Tele Care ကျန်းမာ​ရေးအ​ကြောင်း တ​စေ့တ​စောင်း

အူအတက်ရောင်ခြင်း (Appendicitis)==============Appendicitis လို့ခေါ်တဲ့ အူအတက် ရောင်ရမ်းခြင်း  အကြောင်းကို ကျန်းမာရေးဗဟုသု...
15/05/2026

အူအတက်ရောင်ခြင်း (Appendicitis)
==============
Appendicitis လို့ခေါ်တဲ့ အူအတက် ရောင်ရမ်းခြင်း အကြောင်းကို ကျန်းမာရေးဗဟုသုတအနေနဲ့ ပြောပြပေးသွားပါ့မယ်။

အရင်ဆုံးတော့ Appendix လို့ခေါ်တဲ့ အူအတက်က ဘယ်နားမှာရှိပြီး ဘာတွေလုပ်ပေးလဲဆိုတာ အရင်ဆုံး ပြောပြပါမယ်။

အူအတက်ဟာဆိုရင် ဝမ်းဗိုက်ရဲ့ ညာဘက် အောက်ဘက်အခြမ်းမှာတည်ရှိပါတယ်။
အူသိမ်နဲ့ အူမကြီးဆက်ရာနေရာလေးမှာ အတက်ကလေးတစ်ခုအနေနဲ့ ရှိပါတယ်။သူရဲ့တာဝန်ကတော့ ခန္ဓာကိုယ် ခုခံအားစနစ်မှာ ပါဝင်ကူညီပေးပြီး အူအတွင်း ကောင်းမွန်တဲ့ ဘတ်တီးရီးယား ပွားများမှုမှာ ကူညီပေးပါတယ်။
အူအတက်ရောင်ခြင်းအကြောင်းကို အမေးအဖြေလေးတွေနဲ့ ပြောပြပေးသွားပါ့မယ်ဗျ။

👉 ဘယ်အသက်အရွယ်မှာ Appendicitis ဖြစ်တတ်လဲ။
- အသက်အရွယ် ယောက်ျား၊မိန်းမ မရွေး ဖြစ်ပွားနိုင်သော်လည်း အသက် ၁ နှစ်အောက် ကလေးများနှင့်အသက် ၃၀ နောက်ပိုင်းမှာဆိုရင်လဲ ဖြစ်ပွါးမှု နည်းပါတယ်။
အဓိကကတော့ ဆယ်ကျော်သက်များတွင် မကြာခဏ ဖြစ်ပွားမှု အများဆုံးဖြစ်ပါတယ်။

👉 ဘယ်လိုလက္ခဏာတွေခံစားရလဲ။
- ဗိုက်‌အောင့်ခြင်း
(အူအတက်ရောင်ပြီဆိုရင် ပထမဦးဆုံးစတင်ဖြစ်တာကတော့ ချက်အထက်နားမှာ ရုတ်တရက်နာကျင်ကိုက်ခဲလာပြီး တဖြည်းဖြည်း ညာဘက်ဝမ်းဗိုက်အောက်ပိုင်းစီ နာကျင်မှုကရွေ့လျားလာပါလိမ့်မယ်။ ချောင်းဆိုးခြင်း၊ လမ်းလျှောက်ခြင်း၊ ရုတ်တရက် လှုပ်ရှားမှု‌တွေကတောင် နာကျင်မှုကို ပိုဆိုးစေနိုင်ပါတယ်။
ညာဘက်ဝမ်းဗိုက်အောက်မှာ စတင်နာတာမျိုးလည်းဖြစ်တတ်ပါတယ်)
- ပျို့အန်ခြင်း
- အဖျားတက်ခြင်း
- ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း

ကုသမှု စောစီးစွာမရပါက
- အူအတက်ပေါက်ခြင်း
- သွေးဆိပ်တက်ခြင်း
- သတိလစ်ခြင်း
- သွေးလန့်ခြင်း
- အသက်သေဆုံးခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။

👉 ဘာ့ကြောင့် အူအတက်ရောင်ရတာလဲ။
- အူအတက်က ပြွန်သေးသေးလေးလို ဖြစ်နေတာမို့ ပြွန်ရဲ့ ထိပ်ဝလေးပိတ်မိသွားမယ်ဆိုရင် အထဲမှာ ပိုးတွေပွားပြီး ရောင်ရမ်းစေတာပါ။ပိတ်မိရတဲ့အကြောင်းအရင်းကတော့ မျိုးစုံဖြစ်နိုင်ပါတယ်။
ဥပမာ - သစ်သီးအစေ့များ၊အကြေမညက်သောအစာမာများ။

👉 ဘယ်လိုကုသမှုတွေရှိလဲ
အဓိကစံကုထုံး ကတော့ Appendectomy လို့ခေါ်တဲ့ ခွဲစိတ်ဖယ်ရှားခြင်းဘဲဖြစ်ပါတယ်။
မှန်ပြောင်းအသုံးပြုခွဲစိတ်လို့ရသလို ပုံမှန်ခွဲစိတ်ခြင်းမျိုးနဲ့လဲ ခွဲစိတ်လို့ရပါတယ်။

👉 မခွဲဘဲ နေလို့ရမလား။
အူအတက်ရောင်ခြင်း အပျော့စား အခြေအနေများမှာဆိုရင်တော့ ပဋိဇီဝပိုးသတ်ဆေးများ Antibiotics များပေး၍ စောင့်ကြည့် ကုသလို့ရနိုင်ပါတယ်။

👉 အူအတက်ရောင်တာနဲ့ ဘယ်ရောဂါတွေနဲ့မှားယွင်းတတ်လဲ။
-အစာအိမ်နှင့်အူလမ်းကြောင်းရောင်ရမ်းခြင်း
-ဆီးလမ်းကြောင်းအခြေအနေများ
ဥပမာ - ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ဆီးကျောက်တည်ခြင်း၊ကျောက်ကပ်ပြည်တည်ခြင်း။
-အမျိုးသမီးတွေအတွက်တော့ မီးယပ်ပြဿနာများ
ဥပမာ: နေရာမှား သန္ဓေတည်ခြင်း ၊ သားဥအိမ်အရေအိပ်ဖြစ်ခြင်း၊ပေါက်ခြင်း၊လိမ်ခြင်း၊ပိုးဝင်ခြင်း။
…အစရှိတဲ့ ရောဂါတွေနဲ့ အူအတက်ရောင်တာ လက္ခဏာတွေ ဆင်တူနိုင်တာဖြစ်တဲ့ အတွက်ကြောင့် မှားယွင်းနိုင်ပါတယ်နော်။

👉 အူအတက် appendix မရှိပဲ နေလို့ရလား
လူတစ်ယောက်ဟာဆိုရင် အူအတက်မရှိဘဲ ပုံမှန်ကျန်းမာတဲ့ဘဝရအောင်ကောင်းကောင်း နေထိုင်နိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အူအတက်ဟာဆိုရင် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို ပံ့ပိုးပေးပြီး ကောင်းတဲ့ဘက်တီးရီးယားတွေကို ဖြည့်ဆည်းပေးတဲ့နေရာမှာ ပါဝင်နေပေမဲ့လဲ အနည်းငယ်အခန်းကဏ္ဍမှာဖြစ်တဲ့အတွက်ကြောင့် အသက်ရှင်ရပ်တည်မှုအတွက် မရှိမဖြစ်မလိုအပ်ပါဘူး။

အားလုံး ကျန်းမာကြပါစေဗျ။

DrK.


