06/03/2026
ပုတိဖွားများကြာသပတေးသားသမီးအတွက်
ပုတိဖွားမှာ ငြိုငြင်စွာ မွေးကာဖွားလတ်မည် ၊ဝေးရပ်ခြားရွာ အိမ်ထောင်မှာ ပြုကာနေရမည်၊ နှမြောတွန့်တို ဝန်လည်းတို စိတ်တိုစိတ်ဆတ်မည်။ပုတိသဘော မကျော်ဇော အဟောရှိလေသည်၊ ကျော်စော
လေဘိ ထိုပုတိ အတုမရှိပြီ။"
ပုတိဖွားတွေဟာ မွေးဖွားချိန်မှာ မိဘများ စီးပွားရေး အနည်းငယ် ကသောင်းကနင်း ဖြစ်နေချိန်မှာ ငြိုငြိုငြင်ငြင် နဲ့ မွေးဖွားလာကြရတတ်သူတွေ ဖြစ်ပါတယ်။ သို့မဟုတ် အိမ်မှာ မိဘများ မကျန်းမာချိန်လည်း ဖြစ်နေတတ်တယ်။ မိမိဇာတိမဟုတ်ဘဲ တရပ်တကျေးမှာ အိမ်ထောင် ရက်သားကျတာ၊ တခြားရပ်ရွာ အဝေးမှာ သွားရောက် နေထိုင်ရင်း စီးပွားဖြစ်ထွန်းတတ်သူတွေပါ။ တခါခါ ဘာမဟုတ်တာနဲ့ နှမျောနေတတ်သူတွေလည်း ဖြစ်ပါတယ်။ သဝန်က တိုတတ်ပြီး စိတ်တိုစိတ်ဆတ်တတ်သူတွေလည်း ဖြစ်ပါတယ်။ ပုတိဖွားတွေဟာ ဘဝမှာ ထင်ရှားကျော်စောမှု နည်းပါးတတ်ပါတယ်။
ဒါပေမယ့် ဘုရားအလောင်း သိဒ္ဓတ္ထမင်းသားဟာ ပုတိဖွား ဖြစ်တာကြောင့် ပုတိသဘော မကျော်စော ဆိုသော်လည်း သုံးလောကထွဋ်ထား ဘုရားအထိ ဖြစ်လာတာကြောင့် ကျော်စောပြီဟေ့ဆို ပြိုင်ဘက်မရှိ အောင်မြင်ထင်ရှားတတ်သူတွေပါပဲ။
လှုပ်ရှားသွားလာမှုများတတ်သူတွေလည်း ဖြစ်ပါတယ်။ တဖက်သားက မသိအောင် ဖုံးကွယ်လျှို့ဝှက်ထားတဲ့ အရာတွေကို စူးစမ်းဖော်ထုတ်နိုင်စွမ်း၊ သိနိုင်စွမ်းကတော့ သူတို့ရဲ့ ပင်ကိုယ်အရည်အသွေးပဲ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကတော့ တခုခုကို ဖုံးကွယ်လျှို့ဝှက်ထားတတ်တာလည်းသူတို့ရဲ့သဘာဝပါပဲ။ ကြာသပတေးသားသမီး ပုတိဖွားတွေဟာ ထင်ပေါ်လိုစိတ်ရှိတယ်။ မခံချင်စိတ်၊ မာနစိတ်ကြောင့် ဘဝကို ကျားကုတ်ကျားခဲ ကြိုးစားရုန်းကန်နိုင်စွမ်း ပါလာကြသူတွေ ဖြစ်ပါတယ်။ ဘဝမှာ ငယ်စဥ်အခါ.ရေနစ်တာ၊ ကားတိုက်တာ၊ ဆိုင်ကယ်မှောက်တာ၊ အမြင့်က ပြုတ်ကျတာလိုမျိုး အသက်ဘေးနီးတဲ့ မတော်တဆမှုတခုခု ကြုံကြရတတ်သူတွေ ဖြစ်ပါတယ်။ ကိုယ့်ဘာသာ ဘယ်လိုပင် အေးအောင်နေပါစေ လာပြီး ပြိုင်တာ တိုက်ခိုက်တာတွေ မကြာခဏ ကြုံရတတ်လှပါတယ်။
