Royal Online Clinic and Home Care Service

Royal Online Clinic and Home Care Service Better Health, Better Life

31/12/2021

Happy New Year!

04/12/2021
"ကုသိုလ်ဖြစ် အခမဲ့ ကျန်းမာရေး ဆွေးနွေးခြင်း"ယခုကဲ့သို့ခေတ်ကာလအ​ခြေအနေများကြောင့် ဆေးရုံ၊ဆေးရုံသွားလာရန်အခက်ခဲရှိနေကြသူမျ...
29/09/2021

"ကုသိုလ်ဖြစ် အခမဲ့ ကျန်းမာရေး ဆွေးနွေးခြင်း"

ယခုကဲ့သို့ခေတ်ကာလအ​ခြေအနေများကြောင့် ဆေးရုံ၊ဆေးရုံသွားလာရန်အခက်ခဲရှိနေကြသူများ၊ အရေးပေါ်အကြံဉာဏ်များတောင်းခံလိုသော လူနာရှင်များအတွက် ရည်ရွယ်ပါသည်။

ညဘက်အရေးပေါ်ကျန်းမာ​ ရေးအ​ခြေနေကြုံခဲ့ရသော် ကျွမ်းကျင်ဆရာဝန်ထံမှ အချိန်နှင့်တပြေးညီ လူနာ၏အခြေနေအား Online သို့မဟုတ် ဖုန်းဖြင့် ချက်ခြင်းဖြေကြားလမ်းညွှန်ပေးသွားပါမည်ရှင့်

လူ​ကြီးမင်းတို့၏ ကျန်းမာရေးအားရှေးရှု၍ ကျွမ်းကျင်ဆရာဝန်များမှ မေတ္တာဖြင့် အခမဲ့ အကြံပေး​ဖြေကြားသွားပေးမှာပဲ​ဖြစ်ပါတယ်ရှင့်

ကျန်းမာရေးနှင့်ပတ်သတ်သော Health Note များနှင့် အကြံပြုချက်လေးများကိုလည်း ဗဟုသုတအနေဖြင့် Sharing တွေလဲလုပ်ပေးသွားပါမည်ရှင့်

#ကျန်းမာ​​ရေးဆိုင်ရာ သိလိုရာမေး



အမေးများသော ကိုဗစ်ကာကွယ်ဆေးအကြောင်း (Sinovac & Sinopharm)Facia Myanmar Facebook Fan များအမေးများသောကြောင့် ကိုဗစ်ကာကွယ်ဆ...
10/09/2021

အမေးများသော ကိုဗစ်ကာကွယ်ဆေးအကြောင်း (Sinovac & Sinopharm)

Facia Myanmar Facebook Fan များအမေးများသောကြောင့် ကိုဗစ်ကာကွယ်ဆေးများအကြောင်းကို ကျန်းမာရေးဗဟုသုတ ရရှိစေရန်ရည်ရွယ်ပြီး တင်ဆက်ပေးခြင်းဖြစ်ပါတယ်။

မည်သည့်နိုင်ငံမှထုတ်လုပ်သည့် ကာကွယ်ဆေး၊ မည်သည့်ကုမ္ပဏီ၊ မည်သည့်အဖွဲ့အစည်း နှင့် ဆေးဝါးများကို Marketing သဘောအနေဖြင့် ရည်ရွယ်တင်ဆက်ခြင်းမဟုတ်ပါ။

ဘယ်သူတွေကို ဦးစားပေးထိုးသင့်ပါလဲ?

ဆေး(၂)မျိုးလုံးကတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့သူတွေ၊ ကိုဗစ်နဲ့ထိတွေ့မှုအန္တရာယ်များတဲ့သူတွေ၊ သက်ကြီးရွယ်အိုပိုင်းတွေကို အဓိက ဦးစားပေးထိုးထားသင့်ပါတယ်။

(၁၈)နှစ်အောက်အရွယ်တွေမှာတော့ လေ့လာစမ်းသပ်ထားတဲ့ တွေ့ရှိချက်တွေ ခိုင်ခိုင်မာမာမရှိသေးတဲ့အတွက်ကြောင့် ထိုးဖို့ အားမပေးထားပါဘူး။

နောက်ထပ်ဘယ်သူတွေ ထိုးထားသင့်ပါသလဲ?

အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းနဲ့ဆိုင်သော တခြားရောဂါအခံရှိတဲ့သူတွေ ထိုးထားသင့်ပါတယ်။

ကိုဗစ်ရောဂါကူးစက်ခံခဲ့ဖူးတဲ့သူတွေကိုလဲ ထိုးပေးလို့ရပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ကိုဗစ်ရောဂါကူးစက်ခံဖူးတဲ့သူတွေဟာ (၆)လ အတွင်း နောက်တစ်ခါထပ်မံကူးစက်ခံရဖို့ အခွင့်အရေး နည်းပါးကြောင်းလဲ တွေ့ရှိရပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) အနေဖြင့် နို့တိုက်မိခင်တွေမှာလဲ ကိုဗစ်ကာကွယ်ဆေးထိုးထားသင့်ကြောင်းနဲ့ ကာကွယ်ဆေးထိုးထားခြင်းကြောင့် ကလေးနို့တိုက်ခြင်းကိုရပ်လိုက်တာမျိုး မပြုလုပ်ကြဘဲ မိခင်နို့ကို ဆက်လက်တိုက်ကျွေးပေးပါရန် အကြံပေးထားပါတယ်။

HIV ရောဂါပိုးရှိတဲ့သူတွေမှာလဲ ကိုယ်ခံအားနည်းနေတဲ့အတွက်ကြောင့် ကိုဗစ်ရောဂါကို ဆိုးရွားစွားခံစားရနိုင်ပါတယ်။ ကာကွယ်ဆေးအတွက် လေ့လာစမ်းသပ်ချက်တွေမှာ HIV ရောဂါပိုးရှိတဲ့ လူနာတွေ၊ ကိုယ်ခံအားကျဆင်းနေတဲ့လူနာတွေကို ပါဝင်စမ်းသပ်ထားခြင်းမရှိပေမယ့် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးတွေကို နှိုင်းယှဉ်ဆွေးနွေးပြီး ထိုးသင့်ပါတယ်။

ဘယ်သူတွေမှာ ကိုဗစ်ကာကွယ်ဆေးမထိုးသင့်ဘူးလဲ?