#အူအတက်ရောင်ခြင်း

#ကျနိးမာရေး

11/05/2026

သတိပြုဆင်ခြင်စရာ
#အူမကြီးကင်ဆာ လက္ခဏာများ


Tele Care

ကာလသားရောဂါ (syphilis) ===================ဒီနေ့မှာတော့….-ကာလသားရောဂါ (syphilis) ဆိုတာဘာလဲ။ -ဘယ်လိုကူးစက်တတ်လဲ။-ရောဂါ လက္...
08/05/2026

ကာလသားရောဂါ (syphilis)
===================

ဒီနေ့မှာတော့….
-ကာလသားရောဂါ (syphilis) ဆိုတာဘာလဲ။
-ဘယ်လိုကူးစက်တတ်လဲ။
-ရောဂါ လက္ခဏာတွေက ဘာတွေလဲ။
-ဘယ်လို စစ်ဆေးလို့ရမလဲ။
-ကုသနည်းက ဘယ်လိုလဲ။

….အစရှိတဲ့ အချက်အလက်များကို အထွေထွေဗဟုသုတအနေနဲ့ ပြောပြပေးသွားပါမယ်။

==================

👉 ကာလသားရောဂါ (syphilis) ဆိုတာဘာလဲ။
ကာလသားရောဂါ (syphilis) ဟာဆိုရင် လိင်ဆက်ဆံခြင်းမှတစ်ဆင့် ကူးစက်တတ်တဲ့ ပြင်းထန်တဲ့ရောဂါပိုးတစ်မျိုးဘဲဖြစ်ပါတယ်။
Treponema pallidum လို့ခေါ်တဲ့ဘက်တီးရီးယားကြောင့် ဖြစ်ပွါးတာဖြစ်ပြီး မကုသဘဲထားရင် အသက်ပါသေဆုံးနိုင်တဲ့အထိ ဖြစ်နိုင်ပါတယ်။

👉 ဘယ်လိုကူးစက်တတ်လဲ။
အဓိက ကတော့ chancres လို့‌ခေါ်တဲ့ ကာလသားရောဂါမှာတွေ့ရတတ်တဲ့ အနာလေးတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း ကြောင့်ကူးစက်ခြင်းဘဲဖြစ်ပါတယ်။
အဲ့ဒီတော့ ဘယ်အချိန်မှာ ဒီ chancres နဲ့ တိုက်ရိုက်ထိတွေ့နိုင်မလဲ။ ပုံမှန်လိင်ဆက်ဆံခြင်း၊စအိုဖြင့် လိင်ဆက်ဆံခြင်း သို့မဟုတ် ပါးစပ်ဖြင့် လိင်ဆက်ဆံစဉ်နေချိန်မှာ ဒီအနာ‌ဖုလေး တွေကိုတိုက်ရိုက်ထိတွေ့နိုင်ပါတယ်။
မိမိအရေပြား ပြဲပေါက်နေတာမျိုး ရှိနေပါက ပိုမို ကူးစက်မှု မြင့်မားပါတယ်။

နမ်းရုံနဲ့ရော ကူးနိုင်ပါသလား ဆိုရင် ကူးစက်နိုင်ခြေနည်း‌ သော်လည်း ကူးစက်နိုင်တဲ့အလားအလာတော့ ရှိပါတယ်။အထူးသဖြင့် ပါးစပ်တွင် chancres လို အနာလေးတွေ ဖြစ်ပေါ်နေသူနှင့် နမ်းမိလျှင် ကူးစက်နိုင်ပါတယ်။

ဒါ့အပြင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ကနေ သန္ဓေသားကို ကူးစက်နိုင်ပါတယ်။
( အများသုံးအိမ်သာကမုတ် ၊ရေခွက် ၊ရေ တို့ကတဆင့် မကူးစက်နိုင်ပါ)

👉 ရောဂါ လက္ခဏာတွေက ဘာတွေလဲ။
ကာလသားရောဂါက ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီးသွားရင် ရောဂါပြသမှု အဆင့် ၄ ဆင့်ရှိပါတယ်။

1️⃣ ပထမ အဆင့်
ရောဂါပိုးဝင်ရောက်ပြီး 2 ပတ်ကနေ 12ပတ်အတွင်း ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။
လက္ခဏာအနေနဲ့ ရောဂါပိုးစဖြစ်တဲ့နေရာမှာ နာကျင်မှုမရှိတဲ့ chancres လို့ခေါ်တဲ့ အနာသေးသေးလေး တစ်ခု သို့မဟုတ် 3-4ခု ကိုစတင်တွေ့ရှိရမှာပါ။အထူးသဖြင့် အမျိုးသမီး၊အမျိုးသားအဂ်ါ သို့မဟုတ် ပါးစပ်လို နေရာမျိုးမှာ တွေ့ရတတ်ပါတယ်။အမျိုးသမီးတွေက အဂ်ါအတွင်းထဲမှာ ဖြစ်ပေါ်တတ်လို့ တခါတလေ ဖြစ်သွားမှန်းတောင်မသိလိုက်တာမျိုး ရှိတတ်ပါတယ်။
ဒီအနာလေးတွေက ရက်သတ္တပတ်အနည်းငယ်အတွင်း သူ့အလိုလို ပျောက်သွားတတ်ပါတယ်။
ဒါပေမဲ့ အဲ့ဒါက ရောဂါ ပျောက်သွားခြင်းမဟုတ်ပါ။ရောဂါက ဒုတိယ အဆင့်သို့ တိုးတက်သွားခြင်းပါ။

2️⃣ ဒုတိယ အဆင့်
ရောဂါပိုးဝင်ရောက်ပြီး 1 လကနေ 6လ အတွင်း ဖြစ်ပေါ်ခြင်း ဖြစ်ပါတယ်။လက်ဖဝါး/ခြေဖဝါးတွေပေါ်မှာ မယား၊မနာကျဥ်သော အနီရောင်အရေပြားအဖုများ ဖြစ်လာနိုင်ပြီး အဖျားတက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊လည်ချောင်းနာခြင်း၊ အကျိတ် ရောင်ရမ်းခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
ကြွက်နို့လို အဖုလေးများလည်း လိင်အဂ်ါတဝိုက်မှာ ပေါ်လာတတ်ပါတယ်။
ဒုတိယအဆင့်မှာ ကုသမှုမရလိုက်ဘူးဆိုရင်တော့ ရောဂါက တတိယအဆင့်ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။

