NayChi Medical Services Myanmar

NayChi Medical Services Myanmar Anything for Your Healthy Life 🍀

ဒီတပတ်တော့ "နေခြည် ဆေးခန်း" ကျန်းမာရေး ပညာပေး ဇာတ်လမ်းတိုလေးကို တင်ဆက်နိုင်ခြင်း မရှိသည့် အတွက် အနူးအညွတ်တောင်းပန်အပ်ပါသ...
18/08/2023

ဒီတပတ်တော့ "နေခြည် ဆေးခန်း" ကျန်းမာရေး ပညာပေး ဇာတ်လမ်းတိုလေးကို တင်ဆက်နိုင်ခြင်း မရှိသည့် အတွက် အနူးအညွတ်တောင်းပန်အပ်ပါသည်။

နောင်လာမည့် အပတ်များမှာ ပိုမိုကောင်းမွန်သော ဇာတ်လမ်းများနဲ့ ပြန်လာခဲ့ပါမယ်။

Phone: 0976 98 355 88, 099 410 888 53
Email: naychimedicalservices@gmail.com

: naychimedicalservices@gmail.com

ဆေးခန်းရှေ့မှာ လူအုပ်စုလိုက်ကြီး တွေ့လိုက်တော့ ရင်ထဲ ထိတ်ကနဲဖြစ်သွားသည်။ "ဆရာမ လာပြီ ဆရာမ လာပြီ  ဘေးဖယ် ဘေးဖယ်" ဆိုတဲ့ အ...
10/08/2023

ဆေးခန်းရှေ့မှာ လူအုပ်စုလိုက်ကြီး တွေ့လိုက်တော့ ရင်ထဲ ထိတ်ကနဲဖြစ်သွားသည်။
"ဆရာမ လာပြီ ဆရာမ လာပြီ ဘေးဖယ် ဘေးဖယ်" ဆိုတဲ့ အသံတွေပါ အဝေးက ကြားလိုက်ရသည်။
လူအုပ်ကြီး ရှဲကနဲ ဖြစ်သွားချိန်မှာ မေမီ တယောက် အပြေးတပိုင်းနဲ့ ကျမဆီလာနေတာ တွေ့လိုက်ရသည်။

မေမီဆိုသည်မှာ အသက် ၉၇ နှစ် အဖွား၊ ဒေါ်ပု ရဲ့ မြေးမလေးဖြစ်သည်။
သူတို့အိမ်သို့ Home visit သွားရသည့် အခါတိုင်း ကျမ မှာကြားသမျှကို သေချာ နားထောင်ပြီး တစ်သဝေမတိမ်းနဲ့ အဖွားကိုပြုစုပေးသော ကလေးမလေးဖြစ်သည်။
မေမီ့ကို မြင်လိုက်ရသည်နှင့် တပြိုင်နက် အဖွားပု တခုခုဖြစ်တာမဟုတ်ပါစေနဲ့လို့ ဆုတောင်းလိုက်သော်လည်း မပြည့်ခဲ့ပါ။ ရှဲသွားသော လူအုပ်ကြီးရဲ့ အဆုံးမှာ ပွေ့လျက်အနေအထားနဲ့ အဖွားပုကို တွေ့လိုက်ရသဖြင့် ကျမပါ အပြေးတပိုင်းနဲ့ ဆေးခန်းဆီသို့ ပြေးသွားလိုက်မိသည်။
ဆေးခန်းသော့ကို ဖွင့်နေတုန်း မေမီကို မေးရသည်။
"သမီး အဖွားဘာဖြစ်တာလဲ"
တရှုံ့ရှုံ့ ငိုနေရင်းနဲ့
"ဖွားဖွား ဖျားနေတာ ၂-၃ ရက်လောက်ရှိပြီ အဖျားတော့ သိပ်မကြီးပါဘူး ဆရာမရယ် ဒါပေမဲ့ ဒီမနက်ကျတော့ အသက်ရှူတာလည်း မြန်လာတယ် မောတယ်လည်းပြောတယ်။ အဲ့ဒါ ညနေကျရင် ဆရာမကို လာခေါ်မို့ စီစဉ်ထားတာ။ ခုနလေးတင်မှ ကောက်ကာငင်ကာကြီး သတိလစ်ပြီး ခေါ်လို့မရတော့လို့ အဖွားကို ချီပြီး လာခဲ့လိုက်တာ ဆရာမ"
ပြီးပြောတာနဲ့ တငီးငီးနဲ့ ရှိုက်ကြီးတငင် ငိုလေတော့သည်။