ကိုဗစ်ကာကွယ်ဆေးတစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တဲ့လက္ခဏာဖြစ်ဖူးသူတွေ၊ လတ်တလော ကိုဗစ်ရောဂါလက္ခဏာခံစားနေရတဲ့သူတွေ၊ ကိုယ်အပူချိန် ၃၈.၅C ထက်များနေတဲ့သူတွေမှာတော့ ကာကွယ်ဆေးမထိုးသင့်ပါဘူး။

ကိုယ်ဝန်ဆောင်မိခင်တွေမှာကော ထိုးလို့ရနိုင်ပါသလား?

ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကိုဗစ်ကာကွယ်ဆေးအာနိသင်ကောင်းကျိုးနှင့် ဆိုးကျိုးအတွက် လေ့လာစမ်းသပ်ချက်မှတ်တမ်းလုံလုံလောက်လောက်တော့မရှိသေးပါဘူး။

ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်ထားမှုဟာ အသည်းယောင်အသားဝါ ဘီပိုးကာကွယ်ဆေး ၊ မေးခိုင်ကာကွယ်ဆေး အစရှိသည့်တို့နဲ့ အလားပုံစံတူတူပဲဖြစ်တဲ့အတွက်ကြောင့် စိတ်ချရနိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကတော့ ကိုဗစ်အဖြစ်များတဲ့နိုင်ငံတွေမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကာကွယ်ဆေးထိုးခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးကို နှိုင်းယှဉ်ပြီး ထိုးသင့်ကြောင်း အကြံပေးထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေဟာ ယုံကြည်စိတ်ချရနိုင်ပါသလား?

Sinovac နှင့် Sinopharm ဆေးဟာ အသက် (၁၈)နှစ်နဲ့ အထက်အတွက် ကာကွယ်ဆေးရဲ့အာနိသင် ထိရောက်မှုနဲ့ ယုံကြည်စိတ်ချရမှုအတွက် လေ့လာစမ်းသပ်ထားတဲ့ မှတ်တမ်းတွေရှိပါတယ်။

အသက် (၆၀) အထက်အရွယ်တွေမှာတော့ ကာကွယ်ဆေးထိုးလို့ရတယ်ဆိုပေမယ့် လေ့လာစမ်းသပ်ထားတဲ့အချက်အလက်တွေ အနည်းငယ်သာရှိတဲ့အတွက်ကြောင့် ဆေးထိုးပြီးတဲ့အခါ အနီးကပ်စောင့်ကြည့်နေပေးဖို့ လိုအပ်ပါတယ်။

ကာကွယ်ဆေး အာနိသင်ထိရောက်မှုက ဘယ်လောက်ထိကာကွယ်နိုင်ပါသလဲ?

Sinovac

ဘရာဇီးလ်နိုင်ငံ၌ Sinovac ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ကို (၁၄)ရက်ခြားထိုးပြီး လေ့လာစမ်းသပ်ခဲ့ရာ ဒုတိယအကြိမ်ဆေးထိုးပြီး (၁၄)ရက်အကြာမှာတော့ ကိုဗစ်ကူးစက်နိုင်မှုကို ၅၁%၊ ပြင်းထန်သောကိုဗစ်နှင့် ကိုဗစ်ကြောင့်ဆေးရုံတက်ရောက်မှုကို ၁၀၀% ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။

Sinopharm

နိုင်ငံပေါင်းအစုံ၌ Sinopharm ကိုဗစ်ကာကွယ်ဆေး (၂)ကြိမ်ကို (၂၁)ရက်ခြားထိုးပြီး လေ့လာစမ်းသပ်ခဲ့ရာ ဒုတိယအကြိမ်ဆေးထိုးပြီး (၁၄)ရက်အကြာတွင် ကိုဗစ်ကူးစက်နိုင်မှုနှင့် ကိုဗစ်ကြောင့်ဆေးရုံတက်ရောက်မှုကို ၇၉% ကာကွယ်ပေးနိုင်ကြောင်းတွေ့ရှိရပါတယ်။

Sinopharm ဆေး၏အာနိသင်လေ့လာချက်များမှာတော့ တခြားသောရောဂါအခံရှိတဲ့သူများ၊ ကိုယ်ဝန်ဆောင်များနှင့် အသက်(၆၀) အထက်များနှင့် အမျိုးသမီးများကို လုံလုံလောက်လောက်ထည့်သွင်းစမ်းသပ်ထားခြင်းမရှိကြောင်း ဖော်ပြထားပါတယ်။

ကာကွယ်ဆေးကို ဘယ်လိုထိုးရမလဲ?

Sinovac ကော Sinopharm ကော ကာကွယ်ဆေးနှစ်မျိုးလုံးကတော့ (၂)ကြိမ်ထိုးရပါမယ်။

Sinovac ကတော့ တစ်ကြိမ်နဲ့ တစ်ကြိမ် ၂ပတ် ကနေ ၄ပတ် ခြားပြီး ထိုးပေးရပါမယ်။ ဒုတိယတစ်ကြိမ်ကို ၂ပတ်မတိုင်ခင် စောထိုးမိရင်လဲ ထပ်ထိုးစရာမလိုပါဘူး။ ၄ပတ်ထက်နောက်ကျရင်တော့ အမြန်ဆုံးထိုးဖို့လိုအပ်ပါတယ်။

Sinopharm ကတော့ တစ်ကြိိမ်နဲ့တစ်ကြိမ် ၃ပတ် ကနေ ၄ပတ် ခြားပြီးထိုးပေးရပါမယ်။ Sinopharm ဆေးမှာလဲ ဒုတိယတစ်ကြိမ်ကို ၃ပတ်မတိုင်ခင် စောထိုးမိရင်ထပ်ထိုးစရာမလိုပါဘူး။ ၄ပတ်ထက်နောက်ကျရင်တော့ အမြန်ဆုံးထိုးဖို့လိုအပ်ပါတယ်။

ဒီကာကွယ်ဆေးတွေဟာ ကိုဗစ်ဆင့်ကဲပြောင်းလဲလာသောရောဂါပိုးအပေါ် ထိရောက်မှုရှိပါသလား?

