14/03/2026
#လက်တုန်တာ_ဘာကြောင့်လဲသိချင်လို့ပါ ❓
#ဘာရောဂါရှိလို့လဲ ❓
တုန်တယ်ပဲ ပြောရမယ်ထင်ပါတယ်
ခြေတုန် လက်တုန် ခေါင်းတုန် ကိုယ်လုံးတုန် အကုန်တုန်တာပေါ့
ခြေတုန်ရင် 👉 leg Tremor
လက်တုန်ရင် 👉 hand tremor
ခေါင်းတုန်ရင် 👉 head tremor ပေါ့
Tremor ဆိုတာက Muscle twitching ဆိုတဲ့ အသားလှုပ်တာနဲ့မတူပါဘူး။
👉 Muscle twitching အသားလှုပ်တာ မှာ သိသာတာက မျက်ခမ်းလှုပ်တာ (ဘယ်ပေါ် ညာအောက် ချစ်သူရောက် 😁)
👉 Shivering/rigors ချမ်းလို့ ဂိုက်ဂိုက်တုန်တာ (အဲ့ဒါမှာ အမွေးလေးတွေလည်း ထောင်နေတတ်ပါတယ်)
👉 Muscle Spasm ဆိုတဲ့ ကြွက်တက်တာ စတာတွေနဲ့ မတူပါဘူး။
________
ခန္ဓာကိုယ်ရဲ့ အဖျားပိုင်းလေးတွေ မသိမသာလေးတုန်နေတာကို Tremor လို့ခေါ်ပါတယ်
လက်ဆန့်လိုက်ရင် လက်ချောင်းလေးတွေ မသိမသာလေး လှုပ်နေတာပေါ့
လူက အကောင်းကြီး နဲ့ လက်ကြီးက ဇတ်ဇတ် ဇတ်ဇတ် နဲ့ တုန်နေတာက တုန်ပြနေတာပါ (အပိုလုပ်နေတာပါ 😬)
________
တုန်တာကို အကြမ်းခွဲကြရင်
Resting Tremor - ငြိမ်နေတဲ့အချိန် သတိမထားမိတဲ့အချိန် တုန်နေတာ ၊
" ဟဲ့ နင်လက်တုန်နေတယ် ပြောလိုက်လို့ သတိထားလိုက်ရင် ရပ်သွားရော"
အဘိုးအဘွား အသက် ၈၀-၉၀ ကျော်တွေ လက်တစ်ဖက်က ပုတီးစိတ်သလို တုန်နေတာကို Pillrolling Tremor (ပါကင်ဆန် - Parkinson ဆိုတဲ့ လှုပ်ရှားမှုခက်တဲ့ ရောဂါနဲ့တွဲဖြစ်တတ်ပါတယ်)
Intentional Tremor - တစ်ခုခုကို ယူဖို့ လှမ်းလိုက်တဲ့အခါမှ တုန်လာရတာပါ
- ပစ္စည်းတစ်ခုခု ဆီလှမ်းယူရင်တုန်တယ်
- အဲ့ဒါကို ယူလာတဲ့လမ်းမှာလည်းတုန်တယ်
(ဥပမာ - ဟင်းချိုခပ်သောက်တဲ့အချိန်ပေါ့) အဲ့လောက်ပဲဆိုရင် ပြဿနာမရှိပါဘူး
👉 Essential Tremor လို့ခေါ်ပါတယ်၊ မျိုးရိုးလိုက်တတ်ပါတယ်၊ ရောဂါအခံမရှိပါဘူး (ရောဂါကြီးမဟုတ်ပါဘူး)
(😁 အဲ့ဒါက *အရက်သောက်တဲ့အချိန်ဆို ပျောက်နေတတ်ပါတယ် 👈 ထူးခြားချက်ပါ)
တုန်တာက မပျောက်ပေမယ့် ပိုဆိုးလာခဲပါတယ်
ရှားရှားပါးပါး ဆိုးလာရင်တော့ ဆရာဝန်ပြပြီး ဆေးသောက်လို့ရပါတယ်။
*** 🚨 တခုခု ကိုလှမ်းယူတုန်း တုန်တာအပြင်
🚨 လှမ်းယူတဲ့ပစ္စည်းဆီ မရောက်ပဲလွဲသွားမယ်
🚨 လမ်းလျှောက်လည်း အရက်မူးနေသလို ဒယိမ်းဒယိုင်ဖြစ် နေမယ်
🚨 လျှာလေးအာလေး ဖြစ်နေမယ်
စတာတွေပါဖြစ်နေရင်တော့ အရေးကြီးပါတယ် ဦိးနှောက်မှာ ပြဿနာတက်နေတာပါ
" ဦးနှောက်အာရုံကြောအထူးကုဆရာဝန်" နဲ့ ချက်ချင်းပြသရပါမယ်
_________
- စိတ်လှုပ်ရှားလွန်းရင်လည်း တုန်လာတတ်ပါတယ်
လက်တုန် ခြေတုန်တာအပြင်
တကိုယ်လုံးတုန်ပါတယ်
ရင်လည်းတုန်ပါတယ် (တုန်တာမှ နှလုံးကြီးပါးစပ်ထဲက ခုန်ထွက်သွားတော့မလားမှတ်ရပါတယ်)
ရှူးပေါက်ချင်သလိုလို အိမ်သာတက်ချင်သလိုလိုဖြစ်ပြီး
လက်ဖျားခြေဖျားလည်း အေးပါတယ်။
👉 ဘာမှ မဖြစ်ပါဘူး #အလေ့အကျင့်ရသွားရင်_ပျောက်သွားပါတယ်
ကျွန်တော်နဲ့ဥပမာပြရရင်
ငယ်ငယ်က ဆရာမ စာမေးခါနီး ဖြစ်သလိုပေါ့
