Dear Health by Dr. Khoon

Dear Health by Dr. Khoon This page is to post health related articles written by Khoon Nyo Thway.

Most of the articles have been printed in Health Guide magazine and some are newly written ones.

"သွေးဆုံးပြီးနောက် သွေးတိုးရောဂါ ဖြစ်လာနိုင်သလား "ဒီတစ်ပတ်တော့ "သွေးဆုံးပြီးနောက် သွေးတိုးရောဂါ ဖြစ်လာနိုင်သလား " ဆိုတာလ...
06/01/2026

"သွေးဆုံးပြီးနောက် သွေးတိုးရောဂါ ဖြစ်လာနိုင်သလား "

ဒီတစ်ပတ်တော့ "သွေးဆုံးပြီးနောက် သွေးတိုးရောဂါ ဖြစ်လာနိုင်သလား " ဆိုတာလေး ဆွေးနွေးပေးချင်ပါတယ်။

၁။ သွေးဆုံးခြင်းနှင့် သွေးတိုးရောဂါတို့က ဆက်နွယ်နေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သွေးဆုံးတဲ့အခါ အမျိုးသမီးတွေမှာ ဟော်မုန်းပြောင်းလဲမှုတွေ တွေ့ရပါတယ်။ လူနေမှုပုံစံပြောင်းလဲမှု နဲ့ အသက်အရွယ်ကြီးရင့်လာခြင်းတို့ကလည်း ထပ်ပြီး ဆက်စပ်နေပါသေတယ်။ အမျိုးသမီးတွေ သွေးဆုံးချိန်မှာ အီစထရိုဂျင်ဟော်မုန်ူ ကျဆင်းမှု ဖြစ်စေပါတယ်။ အဲဒီအတွက် သွေးကြောတွေမှာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေပြီး ဆားဓာတ် sodiumကို ပိုမိုအာရုံခံနိုင်စွမ်း မြင့်တက်လာခြင်း၊ ကိုယ်အလေးချိန် တက်လာခြင်းတို့ကို ဖြစ်စေနိုင်ပြီး အဲဒီအရာအားလုံးဟာ သွေးပေါင်ချိန်ကို မြင့်တက်လာစေပါတယ်။

၂။ သွေးဆုံးခြင်းက သွေးပေါင်ချိန်ကို ဘာလို့ သက်ရောက်နိုင်တာလဲ။

* ဟော်မုန်းပြောင်းလဲမှုများ- သွေးကြောများကို ကျယ်ပြီး ပြေလျော့စေရန် ကူညီပေးတဲ့ အီစထရိုဂျင်ဟော်မုန်း ကျဆင်းမှုက သွေးကြောတွေက်ို ကျဉ်းမြောင်းစေနိုင်ပါတယ်။ အဲဒီအခါ သွေးစီးဆင်းမှုကို ပိုမိုခက်ခဲစေပြီး သွေးပေါင်ချိန်ကို မြင့်တက်လာစေနိုင်ပါတယ်။
* ဆားဓာတ် Sodium ကို ပိုမိုအာရုံခံနိုင်စွမ်း မြင့်တက်လာခြင်း- ဟော်မုန်းပြောင်းလဲမှုများက သွေးပေါင်ချိန်အတွက် အရေးကြီးတဲ့ ဆားဓာတ် Sodium အပေါ် ပိုမိုအာရုံခံနိုင်စွမ်း ရှိလာစေပြီး အဲဒီ Sodium က ရေကို ဆွဲပါတယ်။ အဲဒီအတွက် သွေးကြောအတွင်း အရည်များ စုပုံလာပြီး သွေးဖိအား မြင့်တက်လာစေပါတယ်။
* ကိုယ်အလေးချိန်တိုးလာခြင်း- အမျိုးသမီးအများစုဟာ သွေးဆုံးပြီးတဲ့အခါ ကိုယ်အလေးချိန်တက်လာခြင်းကို ခံစားရလေ့ရှိပါတယ်။ ဒါကလည်း သွေးတိုးရောဂါ ဖြစ်ပွားနိုင်ခြေရှိသော အချက်တစ်ခု ဖြစ်နေပါတယ်။
* အသက်အရွယ်ကြီးရင့်ခြင်း- သွေးကြောတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ သဘာဝအတိုင်း မာကျောလာတတ်ပါတယ်။ နှလုံးက အဲဒီမာကြောနေတဲ့ သွေးကြောတွေကို ဆန့်ကျင်ပြီး သွေးကို ညှစ်ထုတ်ဖို့ ပိုအလုပ်လုပ်ရပါတယ်။ ဒါကလည်း သွေးပေါင်ချိန် မြင့်တက်လာစေတဲ့ အချက်တစ်ချက်ပါပဲ။
* အခြားအချက်များ- သွေးဆုံးပြီ ဆိုတဲ့အခါ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှု အနည်းနဲ့အများ ရှိတတ်ပါတယ်။ အဲဒါကလည်း သွေးတိုးစေဖို့က အချက်တစ်ချက် ဖြစ်လာပါတယ်။ အကူးအပြောင်းကာလ ဖြစ်တဲ့ အဲဒီကာလမှာ အိပ်မပျော်တာ အိပ်ရေးမဝတာ အိပ်လိုက်နိုးလိုက်ဖြစ်တာ စတဲ့ ပြောင်းလဲမှုများကလည်း သွေးပေါင်ချိန်ကို ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

၃။ အဲဒီတော့ သွေးဆုံးပြီးသူများ အနေနဲ့ သွေးမတိုးအောင် ကာကွယ်လုပ်ဆောင်နိုင်တာတွေကတော့

* လူနေမှုပုံစံပြောင်းလဲခြင်း- ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးပေးပါ။ အဆီ အငန် အချို လွန်ကဲသော အစားအစာများကို လျှော့စားပါ။ ကိုယ်လက်လှုပ်ရှားမှု၊ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။ စိတ်ဖိစီးမှုကို လျှော့ချပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် ကြိုးစားပါ။

* ကိုယ်အလေးချိန်ထိန်းသိမ်းဖို့ပါ - အဝမလွန်အောင် ကိုယ်အလေးချိန်ထိန်းသိမ်းထားခြင်းကလည်း သွေးပေါင်ချိန်ကို ပုံမှန်ထိန်းသိမ်းထားနိုင်စေပါတယ်။

* တကယ်လို့ ရောဂါအတွက် စိုးရိမ်ပူပန်မှုများအတွက် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။
သွေးပေါင်ချိန်ကို တစ်ပတ်တစ်ခါလောက် တိုင်းတာကြည့်ပြီး လိုအပ်ပါက ဆေးကုသမှု ခံယူပါ။

#ခွန်းညိုသွေး

Christmas Disease (ခရစ္စမတ်ရောဂါ) ဆိုတာ ဘာလဲ?ဒီနေ့က Christmas နေ့ ဖြစ်တာကြောင့် ခရစ္စမတ်ရောဂါဆိုတာလေးကို ဗဟုသုတအနေနဲ့ ပြ...
25/12/2025

Christmas Disease (ခရစ္စမတ်ရောဂါ) ဆိုတာ ဘာလဲ?

ဒီနေ့က Christmas နေ့ ဖြစ်တာကြောင့် ခရစ္စမတ်ရောဂါဆိုတာလေးကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်။
Christmas Disease ဆိုတာ Hemophilia B( သွေးမတိတ်ရောဂါB) ရဲ့ နောက်အမည်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အကြောင်းအမျိုးမျိုးကြောင့် သွေးထွက်လို့ သွေးတိတ်ဖို့ လုပ်ရတဲ့အခါ သွေးတိတ်စေတဲ့၊ သွေးခဲစေတဲ့ Factors တွေကို သုံးရပါတယ်။
အဲဒီထဲကမှ သွေးခဲစေတဲ့ဓာတ် နံပါတ်၉ ( clotting factor IX) ချို့တဲ့တာကြောင့် ဖြစ်ရတဲ့ ရှားပါးမျိုးရိုးဗီဇ ရောဂါတစ်ခုကို ခေါ်တာပါ။

ရောဂါလက္ခဏာအနေနဲ့ကတော့ သွေးထွက်ရင် မတိတ်လွယ်တာ၊ အညိုအမည်းစွဲလွယ်တာနဲ့ အဆစ်အမြစ်၊ ကြွက်သားတွေထဲမှာ အလိုအလျောက် သွေးယိုစိမ့်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဒီရောဂါကို ၁၉၅၀ ပြည့်နှစ်တွေမှာ ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ လူနာ Stephen Christmas ကို အစွဲပြုပြီး Christmas Disease လို့ ခေါ်ဝေါ်တာဖြစ်ပါတယ်။

ဖြစ်ပွားရတဲ့ အကြောင်းရင်းက မျိုးရိုးဗီဇနဲ့ဆိုင်ပြီး
* X ခရိုမိုဆုန်းပေါ်မှာရှိတဲ့ Factor IX ဗီဇ ချို့ယွင်းမှုကြောင့် ဖြစ်ရတာပါ။
* ဒါကြောင့် X တစ်ခုတည်းရှိတဲ့ အမျိုးသား(XY) တွေမှာ ပိုပြီးအဖြစ်များပါတယ်။
* နောက်ထပ်တစ်ခုကတော့ လူနာရဲ့ သုံးပုံတစ်ပုံလောက်ကတော့ မိဘဆီက ပါလာတာမျိုးမဟုတ်ဘဲ ရုတ်တရက် မျိုးရိုးဗီဇ ပြောင်းလဲမှု (Spontaneous mutation) ကြောင့် ဖြစ်တတ်ပါတယ်။

ရောဂါလက္ခဏာတွေကို ထပ်ပြောရရင်
* ထိခိုက်ရှနာဖြစ်တာ၊ ခွဲစိတ်တာ ဒါမှမဟုတ် ဒဏ်ရာရတဲ့အခါ သွေးထွက်တာ အလွန်များတာ
* အနည်းငယ်လောက် ခိုက်မိထိမိရုံနဲ့ အညိုအမည်းစွဲတာ၊ အကျိတ်ဖုကြီးတွေ ဖြစ်လာတာ။
* အဆစ်အမြစ်တွေနဲ့ ကြွက်သားတွေထဲ သွေးယိုစိမ့်တာ။
* ဆီးထဲ၊ ဝမ်းထဲ သွေးပါတာ။
* နှာခေါင်းသွေးခဏခဏလျှံတာ။

