12/11/2023
HBsAg ကို စစ်ဆေးနိုင်သော နည်းလမ်းများ - ကနဦး / အကြမ်း စစ်ဆေးခြင်း (Screening Test)
မနေ့ကပြောပြခဲ့တဲ့ HBsAg နဲ့ ပတ်သက်ပြီး ဆက်ပြောပြသွားပါ့မယ်။
ကျွန်တော်လူနာတွေ ကြည့်တဲ့အခါ ဘီပိုး ရှိ/မရှိ အဖြေမှားတာတွေကို ခဏခဏ တွေ့ရပါတယ်။
- ဘီပိုးမရှိဘဲ နဲ့ ရှိတယ်လို့အဖြေထွက်တယ် (False Positive)၊
- ဘီပိုးရှိရဲ့သားနဲ့ မရှိဘူးလို့ အဖြေထွက်တယ် (False Negative) စတဲ့ အလွဲအမှားတွေ တွေ့ရတာ မရှားပါဘူး။
ဘီပိုးအမှန်တကယ်မရှိဘဲနဲ့ ရှိတယ်လို့ အဖြေရတာကို အတည်ပြုစစ်ဆေးခြင်းနည်းလမ်း နဲ့ အမှန်တကယ် မရှိတာကြောင်း သက်သေပြရင် အဆင်ပြေနိုင်ပါတယ်။
ဒါပေမယ့် ဘီပိုး ရှိရဲ့သားနဲ့ မရှိဘူး အဖြေရရင်တော့ ကုသဖို့ လမ်းကြောင်းပေါ်ကနေ လွဲသွားပြီဖြစ်လို့ ဒါမျိုးမဖြစ်ဖို့က ပိုအရေးကြီးပါတယ်။
“အရင်ကတော့ စစ်တာမရှိပါဘူး၊ အခုမှ ဘီပိုး ရှိတာ သိတယ်” ဆိုတာ တနေရာရာမှာ လွဲနေခဲ့ပြီလို့ သိရပါမယ်။ ဘာနည်းလမ်းကို သုံးပြီး စစ်ခဲ့တာလဲဆိုတာကို သိဖို့လိုပါတယ်။
ဒါကြောင့် HBsAg (surface antigen) (အက်စ် အန်တီဂျင်) အဖြေသည် တိကျမှန်ကန်ဖို့ အလွန်ပဲအရေးကြီးပါတယ်။
မနေ့ကပြောပြခဲ့သလိုပါပဲ HBsAg ဆိုတာ “Hepatitis B surface Antigen” ကို ဆိုလိုပါတယ်။ အသည်းရောင် အသားဝါ ဘီ ဗိုင်းရပ်စ်ပိုး ရဲ့ မျက်နှာပြင်ပေါ်က ပရိုတင်း - ပဋိပစ္စည်းတမျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ “ဘီပိုး အခွံ” လို့ ဘာသာပြန်ကြပါတယ်။ ဘယ်သူကစခဲ့လဲတော့ မသိပေမယ့် တကယ့်အဓိပ္ပါယ်နဲ့ ရည်ညွှန်းချက် လွဲနေလို့ ကျွန်တော်ကတော့ sAg (surface antigen) (အက်စ် အန်တီဂျင်) လို့ပဲ သုံးပါမယ်။
- HBsAg ဆိုတာ ဘီပိုး ရှိ/မရှိ သိနိုင်ဖို့ စစ်ရတဲ့ ပထမဆုံးသော စစ်ဆေးမှု ဖြစ်ပါတယ်။
- HBsAg သည် Positive သို့မဟုတ် Reactive ဆိုရင် ဘီပိုး ရှိနေတာကို ဆိုလိုပါတယ်။
- HBsAg သည် Negative သို့မဟုတ် Non-reactive ဆိုရင် ဘီပိုး မရှိဘူးပေါ့။ ဒါဆိုရင်တော့ ကာကွယ်ဆေးမထိုးရသေးရင် အမြန်ဆုံး ကာကွယ်ဆေးထိုးပါလို့ အကြံပေးချင်ပါတယ်။
- HBsAg ရှိ/မရှိ ကို သိနိုင်ဖို့ကို အကြမ်းစစ်ဆေးခြင်း (screening test) နဲ့ အတည်ပြုစစ်ဆေးခြင်း (confirmatory test) လို့ ယေဘုယျ ခွဲခြားနိုင်ပါမယ်။
ကနဦး / အကြမ်းစစ်ဆေးခြင်း (screening test) ဆိုတာ Test Kit လို့ခေါ်တဲ့ အမြန်စစ်ကိရိယာ နဲ့ စစ်ဆေးတာဖြစ်ပြီး မိနစ်ပိုင်းအတွင်း အဖြေသိနိုင်ပါတယ်။ ပုံတွေမှာ ဥပမာပြထားပါတယ်။
