31/01/2024
အင်ပြင်ထတာက သွေးသားကြောင့်လား သွေးမသန့်လို့လား
--------------------------------------------------------
အင်ပြင်ထတာက အရေပြားနဲ့ ဓာတ်မတည့်လို့ ဖြစ်ရတာပါ။ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစနစ်ကနေ ထွက် ပေါ်လာတဲ့ Chemicalsတွေ၊ အထူးသဖြင့် histamine ဆိုတဲ့ ဓာတ်ကြောင့် အရေပြားမှာ အင်ပြင် ထတာပါ။
အင်ပြင်ဆိုတာက အရေပြားမှာ ဖောင်းတယ်၊ အရောင်ပြောင်းတယ်၊ ယားယံတယ် . . .ဒါကို အင်ပြင် ထတယ်လို့ ခေါ်ပါတယ်။ အင်ပြင်ထရတဲ့ အကြောင်းရင်းက အဓိကအားဖြင့် ဓာတ်မတည့်လို့ ဖြစ်ရတာပါ။ သွေးသားကြောင့် ဖြစ်တယ်၊ သွေးမသန့်လို့ ဖြစ်တယ် ဆိုတာတွေက လူတွေ သုံးနှုန်းတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။
အင်ပြင်ထတယ်ဆိုတာက အဓိကအားဖြင့် ကိုယ်ရဲ့ ခန္ဓာကိုယ်ထဲကို ဓာတ်မတည့်တဲ့ ပစ္စည်းတစ်ခုခု ရောက်ရှိသွားလို့ ဖြစ်ပါတယ်။ အရေပြားဖြစ်တဲ့အတွက် အရေပြားမှာ ဓာတ်မတည့်တဲ့ ပစ္စည်းတွေနဲ့ ထိတွေ့မိလို့ ဖြစ်ရတာပါ။
အင်ပြင်ထနိုင်စေတဲ့ အကြောင်းရင်းများ
-------------------------------------
◾ အင်းဆက်ပိုးမွှားအကိုက်ခံရလို့ ဖြစ်နိုင်ပါတယ်။
◾ ပန်းဝတ်မှုန့်နဲ့ ထိတွေ့လို့လည်း ဖြစ်နိုင်ပါတယ်။
◾ အိမ်မွှေးတိရစ္ဆာန်ရဲ့ အမှုန်အမွှား၊ အညစ်အကြေးတွေက အရေပြားကို ထိပြီး အခန့်မသင့်ရင် အင်ပြင်ထစေနိုင်ပါတယ်။
◾ အစားအသောက် (ဥပမာ-မြေပဲ)၊ တချို့ဆေးဝါးတွေနဲ့ ဓာတ်မတည့်ရင်လည်း အင်ပြင်ထစေနိုင်ပါ တယ်။
◾ တချို့တွေမှာ တုပ်ကွေးလိုမျိုး ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် ဖျားလည်း ဖျားတယ်၊ အရေပြားမှာ အင်ပြင်ထတာလည်း ဖြစ်တတ်ပါတယ်။
◾ စိတ်ဖိစီးမှုများတာ၊ စိတ်ပူပင်သောကများတာတွေကြောင့် ဦးနှောက်ကနေ လှုံ့ဆော်ရင်း histamineထွက်တာတွေ များရာက အရေပြားမှာ အင်ပြင်ထွက် တာလည်း ဖြစ်တတ်ပါတယ်။
ခြုံပြောရရင် အင်ပြင်ထတာက ခန္ဓာကိုယ်အရေပြားနဲ့ ဓာတ်မတည့်တာကို ထိတွေ့မိလို့ ဖြစ်ရတာပါ။
အင်ပြင်ထလာရင် သက်သာအောင် ဘာလုပ်ရမလဲ
---------------------------------
▶ Anti-histamine လို့ ခေါ်တဲ့ ဆေးဝါးတွေ သောက်သုံးရပါမယ်။ (Cetirizine, Chlorphenamine, Loratidine)
▶ ရေခဲဖတ် ကပ်ပေးလို့ရပါတယ်။
▶ အယားသက်သာစေတဲ့ Calamine Lotionလို ဆေးမျိုး လိမ်းလို့ ရပါတယ်။
အဓိကအားဖြင့် ဘာကြောင့် အင်ပြင်ထရသလဲဆိုတဲ့ အကြောင်းရင်းကို ရှာပြီး ရှောင်ဖို့ ဖြစ်ပါတယ်။ ပြီးမှ သက်သာအောင် လိမ်းဆေး၊ သောက်ဆေးတွေ၊ ရေခဲဖတ်ကပ်တာတွေ လုပ်ပေးရမှာပဲ ဖြစ်ပါတယ်။
◾ ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) ◾