စတာတွေ ဖြစ်တတ်ပါတယ်။

ကုသမှုက ဘာတွေ ရှိမလဲ

* Factor IX အစားထိုးကုသမှု: Factor IX ပါတဲ့ ဆေးရည်ကို ထိုးသွင်းကုသရတာပါ။
* တခြားဆေးဝါးတွေ အနေနဲ့ကတော့ သွေးထွက်တာကို ထိန်းချုပ်ဖို့ ဆေးတွေ သောက်ရပါမယ်။
* Gene therapy (မျိုးရိုးဗီဇကုထုံး): ဒါကတော့ အခုနောက်ပိုင်း ပေါ်လာတဲ့ ကုသနည်းသစ်တစ်ခု ဖြစ်ပါတယ်။
* ကာကွယ်မှု: အသည်းရောင် အသားဝါ (B) ကာကွယ်ဆေး ထိုးထားဖို့ အကြံပြုထားတတ်ပါတယ်။ ဘီပိုးကြောင့် အသည်းထိခိုက်ရင် ရောဂါပိုဆိုးနိုင်လို့ပါ။
* ပဋိပစ္စည်းကို ထိန်းချုပ်ခြင်း: အကယ်၍ လူနာ့ခန္ဓာကိုယ်က Factor IX ဆေးကို တိုက်ထုတ်တဲ့ ပဋိပစ္စည်း (Inhibitor) တွေ ထွက်လာရင် တခြားကုသနည်းတွေကို ပြောင်းသုံးရတတ်ပါတယ်။

ရောဂါပြင်းထန်မှု အဆင့်ဆင့်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ Factor IX ပမာဏပေါ်မူတည်ပြီး အပျော့စား၊ အသင့်အတင့်နဲ့ ပြင်းထန်အဆင့်ဆိုပြီး ခွဲခြားထားပါတယ်။ အဆင့်ပေါ်မူတည်ပြီး အလိုအလျောက် သွေးယိုစိမ့်မှု အကြိမ်ရေ ကွာခြားသွားပါတယ်။

ဘာကြောင့် "ခရစ္စမတ်ရောဂါ" လို့ ခေါ်ရတာလဲ?

ခုနက ပြောသလို ပထမဆုံး တွေ့ရှိခဲ့တဲ့ လူနာအမည်က Stephen Christmas ဖြစ်လို့ပါ။ နောက်ပြီး တိုက်ဆိုင်တာက ဆေးပညာဂျာနယ်ရဲ့ ခရစ္စမတ်အထူးထုတ်မှာ ဒီရောဂါအကြောင်းကို ပထမဆုံး ဖော်ပြခဲ့တာကြောင့်လည်း ဖြစ်ပါတယ်။

#ခွန်းညိုသွေး

"ဆောင်းရာသီနဲ့  ရင်ကျပ်ရောဂါ"ဆောင်းတွင်းဘက်ရောက်လာပြီဖြစ်တဲ့အတွက် ရင်ကျပ်ရောဂါအကြောင်းလေး ဆွေးနွေးပေးချင်ပါတယ်။ ပန်းနာရင...
09/12/2025

"ဆောင်းရာသီနဲ့ ရင်ကျပ်ရောဂါ"

ဆောင်းတွင်းဘက်ရောက်လာပြီဖြစ်တဲ့အတွက် ရင်ကျပ်ရောဂါအကြောင်းလေး ဆွေးနွေးပေးချင်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါဟာ အသက်အရွယ်မရွေး လူကိုထိခိုက်စေနိုင်တဲ့ နာတာရှည်အဆုတ်ရောဂါဖြစ်ပါတယ်။

လေပြွန်များရောင်ရမ်းခြင်းနှင့် လေပြွန်တဝိုက်မှာရှိတဲ့ ကြွက်သားများ တင်းကျပ်ခြင်းကြောင့် အသက်ရှုရခက်ခဲစေတယ်။ အသက်ရှုကျပ်စေပြီး သွေးတွင်းအောက်ဆီဂျင်လျော့ကျစေကာ အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်သော ရောဂါတစ်မျိုး ဖြစ်ပါတယ်။

၁။ ရင်ကျပ်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ ဆိုတော့
- ချောင်းဆိုးခြင်း၊
- အသက်ရှူကြပ်ခြင်း၊
- ဆုပ်ဆွဲထားသလို တင်းကျပ်တယ် ခံစားရခြင်း/ မောခြင်း တို့ ဖြစ်ပါတယ်။
- အဲဒီရောဂါလက္ခဏာတွေ ခဏခဏ ဖြစ်တတ်တာကို acute attack လို့ ခေါ်ပါတယ်။ တစ်ခါတလေမှာတော့ ရောဂါလက္ခဏာတွေက အပျော့စား/ ခဏတာ ဖြစ်နိုင်ပြီး တစ်ခါတလေမှာ အချိန်ကြာ/ပြင်းထန် လာနိုင်ပါတယ်။
- ရောဂါလက္ခဏာတွေဟာ ညဘက်မှာ ပိုဆိုးတာ (Nocturnal Asthma) နဲ့ လေ့ကျင့်ခန်းလုပ်နေစဉ်မှာ ပိုဆိုးတာ ( Exercise Induced Asthma) တို့လည်း ရှိတတ်ပါတယ်။
- အထူးသဖြင့် ညဘက်မှာ ဆက်တိုက် ချောင်းဆိုးခြင်း၊ အသက်ရှူတဲ့အခါ တရွှီရွှီမြည်ခြင်း၊ တစ်ခါတလေ ငြိမ်နေ နားနေစဉ်မှာကို တရွှီရွှီမြည်ခြင်း၊ နားနေချိန်မှာကို အသက်ရှူရကျပ်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း၊ ရင်ဘတ်များ တင်းကျပ်ပြီး အသက်ပြင်းပြင်းရှူရခက်ခဲစေခြင်း တို့လည်း ဖြစ်စေပါတယ်။

၂။ ဘယ်အရာတွေက ရင်ကျပ်ရောဂါကို ပိုဆိုးစေသလဲ။

- တချို့လူတွေ အအေးမိတဲ့အခါ (virus ကူးစက်တာ)ဒါမှမဟုတ်
- ရာသီဥတု အပြောင်းအလဲမှာ ပိုဆိုးတဲ့ လက္ခဏာတွေ ခံစားရတတ်ပါတယ်။
- လူနာနဲ့ ဓာတ်မတည့်သော ဖုန်မှုန့်များ၊ မီးခိုးများ၊ အငွေ့များ၊ သုတ်ဆေးမှုတ်ဆေးများ၊
- မြက်နဲ့ ဝတ်မှုန်များ
- မတည့်သော အစားအစာ( ပင်လယ်စာ၊ မြေပဲ၊ ချဉ်ပေါင်ရွက် စသည်)
- တိရစ္ဆာန်အမွေးများ
- ပြင်းထန်သောဆပ်ပြာများ ရေမွှေးများ

စသည်တို့ကလည်း ကိုယ်နဲ့ဓာတ်မတည့်မှုအပေါ် မူတည်ပြီး ရောဂါလက္ခဏာ ထတာ ရှိတတ်ပါတယ်။

၃။ ဘယ်အခြေအနေတွေနဲ့ ဆက်စပ်နိုင်သေးလဲ။

- အခြားမိသားစုဝင်များတွင် ပန်းနာရင်ကျပ်ရောဂါရှိနေရင် အထူးသဖြင့် မိဘ ဒါမှမဟုတ် မွေးချင်းကဲ့သို့သော ဆွေမျိုးရင်းချာတွေမှာ ရှိနေရင် ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။
- နှင်းခူ နှင့် လည်ချောင်းနာ ​​(Hay fever)ကဲ့သို့သော အခြားသော ဓာတ်မတည့်မှု အခြေအနေရှိသူများ၊
- မြို့ပြလူနေမှုပုံစံ ထွန်းကားမှုနဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှု
- သန္ဓေသားဘဝမှာ ဖွံ့ဖြိုးဆဲ အဆုတ်ကို ထိခိုက်စေတဲ့ အခါတို့မှာ မွေးကင်းစကိုယ်အလေးချိန်နည်းခြင်း၊ လမစေ့ဘဲမွေးခြင်း ရှိခဲ့သူတွေမှာ
- ဆေးရွက်ကြီးမီးခိုးငွေ့နှင့် လေထုညစ်ညမ်းမှု
- အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုများ( ဗိုင်းရပ်စ်)
- အိမ်တွင်းနဲ့ ပြင်ပ လေထုညစ်ညမ်းမှု၊ အိမ်တွင်းရှိ ဖုန်မှုန့်များ၊ မှိုများ၊ ဓာတုပစ္စည်းများ၊ မီးခိုးငွေ့ သို့မဟုတ် ဖုန်မှုန့်များနဲ့
- လုပ်ငန်းခွင်အတွင်း ထိတွေ့မှုအပါအဝင် ပတ်ဝန်းကျင်ဓာတ်မတည့်မှု၊ ယားယံစေသည့်အရာများနှင့် ထိတွေ့မှု။
- အဝလွန်ခြင်း သို့မဟုတ် အဝလွန်သော ကလေးများ၊ လူကြီးများ စတဲ့ အခြေအနေတွေမှာ ပန်းနာရင်ကျပ် ဖြစ်နိုင်ခြေ ပိုများပါတယ်။