လတ်တလောအချိန်ထိ WHO Strategic Advisory Group of Experts (SAGE) မှ ထိုးနိုင်ကြောင်းထောက်ခံထားပါတယ်။

အသစ် အသစ်သော ရှာဖွေတွေ့ရှိချက်များထပ်မံထွက်ပေါ်လာရင်လဲ WHO မှ ထုတ်ပြန်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးထားခြင်းဟာ ရောဂါပြန့်ပွါးမှုကိုကာကွယ်နိုင်ပါသလား?

ကာကွယ်ဆေးထိုးထားခြင်းကြောင့် ရောဂါပြန့်ပွါးမှုကာကွယ်နိုင်ခြင်းအတွက် တိကျခိုင်မာတဲ့မှတ်တမ်းတွေ မရှိသေးပါဘူး။

ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က

Mask တပ်ခြင်း
လက်ဆေးခြင်း
တစ်ဦးနဲ့ တစ်ဦး (၆)ပေ အကွာတွင်နေခြင်း
လူစုလူဝေးရှောင်ရှားခြင်း
လေဝင်လေထွက်ကောင်းအောင်ထားရှိခြင်း စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားဖို့ အကြံပေးထားပါတယ်။

Covid ကာကွယ်ဆေးနှင့်ပတ်သက်သော ကျန်းမာရေးဗဟုသုတများတိုးပွားစေရန် ရည်ရွယ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)မှ ဖော်ပြထားသည်များကို Zifam ကုမ္ပဏီမှ ယခုလိုတင်ဆက်ပေးထားခြင်းဖြစ်ပါသည်။

Ref:
WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/news-room/feature-stories/detail/the-sinovac-covid-19-vaccine-what-you-need-to-know?fbclid=IwAR37ZleIpcEC6cTkV5RY1EuyxRJqjLJ-zSHjB60yjpsVdHA2G7iPOVZ6Y1Q
[Accessed 3 August 2021].

WHO, 2021. World Health Organization. [Online]
Available at: https://www.who.int/news-room/feature-stories/detail/the-sinopharm-covid-19-vaccine-what-you-need-to-know?fbclid=IwAR3c878yxCtsh1GoSvWZCMQqnhCz_bG72vgw01i7zQvpg9EWpBWAmVj16-A
[Accessed 3 August 2021].







15/07/2021

Crd ဆရာ Dr NLA

အခက်အခဲရှိသော Covid လူနာများအတွက်အကြံပေးချက်များ
………………………………………………………………………

Mild, Moderate, Severe ဘယ်လိုခွဲမလဲ
………………………………………..
ဖျားနာ၊အနံ့ပျောက်၊မမောလျင် - mild
မောတယ် oxygen ကတော့ 92% အထက်ရှိ - moderate
မောတယ် oxygen လည်း 92% အောက်ကျလျင် - severe

Oxygen
……………………
94% အထက် - oxygen မလို
94% အောက်ဖြစ်ပြီးမော - oxygen လို
92% အောက် - Oxygenလို + ဆရာဝန်/ကျန်းမာရေးဌာနကိုဆက် သွယ်

သိပ်မဆိုးလျင် 94% to 96% မှာထား, ဆိုးလျင် 92% to 94%မှာထား , 96% ထားလျင်အကျိုးနဲ

Dexamethazone
………………….
Mild- မလို
Moderate- မလို
Severe - လိုနိုင် + ဆရာဝန်/ကျန်းမာရေးဌာနကိုဆက်သွယ်

Dose – 6mg oral or IV for 7-10days

Remdesivir
………………
Mild- မလို
Moderate- မလို
Severe - တချို့အခြေအနေမှာပေးတာတော့ရှိသည် + ဆရာဝန်/ကျန်းမာရေးဌာနကိုဆက်သွယ်

မှတ်ချက်။ စျေးကြီး၊ ဘေးထွက်ဆိုးကျိုးများရှိ၊ ဆေးပေးပြီးခဏခဏပြန်ပြန် မကြည့်နိုင်၊ သွေးခဏခဏမစစ်နိင်၊ အတုအစစ်ပြသနာရှိနိုင်၊ဆေးအာနိတင် ပြည့်မပြည့်မစစ်ဆေးနိုင် (လက်ရှိအနေအထားအရသုံးဖို့အားမပေးပါ)

Heparin
……………….
Mild- မလို
Moderate- မလို (လေဖြတ်ဖူးသူ၊ ဆီးချိုနှလုံးအခံရှိသူ၊ ဝသူ၊ အိပ်ယာပေါ်က မဆင်းသူများ လိုမလို ဆရာဝန်နဲ့တိုင်ပင်ရန်)
Severe - လိုနိုင် + ဆရာဝန်/ကျန်းမာရေးဌာနကိုဆက်သွယ်

Favipiravir
………………
မလို

Antibiotic ( Azithromycin အပါအဝင်)
……………………………..
Mild- မလို
Moderate- မလို
Severe - လိုနိုင် + ဆရာဝန်/ကျန်းမာရေးဌာနကိုဆက်သွယ်

Tocilizumab
………………………
Mild- မလို
Moderate- မလို
Severe - တချို့အခြေအနေမှာပေးတာတော့ရှိသည် + ဆရာဝန်/ကျန်းမာရေး ဌာနကိုဆက်သွယ်

Vitamin D, Vitamin C and Zinc
…………………………
Mild, Moderate, Severe - မလို
မသောက်ရလျင်မနေနိုင်သူများ - တရက်တလုံးထက်ပိုမသောက်ရန်

တရုတ်ဆေးကတ်ပြာ
………………………..
Mild, Moderate, Severe - မလို
အသည်းပျက်ဆီးတတ်သည်။

ဆီးချိုရောဂါ + Covid
…………………………..
Covid ဖြစ်လျင်ဆီးချိုတက်တတ်
Dexa ထိုးလျင်ထောင်တက်တတ်