"သမီး ခဏလေး ဖွားပုကို ဆရာမကြည့်လိုက်ဦးမယ်နော်" လို့ မေမီ့ကိုပြောရင်း တဆက်တည်း
လူနာကို ကုတင်ပေါ် တခါတည်းတင်ပေးပါဦး" လို့ လူအုပ်ကြီးကို လှည့်ပြောလိုက်ရသည်။
ဖွားပု ကုတင်ပေါ်ကိုရောက်တော့ သူငယ်အိမ်ကိုစစ် သွေးပေါင်တိုင်း အောက်စီဂျင်တိုင်း သွေးပေါင်ချိန်တိုင်း သကြားဓာတ်ဖောက်တာတွေကို ဇယ်ဆက်သလိုလုပ်ရင်း ဖွားပု ဘာဖြစ်သွားတာလဲဆိုတာ သိရအောင် စမ်းသပ်ရလေတော့သည်။

"မေမီ..သမီး ဖွားပု နောက်ဆုံးဘယ်တုန်းက အစာစားထားလဲ"
"ဖွားဖွား မနက်ကအိပ်ရာထနောက်ကျလို့ နေ့လည် ၁၁ နာရီလောက်က ဆန်ပြုတ်လေးတခွက်သောက်ထားတယ်။ ပြီးတော့ ဆေးသောက်တယ် ဆရာမ"
"အဲ့နောက်ပိုင်းရော......ဘာစားသေးလဲ"
"ကျွေးတယ် ဆရာမ။ စားချင်စိတ် မရှိဘူးဆိုပြီး မစားဘူးရယ်။ အဲ့ဒါနဲ့ ညနေဆေးခန်းလာပြရင် ဘာစားလို့ရလဲဆိုတာ မေးပြီး အပြန်ဈေးထဲမှာ သမီးတို့ ဝင်စားဖို့ စီစဉ်ထားတာ"
မေမီ့ကိုမေးလို့ မြန်းလို့ ပြီးတော့ သွေးတွင်းသကြားဓာတ်စစ်ထားတာ "တီ" ကနဲမြည်ပြီး "45 mg%" ဆိုတဲ့ အဖြေလေးပေါ်လာလေသည်။

လက်စသတ်တော့ ဖွားပုတယောက် သွေးတွင်းသကြားဓာတ်နည်းနေပြီး သတိလစ်သွားတာ ဖြစ်မယ်လို့ ကနဦး ကောက်ချက်ချပြီး သကြားရည်ထိုးဖို့ ပြင်လိုက်ရလေတော့သည်။
ထိုးပြီးသိပ်မကြာဘူး ဖွားပုတယောက် လှုပ်လှုပ်ရွရွနဲ့ ညည်းသံလေး ထွက်လာတယ်။
တခြားစစ်ဆေးစရာရှိသည်များကို စစ်ဆေးရင်း ဖွားပု သတိရခြင်းအမှတ်များကို သေချာစမ်းသပ်စစ်ဆေးလိုက်ရလေသည်။

