ဆုလာဘ် အထွေထွေရောဂါကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ဆုလာဘ် အထွေထွေရောဂါကုဆေးခန်း

ဆုလာဘ် အထွေထွေရောဂါကုဆေးခန်း အမှတ်(၁၀၅) မြိတ်လမ်း၊ ၁၉ရပ်ကွက်၊တောင်ဒဂုံမြို့နယ်။

26/02/2026

လေးဖက်နာဟု ဆိုရာဝယ်

မှတ်ချက်-ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါက အသက် ၃၉ နှစ် အမျိုးသမီးတစ်
ယောက်ပါ။ အဆစ်
အမြစ်တွေ နာလို့ လာပြတာပါ။ နာနေတာတော့ လနဲ့ ချီနေပါပြီ။မနက်အိပ်ရာထရင်လည်း လက်ဆစ်တွေ တင်းနေတယ်။ လှုပ်ရှားရင်းနဲ့ ၁ နာရီလောက်နေမှ သက်သာသွားတယ် ဆိုတော့ အဆစ်တွေ ရောင်နေတာပေါ့။ Inflammatory arthritis ပေါ့။ နေပူထဲထွက်ရင် မျက်နှာမှာ အကွက်ထတာ၊ ရေကိုင်ရင် လက်တွေ အရောင်ပြောင်းတာတော့ မရှိပါဘူး။ စမ်းကြည့်တော့ squeeze test positive ။ သွေးတွေစစ်ကြည့်တော့ ESR တက်၊ AntiCCP နဲ့ Rheumatoid factor negative ဆိုတော့ sero negative RA အဖြစ် Provisional diagnosis တပ်၊ လူနာကို လေးဖက်နာအထူးကုဆီ လွှတ်တော့ မသွားတာနဲ့ ကျွန်တော်ဘဲ ဆက်ကုထားလိုက်ပါတယ်။ methotrexate ပဲ ပေးထားလိုက်ပါတယ်။လူနာက methotrexate နဲ့ အဆင်ပြေပါတယ်။ steroid မကူဘဲနဲ့ကို တစ်နှစ်လောက်ထိ တောက်လျှောက် သက်သာနေတာပါ။ လူနာလည်း ဝမ်းသာ၊ကျွန်တော်လည်း ဝမ်းသာပေါ့။ sustained remission ရရင် methotrexate ကို တဖြည်းဖြည်းလျှော့မယ်လို့စဉ်းစားထားပါတယ်။ ဒီအထိက ပန်းခင်းသောလမ်းပါပဲ။
ပြဿနာက တစ်ရက်မှာ လူနာက ပါးချိတ်ရောင်ပါတယ်။ အဲ့ဒီအချိန်က မွမ်နာလို့ အရပ်ထဲမှာခေါ်ကြတဲ့ ပါးချိတ်ရောင်နာ ( Mumps or Parotitis ) တွေ တော်တော်ဖြစ်နေကြတဲ့အချိန်ပါ။ အဲ့ဒါနဲ့ လူနာကို ဆိုင်ရာ treatment ပေး၊ Infection ရှိနေလို့ methotrexate ပါ ခဏရပ်ပြီး ပါးချိတ်ရောင်နာ ပျောက်မှ ပြန်စဖို့ မှာလိုက်ပါတယ်။
ဒါပေမယ့် လူနာက ပါးချိတ်ရောင်နာ မသက်သာပါဘူး။ ပထမဆုံး supportive treatment ပေး၊ မသက်သာတော့ antibiotics ပေးတာလည်း လူနာက ၂ ပတ်အထိ မသက်သာတာနဲ့ ကျွန်တော်လည်း စိတ်ပူလို့ လူနာကို နားနှာခေါင်းလည်ချောင်းအထူးကုနဲ့ လွှဲလိုက်ပါတယ်။ နားနှာခေါင်းအထူးကုနဲ့ ပြပေမယ့်လည်း လူနာက response သိပ်မကောင်းသေးပါဘူး။ Infection မကောင်းသေးတော့ methotrexate က ရပ်ထားရပြီး hydroxychloroquine နဲ့ ပဲ ခဏမှေးထားရပါတယ်။ လေးဖက်နာက လောလောဆယ် အခြေအနေကောင်းနေတာကြောင့်၊သူ့ parotitis ကိုပဲ သေချာအရင်ကုဖို့ လူနာကို မှာလိုက်ပါတယ်။ ၂လလောက်ကြာသွားတယ်ထင်ပါရဲ့။တစ်ရက်မှာတော့ လူနာ ကျွန်တော့်ဆီ ပြန်လာပါတယ်။ အဖျားတွေလည်း တက်နေပါတယ်။ ဖျားတာ ၇ရက်လောက်ရှိပြီလို့ ဆိုပါတယ်။ ရုပ်ကလည်း မမှတ်မိလောက်အောင် ကျသွားပါတယ်။ ဆေးမှတ်တမ်းတွေလည်း ပါလာပါတယ်။ အဖျားအတွက်ပြထားတဲ့ ဆေးမှတ်တမ်းရော၊ သွေးလေးဖက်နာကို Rheumatologist နဲ့ သွားပြထားတာတဲ့ မှတ်တမ်းရော တွေ့ရပါတယ်။ ဆရာက ကျွန်တော့် diagnosis ကို လက်ခံပါတယ်။ ဒါပေမယ့် သူလူနာကို စမ်းသပ်ထားတဲ့ finding မှာ ? sclerodactyly ဆိုတာလေး ရေးထားတာတွေ့ရပါတယ်။ Query ဆိုတော့ သိပ်မသေချာလို့ စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ပြီး ခွါချိန်းထားပုံရပါတယ်။ဘာမှထပ်စစ်ထားတာတော့မတွေ့ရပါဘူး။ Immunosuppressant ကတော့ leflunemide ပေးထားတာတွေ့ပါတယ်။ အဲ့ဒါက Rheumatologist ရဲ့ မှတ်တမ်းပါ။ အဖျားအတွက်ပြထားတဲ့မှတ်တမ်းမှာတော့ cefixime ပေးထားတာတွေ့ရပါတယ်။ ပိုးသတ်ဆေးပေးထားပေမယ့် မသက်သာပါဘူး။ အဆစ်အမြစ်တွေလည်း ကိုက်ခဲနေပါတယ်။ သေချာမေးကြည့်တော့ ရေကိုင်ရင်ပါ လက်တွေကျဉ်လာတယ်ဆိုတော့ Raynaud’s phenomenon ပါ စချင်နေပြီလား မသိပါဘူး။ Vasculitic rash တွေ၊ Malar rash တွေတော့ မရှိပါဘူး။ Skin tightening တွေ ၊ skin thickening တွေလည်း မရှိပါဘူး။ ကျွန်တော်လူနာကို စကြည့်တုန်းက ANA ထည့်မစစ်မိပါဘူး။ လူနာက RA အပြင် အခြား Connective tissue disease တစ်ခုခုဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါနဲ့ လူနာကို counselling ဝင်ပြီး ANA ( titre) ,CP ( auto), ESR တွေ စစ်လိုက်ပါတယ်။ လူနာကို steroid ပါ high dose ပေးလိုက်ပါတယ်။ antibiotics လည်း ဆက်ပေးထားလိုက်ပါတယ်။ ထွက်လာတဲ့အဖြေမှာ CP အဖြေကောင်း၊ ESR -100 ၊ ANA ( titre) က 1/1280 ( strong positive) ပါ။ လူနာက steroid ဝင်တာနဲ့ လုံးဝကောင်းသွားတာပါ။ အဖျားလုံးဝကျ၊ ကိုက်တာခဲတာ လုံးဝကောင်းသွားတာပါ။ အဲ့ဒါနဲ့ ENA profile စစ်တော့ Anti smith antigen positive, Scl 70 positive ကျန်တဲ့ RNP sm တို့ဘာတို့လည်း positive ပါ။ အဲ့ဒါနဲ့ လူနာကို Rheumatologist ဆီ အဖြေနဲ့တကွ ပြန်လွှဲလိုက်ရပါတယ်။ လက်ရှိမှာလူနာ SLE / seronegative RA overlap အဖြစ် ကုသမှုခံနေပါတယ်။

နောက်တစ်ယောက်ကလည်း အသက် ၄၈နှစ် အမျိုးသမီးပါ။ သူလည်း small hand joint pain နဲ့ လာတာပါ။ EULAR criteria နဲ့ assessment လုပ်ပြီး seronegative RA အဖြစ်နဲ့ ကုထားတာပါ။ methotrexate ပေးထားတာပါ။ လူနာလည်း control ရနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းစစ်တဲ့ Full blood count အဖြေတွေမှာ leucopenia ရှိရှိနေလို့ လူနာကို methotrexate ဖြုတ်ပြီး hydroxychloroquine နဲ့ ပြောင်းပေးထားပါတယ်။ ဒါပေမယ့် methotrexate ၃ လလောက် ရပ်ပြီး ပြန်စစ်တော့လည်း leucopenia ရှိနေတုန်းမို့ မသင်္ကာတာနဲ့ ANA( titre) စစ်တော့ 1:320 နဲ့ positive ပြ။ ENA profile ထပ်စစ်တော့ RNA/Sm နဲ့ Ku positive မို့ Rheumatologist ဆီ refer လုပ်လိုက်ပါတယ်။ ခုတော့ Sjogren arthritis with leucopenia အဖြစ်ကုသမှုခံနေပါတယ်။