3️⃣ Latent အဆင့်
Latent ဆိုတာကတော့ ငြိမ်နေတဲ့ အဆင့်ဖြစ်ပါတယ်။ဒီအဆင့်မှာတော့ ပထမအဆင့်နဲ့ ဒုတိယအဆင့်မှာဖြစ်ပေါ်ခဲ့တဲ့ ရောဂါလက္ခဏာအားလုံး ပျောက်သွားမှာကို တွေ့ရမှာပါ။ ခံစားရတဲ့ ရောဂါလက္ခဏာ တိတိကျကျမရှိ‌သော်လည်း ရောဂါပိုးဟာ နှလုံး၊အရိုးနဲ့ အာရုံကြောတွေကို ပျက်စီးစေနေမှာပါ။ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်ထဲမှာ ရှိနေသေးမှာဖြစ်ပြီး ရောဂါပျောက်သွားပြီလို့ကိုယ်ကထင်ပြီး ဆက်မကုသတော့ရင် အသက်ပါပျောက်ဆုံးနိုင်တဲ့ Tertiary အဆင့်ကိုရောက်ရှိသွားနိုင်ပါတယ်နော်။
Latent အဆင့်က နှစ်20လောက်ထိ ကြာတတ်ပါတယ်။

4️⃣ တတိယ အဆင့်
Latent အဆင့်ရဲ့ 20% လောက်က တတိယအဆင့်ကို ရောက်ရှိတတ်ကြပါတယ်။နောက်ဆုံးအဆင့်အနေနဲ့ကတော့ ဦးနှောက်၊ အာရုံကြော၊ မျက်စိနဲ့ နှလုံးတို့ကိုပါ ဆိုးရွားစွာ ထိခိုက်ပျက်စီးစေပြီး အသိဉာဏ်၊မှတ်ဉာဏ် ပျောက်ဆုံးခြင်း၊တတ်ခြင်း၊မျက်စီကွယ်ခြင်းတို့ဖြစ်ပေါ်တတ်ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။

👉ဘယ်အဆင့်မှာ ရောဂါကူးစက်နိုင်မှု အများဆုံးဖြစ်မလဲ။
ပထမ အဆင့်နဲ့ ဒုတိယအဆင့်မှာပါ။

👉 ဘယ်လို ကာကွယ်မလဲ။
လိင်ဆက်ဆံတဲ့နေရာမှာ ကွန်ဒုံး ၊Dental dam အကာအကွယ်သုံးပါ။
ရောဂါလက္ခဏာဖြစ်ပေါ်လာပါကလည်း ချက်ချင်းကုသမှုခံယူပါ။

👉 ရောဂါရှိမရှိ လူကြည့်ရုံနဲ့သိနိုင်မလား။
လူတစ်ယောက်ကိုကြည့်ရုံနဲ့ ကာလသားရောဂါရှိမရှိကို မဖော်ထုတ်နိုင်ပါဘူး။

အကြောင်းရင်းကတော့ ရောဂါရှိသူအများစုမှာဆိုရင် ရောဂါလက္ခဏာလုံးဝမပြဘဲ ပေါ်လာတဲ့လက္ခဏာတွေဟာဆိုရင်လဲ အခြားပုံမှန်ဖျားနာမှုများနဲ့ ဆင်တူလေ့ရှိတာကြောင့်ဘဲဖြစ်ပါတယ်။

👉 ဘယ်လို စစ်ဆေးလို့ရမလဲ။
လူတစ်ယောက်မှာ ရောဂါရှိမရှိ သေချာသိဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ သွေးစစ်ဆေးခြင်းဘဲဖြစ်ပါတယ်။

👉 ကုသနည်းက ဘယ်လိုလဲ
အဆင့် အပေါ်မူတည်ပြီး ပဋိဇီဝဆေး (antibiotics) အဓိကအားဖြင့် penicillin ဟာဆိုရင် Treponema pallidum ဘက်တီးရီးယာတွေကိုသေစေပြီး နောက်ထပ်ပျက်စီးမှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

👉ကုသလို့ ပျောက်ကင်းနိုင်ပါသလား။
ဘတ်တီးရီးယားပိုးက 💯 % ပျောက်ကင်းနိုင်ပါတယ်။ ရောဂါအဆင့်ပေါ်မူတည်ပြီး ထိခိုက်ပျက်စီးသွားတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းကတော့ ပြန်မကောင်းနိုင်ပါဘူး။

👉 စောစီးစွာ မသိရှိဘဲ ကုသမှုမခံရရင် ဘာ‌တွေဖြစ်လာမလဲ။
ကြာလာတာနဲ့အမျှ အဆင့် တဆင့်ပြီးတဆင့်တိုးလာပြီး နောက်ဆုံး ဦးနှောက်၊ အာရုံကြော၊ မျက်စိနဲ့ နှလုံးတို့ကိုပါပြင်းထန်စွာ ထိခိုက် ပျက်စီးစေနိုင်ပါတယ်။
မှတ်ဉာဏ်ချို့ယွင်းခြင်း၊ လေဖြတ်ခြင်း၊ မျက်စိကွယ်ခြင်းနဲ့ သေဆုံးခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။

အားလုံးကျန်းမာကြပါစေ။
DrK.

#ကာလသားရောဂါ

 #ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။ဒီစာသားလေးကို လူတိုင်းမြင်ဖူးကြပေမဲ့ ဘယ်လောက်ထိ ထိခိုက...
07/05/2026

#ဆေးလိပ်သောက်ခြင်းသည်ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါသည်။
ဒီစာသားလေးကို လူတိုင်းမြင်ဖူးကြပေမဲ့ ဘယ်လောက်ထိ ထိခိုက်နိုင်လဲ ၊ဘယ်လိုတွေ ထိခိုက်နိုင်လဲ အတိအကျ မသိကြတာများပါတယ်။
ဆေးလိပ်သောက်သူတွေဟာဆိုရင် ဆေးလိပ်မသောက်သူတွေထက် နှလုံးရောဂါဖြစ်နိုင်ချေ ၂ ဆမှ ၄ ဆ ပိုများပြီး အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ ၂၂ ဆတောင် ပိုများပါတယ်။
ဒါ့ကြောင့် ဒီနေ့မှာ ဆေးလိပ်ရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုလေးတွေကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားပါမယ်။
====================

