13/03/2026
၂၁ ရာစု ဇီဝနည်းပညာ နှင့် အမျိုးသားလုံခြုံရေး
21st Century Biotechnology Vs National Security
ယူကရိန်းမှာရှိတဲ့ အမေရိကန် အထောက်ပံ့ ဇီဝဓာတ်ခွဲခန်းများနဲ့ ရုရှားစွပ်စွဲချက် ပတ်သက်ပြီး ဇီဝနည်းပညာကို စစ်ရေးဘက် အသုံးချဖို့ ကြိုးပမ်းကြတဲ့အကြောင်း ယခင်ရေးထားတဲ့ ဆောင်းပါး
ဇီဝနည်းပညာ (Biotechnology) ဆိုတဲ့ အသူံးနှုန်းကို ၁၉၁၉ ကတည်းက ဟန်ဂေရီ အင်ဂျင်နီယာ Karl Ereky ဆိုသူက စတင်သုံးစွဲခဲ့တယ်ဆိုပါတယ်။ ဇီဝနည်းပညာ (Biotechnology) ဆိုတာ လူသားတွေအသုံးပြုဖို့ သက်ရှိတွေ(Living Organisms) ကို အဆင့်မြှင့်တင်ပြုပြင် အသုံးချတဲ့ ဘာသာရပ်တခုဖြစ်ပါတယ်။
ဇီဝနည်းပညာ (Biotechnology) နယ်ပယ်ဟာ အရမ်းကျယ်ပျံ့ပါတယ်။ ဒီဘာသာရပ်ဟာ မော်လီကျူးဇီဝဗေဒ (molecular biology), ဇီဝဓာတုဇေဒ (biochemistry), ဆဲလ်ဇီဝဗေဒ (cell biology), သန္ဓေသားဗေဒ (embryology), မျိုးဗီဇ (genetics), နဲ့ အဏုဇီဝဗေဒ (microbiology) စတဲ့ ဘာသာရပ်တွေအပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ဘာသာရပ်တခုဖြစ်ပါတယ်။ ဒီဘာသာရပ်ကိုတော့ ဆေးပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုထုတ်ကုန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စတဲ့နယ်ပယ်တွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါတယ်။ ယခု နောက်ပိုင်းမှာတော့ နေရာပေါင်းစုံမှာ အသုံးပြုလာတာ တွေ့ရပြီး နိုင်ငံတကာ ကာကွယ်ရေး အခန်းကဏ္ဍတွေမှာပါ စိတ်ဝင်တစား သုတေသနပြု အသုံးချလာကြတာတွေ့ရပါတယ်။
၁၉၂၇ အလက်ဇန္ဒြား ဖလဲမင်း ပန်နင်ဆလင် တီထွင်မှုမှ အစပြုပြီး ၁၉၅၃ ဒီအန်အေ တည်ဆောက်ပုံ သိရှိလာပြီးနောက်ပိုင်း ဆေးပညာနယ်ပယ်တွင် ဇီဝနည်းပညာ (Biotechnology) အသုံးချမှုသည် အရှိန်အဟုန် မြင့်တက်လာခဲ့သည်။ ရောဂါရှာဖွေဖော်ထုတ်ခြင်း၊ ကာကွယ်ခြင်း၊ ကုသခြင်း တို့အပြင် လူ့ ဗီဇများကို သက်ရှိ ဆဲလ်ထဲအထိ ဝင်ရောက်ပြုပြင်နိုင်စွမ်းရှိသည်အထိ အောင်မြင်ခဲ့ကြသည်။