"ဖွားပု ဖွားပု မျက်လုံးလေးဖွင့်ကြည့်ပါဦး"
လေးကန်စွာဖွင့်လာသော မျက်ခွံများအောက်မှာ ဆေးထိုးခံရမှာ ကြောက်လှသော အရင်က ဖွားပုရဲ့ မျက်ဝန်းလေးကို ပြန်တွေ့လိုက်ရသည်။
"ဖွားပု ခြေတွေ လက်တွေ မြှောက်နိုင် လှုပ်နိုင်လား။ မြှောက်နိုင် လှုပ်နိုင်ရင် မြှောက်ပြ လှုပ်ပြပါဦး"
ကြွတယ်ဆိုရုံလေး မြောက်လာသော ခြေထောက်လေးကို ကြည့်ရင်း -
"ရပြီ ဖွားပု ရပြီ ရပြီ။ အားမှမရှိသေးတာ ဒီလောက်မြှောက်နိုင်ရင် ရပါပြီ။
ဖွားပု ကျမကို သိလား? ကျမ နာမည် ဘယ်သူလဲဆိုတာရော ပြောနိုင်လား? အခုဘယ်ရောက်နေလဲဆိုတာရောသိလား?"
ကျမရဲ့ ရှည်လျားလှတဲ့ မေးခွန်းတွေ အဆုံးမှာ နှုတ်ခမ်းထောင့်လေးတွေ တွန့်သွားရုံလောက် ပြုံးပြပြီး-
"နေခြည်လေ၊ ဆေးခန်း" ဆိုတဲ့ စကားကို ရှိသမျှအားလေးနဲ့ ပြောပြီးနောက် ပြုံးပြနေသော အဖွားပုကိုပါ ကြည့်ရင်းနဲ့ ကျမပါလိုက်ပြုံးနေမိတယ်။

အသက် ၉၇ နှစ်ထိ မျက်စိမွဲတာ သွားအစုံမရှိတော့တာကလွဲလို့ တခြားဘာရောဂါဆို ဘာရောဂါမှ မရှိသော ဖွားပု တယောက်တော့ ရာသီတုပ်ကွေးကြောင့် အစားပျက်ပြီး အရေးပေါ် အခြေအနေထိဖြစ်သွားသည်ကို တွေးမိရင်း သက်ပြင်းတချက်ချပြီး စမ်းသပ်စစ်ဆေးချက်များကို ချရေးပြီးဆေးပေး သွေးစစ်ဖို့ လုပ်ရလေတော့သည်။
"မေမီ.....သမီး ဖွားပုတော့ သတိပြန်ရလာပြီ ရာသီတုပ်ကွေးကြောင့် အစားပျက်ပြီး သွေးတွင်းသကြားဓာတ်နည်းပြီး သတိလစ်သွားတာပါ။
တခြားအကြောင်းနဲ့ သတိလစ်သွားတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ဖွားပု ရှေ့ရက်တွေက မောတယ် အသက်ရှူနှုန်းမြန်တယ်လို့ ပြောတာကြောင့် ဓာတ်မှန်ရိုက် သွေးစစ်ဖို့ လိုလိမ့်မယ်။ တကယ်လို့ တုပ်ကွေးကြောင့်ပဲဖြစ်ဖြစ် ဘက်တီးရီးယားကြောင့်ပဲဖြစ်ဖြစ် အဆုတ် တခုခုဖြစ်ရင်တော့ ပိုးသတ်ဆေးထိုးဖို့လိုရင် ထိုးရမယ် သို့မဟုတ် ဆေးရုံတက်ဖို့လိုရင် တက်ရမယ်နော် သမီး"
စကားဆုံးတာနဲ့ ညှိုးသွားသော မေမီ့မျက်နှာလေးကို ကြည့်ပြီး -
"တကယ်လို့ ဆေးထိုးဖို့လိုရင် ဆရာမ သမီးတို့ အိမ်ကို တနေ့ ၂ ကြိမ်တောင် လာရမှာလေကွာ။
ဘာလဲ ထမင်းမကျွေးချင်လို့လား"
စနောက်လိုက်မှ ပြုံးရွှင်ပြီး -
"မဟုတ်ပါဘူး ဆရာမရယ်။ အထပ်ကမြင့် ဖွားပုနဲ့ ဘယ်လို အဆင်းအတက်လုပ်ရမလဲလို့ တွေးရင်း ခေါင်းခြောက်လို့ပါ" လို့ ပြောရင်း ခေါင်းကုတ်နေသော မေမီ့ကို ကြည့်ရင်း သဘောကျမိသည်။

မေမီ့နဲ့ အဖွားကို အခြေအနေနဲ့ ဆက်လုပ်ရမည့် ကိစ္စများကို နောက်တကျော့ရှင်းပြီးချိန်တွင် သွေးတွင်းသကြားဓာတ်ကို ပြန်ဖောက်ရမည့်အချိန်ပြည့်သဖြင့် ပြန်ဖောက်ကြည့်ရာ "145 mg%" ရသဖြင့် စိတ်ချရသော အနေအထားသို့ ရနေပြီဖြစ်သဖြင့် အဖွားကို အစာမကြာခဏကျွေးရန် မေမီ့ကိုမှာရင်း အဖွားတခုခုဖြစ်ရင် ဖုန်းဆက်ဖို့ပါ ဖုန်းနံပါတ်ပေးလိုက်လေသည်။