တချောင်းတည်းပေါ်ရင် HBsAg မရှိတာကို ဆိုလိုပြီး နှစ်ချောင်းပေါ်ရင်တော့ HBsAg ရှိနေတယ်လို့ ဆိုလိုပါတယ်။ Positive or Negative ပဲ အဖြေပေးနိုင်တာဖြစ်လို့ Qualitative Result လို့လည်း ပြောရပါမယ်။
Test kit နဲ့ စစ်ဆေးထားကြောင်း သိနိုင်တာကတော့
- သွေးအဖြေမှာ Positive (Reactive) သို့မဟုတ် Negative (Non-reactive) လို့သာ ဖော်ပြထားလေ့ရှိပါတယ်။
- စစ်ဆေးချက်အဖြေမှာ “Combo” သို့ “ICT” လို့ ဖော်ပြထားလေ့ရှိပါတယ်။
စျေးနှုန်းသက်သာပြီး အသုံးပြုတဲ့ Test Kit အမျိုးအစားပေါ်မူတည်ပြီး အဖြေရဲ့ အရည်အသွေး စိတ်ချရမှု/ တိကျမှန်ကန်မှုလည်း ကွာခြားပါတယ်။
သာမန်လူတယောက်အနေနဲ့ ဘီပိုး ရှိ/မရှိ သိချင် တာဆိုရင်တော့ အကြမ်းစစ်ဆေးခြင်း နည်းနဲ့လည်း ရပါတယ်။
လူထုအကြား လူအများကြီးကို ဘီပိုး ရှိ/မရှိ တပြိုင်နက်ထဲ စစ်ဆေးပေးခြင်း မှာ အခုလို Test Kit သုံးပြီး စစ်ဆေးတာက သင့်တော်ပါတယ်။ ဒါကို Mass Screening လို့ခေါ်ပါတယ်။
High-risk Screening လိုမျိုး
- တချိန်က ဘီပိုးရှိခဲ့ဖူးတယ်ဆိုတဲ့ လူနာတွေ၊
- ဘီပိုးရှိဖို့ ဖြစ်နိုင်ချေများတဲ့ လူနာတွေ နဲ့
- မိသားစုထဲမှာ ဘီပိုးဖြစ်သူ ရှိနေလို့ မိမိကလည်း ရှိ/မရှိ သိချင်လို့ စစ်သူတွေမှာတော့ Test Kit ကိုသုံးပြီး အကြမ်းစစ်ဆေးခြင်းက Negative ဖြစ်ခဲ့ရင်တောင် မှန်ကန်တယ်လို့ ပြောဖို့ခက်ပါတယ်။
အဲ့လိုလူတွေမှာ အကြမ်းစစ်ဆေးနည်း နဲ့ စစ်လို့ Negative ဖြစ်ခဲ့ရင်တောင် အတည်ပြုစစ်ဆေးခြင်း နဲ့ သေချာ confirm လုပ်ရပါမယ်။ ဒါမှသာ တိကျသော အဖြေရမှာ ဖြစ်ပါတယ်။
Positive ဖြစ်ခဲ့ရင်လည်း အတည်ပြုစစ်ဆေးခြင်းဖြင့် ထပ်မံအတည်ပြုဖို့လိုပြီး ကုသမှုစတင်ရန် စီစဉ်ရပါမယ်။
မိမိစစ်ထားတဲ့ သွေးအဖြေစာရွက်ပေါ်က အဖြေတွေရဲ့ အဓိပ္ပါယ်ကို တိတိကျကျပြောနိုင်တာက စစ်ဆေးဖို့ ညွှန်ကြားတဲ့ သက်ဆိုင်ရာ ဆရာဝန်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိရဲ့ သွေးအဖြေများကို မိမိရဲ့ သက်ဆိုင်ရာ ဆရာဝန် နဲ့သာ တိုင်ပင်ဆွေးနွေးပါ။
ဒေါက်တာစိုးသီဟမောင်
M.B.,B.S (Ygn.), MRCP (UK)
Clinical Fellow of Hepatology
#အထူးကျေးဇူးတင်လွှာ ဆေးပညာ ပညာပေးဆောင်းပါးများအား ချစ်ခြင်းမေတ္တာအပြည့်ဖြည့် ပြန်လည်မျှဝေခွင့်ပေးပါသော Dr Soe Thiha Maung အား နွယ်မြတ်မိသားစုမှ အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း ဖော်ပြလိုပါတယ်။
Credit- Dr Soe Thiha Maung
https://www.facebook.com/share/p/6aNjuAiUXCJVQMRb/?mibextid=WC7FNe