👉အဆုတ်နဲ့ လေပြွန်ကိုပျက်စီးစေခြင်း
========================
ဆေးလိပ်သောက်ခြင်းဟာဆိုရင် အသက်ရှူလမ်းကြောင်းနဲ့ လေအိတ် (alveoli) များကို ပြင်းထန်စွာ ပျက်စီးစေပြီး COPD လို့ခေါ်တဲ့ နာတာရှည် အဆုတ်ရောင်ခြင်း ၊နာတာရှည် လေပြွန်ရောင်ခြင်း(chronic bronchiti) တို့ကို ဖြစ်စေပါတယ်။

ဆေးလိပ် အငွေ့က အသက်ရှူလမ်းကြောင်းမှာရှိတဲ့ cilia လို့ခေါ်တဲ့ ချွဲ၊သလိပ် စတာတွေကို ဖယ်ရှားပေးတဲ့ အမွှေးအမျှင်လေးတွေကို ပျက်စီးစေတာကြောင့် ချွဲ၊သလိပ်တွေကို သာမာန်လူလို ဖယ်ရှားနိုင်ခြင်းမရှိဘဲ သာမာန်လူထက် ချောင်းဆိုးတာ၊အဆုတ်ပိုးဝင်တာမျိုး ခဏခဏဖြစ်တတ်ပါတယ်။
အဆုတ်ရဲ့ ခုခံအားကို ကောင်းစေတဲ့ ဆဲလ်လေးတွေကိုလေး လျော့နည်းစေတာမို့ ပိုးဝင်တာ ပိုဖြစ်တတ်သလို၊ပိုလဲ ပြင်းထန်တတ်ပါတယ်။
ဆေးလိပ်မှာပါတဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကြောင့်လဲ လေပြွန် ရောင်ရမ်းခြင်းကိုဖြစ်စေပြီး ကြာလာတဲ့အခါမှာ လေပြွန်ကြွက်သား ကောင်းစွာအလုပ်မလုပ်နိုင်တော့ဘဲ လေပြွန်ကျဉ်းခြင်းဖြစ်လာပါတယ်။
နောက်တစ်ခုကတော့ Free radical လို့ခေါ်တဲ့ ဓာတု ဓာတ်တိုးပစ္စည်းတွေကြောင့် အဆုတ်နဲ့ လေပြွန် ပျက်စီးခြင်းကို ပိုဆိုးစေပါတယ်။ပုံမမှန် ဆဲလ်ပွားမှုကိုဖြစ်စေပြီး ကင်ဆာအဆင့်ကို ရောက်ရှိစေနိုင်ပါတယ်။
တစ်ကမ္ဘာလုံးမှာရှိတဲ့ အဆုတ်ကင်ဆာ (lung cancer) ဖြစ်ပွါးမှု 90% ခန့်ရဲ့ အဓိကအကြောင်းရင်းဟာဆိုရင်လဲ ဆေးလိပ်သောက်ခြင်းကြောင့်ဘဲဖြစ်ပါတယ်။

👉 ကင်ဆာ ဖြစ်စေနိုင်ခြင်း
===================
polycyclic aromatic hydrocarbons (PAHs)လို့ခေါ်တဲ့ ကင်ဆာကို ဖြစ်စေနိင်တဲ့ဓာတ်တွေ ပါဝင်တာကြောင့် အဓိကဖြစ်စေနိုင်တဲ့ အဆုတ်ကင်ဆာအပြင် ခံတွင်း၊ လည်ချောင်း၊ အစာပြွန် (esophagus)၊ အစာအိမ်၊ အသည်း၊ ပန်ကရိယ (pancreas)၊ ကျောက်ကပ်၊ ဆီးအိမ်နဲ့ သားအိမ်ခေါင်း (cervIx) ကင်ဆာတို့ကိုလဲ ဖြစ်စေနိုင်ပါတယ်။

👉 ကိုယ်ခံအားစနစ် (Immune System) အားနည်းစေခြင်း
======================

ဆေးလိပ်ဟာ ခုခံအားစနစ်ကို အားနည်းစေတာဖြစ်တဲ့အတွက်ကြောင့် ရောဂါပိုးဝင်ရောက်မှုကို ခုခံကာကွယ်နိုင်စွမ်း မရှိပဲ ဘတ်တီးရီးယားပိုး၊covid 19 လို ဗိုင်းရပ်စ် ပိုးတွေဝင်ရောက်ပြီး အသက်အန္တရာယ်ကို ကြုံတွေ့ရစေနိုင်ပါတယ်။နာတာရှည်ရောင်ရမ်းမှု (chronic inflammation) ကို ဖြစ်စေပြီး ခုခံအားပုံမမှန်ဖြစ်ခြင်း (autoimmune conditions )တွေဖြစ်လာစေနိုင်ပါတယ်။

👉 နှလုံးနှင့် သွေးကြောများကိုပျက်ဆီးစေခြင်း
========================

ဆေးလိပ်သောက်ခြင်းဟာ သွေးကြောနံရံတွေကို ပျက်စီးစေပြီး သွေးကြောတွေကို ကျဉ်းစေ၊ မာကျောစေကာ နှလုံးသွေးကြောပိတ်ခြင်း(Heart attack )၊ လေဖြတ်ခြင်းနဲ့ ခြေ၊လက်တို့မှာ သွေးကြောပိတ်ရောဂါတွေဖြစ်စေနိုင်ပါတယ်။သွေးကြောပိတ်ခြင်းဟာ ခြေ၊လက် ဖြတ်လိုက်ရတဲ့ အခြေအနေမျိုးဖြစ်နိုင်တဲ့အပြင် အသက်ကိုပါ ဆုံးရှုံးစေနိုင်ပါတယ်။

👉 မျက်စိအမြင်အာရုံကို ပျက်စီးစေခြင်း၊ မျက်စိအတွင်းတိမ်ဖြစ်စေခြင်း (cataracts) နှင့် အမြင်လွှာပျက်စီးခြင်း (Macular degeneration) ဖြစ်စေခြင်း

👉 ခန္ဓာကိုယ်အရေပြားကို အရွယ်မတိုင်မီ အိုမင်းစေခြင်း

👉 အရိုးများကို အားနည်းစေခြင်း

👉 မျိုးပွားမှုဆိုင်ရာ ကျန်းမာရေး (Reproductive Health) ကိုထိခိုက်စေခြင်း
ယောက်ျားရော မိန်းမရော မျိုးပွားနိုင်စွမ်းကို ဆေးလိပ်ဟာလျှော့ချနိုင်တဲ့အပြင် ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်တွင်းကိုယ်ဝန် (ectopic pregnancy) ပိုမိုဖြစ်စေနိုင်ခြင်းနဲ့ မွေးကင်းစကလေးငယ်များ ကိုယ်အလေးချိန် အလွန်နည်းစေခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုထိရောက်တာမို့ ဆေးလိပ်ရဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ဖို့ ကြိုးစားပြီး ရှောင်ရှားကြဖို့ တိုက်တွန်းပါရစေဗျ။

အားလုံး ကျန်းမာကြပါစေ။
.

