21/08/2022
လွန်စွာကူးစက်လွယ်သော "ခရမ်းချဉ်သီးတုပ်ကွေး"ဗိုင်းရပ်စ်အသစ် ပေါ်ပေါက်နေသဖြင့် ဆရာဝန်တို့က သတိပေး
COVID-19 ဗိုင်းရပ်စ်နှင့် မျောက်ကျောက်ဗိုင်းရပ်စ်တို့ပေါ်ပေါက်ပြီးနောက် ယခုအခါ ခရမ်းချဉ်သီးတုပ်ကွေး(Tomato flu)ဟု အမည်ပေးထားသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးပေါ်ပေါက်နေသဖြင့် သတိပြုကြရန် ဆရာဝန်များက သတိပေးလျှက်ရှိသည်။
အဆိုပါ ခရမ်းချဉ်သီးတုပ်ကွေးကူးစက်နေသည့် အသက် ၅ နှစ်အောက်ကလေးငယ် ၈၂ ဦး အိန္ဒိယနိုင်ငံတွင် ရှိနေပြီဖြစ်ကြောင်း မေလ ၆ ရက်နေ့ကတည်းက အတည်ပြုထားပြီးဖြစ်သည်ဟု Lancet Respiratory Medicine Journal တွင် ဖေါ်ပြထားသည့် သုတေသနစာတမ်းတစ်စောင်ကဆိုထားသည်။
ယင်းကလေးငယ် ၈၂ ဦးအပြင် အသက် ၁၀ နှစ်အထိရှိသော အခြား ကလေးငယ် ၂၆ ဦးတွင်လည်း ခရမ်းချဉ်သီးတုပ်ကွေးဖြစ်ပွားသည့် သံသယလက္ခဏာများတွေ့ရှိရသည်ဆို၏။
အရေပြားပေါ်တွင် ခရမ်းချဉ်သီးအရောင်ရှိသည့် အနီစက်ကလေးများပေါ်ပေါက်လာတတ်သည့်အတွက် ယင်းနှင့်လိုက်ဖက်ညီသည့် အမည်ပေးထားသော ထိုဗိုင်းရပ်စ်အသစ်သည် အဖျားတက်ခြင်းနှင့် အဆစ်အမြစ်နာကျင်ခြင်းတို့ကိုလည်းဖြစ်ပွားစေတတ်ကြောင်း ကနဦးသိရှိထားသည်။
အချို့ကူးစက်ခံရသူများတွင် အော့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်းနှင့် ခန္ဓာကို နာကျင်ကိုက်ခဲခြင်းများဖြစ်ကြသလို၊ ခြေလက်များအသားရောင်ပြောင်းလဲသူလည်း အနည်းငယ်ရှိကြောင်းသိရသည်။
"လက်ရှိသိရသမျှ အချက်အလက်များအရ အစုလိုက်အပြုံလိုက် ကူးစက်ခြင်းမျိုး မရှိသလောက်ရှားပါးပြီး၊ အသက်အန္တရာယ်မရှိဟု ယူဆပါသည်။ သို့သော် COVID-19 ကပ်ရောဂါ၏ ကြောက်မက်ဖွယ်အတွေ့အကြုံများကြောင့် နောက်ဆက်တွဲဖြစ်ပွားမှုများအား ကြိုတင်ကာကွယ်ရန်အတွက် နိုးနိုးကြားကြား စီမံကွပ်ကဲရန် လိုအပ်ပါသည်"ဟု သုတေသီများက အကြံပြုထားသည်။
ယခုအချိန်အထိ ယင်းဗိုင်းရပ်စ်အသစ်ကို အိန္ဒိယနိုင်ငံ Kerala ပြည်နယ်၏ Kollam ခရိုင်၊ Aryankavu နှင့် Neduathur ဒေသတို့တွင်တွေ့ရှိထားသည်။
"ကလေးငယ်တွင် ဗိုင်းရပ်စ်ကူးစက်မှုအဖြစ်များပြီး၊ အနီးကပ်ထိတွေ့မှုမှ ကူးစက်နိုင်သဖြင့် ယင်းအချက်ကို သတိပြုသင့်သည"ဟုလည်း Lancet Respiratory Medicine Journal မှ သုတေသနစာတမ်းတွင်ဆိုထားသည်။
"ဒါဟာ သေစေနိုင်တဲ့ ရောဂါမဟုတ်ပေမယ့် ကူးစက်တတ်ပြီး၊ လူလူချင်းလဲ ကူးစက်နိုင်ပေမယ့် ကူးစက်ပျံ့နှံ့ပုံအသေးစိပ်ကို လေ့လာနေဆဲပါ"ဟု အိန္ဒိယနိုင်ငံ Amrita ဆေးရုံ Internal Medicine ဌာနမှ လက်ထောက်ပါမောက္ခ ဒေါက်တာ Subhash Chandra ကပြောကြားသည်။
"ခရမ်းချဉ်သီးတုပ်ကွေးဖြစ်တဲ့သူဟာ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝစေပြီး၊၊ တခြားအဖျားဗိုင်းရပ်စ်တွေကူးစက်တဲ့အခါ အကြံပြုထားသလိုပဲ ကောင်းကောင်းအနားယူဖို့လိုပါတယ်"ဟုလည်း သူကပြောသည်။
လက်ရှိတွင် ယင်းဗိုင်းရပ်စ်ကူးစက်ခံရသူများကို ၅ ရက်မှ ၇ ရက်အထိ သီးခြားခွဲ၍ နေထိုင်စေကြောင်းသိရသည်။
ယင်းတုပ်ကွေးအတွက် သီးသန့်ကုသရန် ဆေးဝါး လက်ရှိအချိန်အထိ မရှိသေးကြောင်းသိရသည်။
Ref: What is ‘tomato flu’? ‘Very contagious’ virus detected in kids, docs warn
Crd...Popular News Journal