Mild- မူလဆေးဆက်သောက်
Moderate- မူလဆေးဆက်သောက် (ဆီးချိုတက်လျင်ဆေးညှိရန်ဆရာဝန်နဲ့တိုင်ပင်)
Severe - ဆရာဝန်/ကျန်းမာရေးဌာနကိုဆက်သွယ်

Severe + ဆီးချိုလည်းတက် + ဆရာဝန်လည်းမရှိ - သောက်လက်စဆေး ဆက်သောက်ပြီးသုံးလို့လွယ်သော Insulin (Insulatard, Glargine, Detemir insulin) ကို အစာရှိရှိမရှိရှိသုံးလို့ရပါသည်။ မထိုးခင် ဆီးချိုဖောက်ရန်လည်းမ လိုပါ။ ဆီးချိုကောင်းမကောင်းအတွက်သာဆီးချိုဖောက်ရန်လိုသည်။ဆရာဝန်နှင့်အမြန်ဆုံးအဆက်အသွယ်ရရန်ကြိုးစားပါ။

အစားအသောက်ပျက်၊အန် - Metformin လျော့ (သို့) ရပ် + ဆရာဝန်နှင့်ဆက်သွယ်ရန်

ချုံပြီးအကြံပေးချက်
………………….
Covid ဖြစ်ပြီဆိုတာနဲ့ ဆရာဝန်နှင့် တိုင်ပင်ပြီးဆေးကုသင့်သည်။
အခုအကြံပေးချက်များသည် အကြောင်းအမျိုးမျိုးကြောင့်အခက်အခဲရှိသူ များကိုသာရည်ညွန်းသည်။

Covid Mild to Moderate သမားများသည် ဘာမှကုန်ကျစရိတ်မရှိပါ။ စိတ်ဓာတ်မကျရန်အရေးကြီးသည်။ဒီလိုလူနာအများစုကလည်းသဘာဝကိုယ်ခံအားစနစ်ဖြင့်ကောင်းကိုပြန်ကောင်းမည်ဖြစ်သည်။

အစိုးရိမ်လွန်ပြီးမလိုအပ်သောဆေးများသောက်, oxygen ကိုမလိုပဲရှူပြီး ပိုက်ဆံကုန်လူပန်း စျေးကွက်ထဲတွင်ဆေး နှင့် oxygen များပြတ်လပ်ပြီး တကယ်လိုအပ်နေသာသူများလည်းအခက်အခဲဖြစ်စေနိုင်သည်။

Mask တပ်၊လက်ဆေး၊တတ်နိုင်သမျှလူများတဲ့နေရာတွေကိုရှောင်ခြင်းဖြင့် Covid ရောဂါမှကင်းဝေးကြပါစေ

Dr NLA
14.7.21

11/09/2020



00:21 am, 11/9/2020

'ကိုဗစ်နဲ့ရာသီတုပ်ကွေး သိမှတ်ဖွယ်ရာ အဖြာဖြာနှင့် ကိုဗစ်ကာကွယ်ဆေးအကြောင်း'

ဒီနေ့ညနေ ၄:၃၀ ကနေစပြီး ၆:၀၀ နာရီအထိ US CDC, WHO, GAVI, UNICEF အဖွဲ့တွေနဲ့ Zoom meeting လုပ်ဖြစ်ခဲ့တာကို ဖောက်သည်ချချင်ပါတယ်

စာတွေရှည်ရင် မဖတ်ကြမှာစိုးလို့ လိုတိုရှင်း ရေးလိုက်ပါတယ်

ဒီအစည်းအဝေးရဲ့အဓိကရည်ရွယ်ချက်က ရာသီတုပ်ကွေးကာကွယ်ဆေးကို ကျန်းမာရေးဝန်ထမ်းတွေကို စဉ်ဆက်မပြတ်ပေးဖို့အပြင် လိုအပ်တဲ့ အန္တရာယ်များတဲ့ လူအုပ်စုတွေကိုပါ ပေးနိုင်ဖို့ရည်ရွယ်ပါတယ် သူတို့ပြောတဲ့ထဲမှာ တနွယ်ငင် တစင်ပါ ကိုဗစ်ကာကွယ်ဆေးအကြောင်းလဲ ပါဝင်လာပါတယ်

ဒီနေရာမှာ ရှေ့ဆက်မသွားခင် ကိုဗစ်နဲ့ ရာသီတုပ်ကွေး ကွဲပြားခြားနားမှုနဲ့တူညီမှုအချုပ်လေး ရှင်းအောင်တင်ပြပါရစေ

ကွဲပြားခြားနားမှုများ...

၁/ ရာသီတုပ်ကွေးသေနှုန်းဟာ ၀.၁ % သာရှိပေမဲ့ ကိုဗစ်ကြောင့်သေဆုံးမှုဟာ ၂ % ရှိပါတယ် (ဒီနေရာမှာ သူတို့ Brigham ဒေတာကိုသုံးထားပုံရပါတယ်)

၂/ ကာကွယ်ဆေးနဲ့ ကုသဆေး ရာသီတုပ်ကွေးမှာ ရှိပေမဲ့ ကိုဗစ်မှာတော့ ခုထိမရှိသေးပါ

၃/ ရာသီတုပ်ကွေးဟာ ရာသီအလိုက်နှစ်တိုင်းပြန်ပေါ်လာတတ်ပေမဲ့ ကိုဗစ်ကတော့ ဒီလိုပဲဖြစ်မလားဆိုတာကို မသိကြသေးပါဘူး

၄/ ရာသီတုပ်ကွေးရဲ့ ရောဂါပျိုးချိန်က ၅-၇ ရက်သာကြာပေမဲ့ ကိုဗစ်ကတော့ ၁၄ ရက်ကြာပါတယ် (ဒါ့ကြောင့် တုပ်ကွေးက ပိုကူးစက်မြန်ပါတယ်)

၅/ ကိုဗစ်နဲ့ပတ်သက်လို့ နားလည်သိရှိမှုနဲ့ကိုယ်ခံအားက ဘာမှရေရေရာရာ မသိသေးပေမဲ့ ရာသီတုပ်ကွေးနဲ့ပတ်သက်ရင်တော့ အနည်းဆုံးနှစ် ၅၀၀ ရှိပြီဖြစ်လို့ အတော်သိနေပါပြီ

ဟုတ်ပြီ ဘာတွေတူနေတာတုန်း...

