
31/03/2025
အခုချိန်ဟာ မြန်မာပြည်သူ၊ ပြည်သားတွေအတွက် တကယ့်ကို စိတ်နှလုံးချုံးချုံးကျစေတဲ့ လောကဓံဆိုးကြီးကို နှဖူးတွေ့၊ ဒူးတွေ့ရင်ဆိုင်နေကြရတဲ့အခြေအနေဖြစ်ပါတယ်။ အားလုံးရဲ့ နာကျင်ကြေကွဲစရာကောင်းတဲ့ ဆုံးရှုံးမှုများအတွက် Nway Oo Healing Space (NOHS) ကလည်း အားလုံးနဲ့ထပ်တူဝမ်းနည်းကြေကွဲရပါတယ်။
လက်ရှိအချိန်မှာ
🔹ဆုံးရှုံးမှုပေါင်းများစွာကို ကိုယ်တိုင်ရင်ဆိုင်နေကြရတဲ့သူတွေမှာလည်း အပူတစ်မျိုး
🔹အဝေးကနေ သတင်းတွေစုံစမ်းပြီး ပူပန်နေရတဲ့ မိသားစုဝင်တွေမှာလည်း အပူတစ်မျိုး၊
🔹နည်းမျိုးစုံနဲ့ ကိုယ်အား၊ ဥာဏ်အား တတ်စွမ်းသမျှ ကူညီကယ်တင်ဖို့ကြိုးစားနေကြသူတွေမှာလည်းအပူတစ်မျိုးနဲ့
အားလုံးဟာ အခုချိန်မှာ စိတ်ခံစားချက်တွေပေါင်းစုံနဲ့ ဒီအခက်အခဲကြီးကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ကျော်ဖြတ်ဖို့ကြိုးစားနေကြတာတွေအတွက်လည်း တစ်ဘက်က ဝမ်းနည်းကြေကွဲရသလို များစွာလည်း လေးစားဂုဏ်ယူရတဲ့အချိန်ဖြစ်ပါတယ်။
အခြေအနေတစ်ခုရောက်တဲ့အခါ ရခဲ့တဲ့စိတ်ဒဏ်ရာတွေကို သက်သာစေနိုင်ဖို့အတွက် အားလုံးကို ကူညီနိုင်ဖို့ NOHS ဘက်က ပြင်ဆင်ထားမယ် (ပြင်ဆင်နေတယ်) လို့ ကတိပေးပါတယ်။ ဒါကြောင့် လောလောဆယ်မှာ လက်ရှိလောကဓံကို နိုင်တဲ့အားတွေနဲ့တောင့်ခံပြီး လက်မလျှော့ဘဲ ကျော်ဖြတ်နိုင်အောင် အရင်ဆုံးကြိုးစားကြမယ်နော်။
မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ အခက်ခဲဆုံးအချိန်ကတည်းကစပြီး အားလုံးကို တတ်နိုင်တဲ့ဘက်က ကူညီဖို့ တည်ထောင်ဖြစ်ခဲ့ရင်း အားလုံးနဲ့အတူရှိခဲ့တာ (၄) နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ရှေ့ဆက်ပြီးလည်း ခက်ခဲတဲ့အချိန်တွေမှာ ကူညီဖို့အတူရှိနေမှာမို့ အားလုံးပဲအားတင်းထားကြပါနော်။