(နောက်တော့လည်း မရနေကျဖြစ်သွားတော့ ဆူခံရလည်း မတုန်ရုံမက ပဲ တဟီးဟီး နဲ့ ဖြစ်သွားပါတယ် 😅)
လူပျိုဖြစ်လာတော့ ကောင်မလေးတွေ ရည်းစားစကား လာပြောရင် တုန်ပါတယ်
ခုတော့လည်း အကျင့်ဖြစ်သွားပါပြီလေ 😁
-----------
Coffee တွေ လက်ဖက်ရည်တွေ Energy drink တွေ အသောက်များလည်း တုန်ပါတယ်
အဲ့ဒါတွေ က အရှိန်ကုန်သွားရင် တုန်တာ ပျောက်သွားပါတယ်။
---------
ပန်းနာရင်ကျပ်ရောဂါ ၊ အဆုတ်ပွရောဂါ၊ လေပြွန်ရောင်တာမှာ သုံးတဲ့ဆေး ကလည်း တုန်တတ်ပါတယ်
- Vantolin (Salbutamol)
- Deriphylline
- Aminophylline စတာတွေပေါ့
တချို့ချောင်းဆိုးပျောက်ဆေး တွေမှာလည်း ရောပါတတ်လို့ နေမကောင်းလို့ ချောင်းဆိုးပျောက်ဆေး သောက်လိုက်တာ ရင်တုန်ရုံမကပဲ တကိုယ်လုံးတုန်နေတတ်ပါတယ်။
တချို့က စိတ်ဖိစီးမှု Stress ကြောင့် မောတယ်ဆိုပြီး ဆေးတွေလျှောက်ဝယ်သောက်ရင် အဲ့ဒီဆေး သောက်မိရင် ရင်တုန်တတ်ပါတယ်
အဲ့တော့ နှလုံးရောဂါပါဖြစ်ပြီ ဆိုပြီး နှလုံးဆေးတွေ လျှောက်သောက်တတ်ပါတယ် (မလိုအပ်ပါ မသောက်ကြပါနဲ့)
----------
ဆီးချိုဝေဒနာရှင်တွေ အစားပုံမှန်မစားပဲ ဆေးတွေသောက်နေတဲ့အခါ #ဆီးချိုကျရင်လည်း
- ရင်တုန်ပါတယ်
- လက်တုန် ခြေတုန်ပါတယ်
အဲ့ဒါတွေအပြင်
- ချွေးစေးတွေပြန်လာပါတယ်
- စိတ်တိုလာပါတယ်
- ဗိုက်ဆာလာပါတယ်
ဆီးချိုဝေဒနာရှင်မှ မဟုတ်ပါဘူး
👉 မင်္ဂလာဆောင်ရှိလို့
👉 စုံညီပွဲသွားမလို့ ဘာညာနဲ့ Extreme diet plan တွေနဲ့ လုံးဝ အငတ်နေရင်လည်း သွေးတွင်းသကြားဓာတ်ကျလို့ အပေါ်ကလို လက္ခဏာတွေ ဖြစ်တတ်ပါတယ်
မပေါ့ပါနဲ့ သတိလစ်သွားတတ်သလို ၊ အချိန်မီမသိရင် #သေသွားနိုင်ပါတယ်
ဆီးချိုဝေဒနာရှင်တွေ သတိလစ်သွားရင် အရင်ဆုံးလုပ်ရမှာက #ဆီးချိုဖောက်ပါ 🚨
Hyperthyroid လည်ပင်းအဆိပ်ထွက်ရောဂါ မှာလည်း တုန်တတ်ပါတယ်
သူက တုန်တာ အပြင် တခြားလက္ခဏာတွေအများကြီး ရှိပါတယ်
_________
ဒီလောက်ဆိုရင် အတုန်ပြဿနာ ပြေလည်ကြမယ်ထင်ပါတယ်
1. မျိုးရိုးလိုက်ပြီး တုန်တာရှိတယ်
2. အသက်ကြီးလို့ တုန်တာရှိတယ်
3. ဆေးတွေသောက်လို့ တုန်တာရှိတယ်
4. Stimulant (Coffee, Tea, Energy drink) တွေသောက်လို့ တုန်တာရှိတယ်
5. စိတ်လှုပ်ရှားလို့ တုန်တာရှိတယ်
6. ရောဂါတွေ မှာ တုန်တယ် (Hyperthyroid)
7. ဆီးချိုကျလည်း တုန်ပါတယ် (🚨 သတိထားရပါမယ် အသက်အန္တရာယ်ရှိပါတယ် 🚨)
8. ဦးနှောက်အာရုံကြောရောဂါတွေမှာလည်း တုန်ပါတယ်။
9. ဟန်ဆောင်ပန်ဆောင် 4 လျှောတုန် ပြတာလည်း ရှိပါတယ်
ကိုယ်ဘာကြောင့်တုန်လဲ ဆန်းစစ်ပြီး လိုအပ်သလို ဆက်လက်ဆောင်ရွက်ကြပါ 😁
(Video ထဲကတော့ 👉 ဖောလျှောတုန်တာပါ 😬)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
(ကျန်းမာရေးဗဟုသုတ စိတ်ပညာ စိတ်ဓာတ်ခွန်အားပေး နှင့်ကလေးပြုစုစောင့်ရှောက်ခြင်းဆိုင်ရာဆောင်းပါးများ ကို နေ့စဉ်ရေးသားမျှဝေပေးလျက်ရှိပါသည်)