၄။ ပန်းနာရင်ကျပ်ရောဂါက မကြာခဏ ရောဂါလက္ခဏာထတာ တွေ့ရတတ်ပါတယ်။

ကုသမှုမခံယူသေးတဲ့ ပန်းနာရင်ကျပ်ရောဂါရှိသူတွေဟာ
- နေ့ဘက်မှာ အိပ်ရေးပျက်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်းနှင့် အာရုံစူးစိုက်မှု အားနည်းခြင်း တို့ကြောင့် ပန်းနာရင်ကျပ်ဝေဒနာရှင်များနဲ့ သူတို့မိသားစုများတွေဟာ နေ့စဉ်လုပ်ငန်းဆောင်တာများ၊ ကျောင်းနဲ့ အလုပ်ကိစ္စများပါ ထိခိုက်လာနိုင်ပါတယ်။
- ရောဂါလက္ခဏာများ ပြင်းထန်ပါက ပန်းနာရင်ကျပ်ရောဂါရှိသူများဟယ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်ပြီး ကုသမှုနှင့် စောင့်ကြည့်မှုများအတွက် လိုအပ်ရင် ဆေးရုံတင်ထားရတာမျိုး ရှိနိုင်ပါတယ်။ အပြင်းထန်ဆုံးအနေနဲ့ ပန်းနာရင်ကျပ်ရောဂါဟာ အသက်သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။

၅။ ပန်းနာရင်ကျပ်ရောဂါကို ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် ထ်ိန်းချုပ်ကုသနည်းများစွာရှိပါတယ်။

၆။ အသုံးအများဆုံး ကုသမှုကတော့ ဆေးကို အဆုတ်သို့ တိုက်ရိုက်ပို့ဆောင်ပေးတဲ့ ရှူဆေးကို အသုံးပြုခြင်းဖြစ်ပါတယ်။

ရှူဆေး(Inhaler)တွေက အသက်ရှုလမ်းကြောင်းရောင်ရမ်းမှုကို လျှော့ချပေးနိုင်၊ ရောဂါကိုထိန်းချုပ်နိုင်ပြီး ပန်းနာရင်ကျပ်ရောဂါရှိသူများကို ပုံမှန်တက်ကြွသောဘဝမှာ နေထိုင်နိုင်စေပါတယ်။
ရှူဆေး (inhaler) အဓိကအမျိုးအစားနှစ်ခုရှိပါတယ်။

- လေပြွန်များကိုပိုပွင့်စေပြီးရောဂါလက္ခဏာများကို သက်သာစေသော bronchodilators (ဥပမာ salbutamol)၊
- လေပြွန်များရဲ့ ရောင်ရမ်းမှုကို လျှော့ချပေးသော steroids (ဥပမာ beclometasone)
စသည်တို့ ရှိကြပါတယ်။

- ကလေးများနဲ့ အရေးပေါ်အခြေအနေများတွင်တော့ ရှူဆေးအသုံးပြုခြင်းခက်ခဲနိုင်တဲ့အခါ spacer device ကိုအသုံးပြုခြင်းဖြင့် ဆေးကို အဆုတ်ထဲ ပိုမိုလွယ်ကူစွာ ရောက်ရှိစေရန် ကူညီပေးပါတယ်။ spacer ဆိုတာကတော့ ပါးစပ်ကို အုပ်မိုးတဲ့ မျက်နှာဖုံးတစ်ခုပါရှိတဲ့ ပလပ်စတစ်ကွန်တိန်နာတစ်ခုဖြစ်ပြီး အခြားတစ်ဖက်မှာ ရှူဆေးအတွက် အပေါက်တစ်ခုပါရှိပါတယ်။

၇။ ပန်းနာရင်ကျပ်ရောဂါဟာ တကယ်ပြင်းထန်လာတဲ့ အခြေအနေတစ်ခု ရှိလာနိုင်ပေမဲ့ စနစ်တကျ ကုသမှုနဲ့ ထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒါကြောင့် ပန်းနာရင်ကျပ်ရောဂါ/ ရောဂါလက္ခဏာရှိသူတွေဟာ ကျွမ်းကျင်တဲ့ ဆရာဝန်များနဲ့ ဆွေးနွေးကုသသင့်ပါတယ်။

၈။ ပန်းနာရင်ကျပ်ရောဂါရှိသူများနဲ့ သူတို့ရဲ့ မိသားစုများကို ပန်းနာရင်ကျပ်ရောဂါအကြောင်း ပိုမိုနားလည်ရန် အသိပညာပေးမှုများ လိုအပ်ပါတယ်။ သူတို့ရဲ့ ကုသမှုအတွက် ဆေးရွေးချယ်မှုများ၊ ရှောင်ရန်ဆောင်ရန်နဲ့ သူတို့ရဲ့ ရောဂါလက္ခဏာများအတွက် ကြိုတင်သိရှိပြီး အိမ်တွင်းကုသမှုများကို သိထားခြင်းအားဖြင့် ပြင်းထန်သော attack များကို ရှောင်လွှဲလို့ရစေမှာ ဖြစ်ပါတယ်။

#ခွန်းညိုသွေး

" GERD (  Gastroesophageal Reflux Disease )" ၁။ GERD ဆိုတာကတော့ Gastroesophageal Reflux Disease ကို အတိုချုံးခေါ်တာ ဖြစ်...
23/11/2025

" GERD ( Gastroesophageal Reflux Disease )"

၁။ GERD ဆိုတာကတော့ Gastroesophageal Reflux Disease ကို အတိုချုံးခေါ်တာ ဖြစ်ပါတယ်။ (edit- စားချဉ့်ပြန်ရောဂါ လို့လည်း ခေါ်ကြပါတယ်။ )
အစာအိမ်ထဲက အစာအိမ်အက်ဆစ်တွေဟာ သူ့အပေါ်မှာ ရှိတဲ့ အစာရေမျို( esophagus) ထဲကို ပြန်လည်စီးဆင်းပြီး အဲဒီအစာပြွန်ကို ယားယံစေတာ ပူလောင်စေတာတွေ ဖြစ်စေတာပါ။

၂။ ဒီရောဂါဖြစ်ရင် ကြုံတွေ့ရတတ်တဲ့ လက္ခဏာတွေကတော့-

* ရင်ပူခြင်း (Heartburn): ရင်ဘတ်အလယ်မှာ ပူလောင်သလို ခံစားရပြီး အစားစားပြီးနောက် ဒါမှမဟုတ် လှဲအိပ်တဲ့အခါ ပိုဆိုးတတ်ပါတယ်။
* ပြန်အန်ခြင်း (Regurgitation): အစာအိမ်အက်ဆစ် ဒါမှမဟုတ် အစာတွေ လည်ချောင်းထဲကို ဒါမှမဟုတ် ပါးစပ်ထဲကို ပြန်ရောက်လာခြင်းနဲ့ ချဉ်တဲ့ ဒါမှမဟုတ် ခါးတဲ့ အရသာကို ခံစားရတတ်ပါတယ်။
* အစာမျိုချရခက်ခဲခြင်း (Dysphagia)
* တစ်ခါတလေမှာ ချောင်းခြောက်ဆိုးခြင်း
* လည်ချောင်းနာခြင်း

တွေ ခံစားရတတ်ပါတယ်။

၃။ GERD ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းကတော့ အစာအိမ်နဲ့ အစာပြွန်ကြားက
အောက်ဘက်အစာပြွန် ရှုံ့ကြွက်သားကွင်း (Lower Esophageal Sphincter - LES) ဟာ ကောင်းကောင်းမပိတ်နိုင်လို့ ဖြစ်ပါတယ်။
(ပုံမှန်အားဖြင့် LES ရှုံ့ကြွက်သားကွင်းဟာ အစာအိမ်ထဲကို အစာတွေ ဝင်ရောက်တဲ့အချိန်မှသာ ဖွင့်ပြီး၊ ကျန်တဲ့အချိန်တွေမှာ အစာအိမ်အက်ဆစ်တွေ အစာပြွန်ထဲကို ပြန်မတက်လာအောင် တင်းတင်းပိတ်ထားပေးရပါတယ်။)
အဲဒီအတွက် အောက်ဘက်အစာအိမ်က အစာချေရည်တွေက အပေါ်ကို ပြန်မတက်တာပါ။

ဒီရောဂါကို မကုသဘဲထားရင် အစာပြွန် ရောင်ရမ်းတာ၊ အစာပြွန်ကျဉ်းတာနဲ့ အခြားသောနောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

၄။ ဒီ LES ကောင်းကောင်းအလုပ်မလုပ်နိုင်ခြင်းကို ဖြစ်စေနိုင်တဲ့ အချက်တွေနဲ့ အခြားအကြောင်းအရင်းတွေကတော့-

* LES ကြွက်သားကွင်းဟာ အားနည်းခြင်း
* အစာအိမ်ရဲ့ အပေါ်ပိုင်းက ကျွံတက်ခြင်း (Hiatal Hernia): အစာအိမ်ရဲ့ အပေါ်ပိုင်းဟာ ရင်ခေါင်းနဲ့ ဝမ်းဗိုက်ကို ပိုင်းခြားထားတဲ့ ရင်ဝမ်းခြားကြွက်သား (Diaphragm) ရဲ့ အဖွင့်ပေါက် (Hiatus) ကနေတဆင့် အပေါ်ကို ကျွံတက်နေခြင်း။
* ဒီအခြေအနေတွေဟာ LES ရဲ့ အလုပ်လုပ်ပုံကို ထိခိုက်စေပြီး အက်ဆစ်ပြန်တက်ခြင်းကို ပိုဖြစ်စေပါတယ်။

၅။ ဘယ်သူတွေမှာ အန္တရာယ် ရှိလဲဆိုတော့
အဝလွန်သူတွေ၊ကိုယ်ဝန်ဆောင်တွေ၊ ဆေးလိပ်သောက်သူတွေ၊ အစားများများ စားပြီး ချက်ချင်းလှဲအိပ်တတ်သူညညဉ့်နက်တဲ့အထိ အစာစားတတ်သူတွေ မှာ ပိုဖြစ်နိုင်ပါတယ်။
အဆီများတဲ့ အစားအစာများ၊ ကြော်ထားသော အစားအစာများ၊ ချောကလက်၊ ပူဒီနာ၊ ကော်ဖီ၊ အရက်၊ ခရမ်းချဉ်သီး ဒါမှမဟုတ် အချဉ်ဓါတ်များသော အစားအစာများ စသည်တို့ဟာ LES ကို ပိုပြီး လျော့ရဲစေပါတယ်။
ပန်းနာရင်ကျပ်ဆေးများ၊ ကယ်လ်စီယမ်လိုင်းပိတ်ဆို့သည့်ဆေးများ (Calcium Channel Blockers)၊ စတီးရွိုက်မဟုတ်သော အကိုက်အခဲပျောက်ဆေးများ (NSAIDs) အချို့တို့ဟာ ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