ဒီcase တွေမှာ

၁။ ကျွန်တော် Rheumatology case တွေကို ကုသရာမှာ လူနာရဲ့ clinical context ကို သေချာကြည့်လေ့ရှိပါတယ်။ လူနာရဲ့ age, s*x, joint distribution ,extra articular features စတာတွေ ကြည့်ပြီး အဖြစ်နိုင်ဆုံးလို့ထင်တဲ့ diagnosis or differential diagnosis ကို ထုတ်ပါတယ်။ Investigation လုပ်ရင်လည်း အဲ့ဒီ differential ကို support or exclude လုပ်မယ့် test ကို စစ်ပါတယ်။လူနာ မလိုဘဲ အပိုမကုန်အောင်လို့ပါ။ အထူးသဖြင့် အစောပိုင်းကာလတွေမှာ ကျွန်တော်ဟာ skin rash , hair loss, Raynaud’s phenomenon , skin thickening, dry eye, dry mouth စတဲ့ clinical features တွေမရှိရင် RA ( seropositive or seronegative ) သို့မဟုတ် seronegative arthitides ကိုပဲ အဓိက စဉ်းစားပြီး၊ANA ကို ထည့်မစစ်တော့ဘဲ skip လုပ်မိခဲ့ပါတယ်။ အမှန်က SLE , Sjogren’s , systemic sclerosis , MCTD, UCTD စတဲ့ အခြား connective tissue disease တွေဟာလည်း polyarthritis or polyarthralgia နဲ့ initial presentation လာနိုင်ပါတယ်။ လာတတ်ပါတယ်။ အစောပိုင်းကာလတွေမှာ arthritis နဲ့ပဲ present လုပ်ပြီး ကြာလာတော့မှ၊ disease progressive ဖြစ်လာတော့မှ အခြား extra articular features တွေ တဖြည်းဖြည်းပေါ်လာတာ၊အခြား criteria တွေ တဖြည်းဖြည်း စုံလာတာမျိုးပါ။ အစောပိုင်းမှာ RA အဖြစ်နဲ့ကုနေရင်း နောက်မှ Thrombocytopenia ခဏခဏရလာလို့ ၊ leucopenia ခဏခဏရလာလို့ မသင်္ကာလို့ စစ်တော့မှ SLE ပါထပ်တွေ့တာပြီး SLE /RA overlap ဖြစ်နေတာမျိုးတွေ မကြာခဏတွေ့ရတတ်ပါတယ်။ အဲ့ဒါကြောင့် polyarthritis or polyarthralgia alone နဲ့လာတဲ့လူနာမှာ other extra articular features တွေ မတွေ့သေးပေမယ့်လည်း SLE, systemic sclerosis, Sjogren’s, MCTD, UCTD စတဲ့ connective tissue disease တွေကို မမေ့ဖို့လိုကြောင်း သတိပေးလိုပါတယ်။ ကျွန်တော့်မှားခဲ့ဖူးတဲ့၊ ကျွန်တော် လွဲချော်ခဲ့ဖူးတဲ့အတွေ့အကြုံကို မိတ်ဆွေတို့ သင်ခန်းစာယူနိုင်အောင် မျှဝေလိုက်ရပါတယ်။သတိမပြုခဲ့မိတော့ differential diagnosis မှာလည်း မထည့်မိခဲ့၊ Investigation မှာလည်း ထည့်မစစ်ခဲ့မိဘူးပေါ့။

၂။ DMARDs ပေးထားတဲ့ RA လူနာမှာ leucopenia / thrombocytopenia တွေရရင် ပထမဆုံးစဉ်းစားရမှာက DMARDs ရဲ့ side effects ပါ။ အဓိကဖြစ်တာက methotrexate, leflunemide, , cyclophosphamide, azathioprine ,sulfasalazine စတဲ့ဆေးတွေပါ။ DMARDs ကို ခဏ ရပ်ရင် ပြန်ကောင်းသွားတတ်ပါတယ်။ မကောင်းရင်တော့ အခြား cause ဘာရှိလဲရှာရမှာပါ။( ဥပမာ SLE လိုမျိုး haematological manifestation ရှိတဲ့ ရောဂါ တစ်ခုခုတွဲနေလားပေါ့)

၃။ နောက်ဆုံးပြောချင်တာက DMARDs တွေ ပေးတဲ့အခါမှာ အရေးကြီးဆုံးက regular monitoring ပါ။ ဒီလူနာတွေမှာ အစက Diagnosis လွတ်မလိုဖြစ်ခဲ့ပေမယ့် နောက်ပိုင်း Diagnosis ပြန်ရသွားတာလည်း monitoring လုပ်လို့ပါ။ DMARDs အမျိုးအစားအလိုက် Full blood count, liver function , renal function, eye assessment စတာတွေကို periodically monitor လုပ်ဖို့လိုပါတယ်။ ဆေးမစခင်မှာလည်း လူနာမှာ latent infection ( Eg. TB, B ပိုး, C ပိုး) ရှိလား။ အသည်း၊ ကျောက်ကပ်ကောင်းလား assessment လုပ်ဖို့လိုပါတယ်။အချို့ဆရာဝန်တွေ leflunemide လိုဆေးမျိုးပေးထားပြီး မ​ပေးခင်
လည်း ဘာမှ မစစ်ထား၊ ပေးပြီးတော့လည်း ဘာမှ မစစ်ထားတာ အန္တရာယ်များလှပါတယ်။

ဆေးပညာနဲ့ ပက်သက်ပြီး သင်ဆရာ၊ မြင်စရာ၊ ကြားဆရာအားလုံးကို ဂါရဝပြုလျက်ပါ။
အားလုံးအဆင်ပြေကြပါစေ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

17/02/2026

သိုင်းရွိုက်ဟော်မုန်းချို့တဲ့သော လူနာများ ( Hypothyroid လူနာများ) Ramadan ကာလအတွင်း Levothyroxine (T4) သောက်နည်း

Hypothyroid ဆိုတာ ခန္ဓာကိုယ်မှာ သိုင်းရွိုက်ဟိုမုန်း( thyroid hormone)လို့ခေါ်တဲ့ ဓာတ်တစ်ခုချို့တဲ့တဲ့ ရောဂါပါ။

ဒီဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုတွေအတွက် အလွန်အရေးပါတဲ့ဓာတ်ပါ။

ပုံမှန်ရှိသင့်တဲ့ပမာဏထက်နည်းရင်လည်း အန္တရာယ်ရှိသလို၊ များရင်လည်း အန္တရာယ်ရှိပါတယ်။

Levothyroxine ဆိုတာ သိုင်းရွိုက်ဟိုမုန်းချို့တဲ့တဲ့ Hypothyroid လူနာတွေမှာ ဟိုမုန်းဓာတ်ပြန်ဖြည့်ပေးတဲ့ဆေးဖြစ်ပါတယ်။ အလွန်
အရေးကြီးတဲ့ဆေး၊ ပြတ်လို့မရတဲ့ဆေးဖြစ်ပါတယ်။

Ramadan ကာလမှာ မနက် suhoor နဲ့ ညနေ Iftaar ကြားမှာ ဘာမှမစားမသောက်ရပါဘူး။ဆေးသောက်လို့လည်း မရပါဘူး။ အဲ့ဒါကြောင့် levothyroxine သောက်နေတဲ့ အစ္စလာမ်ဘာသာဝင်မိတ်ဆွေတွေအနေနဲ့ Ramadan ဥပုသ်လမှာ အဆင်ပြေပြေနဲ့ ဆေးသောက်နိုင်စေဖို့ ဒီမျှဝေမှုလေးကို ပြုလုပ်ပေးလိုက်ပါတယ်။

အရင်ဆုံးပြောချင်တာက Levothyroxine ကို အစာနဲ့ဝေးဝေးသောက်ရပါမယ်။ အဲဒီလိုမှသာ ဆေးအာနိသင်ကို ကောင်းစွာ စုပ်ယူနိုင်ပါလိမ့်မယ်။

Ramadan အတွင်း သောက်ရန် အကောင်းဆုံး နည်းလမ်းတွေကတော့

1) Suhoor မတိုင်မီ (အသုံးများဆုံး နည်းလမ်းပါ)

• Suhoor မစားမီ 30–60 မိနစ်ခန့် ကြိုတင်သောက်ပါ
• အဲဒီအချိန်အတွင်း အစားအသောက် မစားပါနှင့် (ရေသာသောက်နိုင်သည်)
• လက်ဖက်ရည်၊ ကော်ဖီ၊ နို့ မသောက်ပါနှင့်။ သူတို့က Levothyroxine စုပ်ယူမှုကို နှောင့်ယှက်နိုင်လို့ပါ။

➡️ ဒီနည်းလမ်းက အလွယ်ကူဆုံးနှင့် စိတ်အချရဆုံးဖြစ်ပါတယ်။

2) ညပိုင်း (Iftar ပြီးနောက်)

• နောက်ဆုံး အစားစားပြီး 3–4 နာရီကြာမှ သောက်ပါ။
• အစာအိမ် ဗလာ ဖြစ်နေကြောင်း သေချာပါစေ။
• Calcium, Iron, Antacid ဆေးများကို အနည်းဆုံး 4 နာရီကြာ မသောက်ရပါ။ သူတို့က ဆေးစုပ်ယူမှုကို ဟန့်တားနိုင်ပါတယ်။

အရေးကြီးသော အချက်များ

• နေ့စဉ် အချိန်တူတူ သောက်ပါ
•ဆေးကို ရေနဲ့သာ သောက်ပါ။
• အောက်ပါအရာများနှင့် ပေါင်းမသောက်ရပါ —
• နို့
• Calcium ဆေးများ
• Iron ဆေးများ
• Multivitamin ဆေးများ။

Ramadan မှာ ကျန်းမာပျော်ရွှင်ကြပါစေ။

Credit to MRCP page

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

10/02/2026

ကျွန်တော်တို့ မောင်နှမခရီးသွားမှာမို့ ဆုလာဘ်ဆေးခန်းနှစ်
ခန်းလုံးကို ၁၁.၂.၂၀၂၆ မှစ၍ ပိတ်ပါမယ်ခင်ဗျား။
တောင်ဒဂုံဆုလာာဘ်ဆေးခန်းကို ၁၇.၂.၂၀၂၆ နံနက်မှ စ၍ ပုံမှန်အတိုင်းပြန်ဖွင့်ပါမယ်။
လှိုင်မြို့နယ် ဆုလာဘ်ဆေးခန်းကို ၁၈.၂.၂၀၂၆ နံနက်မှ စ၍ ပုံမှန်အတိုင်းပြန်ဖွင့်ပါမယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။

30/01/2026

လေဖြန်းတာလား။ လေဖြတ်တာလား။

သာမန်လူတော်တော်များများက အဲ့ဒီ ၂ ခုကို မကွဲကြပါဘူး။
အချို့က မျက်နှာပဲ ရွဲ့ရင်၊ စကားသံ လုံးသွားရင် လေဖြန်းတာ။ထုံတာ ကျဉ်တာပဲဆို လေဖြန်းတာ။ တကိုယ်လုံး လှုပ်မရမှ လေဖြတ်တာလို့ ထင်ကြတယ်။

