွင် ဖြစ်ခဲ့သည့်ဖြစ်စဉ်များကို ဦးဆောင်ဟောပြောသူက တည်ကြည်လေးနက်စွာဖြင့် အစဉ်အတိုင်းတင်ပြရပါသည်။ သို့မှသာ ကပ်ဘေးဒဏ်ခံရသူများက လိုအပ်သောနေရာများတွင်ဖြည့်စွက်ပေးနိုင်ပါမည်။ ခွင့်ပြုချက်မရဘဲ ထုတ်ဖေါ်မပြောအပ်သည့်အကြောင်းရာများရှိပါသည်။ လူတဦးချင်းနှင့်ဆိုင်သောကိစ္စများ နှင့် ရောဂါအခြေအနေများ၊ လူတဦး သို့မဟုတ် အဖွဲ့အစည်းတခုခုကိုထိခိုက်မည့်အကြောင်းအရာများကို မထုတ်ဖေါ်သင့်ပါ။ ထို့အပြင် လူတဦးစီ၏စိတ်ထိခိုက်ခံစားရမှုများကိုလည်း တင်ပြခွင့်မပြုပါ။
အကယ်၍ CMB ကိုနောက်တကြိမ်ပြုလုပ်ပါက အစမှပြန်ပြောစရာမလိုဘဲ ဖြစ်စဉ်အသစ်များကိုသာဆက်လက်တင်ပြရပါသည်။
🗣️ သင်ပြခြင်း(Teaching phase)
ဤအဆင့်သည်အကြာဆုံးဖြစ်ပါသည်။ ဟောပြောပွဲအနေအထားသည်လည်း 'ဘာတွေဖြစ်ခဲ့သည်' ဆိုသည်မှ 'ဘာတွေဖြစ်လာနိုင်သည်' ဆိုသည့်ဘက်သို့ပြောင်းသွားပါသည်။ ကယ်ဆယ်ရေးတာဝန်ရှိသူများ၊ အဖွဲ့အစည်းမျာက မည်သည့်အစီအစဉ်များလုပ်ပေးနေကြောင်း၊ မည်သည့်အခွင့်အရေးများရနိုင်ကြောင်းပြောရပါသည်။ အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ ယာယီနေထိုင်ရေး၊ ဆေးဝါးကုသရေး၊ စိတ်ကျန်းမာရေးများအတွက် တာဝန်ယူပေးနေသည့် နေရာ အဖွဲ့အစည်းများကို ညွှန်ပေးပါသည်။
ကပ်ဘေးများတွင် ဖြစ်ပေါ်လေ့ရှိသော ရုပ်နှင့် စိတ်ပိုင်းဆိုင်ရာလက္ခဏာများကိုလဲကြိုတင်အသိပေးသင့်ပါသည်။ ဤနေရာတွင် အဖွဲ့အတွင်းပါလာသော စိတ်ကျန်းမာရေးဆရာဝန်၊ မိသားစုကျန်းမာရေးဆရာဝန် သို့မဟုတ် ကပ်ဘေးဒုက္ခဆိုင်ရာစိတ်ဝေဒနာများအကြောင်း (Trauma and Disaster Mental Health) နားလည်သူတဦးက ဝင်ရောက်ရှင်းပြလျင် ပို၍ကောင်းပါသည်။
ထို့နောက် ကပ်ဘေးဒဏ်ခံရသူများအနေဖြင့် မည်သည့်အရာများလုပ်ဆောင်သင့်ကြောင်းသင်ပေးပါသည်။ ဥပမာ စိတ်ဖိစီးမှုလက္ခဏာများခံစားရပါက စိတ်ကျန်းမာရေးနှင့်ဆိုင်သော ကုသမှုများအစောဆုံးရယူရန်။
🖇️🧩 အာရုံပြန်လည်စုစည်းခြင်း(Re-entry phase)
နောက်ဆုံးအဆင့်ဖြစ်သည်။ သိထားသမျှ အရေးကြီးသည့်သတင်းအချက်များကိုပေးပြီးပါကြောင်း၊ ယခုကဲ့သို့ နောက်တကြိမ်မည်သည့်အချိန် မည်သည့်နေရာတွင် ထပ်မံတွေ့ဆုံမည့်အကြောင်းပြောပါသည်။
သိလိုသည်များကို မေးမြန်းနိုင်သည့် ပုဂ္ဂိုလ် နှင့် နေရာများကို စာရင်းပြုစု၍ ဖြစ်နိုင်လျင် လက်ကမ်းစာရွက်များပေးပါသည်။
ယခုခံစားနေရသည်များကိုကောင်းစွာနားလည်သဘောပေါက်ကြောင်း၊ အခြားဘေးသင့်သည့်နေရာများတွင်လည်း ယခုကဲ့သို့ အားတင်းရုံးကန်ကြရကြောင်းပြောပါသည်။ Normalizing and validating လုပ်ခြင်းဖြစ်ပါသည်။ လိုအပ်မည့်သူများကို စိတ်ကျန်းမာရေးပညာရှင် သို့မဟုတ် ဘာသာရေးဆရာများ(သံဃာ၊ တရားဟောဆရာများ) နှင့် တွေ့ဆုံရန်စီစဉ်ပေးပါသည်။
ထို့နောက် ယခုလိုကြွရောက်ကြသည့်အတွက် အားလုံးကိုကျေးဇူးတင်ကြောင်း၊ နောက်တကြိမ် တွေ့ဆုံလျှင် လိုအပ်သောသတင်းအချက်အလက်များ ထပ်မံပေးအပ်မည့်အကြောင်းများပြောပြီး အဆုံးသပ်ပါသည်။
CMB အကြောင်း ထပ်မံသိရှိလိုပါက အောက်ပါကျမ်းကိုးများတွင်လေ့လာနိုင်ပါသည်။
မှတ်ချက်
🔸CMB ကို ကပ်ဘေးဒဏ်ခံရသူများအတွက် တီထွင်အသုံးပြုခဲ့သော်လည်း အခြားအခက်အခဲ အကြပ်အတည်းများတွင်လည်း သက်ဆိုင်သူလူအစုတခုကို ထိရှလွယ်သည့်ခက်ခဲသောအကြောင်းအရာများကို ဖွင့်ဟရာတွင်လည်းများစွာအသုံးပြုလာကြပါသည်။
🔸 CISD ဖြင့်စိတ်ကုထုံးယူရန်လိုအပ်ပါက အထူးလေ့ကျင့်သင်ကြားထားသူများထံလွှဲပို့ရပါသည်။
🔸 နာတာရှည်စိတ်ဖိစီးမှုခံစားနေရပါက စိတ်ကျန်းမာရေးအထူးကုဆရာဝန်များနှင့်ကုသရန်လိုအပ်ပါသည်။
References:
1. Information in Crisis: How to conduct a Crisis Management Briefing (CMB): The Resilience Resource
2. Everly G. 2000. Crisis management briefings (CMB): large group crisis intervention in response to terrorism, disasters, and violence. International journal of emergency mental health.
3. Crisis management briefings (CMB): large group crisis intervention in response to terrorism, disasters, and violence: PubMed, National Library of Medicine.
4. Guidelines for General Practitioners-2024, Chapter 11, Mental Health Problems