စိုက်ပျိုးရေးနယ်ပယ်တွင်လည်း အပင်များ မျိုးစပ်ခြင်း မှစ၍ အရွယ်အစား၊ ပါဝင်သော အဟာရဓာတ် တို့ကိုပါ ဇီဝနည်းပညာ (Biotechnology) အသုံးပြုပြီး ပြုပြင်ပြောင်းလဲ နိုင်ခဲ့ကြသည်။ အထင်ရှားဆုံး ဆိုလျင် Golden Rice Project ပင်ဖြစ်သည်။ ၅ နှစ်အောက် ကလေးငယ်များ အာဟာရ ချို့တဲ့ခြင်းမှ ကာကွယ်နိုင်ရန် ရော့ကဖဲလား ဖောင်ဒေးရှင်းက ၁၉၈၂ မှာအစပြုသုတေသနလုပ်ခဲ့ပြီး ၂၀၀၀ ဝန်းကျင်ခန့်က စတင်စမ်းသပ်စိုက်ပျိုးခဲ့သည်။ ဗိုက်တာမင် အေ ပိုမို ကြွယ်ဝသော ဆန် ထုတ်လုပ်ရန် သာမာန် စပါးမျိုးထဲတွင် Beta Carotene gene ထည့်သွင်းပေးခြင်းလုပ်ငန်းဖြစ်သည်။ ထို့အပြင် ပြောင်းဖူးပင်များ ပိုးကျခြင်းမှ ကာကွယ်ရန် Bacillus thuringiensis Gene ပေါင်းထည့်သည့် စီမံကိန်းလည်း အောင်မြင်ခဲ့သည်။
မွေးမြူရေးလုပ်ငန်းနယ်ပယ်တွင်လည်း နို့စားနွားမ များတွင် လူအတွက်သင့်လျော်သော HLZ ကဲ့သို့ဗီဇများ ပေါင်းထည့်ပြုပြင်ပြီး လူနှင့်အနီးစပ်ဆုံးတူညီသော နို့ရည်ထုတ်လုပ်နိုင်သောကြောင့် infant formula နို့မှုန့်များထက်အစွမ်းထက်ပြီး ကလေးငယ်များ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါသည်။ အခြားတဖက်တွင်လည်း အသားတိုးမွေးမြူရေးလုပ်ငန်းများတွင် လူအတွက် ကောင်းမွန်သော ပရိုတင်းဓာတ်များ ပါဝင်ရေး ဗီဇပြုပြင် မွေးမြူလာကြသည်။ လတ်တလော သတင်းများတွင် စင်ကာပူ သည် တိရစ္ဆာန် အကောင်လိုက် မွေးမြူခြင်းမပြုဘဲ ဇီဝနည်းပညာ (Biotechnology) သုံးပြီး ဆဲလ်မွေးမြူကာ Bioreactor များဖြင့် အသားထုတ်လုပ်နိုင်ပြီဟု ကြေငြာခဲ့ဖူးတယ်။
စက်မှုထုတ်ကုန် ကဏ္ဍများတွင်လည်း ဘီယာကဲ့သို့ စားသောက်ကုန် လုပ်ငန်းများမှအစပြု၍ အဝတ်အထည်အတွက် ပိုးချည်မျှင်ထုတ်သော လုပ်ငန်းများအထိ ဇီဝနည်းပညာ (Biotechnology) ကို အသုံးပြုလာကြပါသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်ပယ်တွင်လည်း ပင်လယ်သမုဒ္ဒရာ ထဲမှာ ရေနံယိုဖိတ်မှုလို ညစ်ညမ်းမှုတွေ ထောက်လှမ်းနိုင်ဖို့ Biosensor တွေတီထွင်တပ်ဆင်တာမျိုး ယိုဖိတ်တဲ့ ညစ်ညမ်းမှုတွေ ပြန်လည်သန့်စင်ဖို့ Microbes တွေ ပြုပြင်အသုံးပြုတာမျိုးတွေ လုပ်လာကြပါတယ်၊ ယခုဆိုလျင် Fossil Fuel များလျော့နည်းလာခြင်းကြောင့် Biofuel များ အစားထိုးအသုံးချနိုင်ဖို့ သုတေသနပြုကြရာ ၂၀၅၀ ခန့်တွင် လက်ရှိတကမ္ဘာလုံး အသုံးပြုမှုရဲ့ ၂၅ ရာခိုင်နှုန်းအထိ အစားထိုးသုံးစွဲနိုင်ဖို့ မျှော်မှန်းထားကြသည်။