လေဖြတ်တာနဲ့ ဖြန်းတာက အချိန်နဲ့ ခွဲပ့တယ်။
၁။ မျက်နှာရွဲ့တာ ဖြစ်ဖြစ်၊
၂။စကားဗလုံးဗထွေးဖြစ်တာ ဖြစ်ဖြစ်၊ ၃။ခန္ဓာကိုယ် တစ်ခြမ်းလုံးလှုပ်မရတာ ဖြစ်ဖြစ်
၄။ လက်တစ်ဘက်၊ ခြေတစ်ဘက် ၊ မျက်နှာတစ်ခြမ်း ထုံကျဉ်တာ ဖြစ်ဖြစ်
စဖြစ်တဲ့ အချိန်က စပြီး ၂၄နာရီအတွင်း ပြန်ကောင်းသွားရင် လေဖြန်းတာ( အင်္ဂလိပ်လို mini stroke ၊ ဆေးပညာအခေါ်အဝေါ် အရ Transient ischemic attack (TIA)) လို့ ခေါ်ပါတယ်။

အထက်ပါ လက္ခဏာတွေပဲ ၂၄ နာရီအတွင်း မကောင်းဘူး ဆိုရင် လေဖြတ်တာ (အင်္ဂလိပ်လို stroke ၊ ဆေးပညာအခေါ်အဝေါ်အရ Cerebrovascular accident (CVA))လို့ ခေါ်ပါတယ်။

ဆိုလိုတာက လေဖြန်းတဲ့လူနာဟာ ကျွန်တော်တို့ဆေးကုကု၊မကုကု ၂၄နာရီအတွင်း သူ့ဟာသာ ပြန်ကောင်းသွားမှာ ဖြစ်ပါတယ်။ ဘာဆေးမှ မသောက်၊ မထိုးလည်း ပြန်ကောင်းမှာပါ။ ပျောက်စေဆရာနဲ့ ကုလို့ ချက်ချင်းကောင်းသွားတာတို့၊ ဘာတို့ဆိုတာ လေဖြန်းသွားတာမို့လို့ပါ။ ဒါပေမယ့် လေဖြန်းတာဟာ လေဖြတ်တာရဲ့ ရှေ့ပြေးဖြစ်ပါတယ်။လေဖြန်းရင် လုံးဝကောင်းသွားသည့်တိုင်အောင် ဦးနှောက်အာရုံကြောဆရာဝန်နဲ့ သေချာပြဖို့ လိုပါတယ်။ လေဖြန်းတာကို သေချာမကုထားရင် နောက်တစ်ခါဆိုရင် လေဖြတ်ပါလိမ့်မယ်။ လေဖြတ်ရင်တော့ အန္တရာယ်ပိုကြီးသလို၊ ကုရတာ ပိုခက်ပါလိမ့်မယ်။

အားလုံးအဆင်ပြေကြပါစေ။
ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP (UK)
ဆုလာဘ်ဆေးခန်း(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊(၈) ရပ်ကွက်၊ လှိုင်မြို့နယ်

23/01/2026

မျက်လှည့်သေတ္တာ

မှတ်ချက်- ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါ လူနာက အသက် ၇၀ အဘွားပါ။ လာတာက ဗိုက်အောင့်လို့ပါ။ဖြစ်တာ ၂ ရက်ပဲရှိပါသေးတယ်။ လူနာက ရောဂါအခံကြီးကြီးမားမားမရှိပါဘူး။ ဝမ်းချုပ်တယ်လို့ ပြောပါတယ်။ အန်
လည်း အန်တယ်တဲ့။ အန်တာတော့ ၂၊၃ခါရှိပါပြီ။တော်တော်အောင့်နေတဲ့ပုံတော့ ပေါ်ပါတယ်။နာတဲ့နေရာကို ပြပါဆိုတော့ တစ်ပြင်လုံးလိုလိုဖြစ်နေပါတယ်။တင်းလည်းတင်းတယ်လို့ ဆိုပါတယ်။ ဒါနဲ့ ကျွန်တော်လည်း လူနာကို စမ်းကြည့်လိုက်ပါတယ်။ လူနာက အောင့်နေတာကလွဲရင် ကျန်တာ ကောင်းပါတယ်။ Tenderness, Rebound tenderness ဘာညာမရှိပါဘူး။ Abdominal distension တော့ ရှိပါတယ်။လူနာက ရှေ့ရက်တွေမှာ ကောက်ညင်းစားထားတာလည်း ရှိတော့ wind colic (လေအောင့်တာ) နေမယ်ဆိုပြီး လေဆေးပေးဖို့ စဉ်းစားလိုက်ပါတယ်။
လူနာရော၊ ကျွန်တော်ရော ကံကောင်းတယ်လို့ပဲ ဆိုရမလားမသိပါဘူး။ အဲ့ဒီတုန်းက ကျွန်တော့်သူငယ်ချင်းဆရာဝန်တစ်ယောက် ကျွန်တော့်ဆီမှာလာပြီး အတွေ့အကြုံယူနေ၊ လေ့လာနေတဲ့ အချိန်ဖြစ်နေပါတယ်။ ကျွန်တော်ကလည်း လူနာတစ်ယောက်ကြည့်ပြီးတိုင်း ကျွန်တော် ဒီ case ကို ဘယ်လိုစဉ်းစားတယ်၊ ဘယ်လိုကုမယ်၊ ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုတာ သူ့ကိုရှင်းပြလေ့ရှိပါတယ်။ ဒီလူနာမှာလည်း ကျွန်တော်တွေ့တဲ့ အချက်တွေနဲ့ ဖြစ်
နိုင်ခြေတွေကို သူ့ကို စဉ်းစားပြနေရင်းနဲ့မှ ကျွန်တော် GP သက်တမ်းတလျှောက် မေ့နေခဲ့တဲ့၊ မေ့ထားခဲမိတဲ့ ရောဂါတစ်ခုခေါင်းထဲပေါ်လာပါတယ်။ အဲ့ဒါက Intestinal obstruction ( အူပိတ်တာ)ပါ။ အဲ့ဒါနဲ့ လူနာဘက်ပြန်လှည့်ပြီး ကျွန်တော်သိချင်တာတွေ သေချာထပ်မေးရပါတယ်။ ဝမ်းချုပ်တာကို သေချာမေးကြည့်တော့ လူနာက ဝမ်းလုံးဝ မသွားတာ ၂ ရက်ကျော်နေပါပြီ။ လေတော့ လည်ပါတယ်။ ဗိုက်လည်းတင်းတင်းကြီးဖြစ်နေတယ်ဆိုတော့ Intestinal obstruction ကို အရင် exclude လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Colicky abdominal pain, vomiting , abdominal distension, absolute constipation ( ဒီလူနာက လေတော့လည်သေးတော့ absolute တော့ မဟုတ်သေး) ဒီ ၄ ချက်ရှိရင် intestinal obstruction ( အူပိတ်ခြင်း) ကို exclude လုပ်ပါဆိုပြီး ကျောင်းသားဘဝမှာ ကျက်ခဲ့ရတာကိုး။ အဲ့ဒ့ါနဲ့ လူနာကို plain X ray abdomen ( urgent) ရိုက်ခိုင်းပြီး အဖြေရတာနဲ့ Viber က ပို့ခိုင်းလိုက်ပါတယ်။ နောက် ၁ နာရီလောက်နေတော့ အဖြေရလာပါတယ်။ အဖြေက Partial intestinal obstruction ပါ။ အဲ့ဒါနဲ့ ခွဲစိတ်အထူးကူနဲ့ နေ့တွင်းချင်းပြပြီး ဆေးရုံတက်ခိုင်းလိုက်ပါတယ်။ နောက်တော့ ပြန်မေးကြည့်တော့ စမြင်းတုံးကြောင့် အူပိတ်တယ်လို့ ပြန်ကြားရပါတယ်။ ကင်ဆာမဟုတ်တာတော်သေးတာပေါ့ဗျာ။

နောက်လူနာကတော့ လူငယ်ပါ။ အသက် ၂၂ လောက်ပဲရှိပါဦးမယ်။ တိုင်းရင်းသားလေးပါ။ သူလည်း ဗိုက်တင်းတာ၊ ဗိုက်အောင့်တာပါ။ဝမ်းမသွားတာလည်း ၃ ရက်လောက်ရှိပြီတဲ့။ အောင့်တဲ့နေရာလည်း သေချာမပြောနိုင်ပါဘူး။ အဲ့ဒါနဲ့ စမ်းကြည့်တော့ abdominal distension လည်း ရှိပါတယ်။ tenderness, rebound tenderness တွေ မရှိပါဘူး။ Flank တွေ နည်းနည်း full ဖြစ်နေသလိုတော့ ရှိပါတယ်။ အဖျားလည်းရှိပါတယ်။အဲ့ဒါနဲ့ အရင်တစ်ခါလူနာလို အူပိတ်တာဖြစ်နေမှာစိုးလို့ Plain X ray abdomen ရိုက်ခိုင်းလိုက်ပါတယ်။ အဖြေရတော့ ကြည့်လိုက်တော့ ကျွန်တော်ထင်သလို intestinal obstruction မဟုတ်ပါဘူး။ ဗိုက်ထဲမှာ ရေဖျဉ်းတွေ့လို့ ultrasound ဆက်ရိုက်ဖို့ Radiologist က အကြံပြုထားပါတယ်။ အဲ့ဒါနဲ့ ultrasound ရိုက်တော့ TB abdomen with moderate ascites ဆိုပြီး အဖြေထွက်လာပါလေရော။ လူနာကို ရှင်းပြပြီး HIV စစ်ကြည့်တာတော့ non reactive ပါ။ အဲ့ဒါနဲ့ TB ကုသဖို့ မြို့နယ်ဆေးရုံကို လွှဲပေးလိုက်ပါတယ်။ခုတော့ အဆင်ပြေနေပါတယ်။