လေးဖက်နာလို့ ပြောလိုက်ရင် အဆစ်တွေကိုက်တဲ့ ရောဂါတစ်မျိုးလို့ပဲ လူတိုင်းနားလည်ကြပါတယ်။ဒီနေ့မှာတော့ လေးဖက်နာ အမျိုးအစားတွေန...
29/04/2026

လေးဖက်နာလို့ ပြောလိုက်ရင် အဆစ်တွေကိုက်တဲ့ ရောဂါတစ်မျိုးလို့ပဲ လူတိုင်းနားလည်ကြပါတယ်။
ဒီနေ့မှာတော့ လေးဖက်နာ အမျိုးအစားတွေနဲ့ တစ်မျိုးချင်းဆီရဲ့ ရောဂါလက္ခဏာလေးတွေကို ကျန်းမာရေး ဗဟုသုတအနေနဲ့ ပြောပြသွားပါ့မယ်။

အဖြစ်များတဲ့ လေးဖက်နာ အမျိုးအစားတွေကတော့....
- Rheumatic fever (ပိုးလေးဖက်နာ)
- Rheumatoid arthritis (သွေးလေးဖက်နာ)
- Systemic lupus erythematosus (SLE) (အရေပြားလေးဖက်နာ)
- Systemic Sclerosis (အရေပြားထူ လေးဖက်နာ)
- Psoriatic arthritis (ဆိုရီယားစစ် အရေပြား လေးဖက်နာ)
- Ankylosing Spondylitis (ခါးဆစ်ရောင် လေးဖက်နာ)
- Sjogren (မျက်ရည်ခမ်းလေးဖက်နာ)
- UCTD ( မသေမချာ လေးဖက်နာ)
- MCTD (လေးဖက်နာ အရော)

ပိုးလေးဖက်နာ ရောဂါကလွဲလို့ ကျန်တာတွေက autoimmune လို့ခေါ်တဲ့ ခန္ဓာကိုယ် ခုခံအားစနစ် မူမမှန်ပဲ မိမိ ခုခံအားက မိမိခန္ဓာကိုယ်ကို ပြန်တိုက်ခိုက်တာကြောင့် ဖြစ်ပေါ်တာမျိုးတွေပါ။

ရောဂါ တစ်ခုချင်းစီရဲ့ လက္ခဏာ ၊ဆောင်ရ၊ရှောင်ရမဲ့ အချက်လေးတွေကို အသေးစိတ် ထပ်ပြောပြပေးသွားမှာမို့ page လေးကို like and follow လုပ်ပေးထားပါအုံးဗျ။

ကိုယ်သိချင်တဲ့ ရောဂါအကြောင်းလေးတွေကိုလဲ comment မှာ မေးနိုင်သလို ၊messenger ကနေလဲ မေးမြန်းနိုင်ပါတယ်။

အားလုံးကျန်းမာကြပါစေ။


#လေးဖက်နာ
#ကျန်းမာရေး

23/04/2026

အသည်းခြောက်ခြင်းလက္ခဏာများ
#အသည်းခြောက်
Tele Care
#ရေဖျဉ်းဆွဲ

တစ်ကမ္ဘာလုံးမှာဆိုရင်တော့ နှစ်စဉ် လူပေါင်း 1.2 သန်း ကျော်ဟာဆိုရင် လမ်းမထက် မတော်တဆမှု (car accident) တွေကြောင့် သေဆုံးရပ...
21/04/2026

တစ်ကမ္ဘာလုံးမှာဆိုရင်တော့ နှစ်စဉ် လူပေါင်း 1.2 သန်း ကျော်ဟာဆိုရင် လမ်းမထက် မတော်တဆမှု (car accident) တွေကြောင့် သေဆုံးရပါတယ်။

ဒါ့ကြောင့် ကိုယ့်ရှေ့မှာ ယာဉ်မတော်တဆ ဖြစ်တဲ့အခါ ကိုယ်ဘာလုပ်သင့်သလဲ။ သက်ဆိုင်ရာ အရေးပေါ်တင်ကား၊အရေးပေါ် ပြုစုမှုတွေ မလာခင် ၊မရရှိခင်မှာ ယာဉ်မတော်တဆမှုဖြစ်သူတွေအတွက် ကိုယ်လုပ်ပေးနိုင်တဲ့ အရေးပေါ်စောင့်ရှောက်မှု (Emergency care) တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
=====================

👉ချက်ချင်းအရေးပေါ်အဆင့်များ-

1️⃣ မိမိရှေ့မှာ car accident ဖြစ်တဲ့အခါမှာ ကိုယ်က ကိုယ့် ကားပေါ်ဖြစ်ပြီး accident ဖြစ်တဲ့ ကားနဲ့ ကပ်ရပ်ဆိုရင်တော့ မိမိကားကို အန္တရာယ်မီး(hazard light)များဖွင့်ပြီး လမ်းဘေး ချရပ်လိုက်တာအကောင်းဆုံးပါဘဲ။

အဓိက ဒီလိုမျိုးလုပ်ရတဲ့အကြောင်းရင်း ကတော့ ကိုယ့်ရှေ့က car accident မှာ လောင်စာဆီယိုစိမ့်မှုရှိခဲ့ရင် ပေါက်ကွဲမှုအန္တရာယ်ရှိနိုင်လို့ဘဲဖြစ်ပါတယ်။

2️⃣ ကိုယ့်ရဲ့တည်နေရာ (location) နဲ့ ဒဏ်ရာရသူအရေအတွက်တို့ကို သက်ဆိုင်ရာအရေးပေါ် ဖုန်းနံပါတ်တွေစီခေါ်ပြီး အကြောင်းကြားသင့်ပါတယ်။

3️⃣ အရေးပေါ်ကားနဲ့ သက်ဆိုင်သူများမလာခင်မှာ ကိုယ်နောက်ထပ်လုပ်သင့်တာကတော့ car accident မှာပါဝင်တဲဲ့သူတွေ သတိရှိမရှိ၊တုံ့ပြန်မှု ရှိမရှိ အသက်အန္တရာယ်ရှိမရှိ စစ်ဆေးခြင်းဘဲ ဖြစ်ပါတယ်။ ဒီအချိန်မှာ သတိထားရမှာကတော့ ဒဏ်ရာရသူကို ဆွဲကိုင်လှုပ်တာ၊အတင်းရိုက်ပြီး ခေါ်နှိုးတာမျိုး မလုပ်ရပါဘူး။

ဘာကြောင့်လဲဆိုတော့ လှုပ်လိုက်တဲ့အချိန် ဒဏ်ရာရသူမှာ ‌ကျောရိုးဒဏ်ရာ (spinal injuries) ရှိခဲ့မယ်ဆိုရင် ပိုဆိုးစေနိုင်ပြီး အသက်အန္တရာယ်ပါ ရှိသွားနိုင်ပါတယ်။