၆။ GERD ကို ကုသရာမှာ အဓိကအားဖြင့် လူနေမှုပုံစံ ပြောင်းလဲခြင်း၊ ဆေးဝါးများ သောက်သုံးခြင်းနဲ့ ပြင်းထန်တဲ့ အခြေအနေတွေမှာ ခွဲစိတ်ကုသခြင်း စတဲ့ နည်းလမ်းတွေ ရှိပါတယ်။

A. လူနေမှုပုံစံ ပြောင်းလဲခြင်း (Lifestyle Modifications)
ဆေးမသောက်ဘဲ ဒါမှမဟုတ် ဆေးဝါးကုသမှုနဲ့ တွဲဖက်ပြီး GERD လက္ခဏာတွေ သက်သာစေဖို့ အောက်ပါအတိုင်း ပြောင်းလဲနိုင်ပါတယ်။
* တစ်ကြိမ်တည်း အများကြီးစားမယ့်အစား အစာကို နည်းနည်းချင်း ခဏခဏ စားပေးပါ။
* အိပ်ရာဝင်ချိန်ရဲ့ အနည်းဆုံး ၂ နာရီမှ ၃ နာရီ မတိုင်မီ အစာစားခြင်းကို ရပ်တန့်ပါ။
* အိပ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်း (ခေါင်း၊ ပခုံး) ကို ၆ လက်မမှ ၉ လက်မခန့် မြှင့်ထားပြီး အိပ်ပါ။
* အဆီများသော အစားအစာများ၊ ချောကလက်၊ ပူစီနံ၊ ကော်ဖီ၊ အရက်၊ အချဉ်ဓါတ်များသော သစ်သီးဖျော်ရည်များနှင့် အစပ်များကို တတ်နိုင်သမျှ လျှော့စားပါ။
* ကိုယ်အလေးချိန် လျှော့ချခြင်းက ဝမ်းဗိုက်ဖိအားကို လျှော့ချပေးပြီး အက်ဆစ်ပြန်တက်ခြင်းကို သက်သာစေပါတယ်။
* ဆေးလိပ်ဖြတ်ပါ: ဆေးလိပ်သောက်ခြင်းသည် အစာရေမျိုအောက်ပိုင်း ရှုံ့ကြွက်သားကို အားနည်းစေလို့ပါ။

B. ဆေးဝါးဖြင့် ကုသခြင်း (Medication)
GERD အတွက် အသုံးများဆုံး ဆေးဝါး အမျိုးအစားများကတော့-
အက်ဆစ်ဓာတ်ကို လျှော့ချပေးသော ဆေးများ (Acid-Suppressing Medications)
အခြားဆေးများ ဖြစ်တဲ့
Antacids: (အက်ဆစ်ကို ချက်ချင်း Neutralize လုပ်ပေးပြီး လက္ခဏာတွေကို ချက်ချင်း သက်သာစေပါတယ်။ အာနိသင်ကတော့ ခဏပဲ ခံပါတယ်။)
Prokinetics စတာတွေကို သုံးလေ့ရှိပါတယ်။

C. ခွဲစိတ်ကုသခြင်းနှင့် အခြားလုပ်ထုံးလုပ်နည်းများ (Surgery and Procedures)
ဆေးဝါးနဲ့ လူနေမှုပုံစံပြောင်းလဲခြင်းတို့နဲ့ ကုသလို့ မရတဲ့ ပြင်းထန် GERD အခြေအနေများ ဒါမှမဟုတ် နောက်ဆက်တွဲ ပြဿနာများ (ဥပမာ- Hiatal Hernia) ရှိပါက ခွဲစိတ်ကုသမှုကို စဉ်းစားရလေ့ရှိပါတယ်။
ကိုယ့်ရဲ့ ရောဂါလက္ခဏာပြင်းထန်မှုပေါ် မူတည်ပြီး ဘယ်ကုသမှုနည်းလမ်းကို ရွေးချယ်ရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

#ခွန်းညိုသွေး

"မုန့်ချိုအိတ် ရောင်ခြင်း "ဒီတစ်ပတ်တော့ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ကို အနည်းငယ် ပြောပြပေးသွားပါမယ်။မုန့်ချို...
17/11/2025

"မုန့်ချိုအိတ် ရောင်ခြင်း "

ဒီတစ်ပတ်တော့ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ကို အနည်းငယ် ပြောပြပေးသွားပါမယ်။

မုန့်ချိုအိတ် ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ဂလင်းတစ်ခု ဖြစ်ပြီး အစာချေဖျက်ရာမှာ ကူညီပေးတဲ့ အင်ဇိုင်းတွေနဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတဲ့ အင်ဆူလင် (Insulin) လို ဟော်မုန်းတွေကို ထုတ်ပေးတဲ့ ဝမ်းဗိုက်အတွင်းရဲ့ အနောက်ဘက်နားမှာရှိတဲ့ ဂလင်းတစ်ခု ဖြစ်ပါတယ်။

၁။ မုန့်ချိုအိတ် ရောင်တဲ့အခါ သူ့အထဲမှာရှိတဲ့ အစာချေအင်ဇိုင်းတွေဟာ မုန့်ချိုအိတ်ကိုယ်တိုင်ကို စတင်ဖျက်ဆီးပစ်တာကြောင့် ရောင်ရမ်းခြင်း (Inflammation) ဖြစ်လာတာပါ။

မုန့်ချိုအိတ်ရောင်တာက အဓိကအားဖြင့် အမျိုးအစားနှစ်မျိုးရှိပါတယ်။
1. ခဏတာ မုန့်ချိုအိတ်ရောင်ခြင်း (Acute Pancreatitis): ရုတ်တရက်ဖြစ်ပေါ်ပြီး ရက်သတ္တပတ်အနည်းငယ် သို့မဟုတ် ရက်အနည်းငယ်ကြာတတ်ပါတယ်။ အများစုကတော့ ကုသမှုခံယူပြီးရင် လုံးဝပြန်ကောင်းသွားတတ်ပါတယ်။
2. နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်း (Chronic Pancreatitis): သူကတော့ အချိန်ကာလကြာရှည်စွာ ဖြစ်ပေါ်နေပြီး မုန့်ချိုအိတ်ကို ပျက်စီးစေနိုင်ပါတယ်။

၂။ အဖြစ်များတဲ့ ရောဂါလက္ခဏာများ ကတော့ - ဝမ်းဗိုက်အတွင်း ပြင်းထန်တဲ့ နာကျင်မှု ခံစားရတာ၊ ဗိုက်အောင့်တာ
- အဲဒီနာကျင်မှုက နောက်ကျောဘက်အထိ ပျံ့နှံ့နိုင်တာ၊
- ပျို့တာ၊ အန်တာ၊
- ဖျားတာတို့ ဖြစ်တတ်ပါတယ်။

၃။ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ဖြစ်ရတဲ့ အဓိက အကြောင်းရင်းတွေကတော့-

- သည်းခြေကျောက်တည်ခြင်း (Gallstones)

* ဒါက ခဏတာ မုန့်ချိုအိတ်ရောင်ခြင်း (Acute Pancreatitis) ရဲ့ အဖြစ်အများဆုံး အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။
* သည်းခြေအိတ်ထဲက သည်းခြေကျောက်တွေဟာ သည်းခြေပြွန်ကနေတဆင့် ရွေ့လျားလာပြီး မုန့်ချိုအိတ်ပြွန်ကို ပိတ်ဆို့သွားတဲ့အခါ မုန့်ချိုအိတ်ကနေ ထုတ်လုပ်တဲ့ အစာချေအင်ဇိုင်းတွေဟာ အူသိမ်ဆီကို မရောက်နိုင်တော့ဘဲ မုန့်ချိုအိတ်ထဲမှာ စုပုံပြီး မုန့်ချိုအိတ်ကိုယ်တိုင်ကို ဖျက်ဆီး/ရောင်ရမ်းစေပါတယ်။

- အရက်ကို အလွန်အကျွံ သောက်သုံးခြင်း (Heavy Alcohol Use)

* ဒါကတော့ နာတာရှည် မုန့်ချိုအိတ်ရောင်ခြင်း (Chronic Pancreatitis) ရဲ့ အဖြစ်အများဆုံး အကြောင်းအရင်း ဖြစ်ပါတယ်။
* အရက်ကို အချိန်ကြာမြင့်စွာ၊ အများအပြား သောက်သုံးခြင်းက မုန့်ချိုအိတ်ကို တိုက်ရိုက်ထိခိုက်စေပြီး ရောင်ရမ်းမှုနဲ့ ရေရှည်ပျက်စီးမှုကို ဖြစ်စေပါတယ်။

- အခြားအကြောင်းရင်းများ

အထက်ပါအချက်နှစ်ချက်အပြင် အခြားဖြစ်နိုင်ခြေရှိတဲ့ အကြောင်းရင်းတွေလည်း ရှိပါသေးတယ်-
* အဆီဓာတ် မြင့်မားခြင်း(Hypertriglyceridemia): သွေးတွင်းရှိ အဆီဓာတ် (Triglycerides) ပမာဏ အလွန်အမင်း များပြားနေခြင်း။
* ဆေးဝါးအချို့ရဲ့ဘေးထွက်ဆိုးကျိုးကြောင့် ဖြစ်ခြင်း။
* သွေးတွင်းရှိ ထုံးဓာတ် (Calcium) ပမာဏ များပြားနေခြင်း။
* ဝမ်းဗိုက်ဧရိယာမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်း သို့မဟုတ် ခွဲစိတ်ကုသမှု ခံယူပြီးနောက် ဖြစ်ပွားခြင်း။ (Surgery or Trauma)
* ဆေးလိပ်သောက်ခြင်း (Smoking):
* မျိုးရိုးလိုက်ခြင်း (Genetic Factors):
* ကူးစက်ရောဂါများ (Infections): ဥပမာ- ပါးချိတ်ရောင် (Mumps) စတဲ့ ဗိုင်းရပ်စ် ကူးစက်မှုများ။
* Autoimmune Pancreatitis: ကိုယ်ခံအားစနစ်က မုန့်ချိုအိတ်ကို တိုက်ခိုက်ခြင်းကြောင့် ဖြစ်ခြင်း။
အချို့သောကိစ္စများမှာတော့ ဘာကြောင့်ရောင်ရမ်းရလဲဆိုတဲ့ အတိအကျ အကြောင်းရင်းကို ရှာမတွေ့နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကို အကြောင်းရင်းမသိရသော Pancreatitis (Idiopathic Pancreatitis) လို့ ခေါ်ပါတယ်။