နောက်တစ်ယောက်ကတော့ အသက် ၂၀ ပတ်ဝန်းကျင်လူငယ်ပါ။ ညာဘက်နံရိုးအောက်နားက အောင့်နေတာ ၁ ပတ်ကျော်လောက်ရှိနေပါပြီ။ နည်းနည်းပျို့တယ်လို့ ပြောပါတယ်။ ဆ္းတွေဝမ်းတွေတော့ ကောင်းပါတယ်။ ကျွန်တော်
လည်း သေချာစမ်းကြည့်တော့ Right hypochondrium နေရာမှာ tenderness ရှိပါတယ်။ အဖျားလည်း နည်းနည်းရှိပါတယ်။ အဲ့ဒီတော့ Acute cholecystitis များလား( သည်းခြေအိတ်များရောင်
သလား)ပေါ့။ အဲ့ဒါနဲ့ ultrasound ရိုက်ခိုင်းလိုက်တော့ ထွက်လာတဲ့အဖြေက subacute appendicitis ပါတဲ့။ အူအတက်ရောင်တာပါတဲ့။ အူအတက်က အသည်းရဲ့အောက်နားမှာ လာကပ်နေတာပါတဲ့။ အဲ့ဒီတော့ သူ့နေရာဖြစ်တဲ့ ညာဘက်အောက်နားမှာ စမ်းတော့ ဘာလက္ခဏာမှ မတွေ့ရဘဲ အသည်းနေရာမှာ လာနာနေတာပေါ့။ အဲ့ဒါနဲ့ လူနာကို ကျွန်တော့်သူငယ်ချင်းခွဲစိတ်အထူးကုနဲ့ လွှဲပေးလိုက်ပါတယ်။ သူငယ်ချင်းပြန်ပြောတော့ အူအတက်က ပြည်တောင်တည်နေပြီတဲ့။ ခုတော့ ကောင်းနေပါပြီ။

နောက်တစ်ယောက်ကတော့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးပါ။ သူကလည်း ဖျားတယ်၊ ဗိုက်အောင့်တယ်ပေါ့။ ကျွန်တော့်ဆီ ဆေးခန်းပြဖို့ ဖုန်းဆက်ချိန်မှာ ကျွန်တော်က အိမ်ပြနိရောက်နေပါပြီ။အဲ့ဒါဆို ဘာဆေးသောက်ရမလဲ ညွှန်ပေးပါဆရာဆိုတော့ ကျွန်တော်လည်း ညွှန်ပေးလိုက်တယ်ပေါ့။ မသက်သာရင် လာပြဖို့မှာလိုက်တယ်ပေါ့။ နောက် ၃ ရက်လောက်နေတော့ လူနာက ဆေးခန်းကို ရောက်လာပါတယ်။ အောင့်တာမသက်သာပါဘူး။ အန်လည်းအန်နေပါတယ်။ အဖျားက ကျနေပါပြီ။ ဒါပေမယ့် ကြည့်ရတာ မှိန်းနေပါတယ်။ အဲ့ဒါနဲ့ မသင်္ကာလို့ Hess test ကောက်လုပ်လိုက်တော့ strongly positive ပါ။ ဗိုက်စမ်းတော့ အသည်းနည်းနည်းကြီးနေသလို၊ သွေးပေါင်ချိန်ကလည်း 80/60 လောက်ဖြစ်နေတာနဲ့ လူနာကို IV 0.9% NS တစ်လုံးချိတ်ပြီး ဆေးရုံအမြန်သွားခိုင်းလိုက်ပါတယ်။ အဲ့တုန်းက ကိုဗစ် ပထမလှိုင်းကာလထင်ပါတယ်။ ကိုဗစ်အထိအတွေ့ရှိရင် ဆရာဝန်ကို တန်းပြီး quarantine ဝင်ခိုင်း၊ဆေးခန်းပါ lockdown ချခံရတဲ့ ကာလပါ။ ဆေးရုံမှာ ကိုဗစ်စစ်လို့ လူနာမှာ ပိုးတွေ့ရင် ကျွန်တော့်ဆေးခန်းပိတ်ခံရမှာပါ။ ဘုရားတပြီး လွှဲလိုက်ရတာပါ။လူနာကောင်းသွားတာ တော်သေးတာပေါ့ဗျာ။

ကျွန်တော်ပြောချင်တာကတော့

၁။ Abdomen ကို magic box ( မျက်လှည့်သေတ္တာ သို့မဟုတ် မှော်သေတ္တာ) လို့ ဆေးပညာလောကမှာ တင်စားကြတာမမှားပါဘူး။ မျက်လှည့်သေတ္တာကို ပရိသတ်ကိုအပြင်က လှမ်းပြတယ်။ ဘာမှ မတွေ့ရဘူး။ မျက်လှည့်ဆရာက နှိုက်ပြလိုက်တော့မှ ခေါက်ဆွဲကြော်တွေ၊ အချိုရည်တွေ ထွက်လာတယ်ပေါ့။ အဲ့ဒီလိုပါပဲ။ ဝမ်းဗိုက်နဲ့ပက်သက်တဲ့၊ အတွင်းကလီစာနဲ့ ပက်သက်တဲ့ ရောဂါတွေဆို တစ်ခါတလေ လူနာကို မေးပြီး၊ စမ်းသပ်ပြီး ကိုယ်
ထင်တာက ရောဂါတစ်မျိုး၊ imaging မှာ တွေ့တာ တစ်မျိုး၊ လူနာကို ဗိုက်ဖွင့်တော့ ထွက်လာတာက တစ်မျိုးဖြစ်တတ်ပါတယ်။ သေချာစမ်းထားတဲ့ လူနာမှာတောင် အခန့်မသင့်ရင် ဒီလိုဖြစ်တတ်ပါသေးတယ်။အဲ့ဒါကြောင့် ကျွန်တော်တို့ဆရာဝန်တွေဘက်ကလည်း မပေါ့မဆ၊သေသေချာချာ ရောဂါရာဇဝင်မေးဖို့၊စမ်းသပ်ဖို့ အရေးကြီးပါတယ်။ တကယ်တမ်းပြောရရင် GP မှာ ကြုံရတဲ့ ဗိုက်အောင့်တာ အများစုက ရောဂါကြီးကြီးမားမားမဟုတ်တာများပါတယ်။ လေထိုးလေအောင့်၊ အစားမှားတာ ၊ အစာအိမ်ရောင်တာက အများဆုံးပါ။ မသကာ ဆီးကျောက်တည်တာ ဘာညာလည်း ရှိတာပေါ့။ ရောဂါကြီးကြီးမားမားတွေ ကြုံခဲပါတယ်။ သေချာမေးဖို့၊ သေချာစမ်းဖို့က ကိုယ့်တာဝန်ပါ။ ဒါကတော့ လေအောင့်တာနေမှာပါကွာ၊ဒါကတော့ သန်ထတာပါကွာဆိုပြီး လူနာကို သေချာမစမ်းဘဲ ကောက်ချက်ချမစောဖို့ သတိပေးလိုပါတယ်။ ဗိုက်အောင့်တဲ့ လူနာကို ဗိုက်မစမ်းဘဲ ကုနေတဲ့ ဆရာဝန်တွေ အပြင်မှာ တကယ်ရှိနေလို့ပါ။

၂။ ဗိုက်ထဲကရောဂါတွေကို ရောဂါရှာတဲ့အခါမှာ အချို့ရောဂါတွေက လူနာကို သေချာကြည့်မှ၊စမ်းသပ်မှ အဖြေထွက်ပါတယ်။ (ဥပမာ- လူနာကို ကျောက်တည်တယ်ထင်လို့ imaging အကုန်လုပ်၊ ကျောက်ကမတွေ့၊ အဲ့ဒါနဲ့ လူနာကို ခွင့်တောင်းပြီး exposure သေချာလုပ်မှ herpes zoster ဖြစ်နေတာမျိုး၊။) အချို့ရောဂါတွေက တစ်ထိုင်တည်းနဲ့ diagnosis မပြတ်တတ်ပါဘူး။ဓာတ်မှန်ရိုက်၊ ultrasound ရိုက်၊ သွေးစစ်၊ ဆီးစစ်စတဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ပြီးမှ ရောဂါသိတာလည်း ရှိပါတယ်။ အချို့ရောဂါတွေက ကိုယ့်ဆေးခန်းမှာ ကိစ္စမပြတ်လို့ ကိုယ့်ထက် facility စုံတဲ့နေရာကို လွှဲရတာမျိုးလည်း ရှိပါတယ်။ (ဥပမာ CT, MRI, Endoscopy, angiogram )။ စမ်းသပ်ပြီး သင့်တော်မှန်ကန်တဲ့ စမ်းသပ်စစ်ဆေးမှုတွေ ( scope ကြည့်သင့်တာကြည့်၊ ultrasound ရိုက်သင့်တာရိုက်၊ CT/ MRI လုပ်သင့်တာလုပ်) အချိန်မီလုပ်နိုင်မှ လူနာအတွက် ရလာဒ်ကောင်းမှာပါ။နိုင်ငံခြားမှာ ဆေးကုတာ အဲ့ဒီတစ်ခုတော့ ကောင်းပါတယ်။ သူတို့ဆီမှာ အထူးကုက တစ်ခုခု သံသယရှိရင် အဖြူအမည်း သဲကွဲတဲ့အထိ ရေဆုံးရေဖျားရှာကြတယ်။ ရှာနိုင်လောက်အောင်လည်း facilities ရှိတာကိုး။ မြန်မာပြည်မှာတော့ facilities ကလည်း အကန့်အသတ်ရှိ၊ လူနာရဲ့ ငွေရေးကြေးရေးကို ငဲ့ရတဲ့အပိုင်းလည်း များတော့ အချို့စစ်ဆေးမှုတွေကို လုပ်သင့်မှန်းသိပေမယ့် မလုပ်နိုင်တာ ၊ကိုယ့်ဦးနှောက်ကို ညှစ်ထုတ်ပြီး လူနာအတွက် အကုန်အကျအနည်းဆုံးဖြစ်အောင် စီစဉ်ပေးရတာ၊ တစ်ခါတလေ ဒီအဖြေမသိရင် ဘာမှဆက်လုပ်လို့မရတဲ့အခါမျိုးဆို ဆရာဝန်ဘက်ကပါ ကာလဒါနလုပ်ပြီး ကူညီလိုက်ရတာတွေရှိပါတယ်။

