13/07/2021
ကိုဗစ်လူနာများ အောက်စီဂျင်ကျတဲ့အခါ ဘယ်လိုအနေအထားနဲ့ အသက်ရှူရမလဲ ?
အရင်က ကိုဗစ်လူနာများ ICU မှာတင်ရင်း အောက်စီဂျင်ကျသွားရင် မှောက်လျက်အနေအထား (Prone Position) နဲ့ အောက်စီဂျင်ပေးလေ့ရှိတယ်။ ပေးဖို့လည်း Recommend လုပ်ထားပြီးဖြစ်တယ်။
- မှောက်လျှက်အနေအထားက ကိုဗစ်ဆိုးရွားလူနာတွေမှာ အဆုတ်လေအိတ်တော်တော်များများကို အောက်စီဂျင်ပိုရစေတယ်လို့ ဆိုပါတယ်။
- အခုနောက်ပိုင်း သုတေသနများအရ ကိုဗစ်အသင့်အတင့်ဆိုးတဲ့ လူနာတွေ၊ Home care လုပ်ရင်းအောက်စီဂျင်ကျနေတဲ့ ကိုဗစ်လူနာတွေမှာ လည်း အဆုတ်လေအိတ်တွေထဲ အောက်စီဂျင်ရောက်ရှိဘို့ မှောက်လျှက်အသက်ရှူနည်းကို အသုံးပြုလို့ရပါတယ်။
- သုတေသနအရ မှောက်လျှက်အသက်ရှူနည်းပြုလုပ်ခြင်းဖြင့် အောက်စီဂျင်ပိုရစေရုံမျှမက ICU ပို့မယ့်ပမာဏလည်းလျော့သွားစေမယ်။ လည်ချောင်းထဲ အသက်ရှူပိုက် ထည့်ရမယ့်ပမာဏလည်း လျော့သွားစေမယ်။ ICU ရောက်ခဲ့ရင်လည်း အဲဒီမှာ နေရမယ့်အချိန်တိုသွားစေမယ်။ ဆေးရုံတက်ရမယ့်ရက်တွေ လျော့သွားစေမယ်။ အသိသာဆုံးကတော့ လူနာရဲ့ Well being ပါဘဲ။ အောက်စီဂျင်ပိုရနေတော့ လူနာက နေရထိုင်ရ အရမ်းသက်သာနေတယ်မဟုတ်လား။
ဒီတော့ကာ မှောက်လျှက် အသက်ရှူခြင်းလုပ်ဖို့အတွက်---
၁။ ဘာတွေလိုအပ်မလဲ။
၂။ ဘယ်လောက်ကြာကြာလုပ်လို့ရသလဲ။
၃။ ဘယ်လိုလူနာမျိုးတွေဆိုမလုပ်သင့်ဘူးလဲ။
ဆိုတာတွေ သိဘို့လိုအပ်လာပါမယ်။
၁။ ဘာတွေလိုအပ်မလဲဆိုရင် မှောက်လျက်အနေအထားအတွက် မလိုလားအပ်တဲ့နာကျင်မှုတွေမဖြစ်စေဘို့ အခုအခံ ခေါင်းအုံး ၅ လုံးလောက် လိုပါမယ်။ (ပုံ ၁၊ ပုံ ၂ တွင်ကြည့်ပါ)။ အောက်စီဂျင်ပေးလက်စဆိုရင် ဆက်ပေးထားဘို့ လိုပါမယ်။ အောက်စီဂျင်ပိုက်တွေ ခေါက်နေတာ ပြုတ်နေတာ မဖြစ်ဘို့ သေချာစစ်ဆေးရပါမယ်။
၂။ ဘယ်လောက်ကြာကြာ လုပ်လို့ရမလဲဆိုရင် မှောက်လျက် တစ်ကြိမ်ကို မိနစ် ၃၀ ကနေ ၂ နာရီလောက်အထိ ထားလို့ရပါတယ်။ ၁ နာရီထက်ပိုနေနိုင်ရင်တော့ အကောင်းဆုံးပါ။ တစ်နေ့ကို ၁၆ နာရီအထိ မှောက်လျှက်နေလို့ရပါတယ်။ ကျန်အချိန်တွေကတော့ အစာစားဖို့၊ ဆေးသောက်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ပါဘဲ။ အစာစားပြီး ၁ နာရီအတွင်းလည်း မမှောက်သင့်ပါဘူး။
၃။ ဘယ်လိုလူနာမျိုးတွေ မလုပ်သင့်ဘူလဲဆိုရင် ---
-ကိုယ်ဝန်ရင့်တဲ့သူတွေ (Pregnancy)
-အဝလွန်ဗိုက်ပူတဲ့သူတွေ (Morbid Obesity)
-ခါးရိုးဆစ်ပြဿနာရှိလို့ ခါးနာနေသူတွေ (Spondylolisthesis, scoliosis etc)
-ခြေထောက်သွေးကြောပိတ်ရောဂါရှိသူတွေ (DVT)
-ဦးခေါင်းတွင်းဖိအားများနေသူတွေ (Increase ICP)
- သွေးအရမ်းတိုး၊ နှလုံးကြောင့်အမောဖောက်နေတဲ့သူတွေ
- လတ်တလော ရင်ဘတ်ထိခိုက်ဒဏ်ရာနဲ့ ဝမ်းဗိုက်ခွဲစိတ်ထားသူတွေ
စတဲ့သူတွေကတော့ မှောက်လျှက် အသက်ရှူခြင်းကို မလုပ်သင့်ပါဘူး။
မှောက်လျှက်အပြင် ဘေးစောင်းအနေအထား၊ တစ်ဝက်ထိုင်ခြေ (၆ဝံ) ပက်လက်ခြေဆင်း အနေအထားတွေကလည်း အရေးကြီးပါတယ်။ (ပုံ ၃၊ ပုံ ၄ တွင်ကြည့်ပါ)
နောက်ထပ်ဖြည့်စွက်ချင်တာက ဒီလိုအနေထားနဲ့ အသက်ရှူနေလျက်နဲ့မှ အောက်စီဂျင်က မတက်လာဘူး၊ လူနာက မောတာမသက်သာဘူးဆိုရင် ဆက်မလုပ်သင့်ပဲ နီးစပ်ရာကျန်းမာရေးဝန်ထမ်းများနဲ့ ဆက်လက်တိုင်ပင်သင့်ပါတယ်။
ပြန်လည်သန်စွမ်းရေးဆရာဝန်တစ်ယောက်အနေနဲ့ လူနာအနေအထားမှန်ကန်စွာဖြင့် အသက်ဝဝရှူနိုင်ရေးဟာလည်း အရေးပါတာကြောင့် ဆောင်ရန်/ရှောင်ရန်များနှင့်တကွ သတိပြု လိုက်နာကျင့်သုံးနိုင်စေဘို့ တင်ပြလိုက်ပါတယ်။
ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်းရေး)