တကယ်တော့ ဇီဝနည်းပညာ (Biotechnology) ရယ်လို့ စတင်သုံးစွဲခြင်းမပြုမီ ပထမ ကမ္ဘာစစ်ကတည်းက ဒီဘာသာရပ်ရဲ့ သဘောတရားတွေ နည်းပညာတွေကို စစ်ဘက်မှာ အသုံးချခဲ့ကြပါသေးတယ်။ ၁၉၁၇ မှာ UK က Chaim Weizmann ဟာ Clostridium acetobutylicum အသုံးပြုပြီး ဖောက်ခွဲရေးပစ္စည်းထုတ်လုပ်ရာမှာ အသုံးပြုတဲ့ Acetone တွေ ထုတ်ပေးခဲ့ပါတယ်။
များမကြာမီကလည်း စစ်ဘက်တွင် Bioweapon ဟုခေါ်သော ကြောက်မက်ဖွယ် ဇီဝလက်နက်များ တီထွင်လာကြသည်။ လူသားမျိုးနွယ်များ ထိခိုက်ပျက်စီးနိုင်သဖြင့် ယင်း Microorganism များကို စစ်ပွဲတွင်အသုံးချခြင်းကိုလည်း အပြင်းအထန်ကန့်သတ်လာကြသည်။ အဖျက်မှောက် အုပ်စုများသည် ကူးစက်မြန်ပြီး ရောဂါပြင်းထန်စေနိုင်သော Microorganism ကို ဇီဝနည်းပညာ (Biotechnology) လိုအပ်သလိုပြုပြင်ကာ ပစ်မှတ်များကို တိုက်ခိုက်ရန်ကြိုးစားလာကြသည်။
ထို့ကြောင့် ခေတ်မီ တပ်မတော်အသီးသီးကလည်း ဇီဝနည်းပညာ (Biotechnology) နှင့်ပတ်သက်သော သူတေသန ဓာတ်ခွဲခန်းများ တည်ထောင်ကာ ဇီဝအဖျက်မှောက်များရန်မှ ကာကွယ်တုန့်ပြန်နိုင်ရန် ငွေကုန်ကြေးကျခံကာ ကြိုးစားသုတေသန ပြုလာကြသည်။ နိူင်ငံအများစုကလည်း Bioterrorism ကို National Security အဖြစ်သတ်မှတ်၍ ကာကွယ်တုန့်ပြန်နိုင်ရန် မဟာဗျူဟာများ ချမှတ်ထားကြသည်။ အမှန်ဆိုရလျင် Bioterrorism သည် အလွန်သိမ်မွေ့သည်။ ခေတ်မီ ဇီဝနည်းပညာ (Biotechnology) နှင့်ပတ်သက်သော သူတေသန ဓာတ်ခွဲခန်းများ ဖြင့်ဖော်ထုတ်နိုင်ခြင်း မရှိလျင် တိုက်ခိုက်ခံရမှန်းပင် မသိနိုင်ပေ။ အချိန်ကြာလာပြီး ထိခိုက်ဆုံးရှုံးမှုများလာမှသာ သတိထားမိနိုင်သည်။ ထို့ကြောင့် လျင်လျင်မြန်မြန် ထိန်းချုပ် ကာကွယ် တုန့်ပြန်နိုင်ရန် ဇီဝနည်းပညာ (Biotechnology) သုတေသန ဓာတ်ခွဲခန်းများ တည်ထောင်ကာ စဥ်ဆက်မပြတ် စောင့်ကြည့်ကင်းထောက်ဖို့ ကြိုးစားလာကြပါတယ်။
တရုတ်အမျိုးသား ကာကွယ်ရေး တက္ကသိုလ်ရဲ့ ဥက္ကဌဟောင်း Zhang Shibo က Modern Biotechnology တဖြည်းဖြည်းတိုးတက်လာမှုဟာ တိုက်ခိုက်ရေးအစွမ်းတွေပိုထက်လာနိုင်ကြောင်း၊ နောက်အပိုင်း Specific Genetic Attack လို့ခေါ်တဲ့ မျိုးဗီဇအုပ်စုတခုခုကို ပစ်မှတ်ထားပြီး တိတိကျကျ တိုက်ခိုက်နိုင်တာမျိုးအထိ လုပ်လို့ရလာနိုင်ကြောင်း သူ့စာအုပ်မှာ ထည့်သွင်းရေးသားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ PLA ရဲ့ Science of Military Strategy Textbook စာအုပ်တွင် ၄င်း Specific Genetic Attack အကြောင်းကိုဖော်ပြခဲ့တယ်။
၂၀၁၆ ခုနှစ်တွင် တရုတ် တပ်မတော် Academy of Military Medical Science ရဲ့ PhD research dissertation တွင် “Research on the Evaluation of Human Performance Enhancement Technology,” ခေါင်းစဥ်တခုပါဝင်ခဲ့သည်။ ၄င်းစာတမ်းတွင် CRISPR ဗီဇနည်းပညာသည် တပ်ဖွဲ့ဝင်များရဲ့ တိုက်ခိုက်ရေးစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန် နည်းလမ်း (၃) ခုထဲမှ တခုဖြစ်သည်ဆိုသည်။ တပ်ဖွဲ့ဝင်များ ကြံ့ခိုင်မှု၊ တိုက်ပွဲဝင် အသင့်ဖြစ်စေမှု၊ တိုက်ပွဲအတွင်း လျင်လျင်မြန်မြန် မှန်မှန်ကန်ကန် ဆုံးဖြတ်လုပ်ကိုင်နိုင်မှု စသည်တို့ကို မြှင့်တင်ရန် ဇီဝနည်းပညာသုံးကြိုးစားလာကြသည်။
မကြာခင် ၂၀၂၀ ဒီဇင်ဘာတုန်းလတုန်းကလည်း အမေရိကန် ထောက်လှမ်းရေးထိပ်တန်းအရာရှိ John Ratcliffe က တရုတ်ဟာ CRISPR ဗီဇနည်းပညာ အသုံးပြုပြီး Captain America ရုပ်ရှင်ထဲကလို Super Soldier တွေဖြစ်အောင် စမ်းသပ်မှုတွေ ပြုလုပ်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
တရုတ်တပ်မတော်ရဲ့ ဇီဝနည်းပညာအသုံးချမှုများကို တန်ပြန်ယှဥ်ပြိုင်နိုင်ဖို့ ပင်တဂွန်ကလည်း ၄င်းတို့ ဉာဏ်ရည်တုနည်းပညာ Artificial Intelligence (AI) ကို အဓိကထားရင်းနှီးမြှုပ်နှံနေရာမှ Biotechnology ကိုပါ AI နည်းပညာနှင့် ပေါင်းစပ် အသုံးပြုနိုင်ရန် မဟာဗျူဟာများ ချမှတ်လာကြသည်။
ထို့အပြင် စစ်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများကို လျင်လျင်မြန်မြန် ကုသပျောက်ကင်းနိုင်ရန်လည်း Stem Cell သုတေသနများ ပြုလုပ်နေကြသည်။ ကျည်ဆန်၊ ဗုံးဆံ၊မိုင်းစ အစရှိသည်တို့ကြောင့် ရရှိလာသော အရေပြားဒဏ်ရာများကို အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်နိုင်စေရေး Stem Cell ဖြင့် ပြန်လည်ကုသနိုင်ရန် ဦးတည်ကြသည်။
တဖက်တွင်လည်း စစ်ပွဲတွင်း ထိခိုက်ဒဏ်ရာများကြောင့် သွေးထွက်လွန်ကာ သေဆုံးရခြင်း နှင့် ဒဏ်ရာပိုးဝင်ပြီး သေဆုံးရခြင်း တို့သည် အများဆုံးဖြစ်ကြသည်။ သွေးထွက်လွန်ပြီး သွေးအမြောက်များဆုံးရှုံးမှုကိုဖြေရှင်းရန် လိုအပ်သောသွေး အချိန်မီသွင်းပေးနိုင်ရေး သည်အရေးကြီးသည်။ ထို့ကြောင့် အမေရိကန် စစ်ဘက်အဆင့်မြင့်သုတေသန စီမံကိန်း DARPA က Blood Pharming Project ကို ဇီဝနည်းပညာ သုံးကာ ဓာတ်ခွဲခန်းအတွင်း လူ့သွေး (Human Blood) ကို တီထွင်နိုင်ရန်ကြိုးပမ်းခဲ့သည်။ ထိုကဲ့သို့ သွေး ကို တီထွင်နိုင်ခြင်းအားဖြင့် စစ်မြေပြင် ဒဏ်ရာများကြောင့် သွေး ဆုံးရှုံးမှုများကို အလွယ်တကူပြန်လည် မဖြည့်တင်းနိုင်သဖြင့် အသက်ဆုံးရှုံးမှုမှ ကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။
အခြားတဖက်တွင်လည်း ဒဏ်ရာပိုးဝင်သေဆုံးခြင်းမှကာကွယ်နိုင်ရန် စစ်သည်များ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်သော (သို့မဟုတ်) သွေးအတွင်းရောဂါပိုးဝင်ရောက်မှုကို စောလျှင်စွာထောက်လှမ်းပေးနိုင်သော Biosensor များလည်း တီထွင်ဖန်တီးနိုင်ရန် ကြိုးပမ်းနေကြဆဲဖြစ်သည်။
နာမည်ကျော် အစ္စရေးသမိုင်းပညာရှင် ဒေါက်တာ ဟာရာရီ ကလည်း Information Technology နှင့် Biotechnology တို့ပေါင်းစပ် ဖွံ့ဖြိုးမှုကြောင့် သိပ်မဝေးတော့တဲ့ အနာဂတ်မှာ လူသားတွေဟာ နတ်ဘုရားတွေလို စွမ်းဆောင်နိုင်လာလိမ့်မယ် လို့ ၄င်းရဲ့ Homo Deus ဆိုသော စာအုပ်တွင် ရေးသားဖော်ပြခဲ့သည်။
ယခုလည်း ယူကရိန်း-ရုရှားစစ်ပွဲတွင် ရုရှားဖက်မှ ယူကရိန်းရှိ အမေရိကန်အထောက်ပံ့ဖြင့် တည်ထာင်ထားသော ဇီဝဓာတ်ခွဲခန်းများနှင့်ပတ်သက်ပြီးစွပ်စွဲမှုများပြုလုပ်လာပြီး အမေရိကန်ရော၊ ယူကရိန်းကပါ ဇီဝလက်နက်သုတေသန မဟုတ်ကြောင်းငြင်းဆိုထားသည်။ တလောကလည်း ဒိန်းမတ် ကိုပင်ဟေဂင် တက္ကသိုလ်နဲ့ China BGI တို့ ဗီဇစမ်းသပ်မှုမှာ တရုတ်တပ်မတော် PLA ရဲ့ အထောက်ပံ့ပါတယ်၊ စစ်ရေးနယ်ပယ်မှာ အသုံးချဖို့လုပ်တယ် ဆိုပြီးစွပ်စွဲတာရှိပါသေးတယ်။
ဒီနေ့ခေတ် တိုးတက်တဲ့နိုင်ငံများရဲ့ အမျိုးသားလုံခြုံရေးမှာ နျူကလိယား လက်နက်တွေနဲ့တင် မလုံလောက်ကြတော့ဘဲ Biotechnology နဲ့ AI ကိုပါ ထည့်သွင်းတွက်ချက် အဆင့်မြှင့်တင်အသုံးချလာကြတယ်။ ဒါ့ကြောင့် Biotechnology သုတေသန ဓာတ်ခွဲခန်းကြီးများကို နေရာအနှံ့ ထောက်ပံ့မြှုပ်နှံပြီး အချက်အလက်တွေ လက်ဦးမှုရရှိအောင် ကြိုးပမ်းလာကြတာ ပုံမှန်လုပ်ရိုးလုပ်စဥ် ဖြစ်လာနေပါပြီ။