၃။ ဗိုက်အောင့်တာနဲ့ ပက်သက်ရင် ကျွန်တော်တို့အားလုံး အဓိက အခြေခံပြီးစဉ်းစားလေ့ရှိတာ Nine region ပါ။ ဥပမာ- Epigastrium မှာ နာရင် foregut derivatives တွေဖြစ်တဲ့ stomach, liver , gallbladder, duodenum , pancreas စတဲ့ organ တွေ အဓိကစဉ်းစားမယ်။ နောက်ထပ် မဖြစ်မနေသတိထားသင့်တဲ့ Not to miss မှာ Inferior Myocardial infarction ပါပါတယ်။ မကြာခဏလည်းတွေ့ရတတ်ပါတယ်။ ဗိုက်အောင့်တယ်ဆိုပြီး လာပြတယ်။။မသင်္ကာလို့ ECG ဆွဲလိုက်မှ နှလုံးသွေးကြောပိတ်တာဖြစ်နေတာမျိုးပေါ့။ သိပ်အတွေ့မများပေမယ့် လွတ်သွားရင် အန္တရာယ်ကြီးတဲ့ ရောဂါတစ်ခုက Dissecting aortic aneurysm ပါ။ တစ်ခါအသက် ၆၇ နှစ်အမျိုးသားလူနာတစ်ယောက် Epigastric pain နဲ့ လာပြတော့ ဗိုက်မှာ pulsatile mass တွေ့လို့ counselling လုပ်ပြီး CT ရိုက်လိုက်တော့ Abdominal aortic aneurysm ထွက်၊ size က 7 cm ကျော်နေတော့ surgery လုပ်လိုက်ပြီး ခုတော့ ကျန်းမာနေပါတယ်။ ( ဒီလူနာရဲ့ pain ကတော့ aneurysm ကြောင့်မဟုတ်ပါဘူး။ gastritis ကြောင့်ပါ။ ) ဒါကတော့ ပါမောက္ခဆရာမကြီးဒေါ်သန်းသန်းအေးရဲ့ Dissecting aneurysm အကြောင်း မျှဝေမှုတွေကို ဖတ်ခဲ့တဲ့ ကျေးဇူးကြောင့် အမြဲ awareness ထားဖြစ်နေလို့ သတိထားမိတာပါ။ နောက်တစ်ခု missed ဖြစ်လေ့ရှိတဲ့ organ က lymph nodes တွေပါ။ ဥပမာ- ကျွန်တော့် case တွေလို TB abdomen တွေပေါ့။ တစ်ခါတလေ osteoporotic fracture နဲ့ compressive neuropathy ရပြီး နာတာ၊ herpes zoster infection ကြောင့် နာတာတွေလည်းရှိပါသေးတယ်။ Reproductive age female ဆို ကျွန်တော်တို့ မိတ်ဆွေကြီး Ectopic Pregnancy နဲ့ အခြား pregnancy related causes တွေကိုလည်း မမေ့ကြဖို့ သတိပေးလိုပါတယ်။ဒါကတော့ ကျွန်တော့်ကြုံခဲ့ဖူးတဲ့ anecdotes တွေပါ။မိတ်ဆွေတို့ အကျိုးရှိမယ်ထင်လို့ မျှဝေလိုက်ပါတယ်။

၄။ ရှားပေမယ့် ခေါင်းထဲမှာ ရှိသင့်တဲ့ထဲမှာ medical causes of acute abdomen လည်း ပါပါတယ်။ ဥပမာ- DKA, Hypoadrenalism, Acute intermittent porphyria, lead poisoning စတာတွေပေါ့။ အနည်းဆုံး DKA နဲ့ Hypoadrenalism တော့ ခေါင်းထဲထည့်ထားဖို့ လိုမယ်ထင်ပါတယ်။
၅။ နောက်ဆုံးအနေနဲ့ မိုးရာသီမှာ ဗိုက်အောင့်ရင် ကျွန်တော်တို့ မိတ်ဆွေကြီး သွေးလွန်တုပ်ကွေးကိုလည်း မမေ့ကြဖို့ သတိပေးရင် နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျား။

ဆေးပညာနဲ့ ပက်သက်ပြီး သင်ဆရာ၊ မြင်စရာ၊ ကြားဆရာအားလုံးကို ဂါရဝပြုလျက်ပါ။
အားလုံးအဆင်ပြေကြပါစေ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

မကျက်သော အနာများမှတ်ချက်- ဆေးလောက လူနာများအတွက် experience sharing post ဖြစ်ပါသည်။ဒီတစ်ခေါက်လူနာက အသက် ၄၀ အမျိုးသမီးပါ။လ...
15/01/2026

မကျက်သော အနာများ

မှတ်ချက်- ဆေးလောက လူနာများအတွက် experience sharing post ဖြစ်ပါသည်။

ဒီတစ်ခေါက်လူနာက အသက် ၄၀ အမျိုးသမီးပါ။လက်ချောင်းထိပ်လေးတွေမှာ အနာလေးတွေဖြစ်လို့ လာပြတာပါ။အနာတွေက ပြည်တည်တာ ဘာညာတော့ မရှိဘူးပေါ့။ ဒါပေမယ့် အနာတွေက ၁၀ ရက်လောက်ရှိပြီ။ လုံးဝ မကျက်ဘူး။ မိသားစုဆရာဝန်နဲ့ ပြတော့ မိသားစုဆရာဝန်က Raynaud’s phenomenon မှန်း တန်းသိပြီး ကျွန်တော့်ဆီ လွှဲလိုက်ပါတယ်။ ကျွန်တော်သေချာကြည့်ကြည့်လိုက်တော့ လူနာရဲ့လက်က အေးစက်နေပါတယ်။ Unhealed digital ulcers တွေလည်းရှိပါတယ်။ မျက်နှာကိုကြည့်တော့ systemic sclerosis ( အရေပြားထူလေးဖက်နာ) မှန်း သိသာတဲ့ အသွင်အပြင်ပါ။ ဒီလူနာမှာဖြစ်နေတာ Secondary Raynaud’s phenomenon with underlying systemic sclerosis ဆိုတာ သေချာပါတယ်။ Digital ulcers တွေရှိနေပြီဆိုတော့ disease activity ကတော့ တက်နေတာပေါ့။ လွှဲပေးတဲ့ဆရာကို ကျေးဇူးတင်ရမှာပါ။ သူ့ကျေးဇူးကြောင့်သာ လူနာ လမ်းကြောင်းမှန်ပေါ် မြန်မြန်ရောက်တာပါ။ အဲ့ဒါနဲ့ လူနာကို ရောဂါအကြောင်းရှင်းပြပြီး Rheumatologist ( လေးဖက်နာအထူးကုသမားတော်)နဲ့ သေချာပြခိုင်းလိုက်ရပါတယ်။

အရင်တစ်ခါကလည်း ရေကိုင်ပြီးတော့ လက်ချောင်းတွေ အရောင်ပြောင်းသွားတဲ့ လူနာတစ်ယောက်အကြောင်း ကျွန်တော်ရေးဖူးပါတယ်။ အဲ့ဒီတုန်းကလည်း Family doctor က သတိထားမိလို့ ကျွန်တော့်ဆီလွှတ်ရာကနေ Diagnosis ရသွားတာပါ။ သူတို့ awareness ရှိလို့ လူနာကို ကယ်နိုင်တာဖြစ်ပါတယ်။ Family doctor တွေ အရည်အချင်းမြင့်တက်လာလေလေ လူနာတွေအတွက် အကျိုးရှိလေလေပါပဲ။ ကျွန်တော်စာတွေရေးတဲ့၊ မျှဝေမှုတွေလုပ်တဲ့ရည်ရွယ်ချက်ကလည်း အဲ့ဒါပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ကိုယ့်ထက် တော်တဲ့၊တတ်တဲ့၊ အတွေ့အကြုံများတဲ့ ဆရာတွေဆီက ပညာယူခဲ့တာဖြစ်ပါ။ ဒါကြောင့်ကျွန်တော့် colleagues တွေလည်း
awareness ပိုရအောင် ကျွန်တော်ကိုယ်တိုင်ဝမ်းစာမပြည့်သေးတဲ့ကြားက မျှဝေမှုတွေ လုပ်ပေးနေတာဖြစ်ပါတယ်။ သိလွန်းတတ်လွန်းလို့ မဟုတ်ပါဘူး။
ကျွန်တော့်မျှဝေမှုကြောင့် မိတ်ဆွေတွေ အကျိုးရှိမယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။
အောက်က လူမျက်နှာပုံကတော့ systemic sclerosis ရဲ့ typical face ပုံကို google ကနေ ယူထားတာပါ။ မိတ်ဆွေတို့အပြင်မှာတွေ့ရင် spot diagnosis တန်းရအောင်ပါ။ Secondary Raynaud’s နဲ့ Primary Raynaud’s ခွဲတဲ့ key points ကိုလည်း chat GPT က ယူပြထားပါတယ်။

ဆေးပညာနဲ့ ပက်သက်ပြီး သင်ဆရာ၊ မြင်စရာ၊ ကြားဆရာအားလုံးကို ဂါရဝပြုလျက်ပါ။
အားလုံးအဆင်ပြေကြပါစေ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP ( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

“ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါ။ ဖြစ်ခဲ့သည်ရှိသော်” မှတ်ချက်- ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။ဒီတစ်ခါ...
10/01/2026

“ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါ။ ဖြစ်ခဲ့သည်ရှိသော်”