၄။ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ဖြစ်နိုင်ခြေ ပိုများတဲ့သူတွေ ဒါမှမဟုတ် အန္တရာယ်ပိုရှိတဲ့သူတွေကတော့-
- အရက်ကို အလွန်အကျွံ သောက်သုံးသူတွေ
* နေ့စဉ် ပုံမှန် အရက်ကို များများသောက်သူများဟာ အထူးသဖြင့် နာတာရှည် Pancreatitis ဖြစ်နိုင်ခြေ အမြင့်ဆုံး ရှိပါတယ်။
- သည်းခြေကျောက်တည်သူတွေ (People with Gallstones)

အခြားအန္တရာယ်ရှိသူတွေကတော့
- ဆေးလိပ်သောက်သူတွေဟာ နာတာရှည် Pancreatitis ဖြစ်နိုင်ခြေကို သုံးဆ ခန့် တိုးစေပါတယ်။
- အဝလွန်သူတွေ (Obesity)
- သွေးတွင်းအဆီဓာတ် (Triglycerides) အလွန်အမင်း မြင့်မားသူတွေ
* မျိုးရိုးလိုက်ခြင်း သို့မဟုတ် မိသားစု ရာဇဝင်ရှိသူတွေ
* ဆီးချိုရောဂါရှိသူတွေ(Diabetes)
* ဆီးချိုရောဂါရှိခြင်းကလည်း Pancreatitis ဖြစ်နိုင်ခြေကို တိုးစေပါတယ်။
* အသက်အရွယ်ကြီးသူတွေ

ဖြစ်ကြပါတယ်။

၅။ Pancreatitisကို စစ်ဆေးဖော်ထုတ်ရာမှာ ဆရာဝန်တွေဟာ လူနာရဲ့ ရောဂါလက္ခဏာတွေကို မေးမြန်းခြင်း၊ ဝမ်းဗိုက်ကို စမ်းသပ်စစ်ဆေးမှုတွေအပြင်
- သွေးစစ်ဆေးခြင်း (Blood Tests)
* Lipase နှင့် Amylase အင်ဇိုင်းများ:
* အသည်းရဲ့ အင်ဇိုင်းများ (Liver Enzymes) ကို စစ်ဆေးခြင်း။
* ရောဂါရဲ့ ပြင်းထန်မှုကို ဆုံးဖြတ်ဖို့ သွေးဆဲလ်အရေအတွက် (CBC)၊
* ကျောက်ကပ်လုပ်ငန်းဆောင်တာနဲ့ သွေးတွင်း အဆီဓာတ် (Triglycerides) များကို စစ်ဆေးခြင်း
တို့ ပြုလုပ်နိုင်ပါတယ်။

- ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging Tests)အနေနဲ့
* ဝမ်းဗိုက် အာထရာဆောင်း (Abdominal Ultrasound):
* ကွန်ပျူတာ ဓာတ်မှန် (CT Scan):
* သံလိုက်ပဲ့တင်ရိုက်ခတ်မှု ပုံရိပ်ဖော်ခြင်း (MRI Scan) စတာတွေကို စစ်ဆေးလို့ ရပါတယ်။

နာတာရှည် Pancreatitis ကို ရှာဖွေရာမှာတော့ အထူးပြု စစ်ဆေးမှုတွေ လိုအပ်နိုင်ပါတယ်-
* မစင်စစ်ဆေးခြင်း (Stool Test):
* Pancreatic Function Test တို့ကို စစ်ဆေးလို့ ရပါတယ်။

၆။ မုန့်ချိုအိတ်ရောင်ခြင်း (Pancreatitis) ရဲ့ ကုသမှုဟာ ရောဂါရဲ့ အမျိုးအစား ( ခဏတာ/နာတာရှည်) နဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး ကွဲပြားပါတယ်။ အများစုကို ဆေးရုံမှာ ဆရာဝန်နဲ့ အနီးကပ် ကုသမှုခံယူရလေ့ရှိပါတယ်။

ခဏတာ Pancreatitis (Acute Pancreatitis) အတွက် ကုသမှုတွေ အနေနဲ့ သွေးကြောထဲ ဆေးသွင်းခြင်း (IV Fluids)၊ အကိုက်အခဲ သက်သာစေသော ဆေးများ (Pain Management) ၊ အာဟာရ ထောက်ပံ့ခြင်း (Nutritional Support) ၊ ရောဂါဖြစ်စေသော အကြောင်းရင်းကို ဖယ်ရှားခြင်း(ဥပမာသည်းခြေအိတ်ထုတ်ခြင်း ခွဲစိတ်မှု ) စတာတွေ လုပ်ပေးရပါတယ်။

နာတာရှည် ရောင်ရမ်းမှု ဆိုရင်တော့ မုန့်ချိုအိတ်ကို ကာလကြာရှည် ပျက်စီးလာခဲ့စေတာကြောင့် ကုသမှုဟာ နာကျင်မှုကို ထိန်းချုပ်ဖို့နဲ့ မုန့်ချိုအိတ်ရဲ့ လုပ်ငန်းဆောင်တာ ပျက်ယွင်းမှုကို ဖြည့်ဆည်းဖို့ ရည်ရွယ်ပါတယ်။အရက် လုံးဝရှောင်ခြင်း နှင့် ဆေးလိပ်ဖြတ်ခြင်း၊ နာကျင်မှု ထိန်းချုပ်ခြင်းနဲ့ အင်ဇိုင်းများ ဖြည့်စွက်ခြင်း (Enzyme Supplements)၊ မုန့်ချိုအိတ်ပျက်စီးမှုကြောင့် အင်ဆူလင် (Insulin) ထုတ်လုပ်မှု နည်းသွားပြီး ဆီးချိုဖြစ်လာပါက အင်ဆူလင် ထိုးဆေး ဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ခြင်း၊ ခွဲစိတ်ကုသမှု (Surgery) စတာတွေ လိုအပ်မှာပဲ ဖြစ်ပါတယ်။

သတိပြုရန်တစ်ခုကတော့ မုန့်ချိုအိတ်ရောင်ခြင်း Pancreatitis ရောဂါကို သံသယရှိပါက၊ ဆရာဝန် သို့မဟုတ် အထူးကုဆရာဝန် (အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု) နဲချက်ချင်းတိုင်ပင်ပြီး လိုအပ်သော ကုသမှုများ ခံယူသင့်ပါတယ်။

#ခွန်းညိုသွေး

26/10/2025

မျက်စိနာတာ နီရဲရောင်ယမ်းတာတွေ ဖြစ်နေကြတော့ ဒီတစ်ပတ်မှာ မျက်စိနာလို့ မျက်စဉ်းခတ်တော့မယ်ဆိုရင် သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးပါမယ်။

"သင်မျက်စဉ်းခတ် တော့မယ်ဆိုရင် "

၁။ ရှေးဦးစွာ ဂွမ်းလုံးလေးကို ရေနွေးမှာ စိမ်လိုက်ပါ။ ပြီးတဲ့အခါမှာ ဂွမ်းလုံးလေးကို ရေညှစ်လိုက်ပြီး မျက်တောင် မျက်ခွံစတဲ့ နေရာတဝိုက်ကို သန့်စင်ပါ။ အဲ့ဒီနေရာမှာ ရှိတဲ့ ခြောက်သွေ့ပြီးကပ်နေတဲ့ မျက်ဝတ် ပြည် စတာတွေ သန့်စင်စေဖို့ပဲ ဖြစ်ပါတယ် ။ နှာခေါင်းဘေးနေရာကနေ စတင်ပြီး အပြင်ဘက် (နားရွက်ရှိရာ)ကို ဝိုက်ပြီး ပွတ်သုတ်ပေးရမှာ ဖြစ်ပါတယ် ။တကယ်လို့ မျက်ဝတ်၊ပြည် စတာတွေ မရှိရင်တော့ ဒီ အဆင့်ကို ကျော်လို့ရပါတယ် ။

၂။ မျက်စဉ်းပုလင်းကို မကိုင်တွယ်မီ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်အရင်ဆေးကြောပါ။

မျက်စဉ်းပုလင်းကို စက္ကန့်အနည်းငယ် ကြာ လှုပ်ခါပေး သို့မဟုတ် လှည့်ပေးခြင်းဖြင့် အထဲထဲက ပါဝင်ပစ္စည်းများကို သမမျှတစေပါတယ်။

၃။ မျက်စဉ်းပုလင်း အဖုံးကို ဖွင့်ပါ ။ အဖုံးကို ဘေးနားမှ သန့်စင်သောနေရာတွင်ထားပါ။

သတိပြုရမှာက မျက်စဉ်းပုလင်းရဲ့ အဝ ထိပ် နှုတ်ခမ်းကို လက်နဲ့ထိတာမျိုး မလုပ်ပါနဲ့ ။

၄။ ခေါင်းကို နောက်လှန်ပြီး မျက်စဉ်းခတ်နိုင်သလို အိပ်ရာပေါ် ကို သက်တောင့်သက်သာနဲ့ လှဲချလိုက်ပြီး မျက်လုံးကို အပေါ်မော့ကြည့်တဲ့ အနေအထားကလည်း အဆင်ပြေစေပါတယ်။

အောက်ဘက်မျက်ခွံကို လက်နဲ့ ဆွဲချလိုက်ခြင်းအားဖြင့် မျက်လုံးနဲ့ အောက်မျက်ခွံကြားက ဖြစ်လာတဲ့ချိုင့်လေးဟာ မျက်စဉ်းတစ်စက်အတွက် လုံလောက်တဲ့ နေရာလေးပါပဲ။