(သို့သော်လည်း ကားမီးလောင်နေရင်တော့ သူတို့ကိုအမြန်ဆုံး၊ အညှင်သာဆုံးနဲ့ အန္တရာယ်ကင်းတဲ့နေရာစီကို အထူးသဖြင့် လည်ပင်းကို တတ်နိုင်သမျှ ဖြောင့်အောင်ထားပြီး ရွှေ့သင့်ပါတယ်။)

ဒဏ်ရာရသူ သတိရှိမရှိ၊တုံ့ပြန်မှု ရှိမရှိ အသက်အန္တရာယ်ရှိမရှိကို သိရှိဖို့အတွက် အသက်ရှုမရှုကို နှာခေါင်းနားမှာ ပါး သို့မဟုတ် လက်လေးကပ်ကြည့်ပြီး လေဝင်လေထွက် ရှိနေမနေ အရင်စမ်းသပ်ပါ။ အသက်ရှုသံနား‌ ‌ထောင်တာ၊ရင်ဘက် လှုပ်ရှားမှု ရှိမရှိ ကြည့်တာမျိုးလဲ လုပ်လို့ရပါတယ်။နာမည်ခေါ်တာ၊စကားပြောကြည့်တာမျိုး ပြုလုပ်ကြည့်ပါ။
လှုပ်ရှားမှု ရှိလာလား၊တုန့်ပြန့်မှုရှိလာလား စောင့်ကြည့်ပါ။
တုန့်ပြန်မှုရှိရင် အဆင်ပြေမပြေမေးပြီး ကယ်ဆယ်သူတွေမလာခင် ငြိမ်ငြိမ်နေဖို့ လှုပ်ရှားမှုမလုပ်ဖို့ စိတ်အရမ်းမပူအောင် အားပေးစကားပြောပါ။
တုန့်ပြန်မှုမရှိ အသက်ရှုတဲ့လက္ခဏာမတွေ့ပါက နှလုံးခုန်ခြင်းရှိမရှိ လက်မှာ စမ်းလို့ရသလို ၊ဘယ်ဘက်ရင်အုံကို လက်နဲ့ ဖိစမ်းကြည့်လို့ရပါတယ်။

4️⃣ ဒဏ်ရာရသူအသက်မရှုနေဘူး၊နှလုံးနေရာလဲ စမ်းမရဘူး ဆိုရင်တော့ ခေါင်းကို ခန္ဓာကိုယ်နဲ့ တပြေးညီထိန်းပြီး မြေပြင်ပေါ်ချပါ။ခေါင်းလန်သွားတာ၊ခေါင်းငိုက်စိုက်ကျသွားတာမျိုး မဖြစ်အောင်ထိန်းပြီးချပါ။အသက်ရှူလမ်း‌ ကြောင်း ခေါက်နေတဲ့ အနေအထားမရှိအောင် ခေါင်းကို အနည်းငယ်လေး မော့ထားပြီး၊မေးစေ့လေးကို လက်လေးနဲ့ နည်းနည်းလေး ပင့်ထားပေးပါ။ အရေးပေါ်အသက်ကယ်နည်း CPR သင်ကြားဖူးတယ်ဆိုရင်တော့ CPR စ လုပ်လို့ရပါတယ်။

5️⃣ ဒဏ်ရာရသူက သွေးထွက်နေတဲ့ ဒဏ်ရာတွေ ရှိနေရင်တော့ သန့်တဲ့အဝတ်စတစ်ခုနဲ့ သွေးထွက်နေတဲ့ နေရာတွေကို တိုက်ရိုက်ဖိအား (direct pressure) ပေးပြီးဒဏ်ရာရသူရဲ့ သွေးထွက်ခြင်းကို ရပ်တန့်အောင်ပြုလုပ်သင့်ပါတယ်။ဒဏ်ရာရသူရဲ့ သွေးနဲ့ မိမိလက်ကို တတ်နိုင်သလောက် မပေအောင်တော့ သတိထားကိုင်တွယ်ပါ။လက်အိတ်ပါရင် လက်အိတ်ဝတ်ပါ။

6️⃣ နောက်ဆုံးအနေနဲ့တော့ ဒဏ်ရာရသူကို စိတ်တည်ငြိမ်အောင်ထားခြင်းဘဲဖြစ်ပါတယ်။ သူတို့ထိတ်လန့်တကြား ပိုဖြစ်သွားရင် သွေးထွက်မှုပိုဆိုး‌စေပြီး အသက်အန္တရာယ်ပိုဖြစ်စေနိုင်လို့ဘဲဖြစ်ပါတယ်။

မိမိရဲ့ မိသားစုဖြစ်စေ၊မိမိပတ်ဝန်းကျင်မှာ အရေးပေါ်တစ်စုံတစ်ရာ ကြုံတွေ့လာရတဲ့အခါ ဘယ်လိုပြုမူသင့်လဲ ဆိုတာလေးကို ဗဟုသုတအနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။

အားလုံး ကျန်းမာကြပါစေဗျ။

DrK


ဝမ်းပျက်ဝမ်းလျှော သတိထားစရာ=======================ဝမ်းပျက်ဝမ်း‌လျှောရင် အရေးကြီးဆုံးသတိထားရမှာက 1- ဝမ်းအရောင်က အဝါမဟုတ်ဘ...
19/04/2026

ဝမ်းပျက်ဝမ်းလျှော သတိထားစရာ
=======================

ဝမ်းပျက်ဝမ်း‌လျှောရင် အရေးကြီးဆုံးသတိထားရမှာက
1- ဝမ်းအရောင်က အဝါမဟုတ်ဘဲ ဆန်ဆေးရေလိုဖြူနေလား။
2- ဝမ်းထဲ သွေးတွေပါလား။
3- ဖျားလား။
4- ဗိုက်အောင့်ဗိုက်နာရှိလား။
5- 24 နာရီအတွင်း 6 ကြိမ်ထက် ပိုသွားနေပြီလား။
6- ဝမ်းသွားတာ နှစ်ရက်ကျော်နေပြီလား။
7- မျက်လုံးတွေချိုင့်၊အသားတွေခြောက်ပြီး ရေဓာတ်ခန်းနေပြီလား။
🚨ဒါဆိုရင်တော့ ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားဖို့ လိုအပ်နေပါပြီ။

သို့သော်လည်း ဆေးရုံကို အမြန်သွားဖို့ခက်ခဲတာမျိုး ၊ဆေးရုံဆေးခန်းအလှမ်းဝေးတဲ့အခြေအနေမျိုးတွေ ရှိလာခဲ့ရင် မိမိအိမ်မှာ အရေးပေါ် လုပ်သင့်တဲ့အချက်နဲ့ မလုပ်သင့်တဲ့အချက်လေးတွေ ပြောပြပေးသွားပါ့မယ်။