မှတ်ချက်- ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။

ဒီတစ်ခါလူနာက အသက် ၃၄ နှစ်အရွယ် အမျိုးသားပါ။ ဖြစ်တာက တင်ပါးမှာ မှည့်လိုလို အမည်းရောင် အလုံးလေးတစ်လုံးပေါက်လာတာပါ။ ဖြစ်တာက ၂ ပတ်၊၃ပတ်လောက် ရှိပြီလို့ ပြောပါတယ်။ ထိမိရင် သွေးပါထွက်လို့ လာပြတာပါ။
ပထမဆုံးလာပြတာက ညနေပိုင်းထိုင်တဲ့ ကျွန်တော့်ညီမလေးကို ပြတာပါ။ ညီမလေးက အလုံးကိုကြည့်ပြီး ခွဲစိတ်လို့ရမရ ကြည့်ဖို့၊ ရရင် ခွဲဖို့ ကျွန်တော့်ဆီ လွှဲလိုက်ပါတယ်။ (ကျွန်တော်တို့ မောင်နှမမှာ ညီမလေးက ကျွန်တော့်ထက် ဆေးပညာပိုတော်ပါတယ်။ ဖြန့်ကျက်တွေးတာ ပိုကောင်း၊ အတွေ့အကြုံပိုများသလို Physician လည်း ပိုဆန်ပါတယ်။ medical emergency လည်း ပိုနိုင်နင်းပါတယ်။ ကျွန်တော်တစ်ခုခု မသိရင် သူ့ကို ပြန်မေးရ၊ ဆရာတင်ရပါတယ်။ ကျွန်တော်ကတော့ GP ပိုဆန်ပါတယ်။ အသေးစားခွဲစိတ်မှုဆိုရင် ကျွန်တော်ပဲ လုပ်ရလေ့ရှိပါတယ်။)
ကျွန်တော်သေချာကြည့်လိုက်တော့ အနာလေးက ခွဲချင်စရာလေးပါ။ ထုံဆေးပေးပြီး Excision လုပ်လိုက်ရင် ကောင်းမလားပေါ့။ ဒါပေမယ့် မလုပ်ခင်မှာ ကျွန်တော့်ခေါင်းထဲမှာ သံသယတစ်ခုဝင်လာပါတယ်။
“ Hyperpigmented lesion that bleeds on touch “ ဆိုတော့ malignant skin lesion တစ်ခုခုဖြစ်နေမလား။
ဥပမာ- melanoma ( မှဲ့ကင်ဆာ)

တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ လူနာမကြည့်ခင် ၂ ရက်လောက်အလိုမှာ ကျွန်တော့်ဆရာ ခွဲစိတ်ဆရာဝန်ဒေါက်တာအောင်သာဦး သင်ခဲ့တဲ့ အသေးစားခွဲစိတ်မှုဆိုင်ရာသင်ခန်းစာတစ်ခုကို ကျွန်တော်နားထောင်ခဲ့ရပါတယ်။အဲ့ဒီမှာဆရာက နိုင်ငံခြားမှာ တကယ်ဖြစ်ခဲ့တဲ့ case report တစ်ခုအကြောင်း ပြောပြခဲ့တာပါ။အဲ့ဒီဖြစ်စဉ်မှာ လူနာတစ်ယောက်က ဘယ်
ဘက် ညှပ်ရိုးပေါ်မှာ အကျိတ်ထွက်လို့ ဆေးရုံလာပြတာပါ။( Left supra clavicular lymph node enlargement) ။ အကျိတ်ကို အသားစ စစ်ဆေးတော့ မှဲ့ကင်ဆာ ( melanoma) ဆိုပြီး အဖြေထွက်ပါတယ်။ မှဲ့ကင်ဆာက အကျိတ်ကိုပါ ပျံ့နေပြီဆိုတော့ အခြေအနေမကောင်းဘူးပေါ့။ အဲ့ဒါနဲ့ လူနာမှာ ဆရာဝန်တွေ primary cancer (ကင်ဆာပထမဆုံးစဖြစ်တဲ့ မှည့်နေရာ) ရှာကြတာ လုံးဝမတွေ့ရပါဘူး။ နောက်ဆုံး လူနာကို သေချာ ရာဇဝင်လှန်တော့မှ လူနာက လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်က GP ဆေးခန်းမှာ မှဲ့ ဖြတ်ခဲ့ဖူးတာပေါ်လာပါတယ်။အဲ့ဒီတုန်းက မှဲ့ကို အသားစ ပို့ပြီး စစ်ဆေးခဲ့လားဆိုတာ စုံစမ်းတော့ မလုပ်ခဲ့ကြောင်း ပေါ်လာပါတယ်။ နောက်ဆုံး လူနာက အဲ့ဒီဆေးခန်းကို တရားစွဲလို့ အဲ့ဒီဆေးခန်း လျော်ရတဲ့အကြောင်းပါ။ အရေပြားက အဖုအကျိတ်တွေကို ခွဲစိတ်ပြီးရင် အသားစပို့ဖို့ အရေးကြီးကြောင်း၊ အထူးသဖြင့် မိမိအနေနဲ့ Diagnosis မသေချာရင် biopsy ပို့ဖို့ လေးလေးနက်နက် စဉ်းစားသင့်ကြောင်း သတိပေးချင်တာပါ။
(အဲ့ဒီတုန်းက ကျွန်တော်က ဆရာအောင်သာဦးရဲ့ Minor surgery course ကို တက်နေတာပါ။ ဆရာ့ course အကုန်လုံး မလွတ်တမ်း တက်ခဲ့ပါတယ်။ Highly recommended ပါ။ Minor surgery ကို စိတ်ဝင်စားတဲ့ GP တိုင်း join သင့်ပါတယ်။ ဒါက စကားချပ်ပါ)

အဲ့ဒါနဲ့ ကျွန်တော်လည်း အနာကို မခွဲတော့ဘဲ ခွဲစိတ်ဆရာဝန်ကို လွှဲပေးလိုက်ပါတယ်။ လွှဲစာမှာလည်း ( can’t exclude melanoma) ဆိုပြီး သေချာရေးပေးလိုက်ပါတယ်။ လူနာကိုလည်း ကျွန်တော်စိတ်ပူတာကို သေချာရှင်းပြပြီး ခွဲစိတ်ဆရာဝန်နဲ့ သေချာပြခိုင်းလိုက်ပါတယ်။ခွဲစိတ်ဆရာဝန်ကလဲ သေချာခွဲစိတ်ပြီး အသားစပါ ဓာတ်ခွဲခန်းပို့ စစ်ဆေးပေးပါတယ်။ အသားစအဖြေက မထင်မှတ်ထားတာပါ။ Basal cell carcinoma ( BCC)ဆိုပြီး ထွက်လာပါတယ်။ အမှန် BCC က ကျွန်တော်တို့ သိသလောက်က မျက်နှာမှာ ဖြစ်တာပါ။ Rodent ulcer ဆိုပြီး ကျောင်းသားဘဝက သင်ခဲ့ရပါတယ်။ နေရောင်ခြည်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်ဖြစ်တာပါ။ နေမထိ လေမထိ တင်ပါးမှာ ဘယ်လိုသွားဖြစ်လဲ စဉ်းစားလို့မရပါဘူး။ အခုတော့ လူနာလည်း သက်ဆိုင်ရာအထူးကုတွေနဲ့ ကုသမှုခံနေပါပြီ။

ဒီဖြစ်စဉ်မှာ

၁။ ကျွန်တော့်ကို minor surgery နဲ့ ပက်သက်ပြီး သင်ပေးခဲ့တဲ့ ဆရာအောင်သာဦးကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ဆရာသင်ထားလို့သာ လက်ရဲဇက်ရဲနဲ့ တွယ်မထည့်လိုက်ပဲ အသက်တစ်ချောင်းကို ကယ်လိုက်
နိုင်တာပါ။ နို့မို့သာဆို လူနာ ဒုင္ခရောက်မှာ အမှန်ပါပဲ။

၂။ ခွဲစိတ်ဆရာဝန်တွေဟာ operation တစ်ခုလုပ်ပြီးတိုင်း specimen တွေကို biopsy ပို့လေ့ရှိပါတယ်။ ဒါဟာ diagnosis အတွက်သာ အရေးကြီးတာမဟုတ်ဘဲ၊ medico-legal importance ပါ ရှိတယ်ဆိုတာ ကျွန်တော် အထက်မှာ ဖော်ပြခဲ့တဲ့ ဖြစ်ရပ်က သက်သေပါပဲ။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ပါဘူး။ ဖြစ်
ရင်တော့ ဆရာဝန်ဘဝပါထိခိုက်နိုင်၊ အမည်းစက်တစ်ခုဖြစ်သွားနိုင်ကြောင်း သတိပေးလိုပါတယ်။

၃။ ဒါဆို GP မှာ လာသမျှ minor surgery case တွေ အကုန် biopsy ပို့ရမှာလား။

အဲ့ဒီလိုလုပ်ဖို့ကလည်း မြန်မာနိုင်ငံအနေအထားနဲ့ ၊ လူနာတွေရဲ့ ငွေကြေးတတ်နိုင်မှုအနေအထားနဲ့ဆို ခက်ပါတယ်။ Diagnosis လွဲစရာမရှိတဲ့ ရောဂါမျိုး (ဥပမာ-sebaceous cyst မှန်း သေချာတယ်။ punctum ကြီး မြင်နေရတဲ့ case ) ဆိုရင်တော့ biopsy မလုပ်လဲ ရပါတယ်။ အဓိက ပြောချင်တာက Diagnosis မသေချာရင်၊ malignancy exclude မလုပ်နိုင်ရင် အလောတကြီးမခွဲဘဲ Surgeon ပြ၊ expert opinion ယူဖို့ ဆိုလိုချင်တာပါ။

အားလုံးအဆင်ပြေကြပါစေဗျာ။

အပန်းမကြီးရင် အသေးစားခွဲစိတ်မှုနဲ့ ပက်သက်လို့ မိတ်ဆွေတို့ရဲ့ အတွေ့အကြုံလေးတွေ comment မှာ မျှဝေပေးကြပါဦးခင်ဗျ။ ကျွန်တော်လည်း ပညာပြန်ယူချင်လို့ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊(၈) ရပ်ကွက်၊ လှိုင်မြို့နယ်

31/12/2025

၂၀၂၆ ခုနှစ် နှစ်သစ်အခါသမယမှာ မိတ်ဆွေများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။🙏🙏🙏