မခံချင်စိတ် မာနစိတ်ကြောင့် လာပြိုင်ရင် ပြန်ပြိုင် လာတိုက်ရင် ပြန်ခုခံနေမိတတ်တယ်။ အဲ့လို လုပ်ရင် ဘဝက ပူလောင်နေတတ်တယ်။ လွှတ်ထားလိုက်ရင် သူ့ဘာသာ ငြိမ်သွားတတ်တဲ့ သဘောသဘာဝရှိတာကို စွဲမှတ်ယုံကြည် လိုက်နာပေးပါ။ နောက်တခုက ဘဝမှာ မမြင်ရတဲ့ စုန်းတိုက်နတ်တိုက် ဆရာတိုက် ပညာတိုက် လူပြုစားတာ စတဲ့ ပယောဂ အနှောက်အယှက် တွေ ကြုံကြရတတ်သူတွေဖြစ်ပါတယ်။ လောဘစိတ်လေးက ကိုယ်တိုင်တောင် သတိမထားမိဘဲ အစွန်းထွက်နေတတ်လို့ အသိပညာ အတတ်ပညာတွေ အမျိုးစုံအောင် လေ့လာလိုစိတ် ရှိတယ်။ ဟိုသင်တန်းဒီသင်တန်းလည်း စုံတကာစေ့တက်တတ်တယ်။ အလုပ်ဆိုလည်း တခုမပြီးဘူး တခု ထပ်လုပ်တယ်။ တယောက်တည်းနဲ့ အလုပ်နှစ်ခုသုံးခု လုပ်တယ်။ အဲ့တော့ ဘယ်ဟာမှ လက်စမသတ်နိုင် တိုးလို့တန်းလန်းတွေက များတတ်တယ်။ ဂုဏ်ထင်ပေါ်မှုလေးကလည်း မက်တတ်လို့ လှတပတ ခေတ်ပေါ်ပစ္စည်း တွေ့တာ ဝယ်တယ်။ ဒါကြောင့် ငွေလေး ရလာရင် နေ့မကူးဘူး ကုန်တယ် လို့တောင် ပြောလို့ ရတယ်။
သူတို့ မှာ ချမ်းသာကြီးပွားစေနိုင်တဲ့ ဗီဇဓာတ်ခံက ပါလာပြီးသား ရှိသော်လည်း ဘဝမှာ အလုပ်တခုခုကို ရေရှည် ဇွဲခတ်ပြီး မလုပ်တတ်တဲ့ အကျင့်ညာဥ်က ဖျက်နေတတ်တယ်။ တကယ်တော့ သူတို့ဟာ ကိုယ်ဝါသနာပါရာ တခုခုကို ဇောက်ချလုပ်ရင် ဆယ်စုနှစ် တခုအတွင်း သူဌေးပေါက်စ ဖြစ်လာနိုင်တယ်။ နောက်ထပ် ဆယ်စုနှစ်တခုအတွင်း ဆိုရင်တော့ ပြောစရာ မလိုတော့ဘူးပေါ့။ ထင်ထင်ပေါ်ပေါ်နဲ့ လုပ်ရင် အကျိုးမပေးတတ်ဘဲ ကန့်လန့်ကာနောက်ကွယ်ကနေ ထိန်းချုပ်လုပ်ကိုင်ရတဲ့ management နယ်ပယ်မျိုးမှာ သူမတူအောင် ထက်မြက်တတ်ကြသူတွေ ဖြစ်ပါတယ်။ ထူးခြားချက်ကတော့ သူများနဲ့ မတူတဲ့ စိတ်စွမ်းအင်တမျိုး ပိုင်ဆိုင်တတ်ကြသူတွေပဲ ဖြစ်ပါတယ်။ သူတို့ တကယ်တမ်း လိုချင် ရချင်လာပြီဆို သိပ်မကြာလှသော အချိန်အတွင်းမှာပဲ စိတ်အကြံအစည် တွေ အောင်မြင်လာရတတ်တယ်။ ဘဝမှာ ဒူးနာခါးနာ၊ ထုံကျင်တာ၊ ဆံပင်သိသိသာသာကျွတ်တာ၊ လေဖြတ်တာ၊ သွေးလုံးတည်တဲ့ ရောဂါ တို့ကို သတိပြုရပါမည်။ လူတိုင်း ဒီရောဂါတွေ ဖြစ်တတ်ပေမယ့် သူတို့မှာ ပိုခံရတတ်လို့ ပါပဲ။
ယောကျ်ားလေးများ အချစ်ရေးအိမ်ထောင်ရေး ကိလေသာကာမဂုဏ်ကိစ္စတွေမှာ အင်မတန်ကို ပညာသားပါပါ လုပ်ဆောင်တတ်ကြလို့ ဥာဏ်ရှိတိုင်း မကွန့်မြူးကြပါနဲ့လို့ မှာပါရစေ။ သူတို့ ကို ကြည့်ရင် နူးညံ့သိမ်မွေ့သလို ရှိတတ်ပေမယ့် အနီးကပ်ပေါင်းသင်းကြည့်ရင်တော့ အင်မတန် ထော်လော်ကန့်လန့်နိုင်တဲ့ ပေါင်းရသင်းရခက်တတ်သူတွေပါပဲ။ လူတရုန်းရုန်း ဖြစ်လာရင် သူတို့ မနေတတ်ဘူး။ တခုမဟုတ်တခု အမြဲ လုပ်နေတတ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့အိမ်မှာရှိနေရင် ရှိနေမှန်းသိသာတယ်၊ တီဗီဖွင့်တယ် သီချင်းဖွင့်တယ်...တခုခု ပြင်ဆင်ထုရိုက် လုပ်ကိုင်နေတတ်ကြလို့ပဲ ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ နိုင်ငံရေးတွေ ဝါသနာထုံတတ်ကြတယ်။ လမ်းသွားရင် တခုခု လက်ထဲကိုင်လို့ပဲ ဖြစ်ဖြစ် သယ်ပိုးကိုင်ဆောင်သွားရမှ ကျေနပ်ကြသူတွေလည်း ဖြစ်ပါတယ်။
သူတို့အတွက် အဆောင်ရတနာကတော့ စိန် ပဲ ဖြစ်ပါတယ်။
အသက် ၉၊ ၁၅၊ ၁၇၊ ၂၃၊ ၂၄၊ ၂၅၊ ၂၈၊ ၃၁၊ ၃၂၊ ၃၃၊ ၃၆၊ ၃၉၊ ၄၀၊ ၄၁၊ ၄၈၊ ၄၉၊ ၅၆၊ ၅၇ တွေဟာ ကံဇာတာ ညှိုးမှိန်ပြီး စိတ်ညစ်စရာတွေ တိုက်ဆိုင်ကြုံတွေ့လွယ်တဲ့ကာလတွေ ဖြစ်ပါတယ်။
၄၄၊ ၄၇၊ ၅၂၊ ၅၅၊ ၆၀ အသက်ပိုင်းများမှာတော့ လူမသေရင် ဘဝသေ ဆိုသလို အိမ်ထောင်ရေးပျက်ပြားခြင်း၊ ကျန်းမာရေးအန္တရာယ်များ ကျရောက်တတ်ခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ အမှုအခင်းပြဿနာများ ရင်ဆိုင်ရတတ်ခြင်းများ တိုက်ဆိုင်ကြုံတွေ့ရတတ်ပါသည်။
ထို့ကြောင့် ဖော်ပြပါအသက်ပိုင်းများသို့ ကျရောက်စဲ၊ ကျရောက်နေချိန်များတွင် နားလည်တတ်ကျွမ်းသော ဆရာသမားထံ မေးမြန်း၍ ယတြာအစီအရင်များ တောင်းခံပါမှ သက်သာလျော့ပါးနိုင်ပေမည်။
📩 Personal Reading အသေးစိတ် မေးမြန်းလိုပါက
CB (Messenger) မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါပြီ ✍️
တစ်ဦးချင်းစီ၏ ကံဇာတာအခြေအနေအလိုက်
အသေးစိတ် လမ်းညွှန်အကြံပြု ဆွေးနွေးပေးသွားပါမည်။
#ဆရာအံ့မင်းညို
#မြန်မာ့ရိုးရာဗေဒင်ပညာ
#ဗေဒင်
#ယတြာ