၅။ အဲ့ဒီ ချိုင့်လေးထဲကို မျက်စဉ်းတစ်စက်ခတ်လိုက်ပါ။တကယ်လို့ ပိုခတ်မိရင်တော့ မျက်စဉ်းတွေ လျှံကျလာနိုင်ပါတယ်။

သတိထားရမှာက မျက်စဉ်းပုလင်း နှုတ်ခမ်းအဝကို မျက်ခွံ မျက်တောင် စတဲ့ အစိန်အပိုင်းတွေနဲ့ မထိတွေ့ပါစေနဲ့ ။ မျက်လုံးက ရောဂါပိုးတွေ မျက်စဉ်းပုလင်းထဲကို ဝင်သွားနိုင်လို့ပဲ ဖြစ်ပါတယ် ။

၆။ မျက်စဉ်းက ဝင်သွားတာ သေချာပါစေ။ တကယ်လို့ စိတ်ထဲမသေချာရင် နောက် တစ်စက် ခတ်နိုင်ပါတယ် ။

၇။ မျက်လုံးကို တစ်မိနစ်ခန့် ပိတ်ထားပါ ။
နှာခေါင်းရဲ့ အရင်း (နေရာအနားက အပေါ်နဲ့အောက်မျက်ခွံဆုံတဲ့နေရာလေး) ကို အသာလေးဖိထားပေးခြင်းက မျက်စဉ်းကို မျက်ရည်ပြွန်မှတစ်ဆင့် နှာခေါင်းထဲ စီးကျခြင်းကို ကာကွယ်ပေးပါတယ် ။

မျက်လုံးအနီးတဝိုက်က ပိုနေသော မျက်စဉ်းများကို ဂွမ်းစလေးနဲ့ သုတ်ပေးနိုင်ပါတယ်။ မျက်လုံးကို မပွတ်ပါနဲ့။ စီးလာတဲ့ မျက်ရည် စသည်ကို မျက်လုံးထဲကို ပြန်မသွင်းပါနဲ့။

၈။ မျက်စဉ်းက တစ်စက်ထက်ပိုခတ်ရမယ်ဆိုရင် ငါးမိနစ်ခန့်စောင့်ပြီးမှ ဒုတိယ တစ်စက်ကို ခတ်ပါ။

၉။ မျက်စဉ်းတောင့် (အဆီ ) ကို ထည့်ရမယ်ဆိုရင်လည်း မျက်စဉ်းခတ်ပုံနဲ့ သဘောတရားအတူတူပါပဲ ။ ညှစ်ဆေးointment ကို အောက်မျက်ခွံကို ဆွဲချပြီး အလျားလိုက်လေး ထည့်သွင်းပေးပါ ။

ညှစ်ဆေးတောင့်ရဲ့ ပျော်ဝင်မှုအားကောင်းစေဖို့ ဆေးတောင့်ကို အသုံးမပြုခင် လက်ထဲကိုင်ကာ (ပွတ်ပေးရင်လည်းရပါတယ်)အနွေးဓာတ်ပေးထားနိုင်ပါတယ် ။

၁၀။ #သတိပြုရမယ့်အရာတွေက

မျက်လုံးထဲကို မျက်စဉ်းတစ်စက်ခတ်ရင်လုံလောက်ပါတယ်။

ဆေးရုံကို လာပြတဲ့အခါ မျက်စဉ်းပုလင်း ကို ယူလာခဲ့ပါ ။

၁၁။ မျက်စဉ်းကို ရောဂါလက္ခဏာ သက်သာသွားပြီဆိုပြီး မျက်စဉ်းခတ်တာကို ရပ်လိုက်တာမျိုး မလုပ်ရပါဘူး ။တစ်ချို့သော မျက်စဉ်းတွေဟာ ပဋိဇီဝဆေး ပါဝင်တဲ့ အတွက် သတ်မှတ်ထားသော course အတိုင်း ရက်ပြည့်တဲ့အထိ ခတ်ရမှာ ဖြစ်တဲ့အတွက်ပါ။

ဆရာဝန်က မျက်စဉ်းခတ်တာကို ရပ်ဖို့ ပြောတဲ့ အချိန်ထိ မျက်စဉ်းကို ခတ်ပေးဖို့ လိုအပ်ပါတယ်။

မျက်စဉ်းခတ်နေစဉ် ခရီးသွားရန်ရှိတဲ့ အခါလည်း မျက်စဉ်းပုလင်းကို ယူဆောင်သွားပြီး အိမ်မှာ ခတ်နေကျ အချိန်တိုင်းကို မျက်စဉ်း ခတ်ပေးပါ ။မျက်စဉ်းပုလင်းကို ဖုန် အညစ်အကြေး စတာတွေ မဝင်စေဖို့ ဂရုစိုက်ပါ။

၁၂။ မျက်စဉ်းခတ်လိုက်လို့ မိနစ်ပိုင်းအတွင်းမှာ ပူလောင်တဲ့ ခံစားမှုဖြစ်လာတာ၊ မျက်လုံးနီရဲလာတာ ၊ မျက်ခွံ ရောင်ကိုင်းလာတာ မျိုး ယားယံလာတာမျိုး ရှိလာတဲ့အခါ မျက်စဉ်းခတ်တာကို ရပ်လိုက်ပြီး သင့်မျက်စိဆရာဝန်နဲ့ ပြန်လည်ပြသတိုင်ပင်ပါ။

၁၃။ #မျက်စဉ်း ရွေးချယ်မှုတွေကတော့

ဈေးကွက်ထဲမှာ ဝယ်လို့ရတဲ့ သင်လက်လှမ်းမီတဲ့ မျက်စဉ်း တံဆိပ်မျိုးစုံရှိပါတယ်။ ဥပမာ မျက်စိနာတာအတွက် မျက်စဉ်း၊ မျက်လုံးခြောက်တာအတွက် မျက်စဉ်း စသည်ဖြင့်ပါ။

မျက်စိနီရဲနာကျင်တာမျိုး ၃ရက်ထက်ကျော်နေပြီလား ။ ဓာတ်မတည့်ခြင်းကြောင့် မျက်စိနီရဲလာခြင်းလား ။

မျက်လုံးရဲ့ အစိုဓာတ်ကို ဖြည့်စွမ်းဖို့ပဲ လိုအပ်နေတာလား။

မျက်လုံးခြောက်သွေ့လို့၊ မျက်စိနီရဲလာလို့ ဆိုတဲ့ အကြောင်းပြချက်ဟာ လူတွေကို မျက်စဉ်းအသုံးပြုရစေတဲ့ အကြောင်းရင်းထဲက တစ်ခုပါပဲ။ယနေ့ခတ် ကွန်ပျူတာကို ကြာရှည်စွာ အသုံးပြုရတဲ့ အခြေအနေတွေမှာ မျက်စဉ်း သုံးကြပါတယ် ။ မျက်စဉ်း အဆီ (eye ointment) ကို အသုံးပြုတဲ့အခါ ကြာလာရင် အမြင်ဝေဝါးတာမျိုး ဖြစ်တတ်ပါတယ် ။ ခြောက်သွေ့တဲ့ မျက်လုံးအတွက် ဓာတုပစ္စည်းမပါဝင်တဲ့ မျက်ရည်တု (artificial tears ) က အကောင်းဆုံးပါပဲ။

ရောဂါပိုးကြောင့်ဖြစ်တဲ့ မျက်စိနီရဲ ရောင်ရမ်းခြင်းတွေအတွက် ပိုးသတ်ဆေး antibiotics ပါတဲ့ မျက်စဉ်းဆေးတွေရှိသလို ဓာတ်မတည့်ခြင်းတွေအတွက် anti histamine ပါဝင်တဲ့ မျက်စဉ်း တံဆိပ်တွေလည်း ရှိပါတယ် ။

သင့်အနေနဲ့ဈေးကွက်ထဲက ကောင်တာပေါ်မှာ ရှိတဲ့ မျက်စဉ်းပုလင်းကိုကောက်ယူလိုက်ဖို့ထက် မျက်စိဆရာဝန်နဲ့ တိုင်ပင်တာက ပိုမိုသင့်တော်ပါတယ် ။ သူက သင်မျက်စဉ်းခတ်ရမယ့် အစက်အရေအတွက် အကြိမ်ရေ နဲ့ ရက်သတ္တပတ်အပိုင်းအခြားကိုပါ ညွှန်ကြားပေးနိုင်လို့ပါပဲ။

#ခွန်းညိုသွေး

"ဆီးကျိတ်ကင်ဆာ"၁။ ဆီးကြိတ်ကင်ဆာ (Prostate Cancer) ဆိုတာအမျိုးသားတွေရဲ့ ဆီးကြိတ်ဂလင်း (prostate gland)မှာ ဖြစ်ပွားတဲ့ ကင်...
25/10/2025

"ဆီးကျိတ်ကင်ဆာ"

၁။ ဆီးကြိတ်ကင်ဆာ (Prostate Cancer) ဆိုတာအမျိုးသားတွေရဲ့ ဆီးကြိတ်ဂလင်း (prostate gland)မှာ ဖြစ်ပွားတဲ့ ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။
* ဆီးကြိတ်ဂလင်း (Prostate Gland) က ဆီးအိမ်အောက်နားမှာ ရှိပြီး သုက်ရည်ရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အရည်တစ်မျိုးကို ထုတ်လုပ်ပေးပါတယ်။
အများအားဖြင့်တော့ ဒီကင်ဆာဟာ အသက်ကြီးတဲ့ အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိပြီး အစောပိုင်းအဆင့်တွေမှာ ရောဂါလက္ခဏာ သိပ်မပြတတ်ပါဘူး။ ဒါပေမဲ့ စောစော သိရင် ကုသလို့ လွယ်ကူတဲ့ ပျောက်ကင်းနိုင်တဲ့ ရောဂါပါပဲ။