👉 ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်း (Rehydration)
ဝမ်းသွားတယ်ဆိုတာက ခန္ဓာကိုယ်မှာရှိတဲ့ ရေ၊ဆားဓာတ်၊ပိုတက်စီယမ်ဓာတ်တွေ ဆုံးရှုံးတာဖြစ်တဲ့အတွက် ဒီအဆင့်ဟာဆိုရင်တော့ ဝမ်းပျက်ဝမ်းလျှောကနေ ပြန်လည်ကောင်းမွန်လာဖို့အတွက် အရေးကြီးဆုံးအဆင့်ဘဲ ဖြစ်ပါတယ်။

ဒီလိုမျိုးအမြန်ဆုံးနဲ့အကောင်းဆုံး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဆား(salt) နဲ့ အရည်(fluid) ဓာတ်များကို မျှတအောင် ပံ့ပိုးပေးနိုင်ဖို့အတွက်ဆိုရင်တော့ Oral Rehydration Solutions (ORS) ဓာတ်ဆားရေကို ဝင်သလောက် သောက်သုံးပေးရမှာဖြစ်ပါတယ်။
(ကလေးတွေအတွက် သီးသန့်ဖော်ပြပါမယ်။)

တကယ်လို့ အိမ်မှာ အဆင်သင့်ဓာတ်ဆားရည်ရှိမနေခဲ့ရင်တော့ ဆားနဲ့ သကြားကို အချိုးမျှတစွာ ထည့်ပြီး ဖျော်သောက်လို့ရပါတယ်။

🥄သကြား - လက်ဖက်စားဇွန်း ၆ ဇွန်း
🥄ဆား - လက်ဖက်စားဇွန်း တစ်၀က်
🥛ရေကျက်အေး တစ်လီတာ (ရေသန့်တစ်လီတာဘူးစာ) နဲ့ ဖျော်စပ်ပြီး ပုံမှန် ဓာတ်ဆားတစ်ထုပ်ဖျော်စာအတိုင်း သောက်သုံးနိုင်ပါတယ်။

🍀 အရသာလေးပါချင်ရင် သံပုရာသီး (သို့) လိမ္မော်သီး အရည်ညှစ်ထည့်လို့ရပါတယ်။(ဗိုက်အောင့်နေရင်တော့ ထည့်မသောက်သင့်ပါ)

👉 ရေနဲ့ Clear Fluids ဖြစ်တဲ့ကြည်လင်တဲ့အရည်များ စားသုံးခြင်း

ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အချိန်မှာ အနည်းဆုံးနေ့စဉ် ရေ ၈ခွက်၊ ၁၀ခွက် သောက်သုံးပါ။ကြက်ပြုတ်ရည်၊အာဟာရရှိတဲ့ အရည်တွေ သောက်သုံးပေးနိုင်ပါတယ်။
အုန်းရေသောက်ခြင်းဟာဆိုရင်လဲ ပိုတက်စီယမ် (potassium)လိုမျိုး ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါမှာခန္ဓာကိုယ်မှာဆုံးရှုံးသွားတဲ့ ဓာတ်များကို ပြန်လည်ဖြည့်တင်းပေးတဲ့ သဘာဝနည်းလမ်းတစ်ခုဘဲဖြစ်တယ်။

တစ်ခုသတိထားရမယ့်အချက်ကတော့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတဲ့အချိန်မှာ ရေများများသောက်ရင်ကောင်းတာဖြစ်ပေမယ့် တစ်ခါထဲအများကြီးကို တစ်မော့ထဲသောက်မယ်ဆိုရင်တော့ အန်ခြင်းကိုဖြစ်စေနိုင်တဲ့အတွက် ရေကိုနည်းနည်းနဲ့ မကြာခဏသောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်ပိုကောင်းစေပါတယ်။

👉 စားသုံးတဲ့အစားအသောက်ပြောင်းလဲမှုများ

အစာကြေလွယ်ပြီး ချေဖျက်ရလွယ်ကူတဲ့ အစားအစာကိုစားသုံးခြင်းဘဲဖြစ်ပါတယ်။
ဥပမာ- ထမင်း၊ ပေါင်မုန့် ၊ခရတ်ကာ ၊ငှက်‌ေပျာသီးအမှည့် ၊ကြက်ဥပြုတ် ၊ပူတင်း ၊ကွေကာ ၊လတ်ဆတ်ပြီး အမျှင်ဓာတ်နည်းတဲ့ (low-fiber) အစားအစာတွေကို ဝမ်းပျက်ဝမ်းလျှောဖြစ်နေတဲ့အချိန်မှာ စားသုံးပါ။

အူလမ်းကြောင်းဆိုင်ရာ ကောင်းမွန်စေတဲ့ဘက်တီးရီးယားများကိုလဲပြန်လည်ကောင်းမွန်လာစေရန်အတွက် ရိုးရိုး၊ အချိုမပါတဲ့ ဒိန်ချဉ် ဒါမှမဟုတ် kefir ကိုစားသုံးခြင်းဟာဆိုရင်လဲ ခန္ဓာကိုယ် အူလမ်းကြောင်း အတွက်ကောင်းမွန်စေပါတယ်။

ဒါ့အပြင် အာလူးပြုတ် (Boiled Potatoes) တွေဟာဆိုရင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ပိုတက်စီယမ် ပြန်လည်ဖြည့်တင်းပေဖို့အတွက် အရင်းအမြစ်ကောင်းတစ်ခုဘဲဖြစ်ပါတယ်။
အာလူးကိုတော့ သင့်တော်ရုံစားပါ။

❌ ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန် ရှောင်သင့်တဲ့အစားအစာများ:

-ကဖိန်းဓာတ် (Caffeine)ပါတဲ့အစားအစာ၊အရည်များ(ကော်ဖီ)
-အရက်
-နို့ထွက်ပစ္စည်းများ
-အဆီများတဲ့အကြော်များ
-စပ်တဲ့အစားအစာများ
-Artificial Sweeteners (ဥပမာ: ပီကေ ၊ရေခဲချောင်း)

နောက်ဆုံးအနေနဲ့ကတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်လာပြီဆိုရင် ကိုယ့်ခန္ဓာကိုယ်ကို ပြန်လည်ကောင်းမွန်လာဖို့အတွက် သေသေချာချာအနားယူဖို့ လိုအပ်ပါတယ်။

နီးစပ်ရာဆရာဝန်နှင့် ပြသဖို့တော့ လိုအပ်ပါမယ်။
ပိုးသတ်ဆေး၊ဝမ်းပိတ်ဆေးများကို ဆရာဝန်နှင့်ပြသတိုင်ပင်ပြီး လိုအပ်မှသာ သောက်သုံးသင့်ပါတယ်။

အားလုံး ကျန်းမာကြပါစေဗျ။

DrK


#ဝမ်းပျက်ဝမ်းလျှော


#ဓာတ်ဆားရည်

17/04/2026

ဆီးချိုရောဂါ၏ လက္ခဏာများ။


#ကျန်းမာရေး
Tele Care

အိပ်ချိန်တိုင်း ဟောက်နေတယ်ဆိုရင် ....Obstructive Sleep Apnea(OSA) =========================အိပ်ဟောက်ရှူပိတ်ရောဂါQ...  ို...
17/04/2026

အိပ်ချိန်တိုင်း ဟောက်နေတယ်ဆိုရင် ....

Obstructive Sleep Apnea(OSA) =========================

အိပ်ဟောက်ရှူပိတ်ရောဂါ

Q... ိုတာဘာလဲ?
A... အိပ်ပျော်နေစဉ် အသက်ရှုလမ်းကြောင်းပိတ်ဆို့မှုကြောင့် အသက်ရှုခတ္တရပ်သွားခြင်းဖြစ်ပါတယ်။

Q... #ဘာကြောင့်အိပ်ပျော်နေစဉ်အသက်ရှူလမ်းကြောင်းပိတ်ဆို့ရတာလဲ?
A... လေပြွန်ကျဉ်းခြင်းကြောင့်သော်လည်းကောင်း၊ အိပ်နေစဉ် လည်ပင်းကြွက်သားများ နှင့် လျှာ ပျော့ကျလာ၍သော်လည်းကောင်း၊ အာသီးကြီး၍ အသက်ရှုလမ်းကြောင်းအပေါ်ပိတ်မိ၍ သော်လည်းကောင်း အသက်ရှုရပ်ခြင်းကိုဖြစ်စေပါတယ်။

Q... #ဘယ်လိုလူမျိုးတွေအဖြစ်များလဲ?

A...အသက်ကြီးတဲ့သူ(အသက် ၆၀ကျော်များ)၊ အမျိုးသားများ၊ ဆေးလိပ်သောက်သူများ၊ အဝလွန်သူများ၊ ဆီးချိုရှိသူများ၊ သွေးတိုးရှိသူများ၊ မွေးရာပါ အသက်ရှူလမ်းကြောင်းကျဉ်း၊ အာသီးကြီးသူများ။
မိသားစု(အဖေ၊အမေ၊ညီကိုမောင်နှမအရင်း)တွင် OSAဖြစ်ဖူးသူများ၊ လည်ပင်းလုံးပတ်ကြီးသူများ (အမျိုးသား) ၁၇လက်မ၊(အမျိုးသမီး) ၁၆လက်မနှ်အထက်ရှိသူများ။

Q... ဲ့ရောဂါလက္ခဏာတွေက?
A... အိပ်နေစဉ် ကျယ်လောက်စွာ ဟောက်ခြင်း၊ အိပ်နေစဉ် အသက်ရှူရပ်သွားကြောင်း အတူအိပ်သူမှ သတိထားမိခြင်း (သို့မဟုတ်) ခဏခဏ ဘယ်ညာလှည့်၍ အိပ်တဲ့ပုံစံပြောင်းခြင်း (သို့မဟုတ်) ညဘက်ခဏခဏ ဆီးထသွားခြင်း ၊ နံနက်ခင်း အိပ်ယာထစဉ်တွင် ခေါင်းကိုက်ခြင်း၊ ခေါင်းအုံခြင်း၊ ခေါင်းမကြည်ခြင်း၊မူးဝေခြင်း နေ့အချိန်တွင် အိပ်ငိုက်လွယ်ခြင်း၊ အားအင် ကုန်ခမ်း ပင်ပန်းလွယ်ခြင်း၊ အာရုံစူးစိုက်မှု ကျဆင်းခြင်း ၊ စိတ်တို‌ ဒေါသထွက်လွယ်ခြင်း၊ သွေးတိုးရောဂါ စတင်ဖြစ်ပွားလာခြင်း။

Q... #နောက်ဆက်တွဲဘာရောဂါတွေဖြစ်လာနိုင်လဲ?
A... သွေးတိုးရောဂါ ၊ ဆီးချိုရောဂါ ၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်း/ပိတ်ခြင်း ၊ လေဖြတ်ခြင်း ၊ စိတ်ဓာတ်ကျခြင်း ၊ နေ့ခင်းဘက် အိပ်ငိုက်‌နေခြင်းကြောင့် ယာဉ်တိုက်မှုဖြစ်ခြင်း၊ မတော်တဆ ထိခိုက်ဒဏ်ရာရနိုင်ခြင်း၊၊
⭐ အသက်ရှူရပ်၍ အောက်စီဂျင်ကျသည့်အချိန်ကြာမြှင့်ပါက အိပ်နေရင်း ရုတ်တရက် သေဆုံးနိုင်ပါတယ်။

Q... #ရောဂါရှိမရှိဘယ်လိုသိနိုင်မလဲ?
A... Sleep Study (အိပ်နေရင်း စမ်းသပ်ခြင်း) စမ်းသပ်မှုဖြင့် သိရှိနိုင်ပါတယ်။

Q... #ဘယ်လိုကုသလို့ရနိုင်မလဲ?
A.... ရောဂါ အဆင့်ပေါ်မူတည်ပြီးကိုယ်အလေးချိန်လျော့ချခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်း၊ သွေးတိုး၊ ဆီးချိုများကို သေချာစွာကုသမှုခံယူခြင်းတွေအပြင် ပြင်းထန်ရောဂါခံစားနေရပြီဆိုရ်တော့ ဆရာဝန်ညွှန်ကြားချက်ဖြင့် Continuous Positive Airway Pressure (CPAP) ဆိုတဲ့ အသက်ရှူကူစက်ကလေးကို ညအိပ်နေစဉ် တပ်၍အိပ်ခြင်းဖြင့် ရုတ်တရက် အသက်ရှူရပ်၍သေဆုံးခြင်းကို ကာကွယ်နိုင်သလို နောက်ဆက်တွဲရောဂါတွေကိုလဲ ကာကွယ်နိုင်ပါတယ်။ OSA ရဲ့ နောက်ဆက်တွဲတွေမဖြစ်ပွားခင် စောစီးစွာ သိရှိကုသနိုင်ကြပါစေ။

သိလိုတာရှိရင် comment မှာ မေးမြန်းနိုင်ပါတယ်။ကျန်းမာရေးဆောင်းပါးများ စဉ်ဆက်မပြတ် တင်ပေးနေတာကြောင့် pageလေးကို like and share လုပ်ပေးကြပါအုံးဗျ။

အားလုံးကျန်းမာကြပါစေဗျ။

Dr. K

#ကျန်းမာရေး




#အိပ်ဟောက်ရှုပိတ်ရောဂါ

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tele Careผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์