၁/ နှစ်ခုစလုံး တိရစ္ဆာန်က စမြစ်ဖျားခံလာတယ်

၂/ ဖျားတယ် ချောင်းဆိုးတယ်

၃/ အသက်ရှူလမ်းကြောင်းပျက်စီးပြီး သေတတ်တယ်

၄/ နှာချေ ချောင်းဆိုးရာမှတိုက်ရိုက် သို့ သွယ်ဝိုက်ပြီးကူးစက်တတ်တယ်

၅/ တကိုယ်ရေသန့်ရှင်းအောင်နေမယ် ရောဂါဖြစ်တဲ့သူနဲ့မထိမိအောင်နေမယ် ဒါဆိုကာကွယ်နိုင်မယ်

၆/ နှစ်ခုလုံး ရောဂါလက္ခဏာမပေါ်မီကတည်းက ကူးစက်စေနိုင်တယ်

ဒါဆို ဘယ်သူတွေကို ကာကွယ်ဆေးထိုးသင့်လဲ?

ရာသီတုပ်ကွေးအတွက်...

- ကျန်းမာရေးဝန်ထမ်းတွေ
- ကိုယ်ဝန်ဆောင်တွေ
- အသက် ၆ လမှ ၅ နှစ်အောက်ကလေးတွေ
- အသက် ၆၅ နှစ်အထက် လူကြီးတွေ
- နောက်ခံဆီးချို သွေးတိုး နှလုံး ကျောက်ကပ်ရောဂါ အစရှိသဖြင့် ရောဂါရှိသူတွေကို ထိုးပေးသင့်ပါတယ်

ဟာ ဒါဆိုကိုဗစ်ကရော...

- ကျန်းမာရေးဝန်ထမ်းတွေ

- နိုင်ငံတည်ဆောက်ရေးအတွက် မရှိမဖြစ်သူတွေ

- အန္တရာယ်များတဲ့နောက်ခံရောဂါရှိနေတဲ့သူတွေ

- အသက် ၆၅ နှစ်အထက် လူကြီးတွေ ထိုးသင့်တယ်လို့ အကြံပြုချက်မှာ ပါပါတယ်

ဒါဆိုကိုယ်ဝန်ဆောင်တွေနဲ့ ကလေးတွေရော... သူတို့က ပထမဦးစားပေးထဲမပါပါဘူး ဘာလို့ဆိုတော့ သူတို့မှာ ကိုဗစ်ဖြစ်နိုင်စွမ်း အန္တရာယ်ရှိမှုက နည်းလို့ဖြစ်ပါတယ် လက်ရှိမြန်မာနိုင်ငံအခြေအနေကလည်း ကလေးတွေမှာနဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်ပွားကူးစက်မှု အားလုံးနဲ့ယှဉ်ရင်အလွန်နည်းပါတယ်

လက်ရှိအချိန်မှာ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေတာ ၁၆၉ မျိုးရှိပါတယ် ဒီထဲက ၂၆ မျိုးဟာ လူသားတွေမှာစမ်းတဲ့အဆင့်ရောက်နေပါပြီ WHO ဟာ သိပ္ပံပညာရှင်တွေ လုပ်ငန်းရှင်တွေ ကမ္ဘာပေါ်ရှိ ကျန်းမာရေးအဖွဲ့အစည်းအသီးသီးနဲ့ ACT Accelerator ကတစ်ဆင့် အမြန်ဆုံးထုတ်နိုင်အောင် ဆောင်ရွက်ခြင်းဖြင့် ကပ်ရောဂါကို အကောင်းဆုံးတုန့်ပြန်ဖို့ဆောင်ရွက်နေပါတယ်

စိတ်ချရပြီး ထိရောက်တဲ့ကာကွယ်ဆေးရတဲ့အခါ WHO, GAVI နဲ့ CEPI တို့ပါဝင်တဲ့ COVAX အဖွဲ့အစည်းက တိုင်းပြည်အားလုံး အမြန်ဆုံးရရှိနိုင်ဖို့ ဆောင်ရွက်နေသလို တချိန်တည်းမှာပဲ အမြောက်အမြားထုတ်လုပ်နိုင်ဖို့ ဝယ်ယူဖြန့်ဖြူးဖို့ ပံ့ပိုးပေးပြီး ဆေးထုတ်လုပ်နိုင်တာနဲ့တစ်ပြိုင်နက် ကာကွယ်ဆေးအလုံးရေ နှစ်ဘီလီယံရဖို့ စီစဉ်ထားပါတယ် ပြီးရင် ၂၀၂၁ ခုနှစ်မှာ တိုင်းပြည်တွေမှာ ဖြန့်ဖြူးဖို့ကိစ္စတွေပါဝင်ပါတယ်

ဒီလိုဖြန့်ဖြူးတဲ့ကိစ္စတွေမှာလည်း သာတူညီမျှရရှိပြီး အန္တရာယ်ရှိ လူအုပ်စုကို အမြန်ဆုံးထိုးပေးဖို့ ရည်ရွယ်ပါတယ်

ဒီလိုကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စီမံရတာလည်း ရည်မှန်းချက် ၄ ခုရှိပါတယ်

၁/ ကာကွယ်ဆေးရဲ့ စိတ်ချရမှုနဲ့ ဘေးကင်းလုံခြုံမှုရှိစေဖို့

၂/ ရောဂါကူးစက်မှု ဖြစ်ပွားမှု သေဆုံးမှုကိုလျော့ကျစေဖို့

၃/ လူသားမျိုးနွယ်အတွင်း စီးပွားရေးထိခိုက်မှု ကျန်းမာရေးစောင့်ရှောက်မှုအပါအဝင် အလုံးစုံပျက်စီးမှုကို နည်းနိုင်သမျှ နည်းစေဖို့

၄/ ကာကွယ်ဆေး ရရှိသည့်အခါ သာတူညီမျှ လက်ခံရရှိပြီး စနစ်တကျ ဖြန်ဖြူးနိုင်ဖို့အတွက်ပါ ရည်ရွယ်ပါတယ်

ဒီနေရာမှာ နောက်ဆုံးအချက်က အလွန်အရေးကြီးပါတယ် တိုးတက်ဖွံ့ဖြိုးပြီးတိုင်းပြည်တွေအတွက် ငွေပုံပေးပြီး အမြောက်အမြား လက်ဝါးကြီးအုပ် မချယ်လှယ်နိုင်စေဖို့လဲ ရည်ရွယ်ပါတယ်

မြန်မာနိုင်ငံဟာ လက်ရှိမှာ WHO weekly analysis အရ ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်လျှင် ၈၇ % ပိုပြီးပိုးတွေ့ရှိလာမှု
လက်ရှိလည်း အသက် ၆၀ နှင့်အထက် နောက်ခံရောဂါရှိသူတွေဟာ စုစုပေါင်းရောဂါဖြစ်ပွားသူတွေရဲ့ ၈ % ခန့်ရှိကြောင်း ICU နဲ့ အောက်ဆီဂျင်ပေးထားရသူ ၃၀ ခန့်ရှိသဖြင့် စိုးရိမ်နေရကြောင်း နိုင်ငံတော်အတိုင်ပင်ခံ၏ ကျန်းမာရေးဝန်ကြီးဌာန အတွင်းဝန်နှင့် VC တွေ့ဆုံချိန်တွင်လည်း ကာကွယ်ဆေးသာရပါက မြန်မာန်ုင်ငံအတွက် အကောင်းဆုံး ဆောင်ရွက်ပေးမည်ဟု ပြောဆိုထားသည်လည်း ရှိပါကြောင်း ဒါ့ကြောင့် ကာကွယ်ဆေးရသည့်အခါ မြန်မာနိုင်ငံသည် 50 LMICs တွင်ပါဝင်နေသဖြင့် ကာကွယ်ဆေးမည်မျှ ရရှိနိုင်မည်နည်းဟု ဆွေးနွေးမေးမြန်းခဲ့ရာ တိုင်းပြည်လူဦးရေ၏ ၂၀ % ရမည်ဟု ကနဦးသိရပါတယ်

အဆိုပါကာကွယ်ဆေးကို အသုတ်လိုက် အဆင့်လိုက်ရရှိရာတွင် ဦးစားပေးအစီအစဉ်အရ ထိုးနှံပေးရန်အတွက်လည်း ဆွေးနွေးခဲ့ပါသည်

အုပ်စုလိုက်ကိုယ်ခံအားနှင့်ပတ်သက်၍လည်း ကိုဗစ်ကဲ့သို့ ကမ္ဘာ့ကပ်ရောဂါအတွက် စဉ်းစားစရာမလ်ုသော ကိစ္စရပ်ဖြစ်ပါကြောင်း သိရပါသည်

လက်ရှိအခြေအနေသည် non pharmaceutical measures များဖြစ်သည့် mask တပ်ခြင်း လက်ဆေးခြင်း လူစုလူဝေးရှောင်ကြဉ်ခြင်း တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေခြင်းဖြင့်သာ အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်းလဲ ဆွေးနွေးခဲ့ကြပါသည်

ကိုဗစ်ကနေ ဘာတွေကောင်းတာရလိုက်သလဲဆိုလျှင် ၂၀၁၉ ခုနှစ်မှာ ရာသီတုပ်ကွေးကြောင့်သေသူ ၁၂၈ ဦးရှိခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဓာတ်ခွဲနမူနာ ၇၅၀ မှာ ရာသီတုပ်ကွေးဖြစ်သူ ၁၅ ဦးပဲရှိပြီး သေဆုံးသူမရှိခြင်းက သက်သေပြနေပါတယ် ဘာလို့ဒီလိုဖြစ်ရတာလဲ ကိုဗစ်ဖြစ်လို့ လူတွေ mask တပ်တယ် လက်ဆေးတယ် အိမ်မှာနေတယ် ခပ်ခွာခွာနေတယ် ဒါတွေကြောင့်ပါ

ဒါတွေလိုက်နာရတာခက်လို့လား နိုးပါ ဒါဆိုဘာလို့မလုပ်နိုင်ရမှာလဲ ဟုတ်တယ်နော်

စိတ်ထဲက ကြောက်လိုက်တာ သိပ်ကြောက်တာပဲ နေစရာတောင်မရှိဘူး အိမ်နားကတော့ ဘယ်သူ့ကို ခေါ်သွားပြီတဲ့ စသဖြင့် ပြောနေမဲ့အစား မိမိတို့လုပ်ဆောင်ရန် ရှိသည်များကို တာဝန်ကျေကျေ လုပ်ဆောင်ရန်သာ လိုအပ်ပါတယ် အော် နောက်ပြီးမေတ္တာစိတ်လေးလဲ မွေးကြပါနော် ကမ္ဘာကြီးနာဖျားနေတာ မေတ္တာနဲ့ပဲ ကုကြစို့လေ ဘာလို့ဒေါသထွက် ဆဲဆိုနေမှာလဲ ပင်ပန်းပါတယ် ကိုယ့်စိတ်ခွန်အားတွေကို အလဟသ မဖြုန်းတီးလိုက်ပါနဲ့

ကဲ လာပါ တစ်ယောက်ချင်းစီက ခွန်အားတွေ သတ္တိတွေ လက်ဆင့်ကမ်းပြီး အတူတူရင်ဆိုင်ကြတာပေါ့

လူသားနဲ့ ဗိုင်းရပ်စ်စစ်ပွဲမှာ ဘာလို့နိုင်အောင် မတိုက်နိုင်ရမှာလဲ

Come on...

Stay Safe & pool our efforts

Credit to Dr Khin Khin Gyi

အိပ်​ပျော်​စဥ် ​ဟောက်၍ အသက်ရှုရပ်ခြင်း။ 🛌------------------------------------------------------အိပ်​ပျော်စဥ် အသက်ရှုရပ်ခ...
31/08/2020

အိပ်​ပျော်​စဥ် ​ဟောက်၍ အသက်ရှုရပ်ခြင်း။ 🛌
------------------------------------------------------
အိပ်​ပျော်စဥ် အသက်ရှုရပ်ခြင်း (Sleep Apnea) ကို "အိပ် ရှူ ဟောက် ပိတ်" ရောဂါ ဟုလည်း​ခေါ်သည်။ အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်းပိတ်ဆို့သည့်အတွက် လေကို အတင်း ရှူ ရှိုက်ရသည့်အခါ ဟောက်သံများထွက်ပေါ်လာပြီးနောက် အသက်ရှုရပ်ခြင်း ဖြစ်ပါသည်။ 💤

🔘အိပ်ပျော်နေစဉ်လေပြွန်ကျဉ်းခြင်းကြောင့်သော်လည်းကောင်း၊
🔘လည်ပင်းကြွက်သားများ ပျော့ကျလာ၍ သော်လည်းကောင်း၊
🔘အသက်ရှူလမ်းကြောင်းတလျှောက်တွင် အလုံး အဖုအကျိတ်များ အသက်ရှုလမ်းကြောင်းအပေါ်ပိတ်မိ၍သော်လည်းကောင်း (ဥပမာ- အာသီးကြီးခြင်း) အသက်ရှုရပ်ခြင်းကို ဖြစ်စေပါတယ်။

⚠️အသက်ရှုရပ်ခြင်းသည် တစ်ခါရပ်လျှင် ၁၀စက္ကန့် မှ ၁မိနစ်ကျော်အထိ ဖြစ်ပေါ်နိုင်ပြီး တစ်ညလုံးတွင် အကြိမ်ပေါင်းများစွာ ဖြစ်ပေါ်နိုင်ပါသည်။

💥အိပ်နေစဉ် အသက်ရှူရပ်ခြင်းသည် ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင် ပမာဏလျော့ကျ သွားခြင်းကြောင့် နှလုံးနှင့် ဦးနှောက်ကို ဖိစီးမှုဖြစ်စေနိုင်ပါသည်။ နောက်ဆက်တွဲအနေဖြင့် သွေးဖိအား မြင့်တက်ခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါထခြင်း (Heart Attack)နှင့် ရုတ်တရက် သေဆုံးခြင်း အထိ ဖြစ်စေနိုင်ပါသည်။

⚕"အိပ် ရှူ ဟောက် ပိတ်" ရောဂါကို CPAP (Continuous Positive Airway Pressure) ဟုခေါ်သော ​လေတွန်းစက်ကိရိယာတပ်ဆင်၍ စက်၏​လေတွန်းအားဖြင့် နှာခေါင်းမှ အသက်ရှုလမ်းကြောင်းအဆုံးထိ "လေ"အလုံအလောက် ရရှိ​စေခြင်းဖြင့် ကုသမှု ခံယူနိုင်ပါသည်။
Credit to Resmed Myanmar

Credit: MRTV: ဒေါက်ဦး(မွန်)ခေါင်းမူးဝေခြင်းပြသနာယခုလို နွေရာသီတွင် အများဆုံးကြားရသော ရောဂါပြဿနာတစ်ခုမှာ ခေါင်းချာချာလည်မ...
24/08/2020

Credit: MRTV: ဒေါက်ဦး(မွန်)

ခေါင်းမူးဝေခြင်းပြသနာ

ယခုလို နွေရာသီတွင် အများဆုံးကြားရသော ရောဂါပြဿနာတစ်ခုမှာ ခေါင်းချာချာလည်မူးခြင်းဖြစ်ပါတယ်။ မတ်တပ်ရပ်လိုက်ချိန်မှာ အခန်းတစ်ခန်းလုံး ချာချာလည်နေသလိုမူးဝေနေတတ်ပါတယ်။ ရုတ်တရက် မူးဝေလာတာကြောင့် ထိုင်ချပြီး နားလို်က်ရတတ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ အသက် ၆၅ နှစ်ကျော်လာသည်နှင့် ခေါင်းမူးဝေဒနာခံစားရနိုင်ခြေ ၇၀ ရာခို်င်နှုန်းအထိ တက်လာတယ်လို့ ဆိုပါတယ်။ ခေါင်းချာချာလည် မူးဝေစေနိုင်တဲ့ အကြောင်းအရင်းတွေ များစွာရှိပါတယ်။ ခေါင်းမူးတိုင်း နှလုံးရောဂါနဲ့ဆက်စပ်နေတာ မဟုတ်ပါဘူး။ တစ်ခါတလေမှာလည်း ရိုးရှင်းပြီး ကုသရလွယ်တဲ့ ပြဿနာတချို့ကြောင့် ဖြစ်နေနို်င်ပါတယ်။ အဲဒီအထဲကမှ အဖြစ်အများဆုံး အကြောင်းရင်း ၆ ချက်ကို ဖော်ပြလိုက်ပါတယ်။

၁။ ရေဓာတ်ဆုံးရှုံးခြင်း သို့မဟုတ် အပူလွန်ကဲခြင်း

အပူလွန်ကဲလာတဲ့အခါ ခန္ဓာကိုယ်အတွင်း အအေးပေးသောစနစ်ကလည်း စွမ်းဆောင်ရည်ကျဆင်းလာပါတယ်။ ဒီအခြေအနေက သွေးပေါင်ချိန်၊ သွေးဖိအားကို ကျဆင်းစေပြီး မူးဝေသလို ခံစားရစေနိုင်ပါတယ်။ အသက်အရွယ်ကြီးလာတာနဲ့အမျှ အပူလွန်ကဲနိုင်ခြေ ပိုများလာပါတယ်။ ရေဓာတ်ဆုံးရှုံးခြင်းကြောင့်လည်း မူးဝေနိုင်ပါတယ်။ ဒါ့ကြောင့် နေ့အချိန်များ အထူးသဖြင့် ယခုလို ပူပြင်းသော ရာသီများတွင်ရေလုံလောက်စွာ သောက်သုံးဖို့ အရေးကြီးပါသည်။ သင့်အိမ် သို့မဟုတ် အလုပ်ပတ်ဝန်းကျင်ကိုတတ်နိုင်သမျှ အေးမြအောင်ထားဖို့ အရေးကြီးပါတယ်။
၂။ ဆေးအသစ်အဆန်းတစ်ခုအား တုံ့ပြန်ခြင်း

ဆရာဝန်ညွှန်ကြားမှုကြောင့်ဖြစ်ဖြစ်၊ဆေးဆိုင်မှတစ်ဆင့်ဖြစ်ဖြစ် ဝယ်သောက်သောဆေးများသည်လည်း ခေါင်းမူးဝေခြင်း၏ အကြောင်းရင်းဖြစ်နိုင်ပါတယ်။ တချို့ ဆေးဝါးများက ဦးနှောက်ကို သက်ရောက်စေပြီး တချို့က နှလုံး သို့မဟုတ် သွေးပေါင်ချိန်ကို သက်ရောက်စေပါတယ်။ မကြာသေးမီကမှ ဆေးအသစ်တစ်ခုစတင်သောက်သုံးနေပြီး ခေါင်းမူးဝေဒနာခံစားရတယ်ဆိုရင် ဒါဟာ ဆေးရဲ့ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ပါတယ်။ ဆေးကြောင့်လို့ ယူဆပါကဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

၃။ အတွင်းနား ပိုးဝင်ခြင်း

မူးဝေခြင်းက အတွင်း နား ရောဂါပိုးဝင်ခြင်းရဲ့ ပထမဆုံး လက္ခဏာတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ နားရောဂါပိုးဝင်ခြင်းဟာ အရွယ်ရောက်ပြီးသူများတွင် သိပ်မတွေ့ရသော်လည်း ဖြစ်ပွားခံစားရနိုင်ခြေရှိပါတယ်။ နားပိတ်ခြင်း၊ နားကိုက်ခဲခြင်း ဝေဒနာဟာ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်း စတင်ခံစားရလာပြီး မူးဝေလာပါက သင့်မှာ နားရောဂါပိုးဝင်ခြင်း ခံစားရတာဖြစ်နိုင်တဲ့အတွက် ဆရာဝန်နှင့် ပြသကာ ကုသသင့်ပါတယ်။

၄။ သွေးတွင်း သကြားဓာတ်နည်းခြင်း

သွေးတွင်းသကြားဓာတ်နည်းခြင်းဟာ လူအများစုမှာ ခေါင်းကိုချာချာလည်မူးစေသည့် အဖြစ်များသော အကြောင်းအရင်းထဲမှ တစ်ခုလည်းဖြစ်ပါတယ်။ အစားအသောက်ကို စားသင့်ချိန် ပုံမှန်မစားဘဲနေပါက သွေးတွင်းသကြားဓာတ်ဟာ ကျဆင်းလာမှာ ဖြစ်ပါတယ်။ သွေး
တွင်းသကြားဓာတ် တည်ငြိမ်အောင် အစားအစာများကို ပုံမှန်စားပေးဖို့ လိုအပ်ပါတယ်။
၅။ နားတွင်း အာရုံကြောရောင်ရမ်းခြင်း
Labyrinthitis

ခန္ဓာကိုယ်ဟန်ချက်ကို ကောင်းစွာမထိန်းနိုင်ဘဲ မည်သို့ပင်လုပ်လုပ် ချာချာလည် မူးနေပါကနားတွင်းအာရုံကြောရောင်ရမ်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ ထိုအခြေအနေမှာ စနစ်တကျကုသမှုခံယူပြီး ရက်သတ္တတစ်ပတ်အတွင်း မူးဝေခြင်း လျော့နည်း သက်သာသွားနိုင်ပါတယ်။
တစ်လအတွင်း လုံးဝကောင်းမွန်သက်သာမှာဖြစ်ပါတယ်။

၆။ ဗီတာမင် ဘီ ၁၂ (Vitamin B 12) ချို့တဲ့ခြင်း

ဗီတာမင် ဘီ ချို့တဲ့ခြင်းဟာလည်း ခေါင်းမူးဝေစေနိုင်ပါတယ်။ ဘီ ၁၂ ချို့တဲ့ခြင်းဟာ နှလုံးပြဿနာနဲ့ သွေးဖိအားကျဆင်းမှုများကိုလည်းဖြစ်စေနိုင်ပြီး မူးဝေခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသက်ကြီးလာတာနဲ့ အမျှ ခန္ဓာကိုယ်ဟာ ဗီတာမင်တွေကို စုပ်ယူနိုင်စွမ်းကျဆင်းလာပြီး ချို့တဲ့ခြင်းများ ဖြစ်လာနို်င်ပါတယ်။သင့်အနေနဲ့ ဗီတာမင် ဘီ ၁၂ ကြွယ်ဝသောအစားအစာများဖြစ်သည့် အဆီပါသော ငါးအမျိုးမျိုး၊ အသားနီ(အမဲသား)၊ ကြက်သား၊ ဘဲသား၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ဥအမျိုးမျိုးကို စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဆရာဝန်မှ သွေးစစ်စမ်းသပ်၍ ဘီ ၁၂ ချို့တဲ့သည်ဟု ဆုံးဖြတ်ပါက နေ့စဉ်ဆေးဝါး သို့မဟုတ် လစဉ် ထိုးဆေးအနေဖြင့်လည်း ကုသပေးနိုင်ပါတယ်။ခေါင်းချာချာလည် မူးဝေခြင်းဟာ အဖြစ်များသလိုတွေ့လည်း တွေ့နေရတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ဒါတွေကြောင့်တချို့အရာတွေကို သတိထားဆင်ခြင်၍ ကာကွယ်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဒေါက်ဦး(မွန်)

ကျန်မာရေးနှင့်ပတ်သတ်သော ဗဟုသုတများကို ဒီ Page လေးမှ Sharing ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။
24/08/2020

ကျန်မာရေးနှင့်ပတ်သတ်သော ဗဟုသုတများကို ဒီ Page လေးမှ Sharing ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

Address

Yeik Thar Street
Yangon
11071

Website

Alerts

Be the first to know and let us send you an email when Royal Online Clinic and Home Care Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram