ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ အောင်ရမည်မှာ မလွဲပါ။

  • Home
  • Myanmar
  • Yangon
  • ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ အောင်ရမည်မှာ မလွဲပါ။

ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ အောင်ရမည်မှာ မလွဲပါ။ This page intended to people who are not happy and healthy. To follow this page you will gain a lot of information that how to be happy and healthy.

31/12/2020

အွန်လိုင်း၊ အမျိုးသမီးနဲ့ တရားဥပဒေစိုးမိုးမှု

မျိုးသာထက်

ကိုဗစ်-၁၉ က တကမ္ဘာလုံးကို ဒုက္ခပေးထားတာ တနှစ်ကျော်သွားပါပြီ။ အလုပ်ကောင်းကောင်းမလုပ်ရ၊ အစားကောင်းကောင်းမစားရ၊ သွားချင်ရာမသွားရ၊ ရင်းရင်းနှီးနှီးမနေရ စသဖြင့် တသက်လုံးနေထိုင်ခဲ့ကြတဲ့ပုံစံနဲ့မတူတဲ့ စည်းကမ်းချက်များစွာနဲ့ နေထိုင်ကြရပါတယ်။

ကိုဗစ်-၁၉ ခေတ်မှာ မသေအောင် အသက်ကိုမွေးမြူကြရပါတယ်။ ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဘူးဆိုပေမယ့် သေချင်ရင်လည်း နေ့မြင်ညပျောက်ပါပဲ။ အပေါင်းအသင်းမိတ်ဆွေရဲ့ မိဘတွေ၊ ညီအကိုတွေ၊ သားချင်းတွေ တဖြုတ်ဖြုတ်နဲ့ ကြွေလင့်နေကြတာကို ကောင်းရာသုဂတိလားပါစေလို့ပဲ ဆုတောင်းပေးနိုင်ပါတယ်။ တယောက်တော့ သွားပြန်ပြီလို့ပဲ တွေးဆရပါတယ်။ ကိုယ့်အလှည့်မရောက်အောင် ပိုသတိထားလို့ ကိုယ့်အသက်ကိုပိုစောင့်ရှောက်ရပါတယ်။

ကိုဗစ်-၁၉ က ကမ္ဘာ့ကပ်ရောဂါပါ။ မြန်မာတပြည်တည်းမှ ကွက်ဖြစ်နေတာမျိုးလည်း မဟုတ်ပါဘူး။ မြန်မာက ကိုဗစ်-၁၉ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေထဲမပါပေမယ့် ပိုးကူးစက်သူက သိန်းနဲ့ချီရှိနေပြီး သေဆုံးနှုန်းကလည်း သုံးထောင်ကိုကပ်လာနေပြီဆိုတော့ နည်းတဲ့အထဲတော့လည်း မပါပါဘူး။ ဒေသတွင်းမှာဆိုရင် တတိယအဆင့်လောက််မှာရှိနေပါတယ်။ ဒါကြောင့် အကွက်ရွှေ့မှားရင် သေမင်းအစားခံရမယ့်ကိန်းတော့ရှိနေဆဲပါ။

အင်န်အယ်လ်ဒီအစိုးရနဲ့ ကျန်းမာရေးဝန်ထမ်းတွေကတော့ တိုင်းပြည်နဲ့ပြည်သူတွေအတွက် အကောင်းဆုံးအစီအမံတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာကို တွေ့ပါတယ်။ ဘယ်လောက်ပဲစောင့်ရှောက်မှုပေးပေးပါ၊ ရောဂါမဖြစ်တာက အကောင်းဆုံးမို့ အတတ်နိုင်ဆုံးအပြင်မထွက်နဲ့၊ မတတ်သာလို့ထွက်ရရင်လည်း နှာခေါင်းစည်းတပ်၊ မျက်နှာကာတပ်၊ လက်ဆေး၊ ခပ်ခွာခွာနေဆိုတဲ့ စည်းကမ်းတွေကို လိုက်နာကြရမှာပါ။

အင်န်အယ်လ်ဒီအစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေလည်း ဝယ်ထားပြီးပြီမို့ ရတဲ့အခါကျရင် အဆင့်လိုက်ထိုးနှံမှုတွေလုပ်သွားမယ်၊ တယောက်မှမကျန်စေရဘူးလို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောထားပါတယ်။

ကိုဗစ်-၁၉ က မလိုအပ်ဘဲ အပြင်မထွက်ရဘူး၊ အိမ်ထဲမှာပဲနေရမယ်။ အထူးသဖြင့် ရန်ကုန်မြို့က အိမ်ပြင်မထွက်ရစည်းကမ်းထုတ်ခံထားရတော့ အိမ်ထဲပဲအဓိကနေရပါတယ်။ တဖက်မှာလည်း အသက်မွေးဝမ်းကျောင်းအတွက် ထွက်သင့်သူတွေထွက်၊ သွားတဲ့သူတွေကသွားနဲ့ မငတ်ရအောင် အလုပ်လုပ်သူတွေလည်း လုပ်နေကြတာပါပဲ။ အစိုးရကလည်း အမြဲတမ်းထောက်ပံ့နိုင်တာ မဟုတ်လေတော့ ကြည့်နေရမှာပါပဲ။

ဒီမှာလည်း တချို့က အစိုးရဟာ အမိန့်တွေအမျိုးမျိုးထုတ်ထားပေမယ့် အရေးယူတာလည်းမဟုတ်ဘူး၊ ဟိုလိုပဲဒီလိုပဲဆိုပြီး ပြောဆိုဝေဖန်တာတွေကိုလည်း ဖေ့စ်ဘုတ်မှာဖတ်ရပါတယ်။ တကယ်တော့ ဒီလိုပြဿနာတွေဟာ မြန်မာတနိုင်ံငံတည်းမှာဖြစ်နေတာမဟုတ်ဘဲ တကမ္ဘာလုံးမှာ အလားတူပြဿနာတွေတက်နေတာဖြစ်ပါတယ်။ နိုင်ငံအချင်းချင်းကြား နယ်နမိတ်မှာဖြစ်ဖြစ်၊ နိုင်ငံ့မြို့တော်တွေမှာဖြစ်ဖြစ် စည်းကမ်းတွေဟာထုတ်လိုက်၊ လိုက်နာလိုက်၊ ဖောက်ဖျက်လိုက်၊ ညှိယူရလိုက်၊ ဆန္ဒပြလိုက် အမျိုးမျိုးကိုဖြစ်ပြီး ပွဲစည်နေတော့တာပါပဲ။ ပြည်သူတွေကသာ အသိစိတ်ဓာတ်နဲ့ အကောင်းဆုံးကိုလိုက်နာကြတာဟာ တိုင်းပြည်အတွက်ရော ကိုယ့်အတွက်ပါ အကောင်းဆုံးပါပဲ။

ကိုဗစ်-၁၉ ခေတ်မှာ ပြည်သူတွေဟာ နဂိုကထက် အွန်လိုင်းပေါ်ရောက်ကုန်ပါတယ်။ အများစုကတော့ ဖေ့စ်ဘုတ်ပေါ်ပေါ့။ ဖေ့စ်ဘုတ်ပေါ်မှာ တိုင်းပြည်မှာဖြစ်ပျက်နေတာတွေကို သတင်းအနေနဲ့ သိနိုင်ဖတ်နိုင်သလို တခြားကိုယ်စိတ်ဝင်စားရာတွေကို လိုက်လံဖတ်ရှုနိုင်ကြပါတယ်။

တချိ့လည်း ဖေ့စ်ဘုတ်ပေါ်ကနေ ဈေးရောင်းဈေးဝယ်ကြပါတယ်။ ဈေးသည်တွေအလုပ်ဖြစ်တဲ့ကာလလို့ ပြောလည်းရပါတယ်။ နဂိုတခြားအလုပ်လုပ်သူတွေတောင် ကိုဗစ်-၁၉ ခေတ်မှာ ဈေးရောင်းလာကြပါတယ်။

အနုပညာရှင်တွေ၊ သတင်းသမားတွေနဲ့ လူစုံဟာ ကိုယ်သန်ရာကို ဈေးကွက်တင်လာကြပါတယ်။ ဒါကို သတိပြုမိတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒစ်ဂျစ်တယ်စီးပွားရေးကို အားပေးဖို့ ပြည်သူတွေတဦးချင်းက ဒါတွေကို နားလည်စေဖို့ အစိုးရရုပ်သံကနေ ဒစ်ဂျစ်တယ်စီးပွားရေး စကားဝိုင်းတွေလုပ်စေပါတယ်။ အွန်လိုင်းကနေတဆင့် ပြည်သူတွေအတွက် စီးပွားရေး၊ ကြီးပွားရေးနဲ့ ပညာသင်ယူရေးတွေလုပ်ကိုင်ဖို့ အခွင့်အလမ်းတွေရှိတဲ့အကြောင်း ပြောပြဆွေးနွေးစေပါတယ်။

အွန်လိုင်းကနေ ဈေးကွက်ဖော်တဲ့အခါ အမျိုးသမီးတွေအတွက် အခွင့်အရေးက ပိုများတယ်လို့ ခံစားရပါတယ်။ အမျိုးသမီးတွေက အများအားဖြင့် ဆွဲဆောင်မှုရှိတဲ့အခါ သူတို့ဆီကိုစိတ်ဝင်စားမှုတွေက ပိုရောက်ပါတယ်။ အွန်လိုင်းကနေ လိုက်ဖ်ဈေးရောင်းတာတွေကိုကြည့်ရင် အမျိုးသမီးဦးရေက ပိုများပါတယ်။

ကိုဗစ်-၁၉ ခေတ်ဟာ အမျိုးသမီးတွေခေတ်လို့တောင် ပြောလို့ရပါတယ်။ အထူးသဖြင့် ကိုဗစ်-၁၉ ခေတ်မှာ လူတွေဟာ လေ့ကျင့်ခန်းတွေလုပ်၊ အလှတွေပိုပြင်ပြီး ပိုလှအောင်ဆောင်ရွက်လာကြတာမှာလည်း အမျိုးသမီးတွေကများပါတယ်။ အပြိုင်အဆိုင်ရှိသူတွေက တိုးတက်ကြစမြဲမို့ အမျိုးသမီးတွေက ရှေ့တန်းပိုရောက်လာသလားတော့ မသိပါဘူး။

ဒီဘက်ခေတ်မှာဆိုရင် အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေ၊ တက္ကသိုလ်တွေမှာ ထိပ်တန်းရာထူးတွေကို ရယူထားသူတွေထဲ အမျိုးသမီးတွေဟာ အရေအတွက် အရင်ကထက်များပြားလာတာကိုလည်း သတိပြုမိပါတယ်။ နိုင်ငံတော်ရဲ့ခေါင်းဆောင်ကိုယ်တိုင်က အမျိုးသမီးတဦးဖြစ်နေတာပဲမဟုတ်ပါလား။

ကိုဗစ်-၁၉ ခေတ်မှာ ကိစ္စတော်တော်များများကို မျက်စိဒေါက်ထောက်ကြည့်လာကြပါတယ်။ လူတွေဟာ အိမ်ထဲမှာပဲ အချိန်အကြာကြီးနေလာရတဲ့အခါ အများအားဖြင့် ပျင်းလာကြပါတယ်။ ပုံမှန်စာရေးစာဖတ်၊ ဈေးရောင်း၊ အိမ်ကအလုပ်လုပ်တာအပြင် အချိန်အားတွေရှိလာရင် တရားအားထုတ်တာ၊ ဝါသနာတခုခုကို လုပ်နေတာမျိုးမဟုတ်ဘူးဆိုရင် ကိုယ့်ဝန်းကျင်မှာ၊ ကိုယ့်တိုင်းပြည်မှာ၊ ကိုယ့်ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေပြီလဲ၊ ဘာတွေထူးနေသလဲဆိုပြီး စပ်စုကြတဲ့အလေ့ဟာ အရင်ထက် ကိုဗစ်-၁၉ ခေတ်မှာ ပိုများပြားလာပါတယ်။

လူတွေရဲ့သဘောမနောတွေကို စောကြောကြည့်ကြသလို အဖြစ်အပျက်တွေရဲ့ မတူညီစွာဖြစ်ပျက်မှုတွေကိုလည်း လေ့လာနေကြပါတယ်။ တယောက်ယောက်ရဲ့အမှားတွေကို သတိထားစောင့်ကြည့် နှိုင်းယှဉ်ကြည့်နေကြတာဖြစ်ပါတယ်။ အဲဒီမှာ တရားဥပဒေစိုးမိုးမှုဟာ ခေါင်းထောင်ထလာပါတယ်။ ဟိုလူကျတော့ ဘယ်လိုအရေးယူတာလဲ၊ ဒီလူကျတော့ ဟိုလိုအရေးမယူဘူးလား စသဖြင့် နှိုင်းယှဉ်ချိန်ထိုးလာကြပါတယ်။ အရင်က စိတ်မဝင်စားဘူးဆိုရင်တောင် အခုစိတ်ဝင်စားလာကြပါတယ်။

အချုပ်ဆိုရရင်တော့ ကိုဗစ်-၁၉ ခေတ်မှာ ပြည်သူတွေဟာ ပုံစံသစ်တရပ်နဲ့ မဖြစ်မနေနေထိုင်ရှင်သန်လာရပါတယ်။ နဂိုပုံစံအမူအကျင့်ဟောင်းတွေနဲ့ ဘယ်လိုမှနေထိုင်လို့မဖြစ်ပါဘူး။ အဲဒီနေရင်လည်း အခန့်မသင့်ရင် သေကြမှာဖြစ်ပါတယ်။

အရင်လိုရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်တွေ ကိုဗစ်-၁၉ ခေတ်မှာ နေလို့မရတော့ပါဘူး။ မျက်နှာချင်းဆိုင် စကားပြောချင်တာတွေ၊ ထမင်းလက်ဆုံစားတာတွေကို လုပ်လို့မရပါဘူး။ လုပ်ချင်ရင်တော့ ဇွန်းမီတင်တွေ၊ အွန်လိုင်းမှာ ဗီဒီယိုချက်တင်တွေခေါ်ပြီး လုပ်ကြမှာပဲရပါလိမ့်မယ်။

အမျိုးသမီးတွေကတော့ ကျင်းပပြီးစီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမှာလည်း အရင်ငါးနှစ်ကထက် ပိုမိုအရွေးခံရလို့ အမျိုးသမီးလွှတ်တော်အမတ်တွေ အရင်ထက်ပိုများလာသလို ကိုဗစ်-၁၉ ခေတ်မှာလည်း အမျိုးသမီးတွေရှေ့တန်းရောက်လာဦးမှာဖြစ်ပါတယ်။

တဖက်မှာတော့ ပြည်သူတွေဟာ အစိုးရကိုရော အခြားလူတွေကိုရော အရင်ကထက်အချိိန်ရလို့ ပိုစောင့်ကြည့်လာကြတာမို့ တရားဥပဒေစိုးမိုးရေးကို အစိုးရနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများကိုယ်တိုင်က မျှမျှတတသတိထားစောင့်ကြည့် ထိန်းကျောင်းဖို့လိုအပ်ပါကြောင်း တင်ပြရပါတယ်။

ဥပဒေအထက်မှာ မည်သူမျှမရှိစေရမူဟာ ကိုဗစ်-၁၉ ခေတ်မှာ သေချာအသက်ဝင်သင့်ပါပြီ။

21/12/2020

သဘာဝတရားမျှတမှုက ရှင်းတယ်၊ လူတွေလွဲပြောလို့သာ ရှုပ်တယ်။

မျိုးသာထက်

ခုတလောကြားရတဲ့ စကားလုံးတလုံးက သဘာဝတရားမျှတမှုတဲ့။ နားထောင်လို့တော့ကောင်းပါတယ်။ လက်တွေ့တွေ့မြင်ကြားသိနေရတာကျတော့ အလုပ်မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတွေကြောင့်ပဲ။ လူတွေဟာ အရူးတွေပဲ။ ဘုရားဟောလည်း အရှိသားပဲ၊ ပုထုဇ္ဇနော ဥမ္မတ္တကောတဲ့။

လူတွေဟာ တနည်းနည်းနဲ့ ရူးနေကြတာပဲ၊ သားရူးသမီးရူး၊ လင်တရူးမယားတရူး၊ ဥစ္စာရူးပညာရူး၊ နောက်ဆုံး ရာထူးရူးအာဏာရူးနဲ့ အရူးစုံလူ့ဘုံလို ဖြစ်နေကြတယ်။ တချို့ကလည်း ရူးမှထူးမှာလို့ ပြောကြသေးတယ်။ တခုခုကို ရူးသွပ်စွာနဲ့ လုပ်ကိုင်ဆောင်ရွက်နေမှပဲ အောင်မြင်မှုပန်းတိုင်ဆီကို ရောက်မယ့်သဘောပါ။

ဟုတ်တယ်၊ တရားအားထုတ်ရာမှာတောင် အားစိုက်ခွန်စိုက် စူးစူးစိုက်စိုက် သည်းသည်းသန်သန် တကယ့်ကိုမပြတ်တမ်း သတိမလွတ်တမ်း ဆင်ခြင်အားထုတ်နေမှ သူ့ရောက်သင့်ရောက်ထိုက်တဲ့အဆင့်တွေဆီကို တဖြည်းဖြည်းရောက်သွားတာမျိုးပဲ။

ဒီတော့ အရူးတွေ တနည်း ရူးသွပ်စွာလို့ပြောရင်း တမ်းတမ်းစွဲလုပ်နေကြ ပြောနေကြတဲ့အပေါ် ကောင်းတာလည်းပြောလို့ရသလို မကောင်းတာလည်း ပြောလို့ရနေပါတယ်။ အဓိက ကတော့ လုပ်နည်းလုပ်ဟန်နဲ့ ဘယ်သူက ပြောတာလဲ၊ ဘာလုပ်နေတာလဲလို့ ပြန်ကြည့်ကြရပါလိမ့်မယ်။

တသက်လုံးမကောင်းခဲ့တဲ့သူတွေက သဘာဝတရားမျှတမှုဆိုတဲ့ စကားလုံးကိုသုံးတော့ ဘယ်လိုလုပ်နားထောင်ကောင်းတော့မလဲ။ လူတွေက ရယ်ကြတာပေါ့၊ မရိုင်းချင်ရင်တောင် ပြုံးကြတာပေါ့။ ကျလည်းကျတဲ့ကောင်တွေကွာလို့ ပြောကြတာပေါ့။

မြန်မာပြည်ကို စစ်အာဏာရှင်တွေက နှစ်ပေါင်းများစွာကြာအောင် အဓမ္မအာဏာသိမ်း အုပ်ချုပ်ခဲ့တယ်။ ပြည်သူ့ရင်ထဲက ပေါက်ဖွားခဲ့တဲ့ ပြည်သူ့အစိုးရမျိုး ဥပမာ လက်ရှိအင်န်အယ်လ်ဒီလိုအစိုးရမျိုးတွေ မဟုတ်ခဲ့ပါဘူး။

အာဏာဟာ သေနတ်ပြောင်းဝကလာတယ်လို့ ပြောရလောက်အောင် လက်နက်ပြပြီး လက်နက်ကိုင်ပြီး မလှန်ရဲမပြုရဲအောင် ဖိနှိပ်အုပ်ချုပ်ထားခဲ့ကြတာ။ ပြည်သူ့ထောက်ခံမှုမြူမှုန်တစက်တောင် မရှိခဲ့ဘူးပေါ့။

အဲဒီလိုပြည်သူတွေကို ပိပြားအောင်ဖိထားရင်း ငြိမ်ဝပ်နေအောင် စစ်အာဏာရှင်တွေက တရားမဲ့အုပ်ချုပ်ထားခဲ့တာက တနှစ်လည်းမဟုတ်ဘူး၊ ဆယ်နှစ်လည်းမဟုတ်ဘူး။ နှစ်ပေါင်း ၅၀ ကျော်တောင်။ ဘယ်မှာလဲ သဘာဝတရားမျှတမှု။ ကြားဖူးဖို့ဝေးစွ၊ စိတ်ကူးထဲမှာတောင် မရှိခဲ့ကြပါဘူး။

ပြည်သူတွေဟာ ညည်းတွားရင်း အော်ဟစ်ရင်း ဆဲဆိုရင်း ကျိန်ဆဲရင်း အသက်တွေထွက်သွားခဲ့ကြတယ်၊ ဘဝတွေပျက်သွားခဲ့တယ်၊ မိသားစုတွေတစစီကွဲကြေသွားခဲ့တယ်။ သဘာဝတရားမျှတမှုဆိုတာ သူတို့အိပ်မက်ထဲမှာတောင် မရှိပါဘူး။ အကျဉ်းထောင်ထဲမှာလည်း မရှိပါဘူး။ သင်္ချိုင်းကုန်းမှာလည်း မရှိပါဘူး။ ဘယ်မှာမှမရှိပါဘူး။

လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်က မြန်မာပြည်မှာတိုက်ခတ်သွားခဲ့တဲ့ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းလောက် ဆိုးရွားတာရှိဦးမလား။ အခုကြုံတွေ့နေကြတဲ့ ကိုဗစ်-၁၉ ဆိုတာ ဘာမှမဟုတ်ဘူး။ နာဂစ်ကြောင့် တရက်နှစ်ရက်အတွင်း လူတွေသိန်းနဲ့ချီသေသွားခဲ့ပြီး၊ သန်းနဲ့ချီဘဝတွေပျက်သွားခဲ့တယ်။ ပြီးခဲ့တဲ့ ၂၄ နာရီ၊ ၄၈ နာရီက အကောင်းကြီး၊ နာရီပိုင်းအတွင်း ချက်ချင်းဆိုသလို ဘဝတွေပျက်သွားလိုက်တာ အင်မတန်ကံဆိုးကြတဲ့ပြည်သူတွေပဲ။

အဲဒီထက်ပိုဆိုးတဲ့ကံကြီးတခုရှိလာပြန်တယ်။ စစ်အာဏာရှင်တွေဟာ ပြည်သူတွေသန်းနဲ့ချီဒုက္ခရောက်နေတာကို တချက်ကလေးမှ လှည့်မကြည့်ကြဘူး။ သူတို့အာဏာတည်မြဲရေးနဲ့ အထွက်လှရေးအတွက်ကို လုံးပန်းနေခဲ့ကြတယ်။ နိုင်ငံတော်ကိုသံခြေကျင်းစွပ်ထားဖို့ ကြံဆောင်နေခဲ့ကြတယ်။ ယုတ်ကန်းတဲ့အကြံအစည်တွေနဲ့ ၂၀၀၈ ခြေဥဆိုတာကို အတင်းအဓမ္မအတည်ပြုလိုက်ကြတယ်။ ပြည်သူတွေရဲ့သွေးမျက်ရည်တွေ၊ ပြာမှုန်တွေကြားထဲမှာပေါ့။ ဘယ်မှာလဲ လူကြားကောင်းအောင် အော်နေပြောနေတဲ့ သဘာဝတရားမျှတမှု။ နာကျည်းကြေကွဲရလွန်းလို့ ရယ်စရာတောင်ကောင်းနေဦးမယ်။

ပြည်သူတွေရဲ့တောက်တချက်ချက်ခေါက်သံတွေ၊ မျက်ရည်တွေ၊ ကျိန်ဆဲသံတွေ ကြားနိုင်သူဆို အခုထက်ထိကြားလို့ကောင်းတုန်းပေါ့။ ဘယ်မှာလဲ သဘာဝတရားမျှတမှုတွေ။

အဲဒီသဘာဝတရားမျှတမှုဆိုတာ ကိုယ်ခံရမှလိုက်အော်တောင်းရတာမျိုးလား။ ကိုယ်လုပ်တုန်းက မလိုဘူးလား။ အခုထက်ထိ သံခြေချင်းစွပ်နိုင်ငံတော်က သက်သေပါ။ ပြည်သူ့အစိုးရတွေဟာ တိုင်းပြည်နဲ့လူထုအကျိုးရည် အားကြိုးမာန်တက် လုပ်ဆောင်ချင်သလောက် မလုပ်ဆောင်နိုင်စွမ်းဘူး။ သဘာဝတရားမျှတမှုတဲ့လား။

စကားစပ်လို့ပြောရရင် အခုတလောပဲ ဖေ့စ်ဘုတ်မှာ ဖတ်ရတာတွေက အမျိုးသမီးလေးတွေရဲ့ လိင်ဆိုင်ရာထိပါးစော်ကား ခံရမှုတွေအကြောင်းပဲ။ လိင်ဆိုင်ရာထိပါးစော်ကားခံရတာမျိုးကို တနည်းနဲ့တနည်း တမျိုးမဟုတ်တမျိုးနဲ့ မခံစားရဘူးသူ အမျိုးသမီးဆိုတာမရှိသလောက်ရှားပါတယ်။ တချို့က နီးနီးကပ်ကပ်လူတွေရဲ့ ထိပါးစော်ကားမှုတွေကို ခံခဲ့ကြရတယ်။ တချို့က အားကိုးယုံကြည်ထိုက်လောက်တဲ့လူတွေရဲ့ (အဲဒီထဲမှာ ကိုးကွယ်ခံရသူတွေထဲကတောင် ပါနေသေးတယ်) ထိပါးစော်ကားမှုတွေကိုတောင် ခံခဲ့ကြရတယ်။ ဘယ်မှာလဲ သဘာဝတရားမျှတမှု။

အခုတော့ အဲဒီခံစားခဲ့ရသူအမျိုးသမီးတွေဟာ ထုတ်ဖော်ပြောဆိုလာကြပြီ။ တကမ္ဘာလုံးမှာ ဒါဟာ ထရန်းလို့ပြောလို့ရအောင် တွင်ကျယ်လာခဲ့တယ်။ သူတို့တတွေဟာ အရင်လိုငြိမ်မနေကြတော့ဘဲ ငါလည်း အဲဒီလိုတွေ့ဆုံခံစားခဲ့ရဖူးတယ်ဆိုတဲ့ မီတူးလှုပ်ရှားမှုလို့ ဆိုကြတယ်။ လှုပ်ရှားလာကြတယ်၊ လှိုင်းတခုလို။

လိင်ပိုင်းဆိုင်ရာထိပါးစော်ကား ခံခဲ့ရတာကို ထုတ်ဖော်ပြောဆိုတာဟာ ရှက်စရာမဟုတ်ဘူး။ အဲဒီလိုလုပ်ခဲ့ကြသူတွေကမှ ရှက်စရာဆိုတာကို သဘောပေါက်လာကြတယ်။ ပြောလာကြတယ်။ သဘာဝတရားမျှတမှုကို ရှာလာကြပြီ။ သူတို့ ရှေ့တိုးလာခဲ့ကြပြီ။

သဘာဝတရားမျှတမှုဆိုတာ ကြားကောင်းရုံပြောရတဲ့ အော်ရတဲ့စကားလုံံးမဟုတ်ဘူး။ ကျင့်သုံးရတာမျိုးဖြစ်တယ်။ ကိုယ်ခံရတယ်လို့ဆင်ခြင်မိမှ ကျယ်ကျယ်ပြောရတာမဟုတ်ဘူး။ ကိုယ်လုပ်ခဲ့စဉ်ကလည်း ဆင်ခြင်ရတာမျိုးဖြစ်တယ်။ မလုပ်ရဘူး၊ မလုပ်သင့်ဘူး။ မဖြစ်သင့်ဘူး၊ ဆင်ခြင်ရမယ်လို့ နှလုံးသွင်းပြီး လူတယောက်ချင်းက ဂရုစိုက်ရတာမျိုး၊ ဆင်ခြင်ရတာမျိုးဖြစ်ပါတယ်။

လူ့သဘာဝကတော့ မကောင်းမှုမှာမွေ့လျော်ပါတယ်။ စိတ်ကိုလွှတ်ပေးထားလိုက်ချင်တယ်။ ရူးတဲ့အလုပ်တွေကို ပိုအားထည့်လုပ်ကိုင်တတ်ကြတယ်။ အထက်မှာပြောခဲ့သလို သားရူးသမီးရူးတယ်၊ လင်တရူးမယားတရူးတယ်၊ ဥစ္စာရူးပညာရူးကြတယ်၊ ရာထူးရူးအာဏာရူးကြတယ်။ ရာထူးရူးအာဏာရူးတာကတော့ အဆိုးဆုံးပဲ။ ကြည့်ရအဆိုးဆုံးပဲ၊ ယိုသူမရှက် မြင်သူရှက်ရတဲ့ကိစ္စပဲ။

ဒီဘက်ခေတ် တနည်း ကိုဗစ်-၁၉ ခေတ်မှာ ဖေ့စ်ဘုတ်ဆိုတာ ပြည်သူတွေရဲ့ဟစ်တိုင်ပဲ။ ပြည်သူတွေရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုရာခွင်ပဲ၊ နေရာပဲ။ ဖေ့စ်ဘုတ်မှာပြောဆိုဝေဖန်မှုတချို့ဟာ ထိရောက်မှုရှိတာလည်းတွေ့ရတယ်။ မြန်မာပြည်သူတွေဟာ ဖေ့စ်ဘုတ်ကို ထိထိရောက်ရောက်သုံးစွဲနေကြတယ်။ ဖေ့စ်ဘုတ်ရဲ့အားသာချက်က လျင်မြန်မှုပဲ။ ကိုဗစ်-၁၉ ခေတ်မှာ လူတွေဟာ သူတို့ရဲ့မွန်းကျပ်မှုတွေကို ဖေ့စ်ဘုတ်ကနေဖွင့်ချလို့ရနေကြတယ်။

ကိုယ်ကဖွင့်ချလိုက် သူများဖွင့်ချထားတာတွေကို ဖတ်လိုက်၊ ကိုယ့်အတွေးသူ့အတွေး တိုက်စစ်လိုက်၊ အများလက်ခံတဲ့အမှန်တရားကို လိုက်ရှာလိုက်နဲ့ ကိုဗစ်-၁၉ ခေတ် အပြင်မထွက်ရတဲ့ အချိန်ကာလတွေကို ဖေ့စ်ဘုတ်ပေါ်မှာ ပြည်သူတွေဟာ ကုန်လွန်ကုန်ဆုံးစေရင်း တလက်စတည်း ကြားကောင်းဖတ်ကောင်းတဲ့ သဘာဝတရားမျှတမှုဆိုတဲ့ စကားလုံးနဲ့ပက်ပင်းတိုးကြရတော့တယ်။

အဲဒီမှာပဲ အထက်ကပြောခဲ့သလို ရယ်စရာတွေ၊ ပြုံးစရာတွေ၊ ဟားစရာတွေဖြစ်ကုန်ပြီး သဘာဝတရားမျှတမှုဆိုတဲ့စကားလုံးဟာ တန်ဖိုးကျသွားပါတယ်။ လိုရာဆွဲပြောတဲ့အပြောတွေဖြစ်ကုန်ပြီး ကိုယ်လုပ်တော့တမျိုး၊ ခံရတယ်လို့ခံစားရတဲ့အခါကျတမျိုးဖြစ်သွားပါတယ်။ ခံရတယ်ဆိုတာကလည်း တကယ်တော့ အကြောင်းမဲ့ခံရတာမျိုးမဟုတ်ဘဲ အကြောင်းကြောင့်အကျိုးဖြစ်တာသာဖြစ်ပါတယ်။

သဘာဝက တရားပါတယ်၊ သဘာဝက မျှတပါတယ်။ လူတွေကသာ ဖောက်ပြန်ကြတာပါ၊ လူတွေကသာ ရူးမိုက်ကြတာပါ၊ လူတွေကသာ ကိုယ့်စိတ်ကိုယ်ထိန်းနိုင်ခဲတာပါ။ လူတွေကသာ ရာထူးရူးအာဏာရူးကြတာပါ။ သဘာဝတရားမျှတမှုဆိုတာ အမှန်ရှိပါတယ်။ လူတွေသာ ဆင်ခြင်ဉာဏ်မမဲ့ကြရင်ပေါ့။

This article was already printed in the First Weekly News Journal.

21/12/2020

ရွေးကောက်ပွဲအတွေ့အကြုံကပေးတဲ့ သတင်းစကား

မျိုးသာထက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးကား အောင်မြင်စွာကျင်းပပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ဟဲ ဟဲ၊ ကျွန်တော့်ဆောင်းပါးအဖွင့်စာပိုဒ်က ရွေးကော်လူကြီးတယောက်ရဲ့ ပြောဆိုစကားနဲ့တောင် တူနေပါသေးတယ်။ ရွေးကော်ကို မကျေနပ်တဲ့သူတွေကတော့ ကြိုက်ကြမှာမဟုတ်ပါဘူး။

ရွေးကော်လို့ အရပ်ခေါ်ခေါ်ကြတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ သူ့အောက်က အဆင့်ဆင့်သောရွေးကောက်ပွဲကော်မရှင်တွေကို ဘယ်သူတွေက မကြိုက်ကြတာလဲ။ တကယ်တမ်းပြောရရင်တော့ ရွေးကော်ကို မကြိုက်သူတွေများလှပါတယ်။

မဲဆန္ဒရှင်တွေလည်း မကြိုက်ကြပါဘူး။ ရွေးကော်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းကောက်တာနဲ့စပြီး ပြစ်တင်ဝေဖန်ခံရပါတယ်။ သူတို့က အရှိကောက်ဆိုပြီး ရွေးကောက်ပွဲမကျင်းပမီတနှစ်ကျော်လောက်ကစပြီး အိမ်ထောင်စုတွေကို မဲစာရင်းကောက်ပါတယ်။ ကောက်တဲ့အခါမှာလည်း အိမ်မှာရှိတဲ့သူကိုပဲ မေးမြန်းကောက်ယူခဲ့လို့ အဲဒီအချိန်က မရှိသူတချို့ကျန်ခဲ့တယ်၊ အိမ်ထောင်စုစာရင်းနဲ့ အခိုင်အမာနှစ်ပေါင်းများစွာ နေပါသော်လည်း မဲစာရင်းမှာ မပါတော့ဘူးလို့ ပြောကြတယ်။ အရင်ရွေးကောက်ပွဲတွေမှာ မဲပေးခွင့်ရပါလျက်နဲ့ ဒီတခေါက်ကျမှ မဲစာရင်းမှာမပါတော့တာ နစ်နာတယ်လို့ ပြောကြပါတယ်။

မဲဆန္ဒရှင်စာရင်းတွေကို အကြိမ်ကြိမ်ထုတ်ပြန်၊ အကြိမ်ကြိမ်ပြင်ဆင်ခွင့်ပေး၊ အွန်လိုင်းအော့ဖ်လိုင်းတွေလုပ်နဲ့ နောက်ဆုံးတော့ မဲဆန္ဒရှင်တော်တော်များများဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာ မဲပေးခွင့်ရခဲ့ကြပါတယ်။ တချို့တလေတော့လည်း မဲပေးခွင့်မရခဲ့ကြပါဘူး။ နစ်နာကြပါတယ်။ ဒါပေမဲ့ အများနဲ့လုပ်ရတော့ ချွတ်ယွင်းချက်တွေကတော့ ရှိမှာပါ။

တခါ ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးထဲမှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရွေးကော်ဟာ စီစဉ်ကျင်းပရပြန်ပါတယ်။ သာမန်အချိန််မှာဆိုရင်တောင် အလွန်တာဝန်ကြီးလေးလှတာ ကိုဗစ်-၁၉ နဲ့ တည့်တည့်တိုးတော့ အလုပ်တာဝန်တွေဟာ များပြားလှပြန်ပါတယ်။ ဒါပေမဲ့ ရွေးကော်ဟာ တာဝန်ကျေပွန်စွာနဲ့ အောင််အောင်မြင်မြင်ကျင်းပခဲ့ပါတယ်။

မဲဆန္ဒရှင်ပြည်သူတွေလည်း ကျန်းမာရေးမထိခိုက်အေောင်နဲ့ ရွေးကောက်ပွဲလည်း စနစ်တကျမှန်ကန်စွာနဲ့ ကျင်းပပြီးစီးအောင် ရွေးကော်ဟာ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါကိုတော့ လေးလေးနက်နက် အသိအမှတ်ပြုပါတယ်။

ရွေးကော်ကို မကြိုက်သူတွေထဲမှာ အရှုံးကြီးရှုံးခဲ့ကြတဲ့ နိုင်ငံရေးပါတီတွေပါပါတယ်။ ရှုံးမဲမဲပြီး အမျိုးမျိုးပြောနေတော့ ရွေးကော်ဥက္ကဋ္ဌက ဘာမှမပြောတော့ဘူး၊ ပြည်သူကိုသာရအောင်စည်းရုံးပါ၊ ပြည်သူတွေက ကိုယ့်ကိုယုံကြည်လာအောင်သာ အရင်လုပ်ပါလို့ အနက်ထွက်တဲ့စကားမျိုး နိုင်ငံရေးပါတီတွေေကိုပြန်ပြောပါတယ်။ တခါ စစ်တပ်ကလည်း ရွေးကော်ကို မကျေနပ်ပါဘူး။

ရွေးကော်ကတော့ သူ့အချိန်ဇယားအတိုင်း လုပ်သင့်တာတွေကို လုပ်နေတော့ အခုဆိုရင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အလိုက်နေရာအသီးသီးအတွက် ရွေးကောက်ပွဲဝင်ခဲ့ကြတဲ့ ကိုယ်စားလှယ်လောင်းတွေရခဲ့တဲ့ မဲရရာခိုင်နှုန်းတွေကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေဆိုပြီး နေ့စဉ်ရက်ဆက် အစိုးရသတင်းစာတွေမှာ အချပ်ပိုစာမျက်နှာတွေတွဲထည့်ပြီး ထုတ်ပြန်ပေးနေပါတယ်။

အဲဒီအချပ်ပိုစာမျက်နှာတွေဖတ်၊ မဲရရာခိုင်နှုန်းတွေကို လေ့လာကြည့်မှ အင်န်အယ်လ်ဒီဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပြတ်အသတ်ကို အနိုင်ရခဲ့တာကိုတွေ့ရပါတယ်။ အင်န်အယ်လ်ဒီနိုင်တဲ့ မဲဆန္ဒနယ်အများစုမှာ အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေဟာ ခိုင်လုံမဲစုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်၊ ၈၀ ရာခိုင်နှုန်းကျော်နဲ့ နိုင်ကြပါတယ်။ ဒါပေမဲ့ ခုဂဏန်း၊ ဆယ်ဂဏန်း၊ ရာဂဏန်းမဲအသာနဲ့ အနိုင်ရခဲ့တဲ့ မဲဆန္ဒနယ်တချို့ရှိခဲ့တာကိုလည်း သတိပြုဖွယ်တွေ့ရပါတယ်။

အဲဒီလိုပဲ မဲကွာခြားမှုရာဂဏန်းနဲ့ အင်န်အယ်လ်ဒီရှုံးခဲ့တာတွေကိုလည်း တွေ့ရပါတယ်။ မဲဆန္ဒရှင်နယ်တချို့မှာတော့ အင်န်အယ်လ်ဒီကိုယ်စားလှယ်လောင်းတွေဟာ အနိုင်မရခဲ့ဘူးဆိုရင်တောင် ပြည်သူတချို့ရဲ့ထောက်ခံမဲရာခိုင်နှုန်း တနည်း ရွေးကော်ကနေ ကိုယ်စားလှယ်လောင်းအာမခံံကြေးပြန်ထုတ်ပေးနိုင်တဲ့ မဲရာခိုင်နှုန်းလို့ဆိုရမယ့် ၁၂ ဒသမ ၅ ရာခိုင်နှုန်းကိုတောင် မရတာကိုလည်း သတိထားမိပါတယ်။

တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ အင်န်အယ်လ်ဒီအကြောင်းပြောအပြီး တခြားရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတွေဘက်ကိုကြည့်ရင်လည်း နိုင်ငံရေးပါတီခေါင်းဆောင်တွေရဲ့ ကိုယ့်ကိုယ်ကိုယ်ထင်တလုံးနဲ့ ပြောဆိုနေတာတွေဟာ ကိန်းဂဏန်းတွေနဲ့ ပြန်တိုက်စစ်တဲ့အခါ ထင်သလောက်မဟုတ်တာကို အများကြီးသွားတွေ့ပါတယ်။

သူရဦးရွှေမန်းဦးဆောင်တဲ့ပါတီဆိုရင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ခွက်ခွက်လန်အောင်ရှုံးနိမ့်ခဲ့ပါတယ်။ ဒါတောင် ပါတီခေါင်းဆောင်ကိုယ်တိုင် ရွေးကောက်ပွဲဝင်မပြိုင်ခဲ့လို့သာပါ။ ဝင်ပြိုင်ရင် တော်တော်ကြီးကို မျက်နှာပျက်စရာကောင်းလောက်အောင် အရှုံးကြီးရှုံးနိုင်ပါတယ်။

ပါတီခေါင်းဆောင်တွေအနေနဲ့ ဝင်ပြိုင်ခဲ့ကြတဲ့ ဦးကိုကိုကြီးနဲ့ ဒေါက်တာသက်သက်ခိုင်တို့ဆိုလည်း အရှုံးကြီးကြပါတယ်။ ဦးကိုကိုကြီးဆိုရင် ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီအရေးတော်ပုံကြီးက ထွက်ပေါ်လာတဲ့ အလွန်ထင်ရှားတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တယောက်မို့ အားပေးထောက်ခံသူတွေꩻ အလွန်လေးစားအထင်ကြီးသူတွေ အများကြီးရှိကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကိန်းဂဏန်းတွေက ပြသတဲ့လူထုထောက်ခံမှုမှာတော့ ဦးကိုကိုကြီးဟာ သူဝင်ပြိုင်ခဲ့တဲ့ မဲဆန္ဒနယ်မှာ ခိုင်လုံမဲရဲ့ ၃ ရာခိုင်နှုန်းပြည့်အောင်တောင် မရခဲ့ပါဘူး။