26/12/2025

“တစ်သက်လုံးသောက်လာတဲ့ဆေး ခုမှ “

မှတ်ချက်- ဆေးပညာလောကသားများအတွက် Experience sharing post ဖြစ်ပါသည်။

မှတ်ချက်-ဆေးပညာ​ေလူနာက အသက် ၇၀၊အမျိုးသမီးပါ။ ကျွန်တော်နဲ့မိသားစုလိုခင်နေတာပါ။ လူနာက ဆီးချို၊သွေးတိုးအခံရှိနေပါတယ်။ ကျွန်တော်နဲ့ တောက်လျှောက်ကုနေတာ ၅ နှစ်လောက်ရှိနေပြီဖြစ်သလို COVID တုန်းကလည်း အသက်ကယ်ခဲ့တာကြောင့် မိသားစုလို ဖြစ်နေတာပါ။ သွေးတိုးဆီးချိုလည်း control ရပါတယ်။ ဒီတစ်ခါလူနာက ဝမ်းလျှောပြီးလာပြတာပါ။ သေချာမေးကြည့်တော့ လူနာက ဝမ်းအရည်သွားတာပါ။တစ်ခါတလေချွဲတွေပါတယ်။ သွေးတော့မပါဘူး။ တစ်နေ့ ၇၊၈ ခါသွားတယ်လို့ ပြောပါတယ်။ ထူးထူးခြားခြားအစားမှားတာလည်း မရှိပါဘူး။ အဲ့ဒါနဲ့ ကျွန်တော်လည်း ရိုးရိုးဝမ်းလျှောတာလို့ပဲ ယူဆပြီး ပိုးသတ်ဆေးပေး၊ ဝေဒနာသက်သာစေမယ့်ဆေးတွေပေးပြီး မသက်သာရင်ပြန်ပြဖို့ မှာလိုက်ပါတယ်။ ဒါပေမယ့် လူနာက မသက်သာပါဘူး။ ကျွန်တော့်ဆေးသောက်ပေမယ့် ဝမ်းက မရပ်ပါဘူး။ ကျွန်တော်မရှိတဲ့အချိန် ညနေပိုင်းကျွန်တော့်ညီမဆရာမနဲ့ပြလည်း မသက်သာဘူးဖြစ်နေပါတယ်။ လူနာက ရေဓာတ်လျော့နည်းတဲ့လက္ခဏာဖြစ်ပြီး နှလုံးခုန်နှုန်း ၁၁၀ ပတ်ချာလည်ဖြစ်နေပါတယ်။ညီမလေးက dehydration သေချာ correct လုပ်ပေးတော့ ထူထူထောင်ထောင်ဖြစ်လာပေမယ့် ဝမ်းကတော့ မောင်နှမနှစ်ယောက် ပိုးသတ်ဆေးနှစ်ကျော့ပေးပြီးတာတောင့် မရပ်ပါဘူး။ ရိုးရိုးဝမ်းကိုက်တာသာဆိုရင် ပျောက်နေလောက်ပါပြီ။ဒါနဲ့ နောက်ဆုံး မောင်နှမနှစ်ယောက် တိုင်ပင်ပြီး သွေးတွေစစ်ပါတယ်။ သွေးအဖြေတွေက
Creatinine က 153.7
Urea နဲ့ BUN နည်းနည်းတက်၊ bicarbonate နည်းနည်းကျနေပါတယ်။ creatinine နဲ့ urea တက်တာကတော့ ဝမ်းသွားထားလို့ ရေဓာတ်လျော့နည်းမှုကြောင့်ဖြစ်နိုင်ပါတယ်။ bicarbonate ကျတာတော့ သတိထားဖို့လိုပါတယ်။ လူနာကို ပေးထားတဲ့ဆေးတွေမှာ dapagliflozin 5mg နဲ့ metformin 1000mg ပါနေတော့ သွေးထဲမှာ အက်
ဆစ်ဓာတ် ရှိသင့်တာထက်လွန်ကဲမှု (metabolic acidosis )ရမှာကြောက်လို့ပါ။ creatinine ကလည်း နည်းနည်းတက်နေတော့ metformin ကြောင့် lactic acidosis ဝင်သွားနိုင်သလို၊ Dapagliflozin ကြောင့် Euglycemic DKA ရမှာလည်း ကြောက်ရပါတယ်။ နောက်ပြီး ပိုးသတ်ဆေး နှစ်ကျော့သောက်ပြီးတာ၊ symptomatic treatment တွေ သေချာပေးထားတာတောင် ၁၀ ရက်နီးပါးလောက် ဝမ်းမရပ်တာဟာ စဉ်းစားစရာပါပဲ။ ဒီလူနာရဲ့ persistent diarrhoea ဟာ infection ကြောင့် မဟုတ်ဘူးလို့ပဲ သုံးသပ်ရမှာပါ။ နောက်ပြီး အဲ့ဒီအချိန် ခေါင်းထဲဝင်လာတာ တစ်ခုက ပါမောက္ခဆရာမကြီးဒေါ်သန်းသန်းအေး တစ်ခါမျှဝေဖူးတဲ့ metformin intolerance ( metformin ဆေးဒဏ်မခံနိုင်
ခြင်း)အကြောင်းပါ။ ဝမ်းအကြာကြီးလျှောနေတဲ့လူနာ မျိုးစုံရောဂါရှာပြီး အဖြေမတွေ့တာ နောက်ဆုံး metformin ရပ်လိုက်မှကောင်းသွားတဲ့အကြောင်းပါ။ အဲ့ဒီဖြစ်စဉ်မှာ ထူးခြားနေတာက လူနာက ဆီးချိုအတွက် metformin ကို နှစ်ရှည်လများသောက်နေသူပါ။ မနေ့တနေ့ကမှ စသောက်တာမဟုတ်ပါဘူး။နှစ်ပေါင်းများစွာကြာမှ metformin intolerance ထရတာပါ။အဲ့ဒါကြောင့် ဆရာဝန်ကြီးတွေပါ မျက်စိလည်ကုန်တာ​
ပေါ့။ဒီလူနာလည်း metformin သောက်နေတာ ဆယ်စုနှစ် တစ်စုလောက်တောင် ရှိပါတော့မယ်။ဘာပြဿနာမှ ကြီးကြီးမားမားမဖြစ်ဖူးခဲ့ပါဘူး။အခုမှ acute diarrhoea ကြောင့် dehydration ရ။ renal blood flow ကျတော့ temporary renal impairment ရ။ renal excretion of metformin ပါ ကျသွားပြီး ၊ metformin တွေ ကိုယ်ထဲမှာ accumulation ဖြစ်လို့ GI side effect တွေ ပေါ်လာတာဖြစ်နိုင်ပါတယ်။( အပြင်လူနားလည်အောင်ပြောရရင် metformin ကို ကျောက်ကပ်ကနေ အပြင်ကို စွန့်ပစ်ရပါတယ်။ ဝမ်းလျှောချိန်မှာ ကျောက်ကပ်ယာယီအားနည်းသွားလို့ metformin ကို မစွန့်နိုင်တော့ဘဲ ခန္ဓာကိုယ်ထဲမှာ metformin ဓာတ်တွေ လွန်ကဲပြီး လူနာဆေးဒဏ်ခံရတာပါ။) ကြာရင် lactic acidosis ပါ ဖြစ်လာနိုင်ပါတယ်။ dehydration ရှိနေချိန်ဖြစ်လို့ dapagliflozin ပါ ခဏရပ်လိုက်တာ ပိုအန္တရာယ်ကင်းပါလိမ့်မယ်။အဲ့ဒါ နဲ့ လူနာသောက်နေတဲ့ dapagliflozinရော၊ metformin ပါ ခဏရပ်ပြီး linagliptin နဲ့ gliclazide MRပြောင်းပေးလိုက်ပါတယ်။ ပိုးသတ်ဆေးတွေ အကုန်ရပ်ပြီး ဓာတ်ဆားရည်နဲ့ symptomatic ပဲပေးပြီး နှစ်ရက်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နှစ်ရက်နေတော့ လူနာပြန်လာပြပါတယ်။ metformin ရပ်လိုက်တဲ့နေ့ ကစပြီး ဝမ်းလုံးဝပြန်ကောင်းသွားပါပြီတဲ့။
အဲ့ဒါနဲ့ ကျွန်တော်လည်း linagliptin နဲ့ gliclazide MR ပဲ ဆက်ပေးထားလိုက်ပြီး ၄ရက်လောက်နေတော့ Urea and electrolytes, serum creatinine တွေ ပြန်စစ်ပါတယ်။ အဖြေတွေပြန်ကြည့်တော့ တော်တော်ကောင်းနေပါပြီ။ creatinine လည်း ပိုကောင်းလာ၊ eGFR လည်း တက်လာ၊ bicarbonate လည်း ပြန်ကောင်းလာပါတယ်။ အဲ့ဒါနဲ့ လူနာကို gliclzide MR ဖြုတ်၊ metformin ပြန်စကြည့်တော့ ဝမ်းပြန်လျှောပါလေရော။ အဲ့ဒါနဲ့ ခုထိ metformin ပြန်စလို့ မရတော့ဘဲ ခုထိ linagliptin နဲ့ gliclazide MR ပဲ ဆက်ပေးထားရပါတယ်။
ဒုတိယလူနာကလည်း ဆီးချိုလူနာပါ။ metformin သောက်နေတဲ့လူနာပါပဲ။ metformin သောက်နေတာလည်း ကြာလှပါပြီ။ သွေးလေးဖက်နာပါရှိလို့ methotrexate လည်း ပေးထားတဲ့ လူနာပါ။ တောက်လျှောက်ကောင်းနေရာကနေ ၂ရက်၊ ၃ရက်လောက် ဆက်တိုက် ဘာစားစားအန်နေလို့ လာပြတာပါ။methotrexate ပေးထားတဲ့ လူနာဆိုတော့ အသည်းပဲရောင်နေသလား ( methotrexate induced hepatotoxicity လား)။ ဒါမှမဟုတ် ဆီးချိုသမားဆိုတော့ ကျောက်ကပ်အားနည်းတာကြောင့်ပဲလား ( Uremia ကြောင့်လား။) ပေါ့။ Local causes ( ဥပမာ- အစာအိမ်ရောင်တာ) လည်း ဖြစ်နိုင်သေးတာပေါ့။ အဲ့ဒါနဲ့ လူနာကို သွေးစစ်တော့ Liver function test က အကုန်ကောင်းပြီး၊ creatinine က 2.3 mg/dl လောက်ဖြစ်နေတာတွေ့ရပါတယ်။ လူနာကျောက်ကပ်ထိထားတာပါ။ ခါတိုင်း ကျောက်ကပ်စစ်ရင် အဖြေကောင်းနေကျလူနာ ခုမှ ရုတ်တရက်ကျောက်ကပ်အားနည်းသွားတာပါ။creatinine အဲ့လောက်ဆို metformin ရပ်ရမယ်ဆိုပြီး ရပ်လိုက်တော့ အအန်ပျောက်ဆေးကောင်းကောင်းတွေ နှစ်ရက်လောက်ပေးထားတာကို လုံးဝမသက်သာတဲ့လူနာ ချက်ချင်းကို အအန်ပျောက်သွားပါလေရော။ အဲ့ဒါနဲ့လူနာကို ချော့မော့မေးကြည့်တော့မှ ဒူးနာလို့ စပ်ဆေးတွေ ကိုယ့်ဘာသာသောက်နေတာ ပေါ်လာပါတယ်။ အမှန်က NSAID ကြောင့် Acute kidney injury ရပြီး metformin intolerance ဖြစ်သွားတာပါ။ ( အကိုက်အခဲကြောင့် ကျောက်ကပ်ထိလို့ metformin ကို ကျောက်ကပ်က မစွန့်နိုင်ဘဲ ဆေးဒဏ်ခံရတာပေါ့။) ကျောက်ကပ် လည်း နောက်ပိုင်းပြန်ကောင်းသွားပါတယ်။

နောက်တစ်ယောက်ကတော့ အသက် ၄၅ နှစ်အမျိုးသမီးပါ။ သူလည်း ဆီးချ်ုဆေးတွေ သောက်နေသူပါပဲ။ နှစ်နှစ်လောက်ကြာမှ အစာမကြေ၊ ရင်ပြည့်ရင်ကယ် တောက်လျှောက်ဖြစ်။ အစာအိမ်ဆေးတွေ ဘယ်လိုပေးပေး မသက်သာတာနဲ့ နောက်ပိုင်း metformin ဖြုတ်မှ ကောင်းသွားတာပါ။

ဒီ case တွေမှာ ကျွန်တော် မျှဝေချင်တာက
၁။ metformin ဟာ အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ဝမ်းလျှော၊ ပျို့အန်ခြင်း စတဲ့ အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ လူတိုင်းတော့ မဖြစ်ပါဘူး။ metformin တစ်သက်လုံးသောက်ပြီး ဘာပြဿနာမှ မတက်တဲ့သူတွေ တပုံကြီးပါ။ လူနည်းစုမှာတော့ အထက်မှာဖော်ပြခဲ့တဲ့ ဆိုးကျိုးတွေဖြစ်တတ်ပါတယ်။ အဲ့ဒီလိုတွေဖြစ်မှာစိုးလို့ ဆရာဝန်တွေက metformin
ကို အစာနဲ့ကပ်ပြီး သောက်ခိုင်းလေ့ရှိပါတယ်။ သောက်ပြီးတာနဲ့ တန်းစားစား၊ စားနေရင်းတန်းလန်းနဲ့ ပဲ သောက်
သောက်၊ စားပြီးပြီးချင်းပဲ သောက်
သောက် ရပါတယ်။ ဒါပေမယ့် အချို့ ဘယ်လိုမှ ဆေးရဲ့ဆိုးကျိုးကို မခံနိုင်လို့ metformin ရပ်လိုက်ရသူတွေ ရှိပါတယ်။ အဲ့ဒါကို metformin intolerance လို့ ခေါ်ပါတယ်။

၂။ metformin က နှစ်မျိုးရှိပါတယ်။ Immediate release ( ဆေးအရှိန်အတက်အကျမြန်တဲ့ အမျိုးအစား)နဲ့ sustained release( ဆေးအရှိန်
တဖြည်းဖြည်းနဲ့ ပြေပြေလေးတက်တဲ့ အမျိုးအစား)ပါ။ ဆေးနာမည်ကြည့်လို့ SR သို့မဟုတ် MR ပါရင် sustained release ပါ။ SR/MR မပါရင် immediate release ပေါ့။ metformin intolerance က immediate release တွေမှာ ပိုအတွေ့များပါတယ်။ sustained release တွေမှာ အတွေ့နည်းပါတယ်။ အဲ့ဒါကြောင့် immediate release ပေးလို့ metformin intolerance ရတဲ့လူနာကို sustained release ပြောင်းပေးကြည့်လို့ရပါတယ်။ အဆင်ပြေတတ်ပါတယ်။ sustained release နဲ့ပါ အဆင်မပြေတဲ့သူတွေလည်းရှိပါတယ်။ အဲ့ဒီလူနာတွေကတော့ metformin အစား အခြားဆေးပြောင်းမှကို ရမှာပါ။

၃။ metformin intolerance ဟာ အများအားဖြင့် ကုသမှုအစပိုင်းမှာ ဖြစ်တာများပါတယ်။ တစ်နည်းအားဖြင့် Early onset intolerance က အတွေ့များပါတယ်။ ဆရာဝန်တွေ အဖြေတွေ့ဖို့ မခက်ပါဘူး။ သောက်တာကြာမှ ဖြစ်တဲ့ late onset intolerance က အတွေ့နည်းပါတယ်။ ဆရာဝန်တွေ မျက်စိလည်တတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အစ်မ Professor ဒေါ်သန်းသန်းအေးရဲ့ experience sharing တွေ ဖတ်ထား၊ မှတ်မိထားလို့သာ အဖြေတွေ့တာပါ။ ကိုယ့်အရည်အချင်းနဲ့သာဆို ရွာလည်နေမှာပါပဲ။ အစ်မရဲ့ ပညာဂုဏ်ကို ဒီစာစုနဲ့ ဦးညွှတ်လိုက်ပါတယ်ခင်ဗျား။

၄။ Late onset metformin intolerance ဘာကြောင့်ဖြစ်တာလဲ။ တစ်သက်လုံး metformin သောက်လာတာ ဘာမှမဖြစ်ဘူး။ ခုမှ ဘာထဖြစ်တာလဲ။
အတွေ့များတာက Impaired renal excretion due to renal impairment ပါ။ အကြောင်းတစ်ခုခုကြောင့် ပုံမှန်ထက် ကျောက်ကပ်အားနည်းသွားတဲ့ အချိိန်မှာ ( ဥပမာ- Dehydration and reduced renal blood flow, nephrotoxic medications, contrast induced nephropathy) ကျောက်ကပ်က metformin ကို ပုံမှန်အတိုင်း မစွန့်ပစ်နိုင်တော့လို့ ခန္ဓာကိုယ်မှာ metformin တွေ ရှိသင့်တာထက်စုမိလာလို့ ဖြစ်တာများပါတယ်။(မှတ်ချက်- metformin ကြောင့် ကျောက်ကပ်ထိတာ မဟုတ်ပါဘူး။ metformin က ကျောက်ကပ်ထိစေတဲ့ အန္တရာယ်မရှိဘူးဆိုတာ ထပ်ပြောပါရစေ။)
အဲ့ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောနေတဲ့လူနာတွေ၊ dehydration ဖြစ်နေတဲ့ လူနာတွေမှာ ၊ intercurrent illness ရှိနေချိန်တွေမှာ metformin ကို ဆက်ပေးလို့ရလား၊ ခဏရပ်မလား၊ ဆေးလျှော့မလားဆိုတာ ထည့်စဉ်းစားသင့်ပါတယ်။ ဒီကိစ္စကတော့ case by case စဉ်းစားရမယ့် ကိစ္စပါ။ ဥပမာ- ခုမှ ဝမ်းအရည်သွားတာ နှစ်ခါဘဲ ရှိသေးသူ၊ dehydration မဆိုးသေးသူဆို metformin ရပ်ဖို့ လိုချင်မှလိုမှာပေါ့။ ဝမ်းဒလဟောသွား၊ တရစပ်အန်နေသူဆို တစ်မျိုးစဉ်းစားရမှာပေါ့။

၅။ Late onset Metformin intolerance ရစေနိုင်တဲ့ အခြားအကြောင်းတွေမှာ ဆရာဝန်က ဆေးကို အချိန်အဆတိုးလိုက်တာ၊ sustained release ကနေ immediate release ပြောင်းတာတွေလည်း ပါပါတယ်။ ဒီအတိုင်း အသက်ကြီးလာလို့​ အရင်လောက်ဆေးဒဏ်မခံနိုင်တော့တာလည်း ဖြစ်တတ်ပါတယ်။ ( Age related change in tolerance)

သင်ဆရာ၊ မြင်ဆရာ၊ကြားဆရာအားလုံးကို ဂါရဝပြုလျက်ပါ။

အားလုံးအဆင်ပြေကြပါစေဗျာ။

အပန်းမကြီးရင် metformin နဲ့ ပက်သက်လို့ မိတ်ဆွေတို့ရဲ့ အတွေ့အကြုံလေးတွေ comment မှာ မျှဝေပေးကြပါဦးခင်ဗျ။ ကျွန်တော်လည်း ပညာပြန်ယူချင်လို့ပါ။

ဒေါက်တာစိုးထက်အောင်
M.B.,B.S( Ygn)
MRCP( UK)

ဆုလာဘ်ဆေးခန်း အမှတ်(၁)
အမှတ် ၁၀၅၊ မြိတ်လမ်း၊၁၉ ရပ်ကွက်၊ တောင်ဒဂုံ

ဆုလာဘ်ဆေးခန်း အမှတ်(၂)
အမှတ် ၇၉၊ မယ်ဇီကုန်းလမ်း၊ (၈) ရပ်ကွက်၊ လှိုင်မြို့နယ်

Address

အမှတ်(၁၀၅) မြိတ်လမ်း၊ (၁၉)ရပ်ကွက်၊တောင်ဒဂုံမြို့နယ်၊ရန်ကုန်မြို့။
Yangon

Opening Hours

Monday 09:00 - 12:00
Tuesday 09:00 - 12:00
16:00 - 20:30
Wednesday 09:00 - 12:00
16:00 - 20:30
Thursday 09:00 - 12:00
16:00 - 20:30
Friday 09:00 - 12:00
16:00 - 20:30
Saturday 09:00 - 12:00
16:00 - 20:30
Sunday 09:00 - 12:00
16:00 - 20:30

Telephone

+959974770049

Website

Alerts

Be the first to know and let us send you an email when ဆုလာဘ် အထွေထွေရောဂါကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share