28/04/2026
"ဝေဒနာ မပေးတဲ့ ကျောက်တည်နေသော သည်းခြေအိတ် ကို ခွဲဖို့လို / မလို"
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
{Asymptomatic Gallstones in Gallbladder} {Does the patient need operation?}
==========================================================
သည်းခြေအိတ်မှာ ကျောက်တည်နေလို့ ခွဲဖို့လိုမလို ကျနော့်ဆေးခန်းမှာလာလာမေးတဲ့ လူနာတွေ အခုတလောမှာ တော်တော်များပါတယ်။ လူနာအများစုကတော့ အလုပ်မဝင်ခင်၊ Sea Service သင်္ဘောမတက် ခင် Medical Check Up လုပ်တုံး Ultrasound ရိုက်တဲ့အချိန်မှာတွေ့တာပါ။ ဒိလိုတွေ့တာကို (Incidentital finding မတော်တဆတွေ့တဲ့ ကျောက်) လို့ ပြောရပါမယ်။ သူက ဘာရောဂါဝေဒနာ (Symptoms) မှပေးမနေလို့ပါ။ သူတို့ပြောတာကတော့ အကုန်အတူတူပါဘဲ။
♻️ {သူ့မှာ သည်းခြေကျောက်တည်နေတယ်။ ရောဂါလက္ခဏာတော့ မပြဘူး။ ဒါ ကလဲ သူသင်္ဘောမတက်ခင် Medical Check Up လုပ်တုံးတွေ့တာပါ။ အလုပ်လျှောက်တဲ့နေရာမှာ သည်းခြေကျောက်ရှိနေရင် အဆင်မပြေဖြစ်မှာစိုးလို့ သည်းခြေ
ကျောက်တွေ ကို ထုတ်လိုက်ချင်တယ်။ ဒီအတွက် ဆရာဝန်တွေနဲ့ ဆွေးနွှေးတဲ့ အခါတိုင်းမှာ ဆရာဝန်တွေက သည်းခြေအိတ်ထုတ်လိုက်ဖို့ပဲ အကြံပြုကြတယ်။}
{ဘာကြောင့် သည်းခြေကျောက်တည်နေရင် သည်းခြေအိတ်ထုတ်ဖို့ပဲ ဆရာဝန်တွေက အကြံဥာဏ်ပြုကြတာလဲ?}
သူတို့မှာ အဲဒိလိုခွဲဖို့ အတွက် တိုက်တွန်းရအောင် ခွဲလိုက်ရင်အကျိုးရှိမယ်လို့ ပြောနှိုင်တဲ့ ခိုင်မာတဲ့ဘာသက်သေအထောက်အထား (Evidence ) ရှိပါသလဲလို အကြံဉာဏ်ပေးတဲ့ ဆရာဝန်တွေကို အရင်မေးကြည့်သင့်ပါတယ်။
ကျနော်တို့လို ခွဲစိတ်ဆရာဝန်တွေအနေနဲ့ လူနာတယောက်ကို ခွဲရမယ် မခွဲရဘူး ဆိုတဲ့ ဆုံးဖြတ်ချက်တွေချဖို့ နှိုင်ငံတကါမှာ လက်ခံကျင့်သုံးနေတဲ့ (Evidence Based Medicine) ပေါ်က အချက်အလက်ကိုယူပြီး ညွန်ကြားထားတဲ့ (Guidelines) တွေအတိုင်းလုပ်ရပါတယ်။ မိမိတို့ စိတ်ထဲမှာ ထင်တာလေးတခုထဲနဲ့ မဆုံးဖြတ်ရပါဘူး။
ကျနော် အမြင်ပြောရရင်တော့ အခုလိုပြောလိုက်တဲ့ ဆရာဝန်တွေ ဟာ အများအားဖြင့် ပုဂ္ဂလိကဆေးရုံတွေမှာ Medical Check Up အတွက် တာဝန်ယူရတဲ့ ဆရာဝန်လေးတွေပါ။ Specialist ခွဲစိတ်ဆရာဝန်တွေမဟုတ်ကြပါဘူး။ ခွဲစိတ်အထူးကုတွေကတော့ အဲဒိလို လက်လွတ်စပါယ်ပြောလိပ်မယ်မထင်ပါဘူး။ ဒိပြဿနာ ကို အများနားလဲအောင်ကျနော်သေသေခြာခြာရှင်းပြပါမယ်။
သည်းခြေကကျောက် က လူနာကို ဝေဒနာဒုက္ခ ပေး မပေးပေါ်မှုတည်ပြီး နှစ်မျိုးခွဲပါတယ်။
၁။ ဝေဒနာမပေးတဲ့ သည်းခြေကျောက်များ (Asymptomatic Gallstones)
အခြားရောဂါတစ်ခုခုအတွက် အာထရာဆောင်း (Ultrasound) ရိုက်ကြည့်ရင်း မတော်တဆ သိရှိရတာမျိုးဖြစ်ပြီး၊ လူနာမှာ ဘာဝေဒနာမှ မခံစားရဘူးဆိုရင် ခွဲစိတ်ဖို့ မလိုအပ်သေးပါဘူး။
သည်းခြေကျောက်ရှိတဲ့လူနာ ၁၀၀ မှာ ဒိလိုကျောက်မျိုးရှိတဲလူနာက ၈၅ ယောက်လောက်ရှိပါတယ်။ တစ်နှစ်အတွင်းမှာ ဝေဒနာပေးလာတဲ့ သည်းခြေကျောက် ဖြစ်နိုင်ခြေ ကလည်း ၁ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။
ဝေဒနာ စတင်မအောင့်ဘဲနဲ့ ချက်ချင်းဆိုသလို ပြင်းထန်တဲ့ နောက်ဆက်တွဲပြဿနာ (ဥပမာ- ပန်ကရိယရောင်ခြင်း၊ သည်းခြေအိတ် အပြင်းအထန်ရောင်ခြင်း) ဖြစ်ပွားနိုင်ခြေဟာ အလွန်နည်းပါတယ်။ အကြိုလက္ခဏာ မပြဘဲ တစ်ခါတည်း နောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေဟာ တစ်နှစ်မှာ ၀.၁ ရာခိုင်နှုန်း မှ ၀.၃ ရာခိုင်နှုန်း အောက်မှာပဲ ရှိပါတယ်။
၂။ ဝေဒနာပေးသော သည်းခြေကျောက်များ (Symptomatic Gallstones)
ဒိလိုဖြစ်တဲ့လူနာကလည်း ၁၅% လောက်ဘဲရှိတာပါ။
အောက်ပါလက္ခဏာတွေ ရှိလာရင်တော့ ခွဲစိတ်ဖို့ အကြံပြုလေ့ရှိပါတယ် -
✅ သည်းခြေကြောင့် အောင့်ခြင်း (Biliary Colic): အဆီများတဲ့ အစားအစာတွေ စားပြီးတဲ့အခါ ဗိုက်ညာဘက်အပေါ်ခြမ်း ဒါမှမဟုတ် ရင်ညွန့်နေရာကနေ ပြင်းထန်စွာ အောင့်လာခြင်း။
✅ နေထိုင်ရ ခက်ခဲခြင်း: တစ်ကြိမ် အောင့်ဖူးတဲ့ လူနာဟာ နောက်ပိုင်းမှာ ပိုမိုပြင်းထန်တဲ့ ဝေဒနာတွေကို ခံစားရဖို့ အခွင့်အလမ်း အလွန်များပါတယ်။
၃။ မဖြစ်မနေ ခွဲစိတ်ရမည့် အခြေအနေများ (Complications)
ကျောက်ကြောင့် ယောင်ရမ်းမှုတွေ ဖြစ်လာရင်တော့ အသက်အန္တရာယ် မစိုးရိမ်ရအောင် သည်းခြေအိတ် ထုတ်ပစ်ဖို့ လိုအပ်ပါတယ် -
✅ သည်းခြေအိတ် အပြင်းအထန် ရောင်ရမ်းခြင်း (Acute Cholecystitis)
သည်းခြေပြွန်အတွင်း ကျောက်ဝင်ခြင်း (Choledocholithiasis): ဒါဟာ မျက်လုံးဝါခြင်း (အသားဝါခြင်း) ကို ဖြစ်စေနိုင်ပါတယ်။
✅ ပန်ကရိယ ရောင်ခြင်း (Gallstone Pancreatitis): ကျောက်က ပန်ကရိယပြွန်ကို ပိတ်ဆို့ပြီး ပြင်းထန်စွာ ရောင်ရမ်းစေခြင်း။
✅ သည်းခြေအိတ် နံရံ ထုံးဓာတ် စွဲခြင်း (Porcelain Gallbladder): သည်းခြေအိတ် ကင်ဆာဖြစ်နိုင်ခြေ များတာကြောင့် ခွဲစိတ်ရပါမယ်။
၄။ အထူးသတိပြုရမည့် အချက်များ။
အချို့အခြေအနေတွေမှာတော့ လက္ခဏာ သိပ်မပြပေမယ့် ခွဲစိတ်ဖို့ စဉ်းစားရနိုင်ပါတယ် -
✅ ကျောက် အရွယ်အစား အလွန်ကြီးနေခြင်း (၃ စင်တီမီတာထက် ကြီးခြင်း)။
✅ သည်းခြေအိတ်အတွင်း အသားပို (Polyp) ရှိနေခြင်း။
✅ သွေးရောဂါ (ဥပမာ- Sickle cell disease) ရှိသူများ။
ဒိနေရာမှာ ပြတ်ပြတ်သားသားမြင်ရမှာက ကျနော်တို့ အခုပြောနေတဲ့လူနာတွေက ဘာဝေဒနာမှမပေးတဲ့ သည်းခြေကျောက် (Asymptomatic Gallstones or Silent Stones) ရှိနေသူတွေပါ။ ဒိလူနာတွေ ခွဲဖို့လို မလို ဆွေးနွေးနေတာပါ။
ကျနော်တို့ ခွဲစိတ်ဆရာဝန်တွေက လူနာတယောက်ကို မခွဲခင် ဒိနှစ်ခုကို အရင်ချတွက်ရပါတယ်။
၁။ How is it affecting patient daily life style or Quality of life? ဆိုလိုတာကတော့ ဒိ သည်းခြေကျောက် က လူနာရဲ့ နေ့တဓူဝ လှုပ်ရှားမှု့တွေကို ဘယ်လို ဒုက္ခပေးနေသလဲဆိုတာပါ။
(Asymptomatic Gallstones or Silent Stones) ရှိနေသူတွေ မိုလို ဘာဒုက္ခမှ မရှိတဲ့ အတွက် ခွဲဖို့မလိုဘူးလိုပြောတာပါ။
၂။ Risk and Benefit Ratio: ခွဲစိတ်မှု့ခံလိုက်လို့ ရလာမဲ့ အကျိုးကျေးဇူး နဲ့ ခွဲစိတ်မှု့ကြောင့်ဖြစ်လာမဲ့နောက်ဆက်တွဲပြဿနာ(Complications) တွေကို ချိန်ထိုးကြည့်ရပါမယ်။ သည်းခြေယောင်ယမ်းလို့ ဗိုက်နာနေတာဆိုရင် ယောင်နေတဲ့သည်းခြေကို ထုတ်လိုက်ရင် နာတာသက်သာသွားတာ ခွဲလိုက်လိုရတဲ့အကျိုးကျေးဇူးပါ။ အခုဟာက ဘာဝေဒနာမှမရှိဘဲ ဆေးစစ်တုံးတွေတဲ့ သည်းခြေကျောက်ကို ခွဲထုတ်ပစ်ခိုင်းတယ်ဆိုတာ ဘာအကျိုးကျေးဇူးမှမရှိဘူးဆိုတာမြင်သင့်ပါတယ်။
နောက်စဉ်းစားရမဲ့အချက်က ခွဲစိတ်မှု့ကြောင့် ဖြစ်နှိုင်တဲ့ ပြဿနာ (Complications) ကိုလူနာများအနေနဲ့ သေသေခြာခြာနားလဲသဘောပေါက်ဖို့လိုပါတယ်။ ဒါတွေကို မသိဘဲနဲ အခွဲခံရတာလူနာအများစုပါ။ သိရင်တော့ အခွဲခံမဲ လူနာအတော်နဲသွားမယ်လို့ထင်ပါတယ်။
၁။ သည်းခြေပြွန်မကြီး ထိခိုက်မိခြင်း (CBD Injury)သည်းခြေအိတ်ထုတ်ရာမှာ ဖြစ်တတ်တဲ့ ကြောက်စရာအကေါင်းဆုံး complication ပါ။
မှန်ပြောင်းနဲ့ ခွဲစိတ်တဲ့အခါ သည်းခြေပြွန်မကြီး (CBD) ကို သည်းခြေအိတ်ပြွန် (Cystic Duct) လို့ မှားယွင်းပြီးဖြတ်လို့ဖြစ်တာပါ။ ဒိလိုဖြစ်ပြီဆိုရင်တော့ အသက်ရှင်လျက်နဲ့ ဒုက္ခိတဘဝရောက်ပြီလို့မှတ်လိုက်ပါ။ သည်းခြေပြွန်မကြီးကိုပြန်ဆက်ပေးလို့ ရပေမဲ့ လူနာဟာမကြာခဏ သည်းခြေပြွန်ယောင်လို့၊ ချမ်းတုံဖျားမယ်၊ အသားဝါမယ်၊ ဗိုက်ကမခံရပ်နှိုင်အောင်နာပါမယ်။
[လူနာတယောက် ခွဲစိတ်ခံပြီး Complications ဝင်လို့ မသေရုံတမယ်ခံစားရတဲ့ သူ့အကြောင်း Facebook မှာရေးထားတာ SS ယူပြီး ပြထားပါတယ်။
ပုံ ၁၄ - ၁၅ မှာ ဖတ်ကြည့်ပါအုံး။]
၂။ သည်းခြေရည် ယိုစိမ့်ခြင်း (Bile Leaks): မှန်ပြောင်းဖြင့် ခွဲစိတ်မှုမှာ ပိုအဖြစ်များလေ့ရှိပြီး အများအားဖြင့် သည်းခြေအိတ်ပြွန် ဖြတ်ထားတဲ့ နေရာ ဒါမှမဟုတ် အသည်းအောက်ခြေက ပြွန်လေးတွေကနေ ယိုစိမ့်တာ ဖြစ်ပါတယ်။
၃။ သွေးကြော ထိခိုက်မိခြင်း (Vascular Injury): CBD ထိခိုက်မိတဲ့ အခါမှာ အသည်းကို သွေးပို့ပေးတဲ့ သွေးကြော (Right Hepatic Artery) ပါ ထိခိုက်တတ်ပါတယ်။
၄။ သည်းခြေအိတ်ထုတ်ပြီးနောက် ခံစားရသော ဝေဒနာများ (Post-Cholecystectomy Syndrome):
ခွဲစိတ်မှု အောင်မြင်သော်လည်း လူနာ ၁၀% မှ ၁၅% ခန့်မှာ ဗိုက်အောင့်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း သို့မဟုတ် ဝမ်းပျက်ခြင်းတို့ကို ဆက်လက် ခံစားရနိုင်ပါတယ်။
ဒါကြောင့် ကျနော် အင်္ဂလန်မှာတုံးက သည်းခြေအိတ် အခွဲခံမဲ့ လူနာတွေ ကိုမခွဲခင် သဘောတူညီချက် (Consent) ယူတဲ့အခါတိုင်း {ကျနော်တို့ ခင်ဗျာရဲ့သည်းခြေအိတ် နဲ့ ကျောက်ကို ခွဲထုတ်ပေးပါမယ်။ ဒါပေမဲ့ ခွဲပြီးတဲ့ အချိန်မှာ လူနာခံစားနေရတဲ့ ဗိုက်နာရောဂါပျောက်သွားပါမယ်လို့ ၁၀၀% အာမ မခံပါဘူး။ ဒါကိုသဘောတူပါသလား? တူရင် လက်မှတ်ထိုးပေးပါ။ ဆိုပြီးလူနာကိုထိုးခိုင်းတာပါ}
ဒါကခွဲပြီးနောက်ပိုင်း ဗိုက်နာတာမသက်သာလို့ တိုင်တာတွေ၊ တရားစွဲမဲ့ အရေးတွေအတွက်ကြိုပြီးကါထားတာပါ။
ခွဲစိတ်မှု့ကြောင့် ဒုက္ခရောက်သွားရတဲ့ လူနာနှစ်ယောက်အကြောင်း ရေးထားပါတယ်။သေခြာဖတ်ကြည့်ပါ။
♻️♻️♻️လူနာနံပါတ် (၁)♻️♻️♻️
ဒိလူနာကတော့ အသက် ၆၅ နှစ်အမျိုးသားပါ။ ၂၀၂၀ ခုနှစ် တုံးကကျနော်ဆီလာပြတာကတော့ အစာမကျေလို့၊ ဗိုက်အောင်လို့ပါ။ Ultrasound ရိုက်တဲ့ အခါမှာလဲ သူ့သည်းခြေမှာကျောက်ရှိနေတာတွေ့ရပါတယ်။ ကျနော်က သူ့ကိုအစာအိမ်ဆေးပေးပါတယ်။ သူ့ကိုလည်း အစာအိမ်မှန်ပြောင်းကြည့်ဖို့ အကြံပေးပါတယ်။ ဒါမှ သူဗိုက်နာတာက အစာအိမ်မှာအနာရှိလို့၊ ယောင်လို့နာတာလား၊ ဒါမှမဟုတ် သည်းခြေကျောက်ကြောင့်နာတာလား ကွဲကွဲပြားပြားသိမှာပါ။ ဒါပေမဲ့ သူ အစာအိမ်မှန်ပြောင်းကြည့်ဖိုငြင်းပါတယ်။
2021 June လမှာ ဗိုက်နာလို့ပြန်လာပြပါတယ်။ ဒိတခါမှာလဲ အစာအိမ်မှန်ပြောင်းကြည့်ခိုင်းပေမဲ့ ငြင်းပြန်တယ်။ ( ကျနော်သူကို ရှင်းပြပါတယ် ကျနော်မဟုတ်ဘဲ ဒိပြင်ဆရာဝန်ဆိုရင် ခင်ဗျာ ဗိုက်နာတာ သည်းခြေကျောက်ကြောင့်ဆိုပြီ အခွဲခံရလိပ်မယ်လို့တောင်သတိပေးလိုက်ပါသေးတယ်။
ကျနော် အင်္ဂလန်ပြန်နေတဲ့ အချိန် December လထဲမှာဗိုက်ပြန်နာလို့ တခြားခွဲစိတ်ဆရာဝန်ကိုပြတော့ သူဗိုက်နာတာ သည်းခြေကျောက်ကြောင့် ဆိုပြီး Laparoscopic Cholecystectomy လုပ်လိုက်ပါတယ်။ ခွဲပြီးလို့ ၁၀ ရက်လောက် မှာ လူနာကဝမ်းမဲမဲတွေစ သွားပါတော့တယ်။ အဲဒိတော့မှ အစာအိမ်မှန်ပြောင်းကြည့်တော့ အစာအိမ်အထွက်က အူသိမ်မှာ အနာအကြီးကြီဖြစ်ပြီ သွေးထွက်နေတာပါ။ သွေးတွေသွင်းပေမဲ့ ဘယ်လိုမှ မသက်သာ လို့ နောက်ဆုံး ကျနော် အင်္ဂလန်ကပြန်ရောက်တဲ့ အချိန် January လထဲမှာလာပြပါတယ်။ ကျနော် မှန်ပြောင်းကြည့်ပြီးအနာကသွေးထွက်နေတာကိုရပ်အောင်လုပ်ပေမဲ့ မရလို့ ဗိုက်ဖွင့်ပြီး ချုပ်ပါတယ်။ ဒါပေမဲ့ ၃ ရက်နေတော့ နောက်တခါသွေးပြန်ထွက်ပြီးဆုံးသွားပါတယ်။
(ပုံ ၁ - ၂ မှာ ဒိလူနာရဲ့ အစာအိမ်အထွက်မှာရှိနေတဲ့အနာကိုပြထားပါတယ်။)
ဒိလူနာဆီက သင်ခန်းစာယူရမှာကတော့ (ဗိုက်နာတိုင်း သည်းခြေကျောက်ကြောင့် မဟုတ်ဘူးဆိုတာပါ။ သည်းခြေအိတ်အနီးမှာရှိတဲ့ အစာအိမ်၊ အသည်း၊ ပန်ကရိယ၊ အူမကြီး၊ ညာဖက်ကျောက်ကပ်တို့မှာ အနာရောဂါရှိရင်လည်း ဗိုက်နာတတ်ပါတယ်။)
♻️♻️♻️လူနာနံပါတ် (၂)♻️♻️♻️
ဒိလူနာကတော့ အသက် ၆၀ အရွယ်အမျိုးသမီးပါ။ ၂၀၁၈ နှစ်တုံးက စစ်ကိုင်းဖက်မှာရှိတဲ့ ကုသိုလ်ဖြစ်ဆေးရုံတခုမှာ သည်းခြေအိတ်ကို မှန်ပြောင်းကြည့်ပြီးခွဲထုတ်ထားပါတယ်။ ခွဲပြီး သည်းခြေရည် စိမ့်ထွက်ပြီး အနာပိုးဝင်လို့ ပြန်ဖွင့်ရပါတယ်။
၂၀၁၉ မှာတော့ အလည်လာတဲ့ ဂျပန်ဆရာဝန်တယောက်ကပါ ဝင်ခွဲပေးပါသေးတယ်။ ကျနော်ဆီ ၂၀၂၃ လာပြတဲ့အချိန် မှာ ၆ ခါခွဲပြီးပါပြီ။ လာပြရတဲ့ အဓိကအကြောင်းကတော့ ခွဲထားတဲ့ အနာက ပြည်တစိုစိုနဲ့ မကျက်ဘဲ၊ အူကျွန်တာ (Incisional Hernia) လဲဖြစ်နေလို့ပါ။ ကျနော် ခွဲခန်းမှာ မေ့ဆေးပေးပြီး ဖွင့်ကြည့်တော့ ချုပ်ထားတဲ့ Nylon ကြိုးနဲ့ အူကျွံတာအတွက် ထဲ့ထားတဲ့ Nylon mesh မှာပိုးဝင်လို့ အနာမကျက်ဖြစ်နေတာပါ။ ကျနော် အဲဒိ Nylon ကြိုး နဲ့ ပိုက်ကွန် ကို ဖြတ်ထုတ်ပြီး အနာကိုဖွင့်ထားလိုက်ရပါတယ်။ အသားနူ (Granulation tissue) တက်လာတော့မှ ခွဲခန်းနောက်တခါခေါ်ပြီး အနာကိုချုပ်ပေးလိုက်ရပါတယ်။ ဒိအနာကျက်ဖို့ ၃ လလောက်ကြာပါတယ်။ အနာကျက်ပေမဲ့ အူကျွမ်တာ (Incisional Hernia) တော့ရှိတုံးပါ။
✅ လူနာပြောသွားတာကတော့ ကျွန်မ သည်းခြေအိပ်အခွဲခံလိုက်တာ မှားသွားပါတယ်တဲ့။ ပြီးခဲ့တဲ့ ၆ နှစ်ကတော့ ကျွန်မအတွက်တော့ ငရဲကျနေသလိုပါဘဲတဲ့။
(ပုံ ၃ - ၁၂) ကိုကြည့်ပါ။
♻️♻️♻️ ပြည်သူအများအတွက်ပေးခြင်တဲ့ သတင်းစကါး။ ♻️♻️♻️
===============================================
၁။ ပြည်သူအများအနေ နဲ့ ဒိလူနာတွေ ရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး၊ သင်ခန်းစာ အများကြီး ယူသွားမယ်လို့ထင်ပါတယ်။
၂။ ခွဲစိတ်ကုသမှု့ဟာ သဘာဝတရားနဲ့ ဆန်ကျင်ပြီး လုပ်ရတာပါ။ နဲနဲလေးမှ အတိမ်းအစောင်းမခံပါဘူး။ နဲနဲလေးမှားလိုက်တာနဲ့ လူနာ ဒုက္ခိတဘဝရောက်သွားနှိုင်ပါတယ်။ အဆင်မသင့်ရင် အသက်ဆုံးရှုံးရနှိုင်ပါတယ်။ ဒါကြောင့် ခွဲစိတ်ဆရာဝန်က ခွဲမယ်ဆိုတိုင်း မခွဲသေးဘဲနောက် ယုံကြည်စိတ်ချရနှိုင်တဲ့ ဆရာဝန်တယောက်နဲ့ ထပ်တိုင်ပင်ကြည့်သင့်ပါတယ်။ ခွဲစိတ်ဆရာဝန်ဆိုတာ လူနာကိုခွဲပေးရင် ပိုက်ဆံရပါတယ်။ ဒါကြောင့် ခွဲပါဆိုပြီး ဘက်လိုက်တဲ့ အကြံမျိုးပေးနှိုင်လို့ပါ။ ခွဲစိတ်ဆရာဝန်တိုင်းအဲဒိလိုစိတ်ထားမျိုးရှိတယ်လို့ မဆိုလိုပါ။ လူနာ နဲ့ လူနာရှင်များ စဉ်းစားဆုံးဖြတ်နှိုင်အောင်သတိပေးတဲ့သဘောပါ။ ခွဲတာ / မခွဲတာကတော့ လူနာတွေရဲ့ဆုံးဖြတ်ချက်ပါ။
၃။ Because such a high percentage of patients remain asymptomatic throughout their lives, international guidelines (such as those from the EAES and Tokyo Guidelines) generally recommend "watchful waiting" rather than prophylactic surgery for asymptomatic cases, unless specific high-risk factors are present.