30/12/2025
ကိုယ်တွေလည်း အရင်ကတော့ ကိုယ်ထင်သလိုဖြစ်မလာရင် စိတ်တွေပူ ဒေါသတွေထွက် ပူလောင်ခဲ့ပေမဲ့ နောက်ပိုင်းတော့ ဖြစ်လာမဲ့ အရာတွေအတွက် ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့်ပြင်ထားလိုက်တာက စိတ်ပိုအေးချမ်းလာတယ်….
တချို့အရာတွေက ဘယ်လိုပဲစီစဉ်ထားပေမဲ့ ဖြစ်လာရမဲ့အကြောင်းရှိရင် ဖြစ်လာရတာပါပဲ…
ဖြစ်လာမဲ့အရာတွေကို လက်ခံလိုက်တာက ပိုပြီးစိတ်သက်သာရာရစေတယ်.. လုပ်သင့်တာတွေ လုပ်ပြီးပြီဆိုရင်တော့ self control လုပ်လို့မရမဲ့အရာတွေအတွက် လွှတ်ချထားလိုက်တာ အကောင်းဆုံးပါပဲ….
"အတင်းလုပ်မယူပါနဲ့"
🔳 ဖိနပ်တစ်ရံက ကိုယ်နဲ့ မတော်ဘူးဆိုရင် အတင်းစွပ်ဖို့ မကြိုးစားပါနဲ့။ အတင်းစီးလိုက်ရင် လမ်းလျှောက်ရတာ နာကျင်မယ်၊ ကြာလာရင် ခြေထောက်ပဲ ပေါက်ပြဲဒဏ်ရာရသွားမယ်။
ဘဝဆိုတာလည်း ဒီလိုပါပဲ။ ကိုယ်နဲ့ မကိုက်ညီတဲ့အရာတွေကို အတင်းရယူထားဖို့ ကြိုးစားရင် ကိုယ်ပဲ နာကျင်ရလိမ့်မယ်။
"Let it flow" ဆိုတဲ့ စကားလိုပဲ အရာရာကို သဘာဝအတိုင်း စီးဆင်းခွင့် ပြုလိုက်တာက အကောင်းဆုံးပါပဲ။
🩶 လူမှုဆက်ဆံရေးမှာ အတင်းဆွဲမထားပါနဲ့
ကိုယ့်ဘဝထဲကနေ ထွက်သွားချင်တဲ့သူကို တံခါးဖွင့်ပေးလိုက်ပါ။ သူတို့ကို ဆွဲထားဖို့၊ ပြန်ချစ်လာအောင် တောင်းပန်ဖို့ ကြိုးစားနေတာက ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ဖျက်ဆီးနေသလိုပါပဲ။
တကယ်ချစ်တဲ့သူ၊ တကယ်မြတ်နိုးတဲ့သူဆိုတာ နှင်ထုတ်ရင်တောင် ထွက်သွားမှာ မဟုတ်ပါဘူး။ ဒါကြောင့် နေချင်တဲ့သူကို နေရာပေးပါ၊ သွားချင်တဲ့သူကို လမ်းဖယ်ပေးလိုက်ပါ။ ကိုယ့်ဘဝရထားကြီးပေါ်မှာ လိုက်ပါစီးနင်းမယ့်သူတွေက အဆင်းအတက် ရှိစမြဲမို့လို့ ဆင်းသွားတဲ့သူကို လိုက်ဆွဲမနေပါနဲ့တော့။
🩶 ရှင်းပြချက်တွေ (Explanations) ပေးဖို့ အတင်း မကြိုးစားပါနဲ့
လောကမှာ ကိုယ့်ကို နားလည်တဲ့သူအတွက် ရှင်းပြစရာ မလိုသလို၊ နားမလည်ချင်တဲ့သူအတွက်လည်း ဘယ်လောက်ရှင်းပြပြ အလကားပါပဲ။ ကိုယ့်စေတနာကို အထင်လွဲခံရတဲ့အခါ ဒေါသထွက်မိမှာ၊ ဝမ်းနည်းမိမှာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီလူတွေကို လိုက်ရှင်းပြပြီး ကိုယ့်မှန်ကန်ကြောင်း သက်သေပြဖို့ ကြိုးစားနေမယ့်အစား အချိန်တန်ရင် အမှန်တရားက ပေါ်လာမှာပါလေဆိုပြီး ဥပေက္ခာ ပြုတတ်ဖို့ လိုတယ်။
ကိုယ့်လိပ်ပြာ ကိုယ်လုံရင် ပြီးတာပါပဲ။ သူများပါးစပ်ဖျားမှာ လမ်းဆုံးမနေပါစေနဲ့။
🩶 အခွင့်အရေးတစ်ခုကို အတင်းတံခါးမခေါက်ပါနဲ့
ကြိုးစားသင့်သလောက် ကြိုးစားပြီးပြီ၊ လုပ်သင့်တာတွေ အကုန်လုပ်ပြီးပြီ။ ဒါပေမဲ့ ဖြစ်မလာဘူး၊ တံခါးပွင့်မလာဘူးဆိုရင် သတိပြုပါ။ အဲဒီတံခါးက ကိုယ့်အတွက် မဟုတ်လို့ပါ။
တံခါးတစ်ချပ်က တွန်းဖွင့်လို့ မရရင်၊ သော့ဖွင့်လို့ မရရင် အတင်းကန်ဖွင့်ပြီး ဝင်သွားဖို့ မကြိုးစားပါနဲ့။ အထဲမှာ ကိုယ်လိုချင်တဲ့အရာ ရှိချင်မှ ရှိမှာ။ တခါတလေကျရင် ကံတရားက ကိုယ့်အတွက် ပိုကောင်းတဲ့ တံခါးတစ်ချပ်ကို တခြားတစ်နေရာမှာ ဖွင့်ပေးထားတတ်ပါတယ်။ လမ်းကြောင်းပြောင်းဖို့ ဝန်မလေးပါနဲ့။
📌 ပျော်ရွှင်မှုကို အတင်းလိုက်မရှာပါနဲ့
ပျော်ရွှင်မှုဆိုတာ လိပ်ပြာလေးတစ်ကောင်လိုပါပဲ။ လိုက်ဖမ်းလေ ထွက်ပြေးလေပါပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဥယျာဉ်လေးသာယာအောင် အရင်လုပ်လိုက်ပါ။ လိပ်ပြာလေးတွေက သူ့အလိုလို ရောက်လာပါလိမ့်မယ်။
သူများဆီက ဂရုစိုက်မှု၊ သူများဆီက အချစ်ကို မျှော်လင့်ပြီး ပျော်ရွှင်ဖို့ ကြိုးစားတာက ရေကို လက်နဲ့ဆုပ်ကိုင်ထားသလိုပါပဲ။ ကြာကြာမခံပါဘူး။ ကိုယ့်ကိုယ်ကိုယ် အရင်ချစ်တတ်မှ ကိုယ့်ဆီကို အချစ်စစ်တွေ ရောက်လာမှာပါ။
🩶 ဘဝဆိုတာ ရုန်းကန်ရတာ (Struggle) ရှိပေမဲ့ ရုန်းရင်းဆန်ခတ် (Force) လုပ်ယူရတာမျိုးတော့ မဖြစ်သင့်ဘူး။
မိုးရွာရင် ထီးဆောင်းမယ်၊ နေပူရင် အရိပ်ခိုမယ်။ အခြေအနေကို လက်ခံပြီး အကောင်းဆုံး နေထိုင်သွားတာက ပညာရှိဆန်ပါတယ်။
မမြဲတဲ့အရာတွေကို မြဲအောင်လုပ်ဖို့၊ ပြောင်းလဲသွားတဲ့ စိတ်တွေကို အရင်လို ပြန်ဖြစ်အောင်လုပ်ဖို့ အတင်း အားထုတ်နေရင် ပင်ပန်းရုံပဲ ရှိမှာပါ။
ဒါကြောင့်...
လက်ထဲမှာ ဆုပ်ကိုင်ထားလို့ နာကျင်နေပြီဆိုရင် လက်လွှတ်လိုက်ဖို့ မကြောက်ပါနဲ့။ လက်လွှတ်လိုက်ခြင်း (Letting go) ဆိုတာ ရှုံးနိမ့်ခြင်း မဟုတ်ပါဘူး။ ကိုယ့်စိတ်ချမ်းသာမှုကို ရွေးချယ်လိုက်ခြင်းသာ ဖြစ်ပါတယ်။
☘️သင့်နဲ့ထိုက်တန်တဲ့အရာဆိုရင် အေးအေးဆေးဆေးနဲ့ကို သင့်ဆီ ရောက်လာပါလိမ့်မယ်။
_____________________________________________
ဆရာမဉာဏ၏စာအုပ်များကို City Mart စင်တာများနဲ့ အမြို့မြို့အနယ်နယ် စာအုပ်ဆိုင်များမှာ ဝယ်ယူရရှိနိုင်ပါတယ်။ Online က မှာယူလိုပါလျှင် Page Messenger ကနေ လာရောက်မှာယူနိုင်ပါတယ်။
#ဉာဏ
December 30, 2025