၂။ ဘယ်လို ရောဂါလက္ခဏာတွေ ပြတတ်သလဲ။

ကင်ဆာ ပိုဆိုးလာတဲ့အခါ ဒါမှမဟုတ် ဆီးကြိတ်ဂလင်း ကြီးလာတဲ့အခါမှာတော့

ဆီးနှင့်သက်ဆိုင်သော လက္ခဏာများ (Urinary Symptoms):
1. ဆီးသွားရန် ခက်ခဲခြင်း: ဆီးစတင်သွားဖို့ ခက်ခဲခြင်း ဆီးသွားရတာကို အားစိုက်ထုတ်ရခြင်း။
2. ညဘက်တွင် မကြာခဏ ဆီးသွားခြင်း။
3. ဆီးသွားတာ အားနည်းခြင်း သို့မဟုတ် ပြတ်တောင်းပြတ်တောင်း ဖြစ်ခြင်း။
4. ဆီးကျန်တယ် လို့ ခံစားရခြင်း။
5. ဆီးထဲတွင် သွေးပါခြင်း (ရှားပါးပါတယ်)

အခြား လက္ခဏာများ (Other Symptoms) အနေနဲ့တော့
1. သုက်ရည်ထဲတွင် သွေးပါခြင်း
2. တင်ပါး၊ ကျောအောက်ပိုင်း သို့မဟုတ် တင်ပဆုံရိုးတွင် နာကျင်ကိုက်ခဲခြင်း
3. လိင်ဆက်ဆံမှု စွမ်းဆောင်ရည် ကျဆင်းခြင်း (Erectile Dysfunction)
4. ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်း နှင့် မောပန်းနွမ်းနယ်ခြင်း
ဒီလက္ခဏာတွေဟာ ဆီးကြိတ်ကင်ဆာကြောင့်တစ်ခုတည်း မဟုတ်ဘဲ ဆီးကြိတ်ကြီးခြင်း (Benign Prostatic Hyperplasia - BPH) လိုမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလို လက္ခဏာတွေ ရှိလာရင် ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူဖို့ အရေးကြီးပါတယ်။

၃။ ဆီးကြိတ်ကင်ဆာ ဘာကြောင့်ဖြစ်ရလဲ။

အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပေမဲ့
ဘယ်လိုလူတွေနဲ့ ဘယ်လို အခြေအနေတွေမှာ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေ ပိုများလဲဆိုရင်

အသက်အရွယ် (Age)
* အသက် ၅၀ ကျော် အမျိုးသားတွေမှာ ပိုအဖြစ်များပြီး အသက် ၆၅ နှစ်အထက် အမျိုးသားတွေမှာ အများဆုံး တွေ့ရပါတယ်။
မျိုးရိုးနှင့် မိသားစု ရာဇဝင် (Family History)
* ဖခင်၊ အစ်ကို သ ဆွေမျိုးရင်းချာ တစ်ဦးဦးမှာ ဆီးကြိတ်ကင်ဆာ ဖြစ်ဖူးတယ်ဆိုရင်ဖြစ်နိုင်ခြေ ပိုများပါတယ်။
လူမျိုး/တိုင်းရင်းသား (Race)
* အာဖရိကနွယ်ဖွား အမေရိကန်လူမျိုး တွေပိုအဖြစ်များပြီး
* အာရှလူမျိုး (သို့) စပိန်နွယ်ဖွား အမျိုးသားတွေမှာတော့ အဖြစ်နည်းပါတယ်။
အာဟာရနှင့် နေထိုင်မှုပုံစံ (Diet and Lifestyle)
* အဆီများတဲ့ အစားအစာများ (High-Fat Diet): အနီရောင်အသားများနှင့် နို့ထွက်ပစ္စည်းများလိုမျိုး အဆီဓာတ်များတဲ့ အစားအစာတွေ အလွန်အကျွံ စားသုံးတာ
* အဝလွန်တာ (Obesity):
မျိုးရိုးဗီဇ ပြောင်းလဲမှုများ (Genetic Changes)
* BRCA1 သို့မဟုတ် BRCA2 လိုမျိုး ရင်သားကင်ဆာနဲ့ ဆက်စပ်နေတဲ့ ဗီဇပြောင်းလဲမှုတွေဟာ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း တိုးစေနိုင်ပါတယ်။

၄။ နောက်ဆက်တွဲ ဆိုးကျိုးတွေက ဘာတွေ ဖြစ်နိုင်လဲ။

ကင်ဆာကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးများ ကတော့(Complications from the Cancer Itself)

* ကင်ဆာပြန့်ပွားခြင်း (Metastasis):
* အရိုးများ (Bones):
* ** lymph nodes (အကျိတ်များ) နှင့် အဆုတ်။**ကို ပြန့်လေ့ ရှိပါတယ်။
* ဆီးလမ်းကြောင်း ပိတ်ဆို့ခြင်း (Urinary Obstruction): ကင်ဆာအကျိတ် ကြီးလာခြင်းကြောင့် ဆီးထွက်ပြွန်ကို ဖိမိပြီး ဆီးသွားရခက်ခဲခြင်း၊ ဆီးအိမ်ထဲတွင် ဆီးကျန်နေခြင်း (Urinary Retention) သို့မဟုတ် ကျောက်ကပ်ကို ထိခိုက်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
* နာကျင်ခြင်း (Pain): အရိုးလို နေရာတွေကို ပြန့်သွားတဲ့အခါ ပြင်းထန်တဲ့ နာကျင်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ကုသမှုကြောင့်ဖြစ်သော နောက်ဆက်တွဲဆိုးကျိုးတွေကတော့များ(Complications from Treatment)

* လိင်အင်္ဂါ မသန်မာခြင်း / ပန်းသေပန်းညှိုးဖြစ်ခြင်း (Erectile Dysfunction)
* ဆီးမထိန်းနိုင်ခြင်း (Urinary Incontinence):
* အူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ အူမကြီးနဲ့ အူလမ်းကြောင်းကိုပါ ထိခိုက်နိုင်ပြီး ဝမ်းလျှောခြင်း၊ စအိုနာကျင်ခြင်း သို့မဟုတ် စအိုမှ သွေးထွက်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
* ဟော်မုန်းကုထုံး၏ ဆိုးကျိုးများ: Testosterone ဟော်မုန်းကို လျှော့ချတဲ့ ကုထုံးများက
* လိင်စိတ် ဆန္ဒလျော့နည်းခြင်း။
* အရိုးပွခြင်း (Osteoporosis)။
* ကိုယ်အလေးချိန်တက်ခြင်းနှင့် ခန္ဓာကိုယ်ကြွက်သားများ လျော့နည်းခြင်း။
စတာတွေ ဖြစ်တတ်ပါတယ်။

၅။ ဘယ်လို ကုသမလဲ

ဆီးကြိတ်ကင်ဆာကို ကုသတဲ့ နည်းလမ်းတွေကတော့ ကင်ဆာရဲ့အဆင့်၊ အကျိတ်ဆဲလ်တွေရဲ့ ပြင်းထန်မှု (Gleason Score)၊ လူနာရဲ့ အသက်နဲ့ အထွေထွေကျန်းမာရေးအပေါ် မူတည်ပြီး ကွဲပြားပါတယ်။

- ခွဲစိတ်ကုသခြင်း (Surgery - Radical Prostatectomy)
- ဓါတ်ရောင်ခြည် ကုသခြင်း (Radiation Therapy)
- ဟော်မုန်းကုထုံး (Hormone Therapy)
- ဓာတုကုထုံး (Chemotherapy)
စတဲ့ ကုသနည်းတွေ ရှိကြပါတယ်။

ဆီးကြိတ်ကင်ဆာကို ၁၀၀% ကာကွယ်နိုင်မယ့် နည်းလမ်းတော့ တိတိကျကျ မရှိသေးပါဘူး။ ဘာလို့လဲဆိုတော့ အသက်အရွယ်နဲ့ မျိုးရိုးလိုမျိုး ကိုယ် ထိန်းချုပ်လို့ မရတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်တွေကိုတော့ လိုက်နာနိုင်ပါတယ်။

- သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ ပိုမိုစားသုံးတာ
- အဆီဓာတ်လျှော့စားတာ
- ကိုယ်အလေးချိန် ထိန်းသိမ်းပြီး ပုံမှန် လေ့ကျင့်ခန်းလုပ်တာ
- ဆီးကြိတ်ကြီးခြင်း (BPH) ကို ကုသရာမှာ အသုံးပြုတဲ့ 5-alpha reductase inhibitors (ဥပမာ - Finasteride သို့မဟုတ် Dutasteride) လိုမျိုး ဆေးဝါးအချို့ဟာ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့လည်း လေ့လာမှုတွေက ဖော်ပြကြပါတယ်။ ဒါပေမဲ့ ဒီဆေးတွေကို ဆရာဝန်ရဲ့ ကြီးကြပ်မှုမပါဘဲ ကာကွယ်ဆေးအနေနဲ့ မသောက်သင့်ပါဘူး။
- အသက် ၅၀ မှစတင်ပြီး ဆရာဝန်နှင့် တိုင်ပင်၍ ဆီးကြိတ်ကင်ဆာ စစ်ဆေးမှုများ (ဥပမာ - PSA သွေးစစ်ခြင်းနှင့် DRE) လုပ်ပေးလို့ရပါတယ်။

#ခွန်းညိုသွေး

"Pay attention to ur Bra 💛"october လ တစ်လလုံးဟာ breast cancer awareness month ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့ကို no bra...
20/10/2025

"Pay attention to ur Bra 💛"

october လ တစ်လလုံးဟာ breast cancer awareness month ဖြစ်ပါတယ်။ အောက်တိုဘာလ ၁၃ ရက်နေ့ကို no bra day သတ်မှတ်ထားပါတယ်။ no bra day မှာ အမျိုးသမီးတွေအနေနဲ့ ရင်သားကို စစ်ဆေးတာ လူမှုကွန်ရက်မှာ awareness အဖြစ် ပါဝင်တာ bra အသစ်လေး ဝယ်တာ စတာတွေ လုပ်လို့ ရပါတယ်။ Globocan 2020 for Myanmar အရ အမျိုးသမီးကင်ဆာတွေမှာ သားအိမ်ခေါင်းကင်ဆာပြီးရင် ရင်သားကင်ဆာက ဒုတိယလိုက်နေပါတယ်။ ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ရင်သားကင်ဆာဟာ ဖြစ်ပွားနှုန်းကတေယ့ တိုးနေပေမယ့် သေနှုန်က ကျဆင်းလာပါတယ်။ စောစောသိပြီး ကုသမှုကို ခံယူနိုင်တဲ့အတွက်ပါ။

🚨ရင်သားကင်ဆာ ဆိုတာ ရင်သားမှာ ရှိတဲ့ဆဲလ်ဆွေက မထိန်းချုပ်နိုင်စွာ ပွားများလာပြီး ရင်သားမှာ အလုံး အကျိတ် ဖြစ်လာတာပါ။

ရင်သားရဲ့ Lobe လို့ ခေါ်တဲ့ အဝိုက်ရယ် ပြွန်လို့ခေါ်တဲ့ duct တွေမှာ ဖြစ်ပါတယ်။ ( ပုံမှာပြထားပါတယ်)။ ပြီးတော့ ချိုင်းကျိတ်တွေ တလျှောက်လည်း ပျံ့နှံ့ နိုင်ပါတယ်။

🚨များသောအားဖြင့် အမျိုးသမီးတွေက သူ့ဘာသာ စမ်းမိတတ်ပါတယ်။ အဲဒီတော့ မိမိရင်သားကို မကြာခဏ စမ်းသပ်စစ်ဆေးသင့်ပါတယ်။

🚨 ရောဂါ လက္ခဏာအနေနဲ့ကတော့ များသောအားဖြင့် အကျိတ်သေးရင်း နာကျင်မှု မရှိတဲ့ အကျိတ်လေးပါပဲ။ ရောဂါ လက္ခဏာ မပြတတ်ပါဘူး။ တချို့တွေမှာတော့ နာကျင်တာ ရှိတတ်ပါတယ်။ ရင်သားရဲ့ အရေပြားမှာ ပြောင်းလဲမှုလေးတွေ ( ဖုဖောင်းထွက်လာတာ၊ အရည်ကျတာ၊ နို့သီးခေါင်းက ချိုင့်ဝင်တာ၊ တစ်ဖက်ကို စောင်းသွားတာ၊ အရေပြားမှာ နီရဲလာတာ၊ သွေးပြန်ကြောတွေထင်းလာတာ၊ လိမ္မော်သီးခွံလို အရေပြား ဖြစ်လာတာ၊)အဲဒါတွေကို စစ်ကြည့်သင့်ပါတယ်။

🚨 အကျိတ်ဖြစ်လာပြီဆို
၁။ ဆရာဝန်နဲ့ ပြသတိုင်ပင်မယ် (examination)
၂။ mammogram / Ultrasound ရိုက်မယ် ( imaging)
၃။ လိုအပ်ရင် biopsy ( pathology) ယူမယ် စတဲ့ triple assessment နဲ့ သွားရင် ရောဂါကို ၉၉ ရာနှုန်းကျော် အမည်တပ်နိုင်ပါမယ်။

🚨ကင်ဆာကို staging အနေနဲ့ AJCC staging တွေ SEER staging တွေ ရှိပါတယ်။ ဆရာဝန်တွေကတွက်ချက်ပေးပါလိမ့်မယ်။ အကြမ်းဖျင်းတော့ stage 1,2,3,4 ခွဲလို့ရပါတယ်။ 1 နဲ့ 2 ဆို ကုသဖို့ ပိုလွယ်ကူပါတယ်။

အဲဒီတော့ စောစောသိလေ ကုသဖို့ လွယ်လေပါပဲ။

🚨ကုသရာမှာ

၁။ ခွဲစိတ်ကုသမှု
ခွဲစိတ်ရာမှာ အသက်ငယ်သေးတယ် အကျိတ်က သေးတယ်ဆိုရင် breast ကို ချန်ထားပေးတဲ့ breast conserving surgery တွေ oncoplastic surgery တွေပါ လုပ်လို့ ရနေပါပြီ။

၂။ ဓာတ်ကင်တယ်

၃။ ကီမိုဆေး သွင်းတယ်

၄။ ပထမ ၃ ခု အပြီးမှာ ဟော်မုန်းဆိုင်ရာ ကုသမှုတွေ လုပ်လို့ ရပါတယ်။

🚨 follow up

ကုသမှုအပြီး နောက် ၅ နှစ်အထိကို ၄ လကနေ ၆ လ အကြာမှာ တစ်ခါ follow up လုပ်ရပါမယ်။ mammogram ကို ၁ နှစ်တစ်ခါ recheck ပြန်လုပ်ရပါမယ်။ လိုအပ်တဲ့ နောက်ဆက်တွဲ ကုသမှုတွေကို ခံယူသင့်ပါတယ်။

🚨 ကင်ဆာပဲလား ကျန်တာ မဖြစ်နိုင်ဘူးလား

ဖြစ်နိုင်ပါတယ်။ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ် ( fibroadenoma, cysts) ရင်သားရောင်ယမ်းတာ ပိုးဝင်တာ ( mastitis, infectious mastitis) ပြည်တည်နာ ( breast abscess) တွေ ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုကတော့ တခြားနေရာမှာ ကင်ဆာဖြစ်ပြီး ရင်သားကို လာပျံ့နေတဲ့ ပျံ့နှံ့မှု ( metastasis)

🚨 အမျိုးသားတွေရော ရင်သားကင်ဆာ ဖြစ်နိုင်သလား

အဖြေက Yes ပါ။ ရာခိုင်နှုန်းကတော့ < 1 % ပေမယ့် ခုနောက်ပိုင်း ရာခိုင်နှုန်း ပိုတက်ချင်လာနေတယ်လို့ ပြောပါတယ်။ အမျိုးသားတွေက သူတို့မှာ ကင်ဆာ ဖြစ်လိမ့်မယ် မထင်ကြလို့ ပေါ့ဆတတ်ကြပါတယ်။ အန္တရာယ် ရှိသူတွေကတော့ ရင်သားကြီးသူတွေ၊ ဝှေးစေ့ဆိုင်ရာ ပြဿနာရှိဖူးသူတွေ၊ မိသားစုထဲ ဖြစ်ဖူးသူတွေ၊ လက်မထပ်ထားသူတွေ ( လူပျိုကြီးတွေတဲ့ဗျ 😁) မျိုးရိုးရောဂါ ဖြစ်တဲ့ Klinefelter's Syndrome ရှိသူတွေ ပိုအန္တရာယ် ရှိပါတယ်။

🚨 အမျိုးသမီး တွေမှာရော ဘယ်သူတွေမှာ ပြသနာ ရှိသလဲ

၁။ အသက်ကြီးသူ
အသက်ကြီးလာရင်တော့ ဘယ်ကင်ဆာမဆို ဖြစ်နိုင်ချေ မြင့်လာပါတယ်။
၂။ မိသားစု မျိုးရိုး 1 st degree relatives မှာ ကင်ဆာဖြစ်ဖူးသူ
၃။ အပျိုဖော် စောဝင်ပြီး နောက်ကျမှ သွေးဆုံးသူ ( သူတို့တွေဟာ အမျိုးသမီးဟော်မုန်းတွေနဲ့ သာမန်ထက်ပိုပြီး ကာလရှည်ကြာထိတွေ့ခဲ့ရလို့ပါ)
၄။ ဟော်မုန်းကုသမှု ( ဥပမာ သွေးဆုံးပြီးနောက် ဟော်မုန်းကုသမှု ခံယူ တဲ့သူတွေ)
၅။ သားဥကြွေဆေးလို မျိုးအောင်ရန် သုံးစွဲရတဲ့ ဆေးတွေ

🚨 ကလေးမွေးတာနဲ့ နို့တိုက်ကျွေးတာကတော့ ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို လျှော့ချနိုင်တယ် လို့ပြောပါတယ်။ ကလေးမွေးတာကတော့ article တစ်ခုမှာတော့ မွေးပြီး ပထမ ၅ နှစ်မှာ ဖြစ်နိုင်ချေများပြီး နောက် ၁၀ နှစ်မှာ ဖြစ်နိုင်ချေဟာ သာမန်ထက်လျော့ကျသွားတဲ့ dual factor နဲ့ လာတယ် လို့ ပြောပါတယ်။

🚨 ဆေးလိပ် အရက်သောက်တာ အဝလွန်တာ ကိုယ်လက်လှုပ်ရှားမှုနည်းတာ တွေကလည်း ဆက်နွယ်မှု ရှိပါသတဲ့။ meta analysis တစ်ခုက adult အရွယ်မှာ ကိုယ်အလေးချိန် ၁၁ ပေါင်တိုးတိုင်း သွေးဆုံးပြီးအရွယ်မှာ ကင်ဆာ ဖြစ်နိုင်ချေ ၁၁ ရာနှုန်း တိုးလာနိုင်ပါတယ်။

🚨 အယူအဆမှားများ

⛔ကိုယ်ဝန်ပျက်ကျခြင်း
ကိုယ်ဝန်ပျက်ကျခြင်းဟာ ရင်သားကင်ဆာ ဖြစ်နိုင်ချေ ရှိတယ်ဆိုတာ မှားပါတယ်

⛔ ဘရာ
ဘရာတွေ ဝတ်လို့ ဘရာက ( ချိုင်းက အကျိတ်တွေကို သွားဖိလို့) ရင်သားကင်ဆာဖြစ်နိုင်တယ် ဆိုတာ မှားပါတယ်။

⛔ implant
ရင်သားကို အလှအပဆိုင်ရာ ခွဲစိတ်ပြုပြင်တာ implant ထည့်တာ ကင်ဆာ ဖြစ်နိုင်တယ်ဆိုတာ မှားပါတယ်။ mammogram ရိုက်ရင်တော့ အဲဒီ အဖုအဖောင်းတွေ ထည့်ထားကြောင်း ဆရာဝန်နဲ့ တိုင်ပင်ပါ။ mammogram ရိုက်ရာမှာ ကြိုပြောထားဖို့ လိုပါတယ်။

#ခွန်းညိုသွေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dear Health by Dr. Khoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram