27/11/2025
#အသားစွပ်ပြုတ်နဲ့အရိုးစွပ်ပြုတ်ဘယ်ဟာက_အာဟာရပိုဖြစ်ပါသလဲ ❓
အိမ်က ကလေးတွေကို အားရှိအောင် အမဲရိုး/ဆိတ် အရိုးတွေပြုတ်ပြီး တိုက်တယ် ဒါပေမယ့် ဘာလို့ ထွားမလာရတာလဲ ဆိုတာ မေးလေ့ရှိကြပါတယ်
နေမကောင်းလို့ အားရှိအောင်ဆိုပြီးလည်း အရိုးတွေကို အချိန်ကုန်ခံပြီး ပြုတ်တိုက်တတ်ကြပါတယ်။
အရိုးပြုတ် နဲ့ အသားပြုတ် ဘာကွာလဲ ဆိုတာလေးရှင်းပြပါမယ် - ကိုယ်ဘာလိုချင်တာလဲ ဆိုတာပေါ်မူတည်ပြီး ရွေးခြယ်စားသုံးကြပါ။
_____________
ရိုးရိုးသာမန် စဉ်းစားကြည့်လိုက်ရင်တောင် သိသာပါတယ် အရိုးစားတာ နဲ့ အသားစားတာ ဘယ်ဟာ အာဟာပိုဖြစ်မလဲဆိုတာ - အသားက အာဟာရအများကြီး ပိုပါတယ်။
🍖 #အရိုးပြုတ်ရည်ကဘာတွေရလဲ ❓
👉 အရိုး မှာ တွဲဆက်နေတဲ့ အရွတ်တွေ အကြောတွေ အရိုးနု စတဲ့ (Supporting tissues) တွေများတာကြောင့် အရိုးပြုတ်ရည် ဟာ Collagen နဲ့ Gelatin ပမာဏအများကြီးပါဝင်ပါတယ်၊
👉 သတ္တုဓာတ် (Minerals) တွေဖြစ်တဲ့ Calcium, Magnesium, Phosphorus စတာအများကြီးပါဝင်ပါတယ်
👉 လှုပ်ရှားသွားလာ ဖွံ့ဖြိုးကြီးထွားဖို့ စွမ်းအင်ရရှိမှုနဲ့ ပြောရရင် အရိုးပြုတ်မှာ Calories နည်းပါတယ် - ဆိုလိုတာက နေမကောင်းလို့ အရိုးပြုတ်ရည်တစ်မျိုးတည်းတိုက်ရင် တစ်နေ့တာစွမ်းအင်လိုအပ်ချက် မပြည့်ပါဘူး
👉 Vitamins တွေ အနေနဲ့ Vitamin B1, B2,B12, Vitamin K, Vitamin A စတာတွေပါဝင်ပါတယ်။
🥩 #အသားပြုတ်ရည်ကဘာတွေရလဲ ❓
👉 အသား Protein ဖြစ်တာကြောင့် Amino acids အသားဓာတ်တွေ အများကြီးရရှိပါတယ်
👉 အဆီဓာတ်လည်း ရရှိပါတယ်
ဆိုလိုတာကတော့ Calories က အရိုးပြုတ်မှာထက်ပိုပြီး ပါဝင်ပါတယ် - နေမကောင်းလို့ အသားပြုတ်ရည်တစ်မျိုးတည်းတိုက်ရင်တောင် တစ်နေ့တာစွမ်းအင်လိုအပ်ချက် အထိုက်လျောက်ရရှိပါတယ် (ပြုတ်ထားတဲ့ အသားပါစားရင် ပိုပြီး ကောင်းမွန်ပါတယ်)
👉 Vitamins တွေ အနေနဲ့ B complex (B1,B2,B3,B6,B12) , Vitamin A, Vitamin D, Vitamin K, Vitamin C စသဖြင့် အစုံပါဝင်ပါတယ်
👉 သတ္တုဓာတ် (Minerals) တွေ အနေနဲ့ Iron, Zinc, Selenium စသဖြင့်ပါဝင်ပါတယ်
Vitamin C, D, B complex သံဓာတ် Zinc Selenium စသဖြင့်ပါဝင်တာကြောင့် ကိုယ်ခံအားစနစ် (Immune system) အတွက် လိုအပ်ချက်တွေ အစုံပါဝင်ပါတယ်။
အဲ့ဒါကြောင့်ပြန်ခြုံပြောရရင်
🦴 အရိုးပြုတ်ရည်သောက်ရင် - Collagen, Gelatin, Calcium, phosphate စတာတွေ များများရပါမယ် - အားတော့ရှိမသွားပါဘူး တခြားအာဟာရတွေ မှီဝဲဖို့လိုပါတယ် (အလှအပ နဲ့ အရိုးကျန်းမာရေးအတွက်ဆို သင့်တော်ပါတယ်)
🥩 အသားပြုတ်ရည်သောက်ရင် - အသားဓာတ် ၊ အဆီဓာတ်တွေရလို့ Calories ရပြီး ကိုယ်ခံအားစနစ်အတွက်လည်း Vitamins & minerals တွေ စုံလို့ နေထိုင်မကောင်း ပိုးဝင်ဖျားနာပြီး အဖတ်မစားချင်တဲ့ အခါ ပိုပြီးသင့်တော်ပါတယ်
✳️✳️✳️ ဆောင်းပါးရဲ့ ရည်ရွယ်ချက်က အရိုးပြုတ် နဲ့ အသားပြုတ်ကိုပဲ ယှဉ်ပြလိုရင်းပါ
ဟင်းသီးဟင်းရွက် မစားရင် Vitamins တွေ အစုံမရသလို အူလမ်းကြောင်းကျန်းမာရေး နဲ့ အထွေထွေကျန်းမာရေးအတွက် အရေးကြီးတဲ့ အမျှင်ဓာတ် ***fibers တွေ မရနိုင်ပါဘူး
Calories အရကြည့်ရင်လည်း Weight ချနေရင် အဆင်ပြေပေမယ့် Carbohydrates မပါရင် ရေရှည်မှာ စွမ်းအင်လိုအပ်ချက်မပြည့်မီရင်လည်း
ကျန်းမာရေးထိခိုက်တတ်ပါတယ်
တရားလွန်မစားသင့်ပေမယ့် Carbohydrates, fat, protein, Vitamins & minerals တွေက စုံအောင် စားရပါတယ်
(***အချိုးအစားကတော့ အရေးကြီးတာပေါ့)
(Photo credit; HarvardHealth)
သင့်တော်သလို အသုံးပြုနိုင်ကြပါစေ
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
Dr. ဘုန်းစည်သူလွင်
01:00 pm/18.11.25
(ကျန်းမာရေးဗဟုသုတ စိတ်ပညာ စိတ်ဓာတ်ခွန်အားပေး နှင့်ကလေးပြုစုစောင့်ရှောက်ခြင်းဆိုင်ရာဆောင်းပါးများ ကို နေ့စဉ်ရေးသားမျှဝေပေးလျက်ရှိပါသည်)