 
                                                                                                    15/06/2022
                                            ရာသီတုပ်ကွေးကြောင့် ဖျားနာခြင်းကို အမြန်ဆုံးသက်သာစေနိုင်မယ့် နည်းလမ်းများ.................
လူတစ်ယောက်ကို ဖျားစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ကိုဗစ်ကြောင့် ဖျားနိုင်သလို စိတ်ဖိစီးတာ၊ ပင်ပန်းမှုဒဏ်၊ ရာသီတုပ်ကွေး စတာတွေကြောင့်လည်း ဖျားနာနိုင်ပါတယ်။ လက်ရှိအချိန်မှာလည်း ရာသီဥတုက မိုးကုန်ခါနီးဖြစ်ပြီး ဆောင်းဝင်ခါနီးဖြစ်တာကြောင့် အအေးဓာတ်ကို ခံစားရတဲ့ အချိန်ကိုရောက်နေပါပြီ။ ဒီလို ရာသီဥတု အပြောင်းအလဲကာလမှာ တုပ်ကွေးအဖြစ်များကြပါတယ်။ ပြောရမယ်ဆိုရင် တုပ်ကွေးရာသီ စတင်နေပြီလို့ ဆိုရမှာပါ။  
ဒါကြောင့် ရာသီတုပ်ကွေးရဲ့ ရောဂါလက္ခဏာတွေနဲ့ တကယ်လို့ဖြစ်လာခဲ့ရင် ဘယ်လိုအမြန်ဆုံးသက်သာ အောင် နေထိုင်စားသောက်ရမလဲဆိုတာကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
တုပ်ကွေးမိလျှင် ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူခြင်း၊ အော့အန်ခြင်း၊ ပျို့ခြင်း၊ နုံးချိခြင်းနဲ့ အစားအသောက်ပျက်တာတွေ ဖြစ်နိုင်ပါတယ်။  ကူးစက်မှုနှုန်းမြင့်မားပြီး အိမ်တစ်အိမ်မှာ တစ်ယောက်ဖြစ်တာနဲ့ တစ်အိမ်လုံးကို ကူးစက်ပြီးမှသာ ပျောက်ကင်း တတ်တာမျိုးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အခုလို ကာလမှာ ကိုဗစ်ရောဂါကလည်း ရှိနေပြန်၊ ရာသီဥတု အပြောင်းအလဲကြောင့် ရာသီတုပ်ကွေးတွေကလည်း ဖြစ်လာပြန်ဆိုတော့ ဖျားနေရင် အမြန်ဆုံးအမြစ်ပြတ် ပျောက်ကင်းဖို့အတွက်က အရေး ကြီးလွန်း ပါတယ်။ ဒါကြောင့် အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းတွေအဖြစ် အောက်ပါအချက်တွေကို လည်း လုပ်ဆောင်ပေးဖို့ လိုပါတယ်နော်။
ရေများများ သောက်ပါ
တုပ်ကွေးမိပြီး ဖျားရင် များများသောက်ပါ။ ရေသောက်တာက ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေး နိုင်ပါတယ်။ ဒါကြောင့် ရေကို တတ်နိုင်သမျှ များများသောက်ပါ။ ရေများများသောက်တဲ့အခါ ဆီးများများသွားပြီး သာမန်အဖျားဆိုရင် သိပ်မကြာခင်မှာ ကျသွားစေမှာပါ။ ရေများများသောက်ခြင်းက ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ကိုလည်း ဖြည့်ပေးနိုင်ပါတယ်။ 
လက်ကို မကြာခဏဆေးပါ
လက်ဆေးခြင်းဟာ COVID-19 ရောဂါကိုသာမက အခြားသောရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်တာမို့ လက်ကို မကြာခဏဆေးကြောပေးပါ။အပြင်သွားပြီးတိုင်း အိမ်ပြင်လာချိန်တွေမှာ လက်ကို ဆပ်ပြာနဲ့ စက္ကန့်၂၀ ကြာ ဆေးကြောသန့်စင်ပေးပါ။ လက်ဆေးခြင်းဟာ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေနဲ့ မှိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် လက်ကို မကြာခဏ ဆေးသင့်ပါတယ်နော်။ ရေမထိချင်ဖြစ်နေပါက အရက်ပြန်ပါတဲ့ လက်သန့်ဆေးရည်ကို သုံးပေးလို့ရပါတယ်နော်။ 
အာဟာရ ပြည့်ဝအောင် စားပါ
နေထိုင် မကောင်းဘူးဆိုရင် အလိုလို ခံစားလာရတာက မစားချင်တာပါ။ မစားချင်ပေမယ့်လည်း ကိုယ်ခံအားကို အားဖြည့်ပေးဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဖျားချင်သလိုလို ဖြစ်နေပြီဆိုရင် အာဟာရ ပြည့်ဝအောင် စားပါ။ အစာကြေမလွယ်တဲ့ အစားအစာတွေ၊ အဆီများတာတွေကိုရှောင်ကာ  ပျော့ပြီး အစာကြလွယ်မယ့် အစားအစာတွေ၊ အာဟာရ ဖြစ်စေမယ့် အစားအစားတွေ စားပေးရပါမယ်။
အိပ်ရေးဝဝအိပ်ပါ
တစ်ခါတလေမှာ ဖျားတာက ခန္ဓာကိုယ်က အနားတောင်းတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အခါမျိုးမှာ အိပ်ရေး ဝဝအိပ်တာ၊ ပြည့်ပြည့်ဝဝ အနားယူတာကလည်း ကိုယ်ခံအားကို အားဖြည့်ရာရောက်ပြီး မြန်မြန်နေကောင်းစေနိုင်တာကြောင့် ဖျားနေတယ်လို့ ခံစားရရင် အိပ်ရေး ဝဝအိပ်ပါ။ နေထိုင်မကောင်းဘူးဆိုရင် ပြည့်ပြည့်ဝဝ အနားယူပါ။ ဖုန်း၊ ကွန်ပျူတာတွေကို မသုံးပါနဲ့။ ဒီလို အသုံးပြုတာက အာရုံကြောတွေကို အနားမရစေဘဲ ကိုယ်ခံအားပြည့်စေဖို့အတွက် အရေးပါတဲ့ အိပ်စက်မှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ 
Mask တပ်ထားပါ။
ဘယ်နေရာကိုပဲ သွားပါစေ လူအများနဲ့ ထိတွေ့ရနိုင်တဲ့ လူစုလူဝေးရှိတဲ့ နေရာတွေဆီ သွားမယ်ဆိုရင် Mask ကို မဖြစ်မနေတပ်ပေးပါ။ ဘာကြောင့် ဖျားဖျား ကိုယ့်ဆီက အဖျား အခြားသူဆီ ကူးစက်မသွားစေဖို့ ဖျားနာပြီဆိုရင် Mask တပ်ပါ။ နှာချေ၊ ချောင်းဆိုးရင် တစ်ရှူးနဲ့ အုပ်ပါ။ ပြီးရင် တစ်ရှူးကို သေချာ စွန့်ပစ်ပါ။ တုပ်ကွေးရာသီမို့ လူများလေလေ ရောဂါပိုးကူးစက်နိုင်ခြေပိုများတာမို့ Mask တပ်တာကို လုံးဝမမေ့သင့် ပါဘူးနော်။ ဖြစ်နိုင်ရင် နေမကောင်းဖြစ်နေတဲ့အချိန် အပြင်မသွားတာ အကောင်းဆုံးဖြစ်ပါတယ်။ 
ဂရုစိုက်ပေးရင် သာမန်အဖျားက ၃ ရက်ကနေ တစ်ပတ်အတွင်း သက်သာသွားနိုင်ပါတယ်။ ဒီလိုမှ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ သေချာကုသသင့်ပါတယ်နော်။အားလုံးပဲ နေကောင်းကျန်းမာကြပါစေနော်။                                        
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  