16/01/2026
သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်လို့ရသလား?🧐🧐
သားအိမ်ခေါင်းကင်ဆာ (Cervical Cancer) ဟာ အမျိုးသမီးတွေကြားမှာ အဖြစ်များပေမဲ့ ကြိုတင်ကာကွယ်လို့ရတဲ့ ကင်ဆာ တစ်ခုဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေမှာ ဒုတိယမြောက် အဖြစ်အများဆုံး ကင်ဆာဖြစ်ပါတယ်။ ဒါပေမဲ့ ဝမ်းသာစရာက ဒီကင်ဆာဟာ ကြိုတင်ကာကွယ်ဆေးရှိသလို စစ်ဆေးမှုတွေကတစ်ဆင့် အချိန်မီ ကုသပျောက်ကင်းနိုင်တာပဲ ဖြစ်ပါတယ်။
သတိထားရမယ့် လက္ခဏာများ ကတော့ ကင်ဆာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာမပြတတ်တာကြောင့် အောက်ပါတို့ကို သတိထားကြည့်ရပါမယ်။ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ အမျိုးသားနဲ့ အတူနေပြီးနောက် သွေးဆင်းခြင်း၊ သွေးဆုံးပြီးမှ ပြန်လည်သွေးဆင်းခြင်း၊ အနံ့ဆိုးသော အဖြူဆင်းခြင်း သို့မဟုတ် သွေးစပါသော အဖြူဆင်းခြင်း၊ ဆီးစပ် သို့မဟုတ် ခါး အမြဲနာကျင်နေခြင်း တို့ပဲဖြစ်ပါတယ်။
သားအိမ်ခေါင်းကင်ဆာကို အဓိကဖြစ်စေတာက HPV (Human Papilloma virus) ကြောင့်ပဲဖြစ်ပါတယ်။
HPV ဆိုတာဘာလဲ?
HPV ဆိုတာ လူ့အရေပြားနဲ့ အချွဲမြှေးတွေမှာ ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်ပါတယ်။ သူက အမျိုးအစားပေါင်း ၂၀၀ ကျော် ရှိပြီး အုပ်စုကြီး (၂) စု ခွဲခြားနိုင်ပါတယ်။
1. High-risk HPV (အန္တရာယ်ရှိအုပ်စု): ကင်ဆာဖြစ်စေနိုင်တဲ့ အမျိုးအစားတွေပါ။ အထူးသဖြင့် HPV 16 နဲ့ 18 ဟာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုရဲ့ ၇၀% ကျော်ကို ဖြစ်စေပါတယ်။
2. Low-risk HPV (အန္တရာယ်နည်းအုပ်စု): ကင်ဆာမဖြစ်စေပေမဲ့ လိင်အင်္ဂါကြွက်နို့ (Ge***al Warts) တွေကို ဖြစ်စေပါတယ်။ (ဥပမာ - HPV 6 နဲ့ 11)
HPV ဘယ်လိုကူးစက်သလဲ?
လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်ခြင်း
ဒါဟာ HPV ကူးစက်မှုရဲ့ အဖြစ်အများဆုံး နည်းလမ်းဖြစ်ပါတယ်။ လိင်အင်္ဂါချင်း ထိတွေ့ခြင်း၊ မိန်းမကိုယ် သို့မဟုတ် စအိုလမ်းကြောင်းမှတစ်ဆင့် လိင်ဆက်ဆံခြင်းသည် အဓိက ကူးစက်နည်း ဖြစ်ပါတယ်။
ခံတွင်းဖြင့် လိင်ဆက်ဆံခြင်း:
ခံတွင်းနှင့် လည်ချောင်းအတွင်းသို့ ဗိုင်းရပ်စ် ကူးစပ်နိုင်ပြီး အချို့သော ကင်ဆာရောဂါများကို ဖြစ်စေနိုင်ပါတယ်။
အကာအကွယ်မဲ့ခြင်း:
ကွန်ဒုံးကို စနစ်တကျ မသုံးစွဲခြင်းက ကူးစက်မှုကို မြင့်မားစေသော်လည်း၊ ကွန်ဒုံးသည် ဗိုင်းရပ်စ်ရှိနေသော အရေပြား ဧရိယာအားလုံးကို ဖုံးအုပ်မထားနိုင်သည့်အတွက် ကွန်ဒုံးသုံးသော်လည်း ၁၀၀% မကာကွယ်နိုင်ပါ။
လိင်ဆက်ဆံခြင်း မဟုတ်သော ထိတွေ့မှုများ
အရေပြားချင်း နီးကပ်စွာ ထိတွေ့ခြင်း၊ လိင်ဆက်ဆံမှု လုံးဝမပြုလုပ်သော်လည်း လိင်အင်္ဂါတစ်ဝိုက်ရှိ အရေပြားချင်း ထိတွေ့မိရုံဖြင့် ဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။
လက်မှတစ်ဆင့်
ရောဂါရှိသူ၏ လိင်အင်္ဂါကို လက်ဖြင့် ထိတွေ့မိပြီးနောက် မိမိ၏ လိင်အင်္ဂါကို ပြန်လည် ထိတွေ့မိပါကလည်း ကူးစက်နိုင်ခြေ ရှိပါတယ်။
မိခင်မှ ကလေးသို့
ကိုယ်ဝန်ဆောင် မိခင်တွင် လိင်အင်္ဂါ ကြွက်နို့ (Ge***al Warts) ရှိနေပါက ကလေးမွေးဖွားချိန်တွင် ကလေးထံသို့ ကူးစက်နိုင်ခြေ အလွန်နည်းပါးသော်လည်း ရှိတတ်ပါတယ်။
ဒဏ်ရာများမှတစ်ဆင့်
အရေပြားတွင် ပြတ်ရှဒဏ်ရာ သို့မဟုတ် ပွန်းပဲ့ခြင်းရှိပါက ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်အတွင်းသို့ ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်ပါတယ်။
သတိပြုရန်
HPV ဟာ ခန္ဓာကိုယ်ထဲ ရောက်သွားပြီးရင် ဘာလက္ခဏာမှ မပြဘဲ နှစ်ပေါင်းများစွာ ငြိမ်နေတတ်ပါတယ်။ ဒါကြောင့် ကိုယ့်မှာ ပိုးရှိနေမှန်း မသိဘဲ သူတစ်ပါးကို လက်ဆင့်ကမ်း ကူးစက်မိတတ်ပါတယ်။
အဲ့တော့ သားအိမ်ခေါင်းကင်ဆာကို ဘယ်လိုကာကွယ်ကြမလဲ?
၁။ HPV ကာကွယ်ဆေးထိုးရပါမယ်။ အသက် ၉ နှစ်ကနေ ၄၅ နှစ်အတွင်း အမျိုးသမီးတွေ ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။
၂။ ပုံမှန်စစ်ဆေးမှုခံယူရပါမယ်။ အိမ်ထောင်ရှိသူတွေ သို့မဟုတ် အတူနေဖူးသူတွေအနေနဲ့ Pap Smear (သားအိမ်ခေါင်းဆဲလ် စစ်ဆေးခြင်း) ဒါမှမဟုတ် HPV DNA Test ကို အနည်းဆုံး ၃ နှစ် သို့မဟုတ် ၅ နှစ်တစ်ကြိမ် စစ်ဆေးသင့်ပါတယ်။
၃။ လူနေမှုပုံစံ ပြောင်းလဲရပါမယ်။ အကာအကွယ် (Condom)ကို စနစ်တကျ သုံးပါ။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ (ဆေးလိပ်က ကင်ဆာဖြစ်နိုင်ခြေကို မြှင့်တင်ပေးလို့ပါ)။ ကိုယ်ခံအားကောင်းအောင် နေထိုင်သင့်ပါတယ်။
နိဂုံးချုပ်အနေနဲ့ကတော့သားအိမ်ခေါင်းကင်ဆာဟာရောဂါကျွမ်းမှ သိရတာမျိုး မဟုတ်ဘဲ၊ ကြိုတင်စစ်ဆေးရင် ကင်ဆာမဖြစ်ခင် အဆင့်မှာတင် သိရှိပြီး ကုသနိုင်ပါတယ် သင့်ရဲ့ ကျန်းမာရေးအတွက်ရော၊ သင့်မိသားစုအတွက်ပါ အချိန်ပေးပြီး စစ်ဆေးဖို့ မမေ့ပါနဲ့နော်။
ယခု အပတ်ရဲ့ သားအိမ်ခေါင်းကင်ဆာ နဲ့ပတ်သက်တဲ့ ဆောင်းပါးလေးကိုတော့ LifePlus Health & Beauty ရဲ့ Senior Pharmacist မရွှေရည်ဝင်း မှ ရေးသားတင်ဆက်ပေးထားပါတယ်ရှင်။
Disclaimer - This content is for general health information only and is written by licensed professionals from LifePlus Pharmacy's Health Program.
#ပိုမိုကျန်းမာအလှတိုးမှာLifePlusမှာဈေးဝယ်ပါ