ဆိုက္ကားပေါ်မှ "ဘာစားမလဲ ဖွားဖွား။ မုန့်ဟင်းခါး၊ အုန်းနို့၊ ဘိန်းမုန့်၊ အသုတ်၊ မုန့်စိမ်းပေါင်း..............." ဆိုတဲ့ အသံကို နားစွင့်ရင်း လူနာဆက်ကြည့်နေလေတော့သည်။
နောင်လာမဲ့ အပတ်တွေမှာလည်း ကျန်းမာရေး ပညာပေးဇာတ်လမ်းများကို ဘယ်လိုစိတ်ဝင်စားစရာ ကောင်းအောင် တင်ဆက်မလဲ စောင့်မျှော်ပေးကြပါဦးနော်။

“နေခြည်ဆေးခန်း” အပိုင်းဆက် ဇာတ်လမ်းများကို အပတ်စဉ် ကြာဿပတေးနေ့တိုင်း တင်မှာဖြစ်လို့ like and follow ထားခြင်းဖြင့် ဖတ်ရှုနိုင်ပါသည်။
ယခုလို ကျန်းမာရေး ဗဟုသုတလေးတွေ ပုံမှန်တင်ဆက်သွားမှာ ဖြစ်လို့ Page လေးကို like and follow လုပ်ခဲ့ပါ။

သင်တင်မက တခြားလူတွေပါ သိစေချင်ရင်တော့ share လို့ရပါတယ်။
စာသားများကို တစိတ်တဒေသဖြစ်စေ အပုဒ်လိုက်ဖြစ်စေ ပြန်လည်ကူးယူ ဖော်ပြခွင့်မပြု သို့သော် လွတ်လပ်စွာ share နိုင်သည်။
Phone: 0976 98 355 88, 099 410 888 53
Email: naychimedicalservices@gmail.com

: naychimedicalservices@gmail.com

"ညီမလေးရေ ခဏလာဦး၊ ဆေးစာရင်းတွေ တချက်တိုက်ကြည့်ရအောင်" "ဟုတ်ကဲ့ ဆရာမ....စာရင်းစာအုပ်တွေပါ ယူလာခဲ့လိုက်မယ်နော်" "အင်း....ယ...
03/08/2023

"ညီမလေးရေ ခဏလာဦး၊ ဆေးစာရင်းတွေ တချက်တိုက်ကြည့်ရအောင်"
"ဟုတ်ကဲ့ ဆရာမ....စာရင်းစာအုပ်တွေပါ ယူလာခဲ့လိုက်မယ်နော်"
"အင်း....ယူလာခဲ့"

စာရင်းစာအုပ်တွေ ဆေးဘောက်ချာတွေကို လူနာပါးတုန်း စစ်ဆေးနေစဉ် ဆေးခန်းရဲ့ လူနာ အဝင်အထွက်စာရင်းစာအုပ်ကနေ ဦးလှပေါ်ရဲ့ သွေးအဖြေတွေ ထွက်ကျလာတော့မှ သူ့ကို သတိရမိတော့တယ်။
သွေးအဖြေပေါ်က ရက်စွဲကိုကြည့်လိုက်တော့ လွန်ခဲ့တဲ့ ၂ ပတ်က ရက်စွဲနဲ့။
ထုံတာ ကျဉ်တာတွေ ပျောက်ချင်လွန်းတာလည်း သူပဲ
ဘယ်တော့ ပြန်လာပြရမလဲလို့ မေးပြီး သေချာပြန်လာပြမှာလို့ ပြောခဲ့တာလည်း သူပဲ
ခုတော့လည်း ပျောက်သွားပြန်ပြီ။

"ဆရာမ အဲ့ဒါ ဦးလှပေါ် သွေးအဖြေမလား?"
"ဟုတ်တယ် သိမ်းထားလိုက်ဦးနော် ညီမလေး။ သူပြန်လာတဲ့ နေ့ကျရင် ပေးလို့ ရအောင်၊ မပျောက်စေနဲ့နော်"
"ဟုတ်ကဲ့ ဆရာမ။ သူက ဘယ်နေ့မှပြန်လာမယ်မှန်း မသိပဲနဲ့ သိမ်းထားဦးမလို့လား ဆရာမရယ်"
"သိမ်းရမှာပေါ့။ သူ့သွေး အခြေအနေကို သူ့ပိုက်ဆံနဲ့ စစ်ထားတာပဲ ဒီစာရွက်က သူပိုင်တာမို့ သိမ်းထားပေးရမယ်။ သိမ်းပေးထားတယ်ဆိုတာကလည်း ခေါင်းပေါ်ရွက်ပေးထားရတာမှ မဟုတ်တာ"

"ဟုတ် ဆရာမ" လို့ပြောပြီး သွေးအဖြေသိမ်းဖို့ အခန်းပြင်ထွက်သွားစဉ်.....
"ဆရာမရေ......ဆရာမ......"
"ဟဲ့....ဆေးခန်းမှာ ဘာလို့ အော်ကြီးဟစ်ကျယ် ဖြစ်နေတာတုန်း"
"မဟုတ်ဘူး ဆရာမ၊ ဟိုးးမှာလေ တွေ့လား ဆိုက္ကားပေါ်မှာ ဦးလှပေါ်လေ။ သူ့အကြောင်းပြောရင်း သူလာတာတွေ့တော့ အံ့ဩသွားလို့ အော်မိတာပါ ဆရာမရဲ့ ဟီးးးး"

သူ့ဟာသူ ပြောပြီး ပြုံးစိစိ ဖြစ်နေသော ဆေးခန်းအကူ ညီမလေးအား မျက်စောင်း တချက်ထိုးပြီး ဦးလှပေါ်ကို ကြည့်ဖို့ အခန်းထဲ ဝင်ပြီးစောင့်နေလိုက်တော့တယ်။

"ကဲ....ဦးလှပေါ် ပြောပါဦး တစ်ပတ်ဆိုပြန်လာမယ်ပြောပြီး ဘယ်လိုဖြစ်လို့ ပြန်မလာပဲ ပျောက်သွားတာတုန်း"
"ဟဲ...ဟဲ ဆရာမ မဆူနဲ့နော်"
ကျိုးတိုးကျဲတဲ သွားတွေကို ပေါ်အောင် ပြုံးဖြီးရင်း ဆက်ပြောလေသည်။

"ဒီလို ဆရာမရေ ဆရာမပေးတဲ့ ဆေးလေးတွေ သောက်ပြီး သွေးဖောက်ဖောက်ကြည့်တော့ ဆီးချို ထိန်းနေနိုင်တာနဲ့ ကျနော်လည်း မလာဖြစ်တာ။ ဒါပေမဲ့ အိမ်ကသမီးအကြီးက ဟိုကနေ စိတ်ပူတယ် သွားပြဆိုပြီး တငိုငို တရီရီနဲ့ ပြောနေတာမို့ လာပြတာ ဆရာမရေ"

"ရှင် သိပ်ပြီးသတ္တိရှိနေပါလား ဦးပေါ်ရေ
တော်သေးတာပေါ့ သမီးကအတင်းလာခိုင်းတာပဲ ကျေးဇူးတင်ရမလိုပဲ"

"ခြေထောက်ကျဉ်တာတော့ မသက်သာသေးပေမဲ့ နုံးတာတို့ အားမရှိတာတို့တော့ တော်တော်သက်သာလာတာမို့ နည်းနည်းပေကြည့်တာပါ ဆရာမရယ်"

"ပေမနေနဲ့တော့ ပြီးခဲ့တဲ့ အခေါက်တုန်းက သွေးဖေါက်သွားတယ်မလား?
သွေးအဖြေရပြီ သွေးအဖြေကတော့ သိပ်မကောင်းဘူး။ ကျောက်ကပ် စထိနေပြီ။ ဆီးထဲမှာလည်း အသားဓာတ် နည်းနည်းပါနေပြီ ဆိုတော့ ရှေ့လျှောက် ကျောက်ကပ်မဆေးချင်ဘူး ဆိုရင် ဆီးချိုကို သေချာ ထိန်းဖို့လိုလိမ့်မယ် ဦးပေါ်"

စိတ်ဝင်တစားနားထောင်ရင်း ညှိုးသွားတဲ့ မျက်နှာလေးကို ကြည့်ရင်း အိမ်မှာဖောက်ပြီးမှတ်ထားတဲ့ သွေးချို အဖြေကိုယူတောင်းကြည့်မိလိုက်တယ်။

"ဗုဒ္ဓေါ......ရှင်ကသာ သွေးအဖြေက ကောင်းတယ်၊ နေရတာ ကောင်းတယ်လို့သာ ပြောတာ၊ ဒီမှာ များနေတုန်းပဲ
တချို့နေရာတွေမှာလည်း ၂၅၀ လောက်ထိ တက်သွားတုန်းပဲ"

"ဟုတ်တယ်ဆရာမ...အဲ့နေ့က အလှူရှိတော့ ဒန်ပေါက်လေး စားမိလိုက်လို့ပါ ဆရာမ။
ကျန်တဲ့နေ့တွေကတော့ ကျနော် တော်တော်ရှောင်ပါတယ် ဆရာမရယ် ထမင်းဆိုလည်း ၄-၅ လုတ်ပဲစားတာ အသားနဲ့အရွက်ကိုပဲ အဓိကထားစားတာ။
အရင်ကဆို ထမင်းစားရင် ကျနော်က ဇလုံနဲ့ကို စားတာဗျ။ ခုက တော်တော်လျှော့ထားတာ။
ကျနော့်သမီးလေးက သူ့ဆီအလည်ခေါ်မယ်ဆိုတာ စောင့်ရဦးမယ်လေ"

"အရင်က အဲ့လောက်စားပြီး အခုက အဲ့လောက်လျှော့လိုက်တော့ ရှင် ဗိုက်မဆာဘူးလား"

"ဆာတာပေါ့ ဆရာမရယ် ဘယ်ပြောကောင်းမလဲ။ ဆာလာရင် ကော်ဖီလေးသောက်လိုက်တော့ အဆင်ပြေတယ်ဗျ"

တရားခံဖမ်းမိတဲ့ စုံထောက်လို ချက်ချင်းကောက်မေးလိုက်လေသည်။
"ဟင်.....ကော်ဖီ.......ဦးလှပေါ် ရှင် ဘာကော်ဖီသောက်လဲ
တနေ့ ဘယ်နှခွက်သောက်လဲ"

"ကျနော် မနက်စာစားရင် တခွက် နေ့လည်စာစားပြီးရင် တခွက် ညစာစားပြီးရင် တခွက်
တနေ့ ၃ ခွက်သောက်တယ် ဆရာမ"

"ရှင် အဲ့ဒါကြောင့် အစားလျှော့လည်း ဆီးချိုတွေက တက်နေသေးတာကိုး"

"အာ....မဖြစ်နိုင်ဘူး ဆရာမ။ ကျနော်က ကော်ဖီဆို ခပ်ပေါ့ပေါ့ပဲသောက်တာဗျ"

"အင်း....ပြောစမ်းပါဦး ဘယ်လို ခပ်ပေါ့ပေါ့လဲဆိုတာ ရှင်းပြပါဦး"

"ဒီလိုလေ ဆရာမ....coffee mix တထုပ်ကို ကျနော်သောက်နေကျ ငါးကြင်းခွက်နဲ့ အပြည့်ဖျော်ပြီးသောက်တာလေ။
လုံးဝ မချိုဘူး ဆရာမ"

စကားအဆုံးမှာ အောင်နိုင်သူ အပြုံးလေးစစ၊ အာဘောင်အာရင်း သန်သန်နဲ့ ပြန်ဖြေနေတဲ့ ဦးလှပေါ်ကို တရားစဟောရပါတော့တယ်။

"ဒီမယ် ဦးလှပေါ်....ဆီးချိုသမားတယောက်က ကော်ဖီကို အဲ့လိုသောက်ရင် ဆီးချိုမတက်ဘူး ဆီးချိုသမားသောက်လို့ ရတယ်လို့ ရှင့်ကို ဘယ်သူက ပြောလိုက်တာတုန်း"

"ဘယ်သူမှတော့ တသီးတသန့် ပြောတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ ဆရာဝန်တွေပြောတယ်လေ လျှာပေါ်တင်ကြည့် ချိုရင် မစားရဘူးဆို။
ကျနော် ကော်ဖီကို အဲ့လိုဖျော်သောက်တော့ မချိုတော့ သောက်လို့ရတယ်လို့ ထင်တာပေါ့ ဆရာမကလည်း"

သူပြောတာ နားထောင်ပြီး "သေစမ်းဟဲ့ ဒေါ်နေခြည်" လို့သာ အော်ညည်းချင်လိုက်တော့တယ်။

"နေ.....နေ.....နေပါဦး ဦးလှပေါ်။ ရှင်ပြောနေတာ အယူအဆ အမှားတွေမို့ ကျမ ရှင်းပြမယ်နော် ခဏလေး နားထောင်"

သေသေချာချာနားလည်အောင် ရှင်းပြချင်သောကြောင့် ဖန်ခွက် ကြီးကြီးတခွက်ရယ် ဆေးခန်းရှေ့က ပန်းအိုးထဲမှ သဲလက်တဆုပ်ရယ် ယူပြီး ရှင်းဖြစ်လေသည်။

"ဒီမှာကြည့်.......ကျမ ဒီသဲလက်တဆုပ်ကို ဖန်ခွက်ထဲထည့်လိုက်ပြီနော်"

ဖန်ခွက်မှာပြောင်ချောပြီး အကွက်အစင်းတွေ ဆေးခြယ်ထားတာတွေ မရှိသဖြင့် ဖန်ခွက်ထဲမှ သဲတွေကို ကောင်းကောင်းမြင်နေရပါတယ်။

"ဒီသဲတွေကို ကော်ဖီမှုန့်လို့ မြင်ကြည့်လိုက်နော် ဦးပေါ်"

"ဟုတ်ကဲ့ ဆရာမ"

"ဒီဖန်ခွက်ထဲကို ကျမ ရေတဝက်ထည့်မယ်။ ခုနရေထည့်လိုက်လည်း ဒီထဲမှာ ရှိတဲ့သဲတွေက ခုနက ပမာဏအတိုင်းပဲနော် နည်းလည်း မနည်းသွားသလို များလည်းမများသွားဘူးနော်"

"ဟုတ်ကဲ့ ဆရာမ"

"အခု ကျမ ဒီထဲကို ရေအပြည့်ထည့်လိုက်မယ်
ခုနက ဒီထဲမှာ ရှိတဲ့ သဲတွေ နည်းသွားလား ဦးပေါ်"

"မနည်းဘူး ဆရာမ ခုကန ရေမထည့်ခင်ကတည်းက ရှိတဲ့ လက်တဆုပ်အတိုင်းပါပဲ"

"ဒါဆို ကျမ နည်းနည်းဆက်ပြောမယ်။
တကယ်လို့ ဒါဟာ ကော်ဖီတခွက်ဆိုရင်ရော? ရေများများထဲလိုက်တာနဲ့ ကော်ဖီထုပ်ထဲမှာပါတဲ့ သကြားတွေ နည်းသွားရောလား"

"မနည်းဘူး ဆရာမ
ရေနည်းနည်းများများ ကော်ဖီထုပ်ထဲက သကြားပမာဏကတော့ ဒီတိုင်းပါပဲ"

"ဒါဆို ဘာကပြောင်းလဲသွားတာလဲဆိုတာ သိလား ဦးပေါ်
ပြောင်းလဲသွားတာ ဆိုလို့ ရေအများကြီးထည့်လိုက်လို့ အချိုပေါ့ သွားတာပဲရှိတယ်။ ပါဝင်တဲ့ သကြားပမာဏက မပြောင်းဘူးလေ။
အဲ့တော့ ရှင်က ပုံမှန်သောက်ရင် ချိုတဲ့ ကော်ဖီတခွက်ကို သောက်ချင်ဇောနဲ့ ကိုယ့်ဟာကိုယ်လှည့်စားပြီး ရေအများကြီးထည့်သောက်လည်း ပါဝင်တဲ့ သကြားပမာဏက များတာမို့ ဆီးချိုက တက်နေဦးမှာပဲလေ ရှင်ရယ်"

"ဪ........ဟုတ်သားနော် ဆရာမ
ကျနော်က မချိုရင် စားလို့ရတယ်ဆိုပြီး ချနေတာ ဆရာမရေ" လို့ ပြုံးဖြီးဖြီးနဲ့ ပြန်ပြောနေလေရဲ့။

"ကျနော်ကလေ ကော်ဖီသိပ်ကြိုက်တာ ဆရာမရဲ့
တကယ်လို့ ကျနော် သောက်ချင်ရင် ဘယ်လိုဆိုရင် သောက်လို့ရလဲ ဆရာမ"

"တကယ်လို့ ကော်ဖီသောက်ချင်ရင် Black coffee သောက်လို့ ရတယ်လေ။ ဒီတိုင်း ကော်ဖီမှုန့်နဲ့ ရေနွေးပဲ ဖျော်ထားတာလေးလေ သူကသကြားမပါတာမို့ သောက်လို့ရတယ်"

"ဟုတ်ကဲ့ ဆရာမ
ကျနော် ပြောင်းသောက်လိုက်ပါ့မယ်"

"ကဲ.....အဲ့ဒီတော့ ဆေးတော့ မပြောင်းသေးဘူး
ကော်ဖီပြောင်းပြီး ဆီးချိုမှတ်ခဲ့ဦး ကော်ဖီကြောင့် တက်နေတာဆို ဆေးတိုးစရာမလိုလောက်ဘူးမို့ ကျမ ဒီတိုင်းပဲ ပြန်ပေးလိုက်မယ်နော်။
နောက် ၂ ပတ်ကြာမှပဲ ဆီးချို မှတ်တမ်းနဲ့ အတူပြန်လာပြတော့ ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ ဆရာမ
ကျနော် သေချာပေါက် ပြန်လာပြပါ့မယ် ဆရာမ" လို့ ဒုတိယမ္ပိ ပြောပြီးပြန်သွားလေရဲ့။

နောင်လာမဲ့ အပတ်တွေမှာလည်း ကျန်းမာရေး ပညာပေးဇာတ်လမ်းများကို ဘယ်လိုစိတ်ဝင်စားစရာ ကောင်းအောင် တင်ဆက်မလဲ စောင့်မျှော်ပေးကြပါဦးနော်။

“နေခြည်ဆေးခန်း” အပိုင်းဆက် ဇာတ်လမ်းများကို အပတ်စဉ် ကြာဿပတေးနေ့တိုင်း တင်မှာဖြစ်လို့ like and follow ထားခြင်းဖြင့် ဖတ်ရှုနိုင်ပါသည်။

ယခုလို ကျန်းမာရေး ဗဟုသုတလေးတွေ ပုံမှန်တင်ဆက်သွားမှာ ဖြစ်လို့ Page လေးကို like and follow လုပ်ခဲ့ပါ။
သင်တင်မက တခြားလူတွေပါ သိစေချင်ရင်တော့ share လို့ရပါတယ်။
စာသားများကို တစိတ်တဒေသဖြစ်စေ အပုဒ်လိုက်ဖြစ်စေ ပြန်လည်ကူးယူ ဖော်ပြခွင့်မပြု သို့သော် လွတ်လပ်စွာ share နိုင်သည်။

Reference -
-WedMD - https://www.webmd.com/diabetes/artificial-sweeteners-diabetes-patients
-National Library of Medicine; Artificial Sweeteners: Safe or Unsafe - https://pubmed.ncbi.nlm.nih.gov/25842566/
-Diabetes UK - https://www.diabetes.org.uk/guide-to-diabetes/enjoy-food/carbohydrates-and-diabetes/sugar-sweeteners-and-diabetes

Phone: 0976 98 355 88, 099 410 888 53
Email: naychimedicalservices@gmail.com

: naychimedicalservices@gmail.com


#ကျန်းမာရေး




Address

Yangon

Website

Alerts

Be the first to know and let us send you an email when NayChi Medical Services Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category