ဦးကိုကိုကြီးထက်စာရင် ဒေါက်တာသက်သက်ခိုင်ကတောင် နည်းနည်းတော်သေးတယ်လို့ ပြောလို့ရပါတယ်။ ဒေါက်တာသက်သက်ခိုင်က အရင်က အင်န်အယ်လ်ဒီအမတ်ပါ၊ နောက်မှ အင်န်အယ်လ်ဒီမှာ ပါတီခေါင်းဆောင်ကိုဝေဖန်တာများလို့ ပါတီနဲ့အဆင်မပြေဘဲ ပါတီသစ်ထူထောင်ပြီး ဦးကိုကိုကြီးပြိုင်ဘက် အင်န်အယ်လ်ဒီအမတ်လောင်းထက် ပုံရိပ်ပိုကြီးတဲ့ အင်န်အယ်လ်ဒီထိပ်တန်းခေါင်းဆောင်တဦးနဲ့ သူဝင်တဲ့မဲဆန္ဒနယ်အတွက် ရွေးကောက်ပွဲမှာပြိုင်ခဲ့ရပေမယ့် ခိုင်လုံမဲစုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းကျော်ရခဲ့ပါသေးတယ်။

တခါ ရန်ကုန်ကနေ တနင်္သာရီဘက်ဆင်းပြိုင်တဲ့ တသီးပုဂ္ဂလကကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်းဟာလည်း သူထင်သလောက်မဟုတ်ဘူးဆိုတာကို မဲရရာခိုင်နှုန်းကိန်းဂဏန်းတွေက ပြဆိုနေပါတယ်။ ရွေးကောက်ပွဲဝင်နိုင်ငံရေးသမားတချို့အနေနဲ့ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တန်းတူလောက်ကို သူတို့ကိုယ်သူတို့ထင်ထားကြတယ်လို့ ပြည်သူတယောက်အနေနဲ့ မြင်မိပါတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ ပြည်သူလူထုက သူတို့ကို အနိုင်ရလောက်အောင် မဲမပေးကြပါဘူး။

တဖက်မှာတော့ နိုင်ငံရေးဝေဖန်သုံးသပ်သူလို့ သူတို့ဘာသာတံဆိပ်ကပ်ထားတဲ့ ဒါမှမဟုတ် အဲဒီလိုတံဆိပ်တပ်တာကို သဘောကျတဲ့ ဝေဖန်ရေးဆရာတချို့ပါ။ တချို့ကျတော့လည်း မှန်မှန်ကန်ကန် မျှမျှတတ အရှိအရှိအတိုင်း မျက်မှောက်မြန်မာ့နိုင်ငံရေးကို သုံးသပ်ကြပါတယ်။ တချို့ကျတော့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို သာသာနဲ့နာနာနှက်ပြီး တိုက်ခိုက်ထိုးနှက် ဝေဖန်သုံးသပ်ကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ရလဒ်ဟာ ခုနပြောခဲ့တဲ့ဝေဖန်ရေးဆရာတွေ ပြောကြတာတွေနဲ့တကယ့်တလွဲပါပဲ။ တချို့တွေရဲ့ပြောဆိုထားတာတွေဆို သူတို့ဘာသာပြန်ဖတ်ပြီး သူတို့ရှက်မယ်ဆိုရှက်ဖို့တောင် ကောင်းနေပါသေးတယ်။ တကယ့်နိုင်ငံရေး ဝါ လက်တွေ့နိုင်ငံရေးဟာ သူတို့ပြောနေတာတွေနဲဲ့ ပြောင်းပြန်ဖြစ်တယ်ဆိုတာကို မဲဆန္ဒရှင်ပြည်သူတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီက သူတို့ကိုသင်ခန်းစာပေးလို့ သင်ပြပေးခဲ့ပါတယ်။

သတင်းမီဒီယာတချို့ကိုတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ကျေးဇူးတင်မိပါတယ်။ မဇ္ဈိမအပါအဝင် သတင်းမီဒီယာတချို့ဟာ ၂၀၂၀ ရွေးကောက်ပွဲနေ့နဲ့ နောက်ရက်တွေမှာ တော်တော်အစွမ်းပြခဲ့ကြပါတယ်။ နိုင်ငံတကာသတင်းမီဒီယာကြီးတွေက ရွေးကောက်ပွဲတင်ဆက်မှုတွေထက် အဆင့်မနိမ့်ဘဲ တင်ဆက်နိုင်စွမ်းရှိကြတာဟာ တကယ်ကိုချီးကျူးခြင်းငှာ ထိုက်တန်သူတွေဖြစ်ကြပါတယ်။

မြန်မာတွေဟာ တကယ်လုပ်ကြမယ်ဆိုရင် လုပ်နိုင်သူတွေဖြစ်တယ်ဆိုတာကို မြန်မာ့ပုဂ္ဂလိကသတင်းမီဒီယာတွေ အထူးသဖြင့် ရုပ်သံသတင်းမီဒီယာတွေက နမူနာပြလုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲဟာ နိုဝင်ဘာ ၈၊ ၂၀၂၀ တရက်တည်းကျင်းပခဲ့တယ်ဆိုပေမယ့် မျက်မှောက်မြန်မာ့နိုင်ငံရေးလောကရဲ့ အဖြစ်သနစ်တွေကို အကုန်ဆွဲလှန်ပြလိုက်သလိုပါပဲ။ ဘယ်သူဘာလဲ၊ ဘယ်လဲဆိုတာ အကုန်ထွက်ပေါ်လာပါတယ်။ ရွေးကောက်ပွဲမတိုင်ခင်က ဘယ်လ်ိုလဲ၊ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်လာပြီးချိန် ဘာတွေဖြစ်ကုန်သလဲဆိုတာ ကြည့်တတ်ရင်မြင်နိုင်ပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွေ့အကြုံနဲ့ ရလဒ်က ပေးတဲ့ သတင်းစကားကတော့ အလွန်ကို ရှင်းလင်းပါတယ်။ ပြည်သူတွေဟာ လက်ရှိတိုင်းပြည်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရကိုကြိုက်တယ်၊ သဘောကျတယ်၊ ဆက်ပြီးတိုင်းပြည်ကိုစီမံခန့်ခွဲဖို့ အခွင့်အရေးပေးတယ်ဆိုတာ ရှင်းပါတယ်။

ကိုယ့်ကိုယ်ကိုယ်အထင်ကြီးကြတဲ့ နိုင်ငံရေးသမားတချို့နဲ့ ဝေဖန်ရေးဆရာတချို့ကို ကိုယ့်ကိုယ်ကိုယ်ပြန်လှန်ဆန်းစစ် ဝေဖန်သုံးသပ်ကြဖို့နဲ့ ပြည်သူနဲ့တသားတည်းကျအောင် နေကြတွေးကြဖို့ အများကြီးကြိုးစားဖို့ လိုနေသေးတယ်ဆိုတာကို မဲဆန္ဒရှင်ပြည်သူတွေက မဲပေးရင်းကနေ သင်ကြားပို့ချ ပြသပေးလိုက်ကြပါတယ်။

သတင်းမီဒီယာတွေဟာလည်း မိမိတို့အလုပ်ကို အကောင်းဆုံးကြိုးစားအားထုတ်လုပ်ကိုင်ခြင်းဖြင့် ပြည်သူတွေရဲ့လေးစားယုံကြည်မှုကို အသိအမှတ်ပြုမှုကို ရရှိနိုင်တယ်ဆိုတာပါပဲ။ တကယ်တော့ သတင်းမီဒီယာတွေဟာ ဒိမိုကရေစီကိုလျှောက်သောလမ်းမှာ ပြည်သူတွေအတွက် နား၊ မျက်စိတွေပဲ မဟုတ်ပါလားဗျာ။

This article was already printed in the First Weekly News Journal.

21/12/2020

ခေတ်ပြောင်းသွားပြီ လိုက်မလား၊ ပြေးမလား။

မျိုးသာထက်

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ သတင်းမီဒီယာတွေက ထုံးစံအတိုင်း အစွမ်းပြကြပါတယ်၊ ရသလောက်ပေါ့။ အဲဒီမှာ ထိုးထွက်လာတာက ပုဂ္ဂလိကရုပ်သံမီဒီယာတွေပဲ။ သူတို့ဟာ စောစောပိုင်းက ဝပ်သလိုဖြစ်နေကြပေမယ့် ရွေးကောက်ပွဲရက်တွေအတွင်းမှာတော့ တော်တော်အစွမ်းပြခဲ့ကြပါတယ်။

ရုပ်သံသတင်းမီဒီယာတွေထဲမှာမှ မဇ္ဈိမဟာ တမျိုးတဘာသာထူးခဲ့တယ်။ တိုက်ရိုက်လိုက်ဖ်တင်ဆက်မှုတွေချည်း လုပ်ခဲ့တယ်။ ပြည်သူတွေကလည်း ကိုဗစ်-၁၉ ခေတ်မို့ အိမ်ထဲပိတ်မိနေကြချိန်၊ သူတို့စိတ်ဝင်စားတဲ့ ရွေးကောက်ပွဲကိုလည်း ရာခိုင်နှုန်းပြည့်စိတ်ဝင်စားချိန်မို့ မဇ္ဈိမရုပ်သံလိုင်းရှေ့မှာ မျက်တောင်မခတ်တမ်းထိိုင်နေခဲ့ကြတယ်။

ဒီဆောင်းပါးက မဇ္ဈိမချီးကျူးခန်းမဟုတ်ပါဘူး။ မဇ္ဈိမသတင်းထောက်တွေ တိုက်ရိုက်လိုက်ဖ် အင်တာဗျူးတွေမှာ ပါလာတတ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်သော အစိုးရအရာရှိများရဲ့ သတင်းမီဒီယာတွေကို တိုက်ရိုက်ဖြေကြား ဆွေးနွေးမှုတွေကို ချီးကျူးချင်တာပါ။

အရင်နှစ်အနည်းငယ်ကပဲ ဒီလူတွေ၊ အစိုးရအရာရှိတွေကို အင်တာဗျူးမေးဖို့ဟာ သိပ်အလွယ်ကြီးတော့ မဟုတ်ပါဘူး။ တချို့အရစ်ရှည်သူတွေက စာတင်ဘာတင်နဲ့ ရှည်လျားပေများ ကုလားကားတွေဘာတွေ ရိုက်ကြပါတယ်။ သူတို့အတွက်က သတင်းမီဒီယာကို မဖြေလို့ဘာမှမဖြစ်ဘူး၊ ဖြေမှာ ကိုယ်ကျိုးနဲမယ်လို့ ဆုံးဖြတ်ပြီးသားဖြစ်နေတတ််ပါတယ်။

အင်န်အယ်လ်ဒီအစိုးရခေတ်မှာတော့ မရတော့ပါဘူး။ အစိုးရအရာရှိတွေဟာ အထက်ကညွှန်ကြားလို့ ဖြေကြားရတာအပြင် သူတို့ကိုယ်တိုင်က ပြောချင်လို့၊ ပြောစရာရှိလို့၊ ငါတို့လုပ်နေတာဟေ့ လုပ်နေတယ်ကွလို့ ကိုယ်တိုင်ကတက်ကြွပြီး သတင်းမီဒီယာတွေကို ဖြေကြပြုကြနဲ့ အလွန်ကိုကြည့်လို့ ကောင်းပါတယ်။

မဇ္ဈိမတိုက်ရိုက်လိုက်ဖ်မှာ ဆိုခဲ့ပါအစိုးရဝန်ထမ်းတွေဟာ ကင်မရာရှေ့မှာ အသင့်အနေအထားနဲ့ စောင့်နေကြရပါတယ်။ မြန်မာတပြည်လုံးက သတင်းထောက်တွေက အလှည့်ကျစနစ်နဲ့ လိုင်းပေါ်တက်နေကြတာမို့ အစိုးရအရာရှိတွေဟာ သူ့ကိုမေးမြန်းမယ့် သတင်းထောက်အလှည့်ရောက်တဲ့အထိ စိတ်ရှည်ရှည်နဲ့ စောင့်နေကြပါတယ်။

သတင်းမီဒီယာအလုပ်ကို သူတို့လိုက်ပါနားလည်နေကြတာကို သဘောကျဖွယ်တွေ့နေရပါတယ်။ သက်ဆိုင်ရာသတင်းထောက်ရဲ့ ပေါင်းသင်းဆက်ဆံရေးကောင်းတာကိုလည်း အမှတ်ပေးရပါလိမ့်မယ်။ အရင်ကဆိုရင် အစိုးရအရာရှိကို ပစားပေး၊ ဦးစားပေးနေရပေမယ့်အခုကျတော့ သူတို့က သတင်းထောက်ညွှန်ကြားစီမံတဲ့အောက်မှာ လိုက်ပါဆောင်ရွက်ပေးနေတာကို သဘောကျမိပါတယ်။

ဒါဟာ အစိုးရဝန်ထမ်းတွေအနေနဲ့ သတင်းမီဒီယာဆက်ဆံရေးကို ကောင်းစွာနားလည်လာတာလား၊ ဒါမှမဟုတ် အင်န်အယ်လ်ဒီခေတ်မှာ သူတို့လျှောက်ရမယ့်လမ်းကို မြင်နေကြတာလားဆိုတာကိုတော့ သပ်သပ်စိစစ်ရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရဝန်ထမ်းတွေဟာ မကြာသေးတဲ့နှစ်တွေကလို အပေါ်စီးကပဲနေလို့ချည်းမရတော့ပါဘူး။ အခြေအနေ အချိန်အခါနဲ့လိုက်ပြီး မီးစင်ကြည့်ကနေရပြီဆိုတာပါပဲ။

အစိုးရဝန်ထမ်းချည်း ပြောင်းလာတာမဟုတ်ပါဘူး။ သတင်းမီဒီယာတွေလည်း ပြောင်းနေတာပါပဲ။ ခေတ်က နည်းပညာခေတ်၊ အိုင်တီခေတ်ဖြစ်နေပါပြီ။ မြန်မာပြည်က နောက်တဆင့်မြန်မြန်တက်လို့ လက်ကိုင်ဖုန်းခေတ် မိုဘိုင်းခေတ်ဖြစ်နေပါတယ်။ လူတွေက နေရာစုံကနေ လက်ကိုင်ဖုန်းတလုံးနဲ့ အလုပ်လုပ်လို့ရနေပါပြီ။ ဈေးဝယ်လို့ရနေပါပြီ၊ ဈေးရောင်းလို့ရနေပါပြီ။

အဲဒီခေတ်ပြောင်းစနစ်ပြောင်းထဲမှာ သတင်းမီဒီယာတွေလည်း ပါလာခဲ့ပါတယ်။ အရွေ့ကိုလျင်လျင်မြန်မြန် လိုက်မလား၊ ပုံမှန်အတိုင်းဆက်သွားမလား။ ခေတ်ကတော့ ပြောင်းသွားပါပြီ။ လိုက်မလား၊ ပြေးမလား မေးရမယ့်အချိန်ပါပဲ။ မဇ္ဈိမဆို ပြေးပြတာပါ၊ ရုပ်သံရှေ့ထိုင်ကြည့်သူတွေက သူတို့နောက် လိုက်ကြည့်ရပါတယ်။

ပြေးတဲ့သတင်းမီဒီယာက ရှေ့ရောက်သွားမှာပါပဲ။ လိုက်တဲ့သတင်းမီဒီယာက နောက်ကျန်ခဲ့မှာပါ။ တခေတ်ကတော့ သတင်းမီဒီယာတွေက ရေးပေးမှ တင်ပေးမှာ ပြည်လုံးကျော်တွေ ပေါ်လာခဲ့တာပါ။ သတင်းမီဒီယာသတ်ရင် သေပါတယ်၊ တော်သလောက် မကျော်နိုင်ပါဘူး။ ဒါကြောင့်လည်း သတင်းမီဒီယာလောကထဲမှာပဲ ကျွန်တော်တို့ရှေ့ကစီနီယာတွေထဲမှာ မီဒီယာဂုရုကြီးတွေလို့ ခေါ်ရလောက်သူတချို့ ရှိခဲ့ဖူးပါတယ်။ အခုတော့ သူတို့လည်း ဂန့်နေကြပါပြီ။ သူတို့မပြေးနိုင်တော့ပါဘူး၊ တနည်း သူတို့ခေတ် မဟုတ်တော့ပါဘူး။

ကျွန်တော့်ကိုယ်တွေ့အတွေ့အကြုံအရ ပြောရရင်လည်း သတင်းမီဒီယာလောကမှာ နှစ်ပေါင်း ၂၀ ဖြတ်သန်းခဲ့ပြီးနောက်မှာ ကျွန်တော်ဆက်ပြေးဖို့ အားမသန်တော့ပါဘူး။ ဒါကြောင့် ကွင်းအပြင်ထွက်လို့ နောက်ကပဲ လိုက်ပါတော့တယ်။ ပြေးရတာက ပင်ပန်းပါတယ်၊ ဒါပေမဲ့ ရှေ့ကိုအများကြီး ရောက်သွားပါတယ်။ နောက်ကလိုက်တာက သက်သာပါတယ်၊ ဒါပေမဲ့ ကျန်ခဲ့ပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပါပဲ။

အထက်မှာဆိုခဲ့သလို အစိုးရဝန်ထမ်းတွေက ပြောင်းလာတယ်၊ သတင်းမီဒီယာဆက်ဆံရေးကို နားလည်လာကြတယ်။ သတင်းမီဒီယာရဲ့လိုအပ်ချက်ကို ပံ့ပိုးကူညီကြတယ်၊ သတင်းမီဒီယာကို သူတို့သုံးရမယ့်ယာဉ်၊ ယန္တရားတခုဆိုတာကို သဘောပေါက်လာကြတယ်။ ဒါဟာ အင်န်အယ်လ်ဒီခေတ်မှာ တွေ့ရလာတဲ့ ကောင်းတဲ့လက္ခဏာတရပ်ပါ။

အခြားတဖက်မှာတော့ သတင်းနည်းပညာခေတ်ရဲ့အားသာချက်ကြောင့် အပေါ်မှာပြောခဲ့သလို သတင်းစားသုံးသူ တနည်း ပရိသတ်ဟာ သတင်းမီဒီယာခေါ်ရာနောက်ကို လိုက်ရတဲ့ခေတ်၊ သတင်းမီဒီယာက ပေးသိသလောက်ပဲ သိရတဲ့ခေတ်၊ သတင်းမီဒီယာက ရေးပြသလောက်ပဲ ဖတ်ရတဲ့ခေတ် မဟုတ်တော့ပါဘူး။ သူတို့ကိုယ်တိုင် သိချင်သလောက် သိခွင့်ရှိနေပါပြီ၊ သူတို့ကိုယ်တိုင်ဖတ်ချင်သလောက် ဖတ်နိုင်နေပါပြီ။

ဒါကြောင့် သတင်းမီဒီယာသမားတွေက ရှေ့ကပြေးနိုင်ဖို့ တနည်း သတင်းစားသုံးသူ ဝါ သတင်းဖတ်သူကို နောက်ကလိုက်ပါနိုင်အောင် ခေါ်နိုင်ဖို့ အရည်အချင်းတွေမြှင့်တင်ရပါတော့မယ်။ ပြည်သူက အကောင်းဆုံးပေးသူဆီကိုသာ သွားပါလိမ့်မယ်၊ စေတနာထားသူဆီသာ ရောက်ပါလိမ့်မယ်။ ပြည်သူက အကောင်းကြိုက်ပါတယ်၊ ပြည်သူက တန်ဖိုးသိပါတယ်။

ပြည်သူကို အသာလေးလှည့်လို့ မရတော့ပါဘူး။ သတင်းမီဒီယာသမားနဲ့ ပြည်သူ ဝါ ပရိသတ်က ပလက်ဖောင်းတူတူပေါ်မှာ တချိန်တည်းတပြိုင်တည်း ရှိနေတာပါ။ သတင်းမီဒီယာသမားသိသလောက်ကို ပြည်သူတွေလည်း သိနေပါပြီ၊ သိနိုင်ပါပြီ။ တခါတလေ သတင်းမီဒီယာသမားက အသိနောက်ကျနေပြီး ပြည်သူတွေကသိနှင့်နေပြီး ဖြစ်နေတတ်ပါတယ်။

သတင်းမီဒီယာသမားတွေဟာ အမြဲတမ်းပြေးနေဖို့၊ တွေးနေဖို့၊ ညှစ်နေဖို့၊ အားထုတ်နေဖို့ လိုအပ်ပါတယ်။ သတင်းမီဒီယာတခုချင်း သတင်းမီဒီယာသမားတယောက်ချင်းက အားထုတ်ကြိုးစားနေကြဖို့ လိုအပ်ပါတယ်။ အဲဒီလိုသတင်းမီဒီယာသမားတွေများမှသာ အဲဒီသတင်းမီဒီယာက အသက်ရှည်မှာ အသက်ရှင်မှာဖြစ်ပါတယ်။

နည်းပညာခေတ်သတင်းမီဒီယာသမားတွေဟာ ဒီနေ့သိစရာတွေလည်း သူများထက်အရင် သိနေဖို့လိုအပ်သလို မနက်ဖြန်ဖြစ်တန်ချေတွေကို မှန်းဆထားပြီးဖြစ်ရပါတယ်။ အဲဒီလိုဖြစ်နေလေအောင် လှစ်နေပါးနေမှရပါလိမ့်မယ်။ ခေတ်ကပြောင်းသွားပါပြီ၊ ပြေးမှာလား လိုက်မှာလား။ ကိုဗစ်-၁၉ ခေတ်မှာ အစိုးရကတော့ ပြေးနေပါပြီ၊ သတင်းမီဒီယာတွေလည်း လိုက်ပါပြေးဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ကျန်ခဲ့ကြလိမ့်မယ်၊ နောက်က လိုက်နေရလိမ့်မယ်။

This article was already printed in the First Weekly News Journal.

21/12/2020

စာသင်ကျောင်းမှသည် ဒီမိုကရေစီသို့

မျိုးသာထက်

တနေ့က သူငယ်ချင်းတယောက်က သူတို့ငယ်ငယ်က တက်ခဲ့တဲ့ကျောင်းဟာ စာသင်ကောင်းသလို စည်းကမ်းလည်းကောင်းတယ်လို့ ပြောပါတယ်။ အခြေခံပညာကျောင်းကို ရည်ညွှန်းလို့ပြောတာပါ။ ကျွန်တော်တို့ကျောင်းကလည်း ကောင်းပါတယ်။ အကောင်းလွန်နေခဲ့တယ်လို့တောင် ပြောလို့ရပါတယ်။

ကျွန်တော်တို့ ငါးတန်းကနေ ၁၀ တန်းအထိ တက်ခဲ့တဲ့ကျောင်းက အထက ၅ တာမွေလို့ ခေါ်တွင်နေတဲ့ အစိုးရအထက်တန်းကျောင်း ယောက်ျားလေးကျောင်းပါ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မူကြိုကျောင်းသူဘဝက တက်ခဲ့တဲ့ ခရစ်ယာန်ကျောင်း စိန့်ဖရန်စစ်ကျောင်းကို နောက်ပိုင်းမှာ ဘုရားကျောင်းကိုအလယ်ထားလို့ အစိုးရအထက်တန်းကျောင်းတွေအနေနဲ့ ယောက်ျားကျောင်းနဲ့ မိန်းကလေးကျောင်း နှစ်ကျောင်းခွဲထားပါတယ်။ တာမွေ ၄ နဲ့ တာမွေ ၅ ပါ။ မောင်နှမကျောင်းပေါ့။

ကျွန်တော်တို့ကျောင်းက ယောက်ျားလေးကျောင်းဆိုတော့ ကျွန်တော်တို့ငယ်ငယ်က ကျောင်းဆရာတွေရှိပါတယ်။ သင်္ချာသင်တဲ့ဆရာတွေနဲ့ သမိုင်းသင်တဲ့ဆရာပါ။ ဆရာတွေက အရိုက်ကြမ်းသလို တိတိကျကျလည်း စာသင်ပါတယ်၊ စည်းကမ်းကြီးကြပါတယ်။ ဒါပေမဲ့ ယောက်ျားလေးကျောင်းဆိုတော့ ဆရာတွေရိုက်လည်း ကြောက်သွားတာမျိုးတော့ မဟုတ်ပါဘူး၊ ချစ်ကြောက်ရိုသေပါပဲ။

ဆရာမတွေကိုတော့ ကျောင်းသားတွေက ချစ်ကြပါတယ်။ ကျောင်းသားကြီးတွေဆို အတန်းငယ်ကျောင်းသားတွေကိုစာပြတဲ့ ဆရာမတွေကို ငေးကြတွေးကြပါတယ်။ ယောက်ျားလေးရာနဲ့ချီရှိတဲ့ကျောင်းမှာ မိန်းမဆိုလို့ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆရာမတွေသာရှိတာကိုး။ ကျောင်းအုပ်ဆရာမကြီးပြောင်းသွားတော့ ကျောင်းသားတွေမှာ အမေတယောက်လိုဖြစ်နေကြတာမို့ စိတ်မကောင်းကြပါဘူး၊ နောက်ရောက်လာတာက ကျောင်းအုပ်ဆရာကြီးပါ။

အခြေခံပညာကျောင်းတွေမှာ ကျောင်းဆရာတွေနည်းရတဲ့ အကြေောင်းတခုကတော့ ကျောင်းသားတွေကလည်း ဆရာတွေထက် ဆရာမတွေကို ပိုချစ်ကြလို့လို့ထင်တာပါပဲ။ ဆရာမတွေကိုသာ ပိုလိုချင်ကြပါတယ်၊ ဆရာမတွေနဲ့သာ စာသင်ချင်ကြပါတယ်။

ကျွန်တော်ဟာ ယောက်ျားလေးကျောင်းမှာနေခဲ့ပြီး ဉာဏ်ရည်ထက်တဲ့ကျောင်းသားထဲတော့ ပါခဲ့ပါတယ်။ စာတော်တဲ့ကျောင်းသားထဲတော့ မပါပါဘူး။ ယောက်ျားလေးကျောင်းလည်းဖြစ်တော့ ကျွန်တော်တို့ဟာ စာကလွဲလို့ အကုန်စိတ်ဝင်စားခဲ့ကြပါတယ်။ ပြင်ပဗဟုသုတတွေကို စိတ်ဝင်စားတယ်၊ ပြင်ပစာတွေကို ပိုဖတ်ချင်သိချင်ကြတယ်၊ ကျောင်းရဲ့စီနီယာတွေဖြစ်တဲ့ အကိုကြီးတွေ ဘာကိုစိတ်ဝင်စားသလဲ၊ ဘာလုပ်နေကြသလဲဆိုတာကို ပိုစိတ်ဝင်စားကြပါတယ်။

ကျွန်တော်တို့ကျောင်းမှာ လူရည်ချွန်ငါးထပ်ကွမ်းတွေ၊ လေးထပ်ကွမ်းတွေလည်း ရှိပါတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေဖြစ်ဖို့ ဆေးကျောင်းတို့ စက်မှုတက္ကသိုလ်တို့တက်ဖို့ အမှတ်မီအဆင့်မီ စာတော်တဲ့ကျောင်းသားတွေလည်း နှစ်စဉ်ဆိုသလိုထွက်ပါတယ်။ ကျွန်တော်တို့ ၁၀ တန်းနှစ်ကတော့ စံချိန်တင်ပါပဲ၊ ဆေးကျောင်းအမှတ်မီသူ တယောက်မှမပါပါဘူး။ ရန်ကုန်စက်မှုတက္ကသိုလ်ရောက်တဲ့သူတောင် နှစ်ယောက်ပဲရှိပါတယ်။ မတော်လို့ မဟုတ်ပါဘူး။ ကျွန်တော်ပြောခဲ့သလို စာကလွဲလို့ အကုန်စိတ်ဝင်စားကြလို့ပါ။

ကျွန်တော့်သူငယ်ချင်းတယောက်ဖြစ်တဲ့ လူရည်ချွန်အထပ်ကွမ်းတယောက်ရဲ့ညီဆို သိပ္ပံပညာရှင်ဖြစ်လိုသတဲ့၊ အစားစားတာတွေဘာတွေလည်း လွန်ခဲ့တဲ့အနှစ် ၃၀ လောက်ကတည်းက စနစ်ကျပါတယ်၊ ကျေညက်စွာဝါးစားသူပါ။ ဘာလုပ်လုပ် စေ့စေ့စပ်စပ်နဲ့ သေသေချာချာ မှတ်မှတ်သားသား အလွန်ရှိသူပါ။ ပြင်ပစာပေတွေလည်း အများကြီးဖတ်ပြီး ရာဘာနဲ့အိမ်ဆောက်ဖို့ကို အထူးလေ့လာခဲ့သူပါ။ ဆယ်တန်းပဲရှိပါသေးတယ်။ နောက်တော့လည်း ဒီချာတိတ်က သင်္ဘောသားဖြစ်သွားပါတယ်။

အခြေခံပညာစာသင်ကျောင်းတွေဟာ တကယ်တော့ စာပဲသင်ပေးတာမျိုး မဟုတ်ပါဘူး။ စာကို အတန်းလိုက် တတ်မြောက်သင့်တဲ့ အဆင့်တခုရောက်အောင် သင်ပေးဖို့လိုပေမယ့် တကယ်လိုတာက အရွယ်အလိုက် နှလုံးသားကြီးလာဖို့ စိတ်ထားမြင့်လာဖို့ ကျန်းမာရေးကောင်းလာဖို့ လူပီသဖို့ နိုင်ငံသားကောင်းဖြစ်ဖို့ ဘက်စုံသင်ကြားပေးတာမျိုးက ပိုအရေးကြီးပါတယ်။ ကြီးလာမှသင်တာထက် အရွယ်အလိုက်သိသင့်တာတွေ သင်သွားတာမျိုးက ပိုကောင်းပါတယ်။

စာသင်ရင်းနဲ့ စာပေ ကဗျာ လင်္ကာတွေရဲ့ တန်းဖိုးတွေ၊ အတွေးအခေါ်တွေ၊ စဉ်းစားဆင်ခြင်ဉာဏ် မြှင့်တင်တာတွေကို လုပ်နိုင်ကြပါတယ်။ ကျွန်တော်တို့ မြန်မာစာဆရာမတွေဆို အဲဒါမျိုးတွေမှာ တော်ကြပါတယ်။

စိတ်ထားမြင့်လာဖို့ကျတော့ ဆရာတွေက အရေးကြီးပါတယ်။ ဆရာတွေဟာ ကျောင်းသားတွေရဲ့စံပြဖြစ်သလို ဆရာမတွေက ကျောင်းသူတွေအတွက် နမူနာပြဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆရာရော ဆရာမပါ ကျောင်းးသားကျောင်းသူတွေရဲ့စံပြဖြစ်နိုင်ပါတယ်။ ကျောင်းသားတွေက စီနီယာတွေနဲ့ ဆရာတွေကို အတုခိုးပါတယ်။ သူတို့ပြောဆိုပုံ ဟန်နေဟန်ထား၊ သူတို့တွေးခေါ်ပုံတွေကို စိတ်ဝင်စားကြပါတယ်။ သူတို့ချာရင် တပည့်တွေချာတိတ်တွေ ချာမှာပဲဖြစ်ပါတယ်။ သူတို့စိတ်ထားတွေမြင့်နေမှ ကျောင်းသားတွေရဲစိတ်ထားတွေက မြင့်လာဖို့ရာ အခွင့်အရေးများပါတယ်။

အားကစားလုပ်ဖို့ ကျန်းမာရေးကောင်းဖို့တွေကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ ကာယအချိန်တွေဟာ မဆူညံဘဲနေဖို့ ဆရာမတွေက လာသတိပေးတာနဲ့ပဲ အချိန်ကုန်ပါတယ်။ ကျွန်တော်တို့က တွေးခေါ်တာနဲ့ စကားပြောတာကိုပဲ ကာယအချိန်တွေမှာ လုပ်ခဲ့တာမို့ အခုနေလမ်းလျှောက်ဖို့ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ဆို စိတ်မဝင်စားတော့ဘဲ ဖေ့စ်ဘုတ်ပွတ်ဖို့နဲ့ ဆရာကြီးလုပ်ဖို့ အာလူးပေးဖို့ကိုသာ စိတ်ဝင်စားပါတော့ာတယ်။

လူပီသဖို့ နိုင်ငံသားတာဝန်ကျေဖို့ကျတော့ အရေးကြီးသွားပါပြီ။ စာသင်ခန်းထဲမှာရှိတဲ့ ကျောင်းသားစုစုပေါင်းကို လေးစုခွဲ အရေအတွက်အညီဦးရေတွေနဲ့ အသင်းအဖွဲ့တွေခွဲ၊ အသင်းအဖွဲ့အလိုက် နေ့ရက်အလိုက် ကျောင်သန့်ရှင်းရေး၊ အခန်းသန့်ရှင်းရေး၊ သောက်ရေအိုးဆေး၊ ဖြည့် စတာတွေကို လုပ်ကြရပါတယ်။ မခက်ခဲတဲ့အလုပ်တွေပေမယ့် တွက်ကပ်သူတွေလည်း ရှိနေပါသေးတယ်။ ဒါတောင် ဂျပန်က ကျောင်းသားလေးတွေလို ကျွန်တော်တို့အိမ်သာမဆေးခဲ့ရပါဘူး။ အမှိုက်ကောက် အမှိုက်လှဲ အမှိုက်သွန် ရေဖြည့် ကျောက်သင်ပုန်းဖျက် ဒီလောက်ပဲလုပ်ရတာပါ။

စည်းကမ်းရှိဖို့ ညီညွတ်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ အတန်းခေါင်းဆောင်စကား နားထောင်ဖို့ အိမ်စာလုပ်ဖို့ ဆရာမတွေစကားနားထောင်ဖို့ စာသင်ရင်စိတ်ဝင်စားဖို့ မသိရင်မေးဖို့ စတာတွေကို ကျွန်တော်တို့ လုပ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ကျောင်းက လွတ်လပ်ခွင့်တွေလည်း ပေးခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ကျောင်းသားအရွယ်အလိုက် မျှတတဲ့ ဒါမှမဟုတ် သာလွန်တဲ့ နိုင်ငံရေးနိုးကြားမှုတွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ပျော်ပါတယ်၊ ကျေနပ်ပါတယ်။

ကျွန်တော်တို့ဟာ ကျောင်းသားဆိုပေမယ့် စာပြီးရင်စာဆိုတဲ့အထဲမပါပါဘူး။ နိုင်ငံသားတဦးအနေနဲ့ တာဝန်ကျေကြပါတယ်။ လိုက်လျောညီထွေနဲ့ လှုပ်ရှားမှုတွေလုပ်ခဲ့ပါတယ်။ တိုင်းပြည်သိလှုပ်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တွေလည်း ကျွန်တော်တို့ကျောင်းက ထွက်ခဲ့ပါတယ်။ ကျွန်တော်က ၈၈၈၈ လူထုလှုပ်ရှားမှု ဒီမိုကရေစီအရေးတော်ပုံကာလက နည်းနည်းငယ်သေးတော့ အကုန်လုံးကို သေသေချာချာမသိခဲ့ပေမယ့် ကျွန်တော်တို့ကျောင်းဟာ နောက်တန်းက မဟုတ်ခဲ့ဘူးဆိုတာလောက်တော့ သိခဲဲ့ပါတယ်။

တကယ်တော့ ဒီမိုကရေစီရဲ့အစဟာ စာသင်ကျောင်းတွေဖြစ်သင့်ပါတယ်။ ကျောင်းသားတွေဟာ သူတို့အတန်းခေါင်းဆောင်ကို ဒီမိုကရေစီနည်းကျ ရွေးချယ်သင့်ပါတယ်။ အတန်းခေါင်းဆောင်ဟာ အရည်အချင်းမရှိရင် ဒါမှမဟုတ် အစွမ်းမပြရင် ဖြုတ်ချခံရနိုင်ပြီး အစားထိုးဖို့ အသစ်ပြန်လည်ရွေးချယ်ပိုင်ခွင့်ရှိသင့်ပါတယ်။ အခုခေတ် မဲဆန္ဒရှင်ပြည်သူတွေက သူတို့ကိုကိုယ်စားပြုမယ့် ပြည်သူ့ကိုယ်စားလှယ်ရွေးချယ်သလိုပေါ့။

အတန်းသားတွေဟာ သူတို့ရဲ့ခေါင်းဆောင်ကို ရွေးဖို့နဲ့ အတန်းကိုဦးဆောင်စီမံခန့်ခွဲဖို့ အခွင့်အရေးတွေပေးဖို့ရာမှာ လိုအပ်တဲ့စည်းကမ်းတွေကို အတူတကွရေးဆွဲချမှတ်ခွင့် ရှိရပါမယ်။ အတန်းခေါင်းဆောင်ဟာ အတန်းသားတွေကို ကိုယ်စားပြုပြီး မျှတတဲ့နည်းလမ်းတွေနဲ့ ဦးဆောင်ရပါမယ်။ ဆရာမတွေနဲ့ ကျောင်းသားတွေကြား ပေါင်းကူးညှိနှိုင်းပေးသူဖြစ်ရပါမယ်။

ကျောင်းသားတဦးချင်းလိုအပ်တဲ့ ဆိုခဲ့ပါ ပညာရေး၊ ကျန်းမာရေး၊ အားကစားနဲ့ အနုပညာ ရရှိခံစားနိုင်ရေး၊ တာဝန်ယူတာဝန်ခံတဲ့ အတန်းသားဖြစ်ရေး၊ အတန်းကောင်းရာကောင်းကျိုး ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်ရေးနဲ့ ကိုယ့်တာဝန်ကျေပွန်အောင် ထမ်းဆောင်နိုင်ရေးတို့မှာ ကျောင်းသားတဦးချင်းက ပါဝင်သင့်ပါတယ်။

အဲဒီလိုပါဝင်မှု အားကောင်းရင်ကောင်းသလို စာလည်းတတ်မယ့်အပြင် တကယ့်လူကောင်း၊ နိုင်ငံ့သားကောင်းဖြစ်လာမှာပါ။ ကျန်းမာတဲ့ကျောင်းသား၊ စိတ်ထားကောင်းတဲ့ကျောင်းသား၊ စကားပြောကောင်းတဲ့ကျောင်းသား၊ ပူးပေါင်းဆောင်ရွက်မှုကောင်းတဲ့ကျောင်းသား၊ ခေါင်းဆောင်မှုစွမ်းရည်ပြတဲ့ကျောင်းသား၊ စည်းရုံးရေးစွမ်းရည်ရှိတဲ့ကျောင်းသား၊ အနုပညာခံစားမှုမြင့်တဲ့ကျောင်းသား စသဖြင့် မိမိတို့တဦးချင်းရဲ့ပင်ကိုယ်အရည်အချင်းတွေထွက်ပေါ် အသုံးချလာတဲ့ ကျောင်းသားတွေဖြစ်လာကြမှာပါ။

အခုဆိုရင် အင်န်အယ်လ်ဒီအစိုးရက ပညာရေးပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေသလို ၂၀၂၀ အထွေထွေရွေးကောက်ပွဲကနေတဆင့် အင်န်အယ်လ်ဒီကို ပြည်သူတွေက နောက်ထပ်ငါးနှစ်စာ တိုင်းပြည်ကို ဆက်လက်စီမံဆောင်ရွက်ခွင့်တွေ ပေးအပ်ပြီးဖြစ်တာမို့ ပညာရေးပိုင်းတိုးတက်ပြောင်းလဲမှုတွေကို ပိုပြီးပီပီသသပြတ်ပြတ်သားသား မြင်တွေရလာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ကျွန်တော်တို့တိုင်းရင်းသားပြည်သူတရပ်လုံး လိုချင်နေတာက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပါ၊ အဲဒီကိုသွားနိုင်ဖို့ ဒီမိုကရေစီကျင့်စဉ်ကို လက်တွေ့ကျကျကျင့်သုံးနိုင်တဲ့ ကျောင်းသားတွေ၊ နိုင်ံငံသားတွေ လိုအပ်ပါတယ်။ အဲဒီကျောင်းသားတွေ၊ နိုင်ငံသားတွေက ဦးဆောင်တည်ဆောက်မှသာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို အမြန်ဆုံးမြင်တွေ့ကြရမှာပါ။

ဒါကြောင့် ကျွန်တော်ကတော့ ဒီမိုကရေစီကို စာသင်ကျောင်းတွေကနေတဆင့်သာ မြန်မြန်သွားစေချင်ပါတယ်။ ကျွန်တော်တို့မျိုးဆက်တဆက်စာ အချိန်တော့ယူရပါလိမ့်မယ်။ အနှစ် ၂၀ ပေါ့။ စာသင်ကျောင်းတွေကနေ သေသေချာချာ ခိုင်ခိုင်မာမာ စတင်နိုင်ခဲ့ရင် နောင် အနှစ် ၂၀ အကြာမှာ ကျွန်တော်တို့ဟာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ရောက်ပြီးရပြီးဖြစ်မှာပါ။ ရောက်ဖို့သွားရမှာမျိုးထက် သွားရင်းရောက်သွားကြမှာပါ။

This article was already printed in the First Weekly News Journal.

Address

Yangon

Alerts

Be the first to know and let us send you an email when ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ အောင်ရမည်မှာ မလွဲပါ။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram