21/07/2025
အိမ်ထောင်ရေးအဆင်မပြေတဲ့သူတွေ ယုံကြည်ဆုတောင်းကြတဲ့ Mae Nak (မဲ့နာခ်) နတ်ကွန်း
P*e Mark ကားထဲက P*e Mark ရဲ့ မိန်းမ Mae Nak (မဲ့နာခ့်) ဟာ Rama IV ဘုရင်ကြီးလက်ထပ်မှာ ပေါ်ပေါက်ခဲ့တဲ့ ထိုင်းနာမည်ကြီး အမျိုးသမီးနတ်တွေထဲက တစ်ခုပါ။
နာခ့်ဟာ အဲ့ဒီအချိန်က ထိုင်းနိုင်ငံရဲ့ အလှဆုံးမိန်းကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ သူ့ချစ်သူ ပီးမက်နဲ့ လက်ထပ်ပြီးတော့ Phra Khanong မြစ်ကမ်းဘေးမှာ အိမ်လေးဆောက်ပြီး ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတယ်။ နာခ့် ကိုယ်ဝန်ရလာတဲ့အချိန်မှာပဲ သူ့ယောက်ျားပီးမက်က နိုင်ငံ့တာဝန်ထမ်းဆောင်ဖို့ ဆင့်ခေါ်ခံခဲ့ရတယ်။ အမှုထမ်းဖို့ ပီးမက်အိမ်ကနေ ထွက်သွားတဲ့နေ့က သူ့မိန်းမကို သူတစ်သက်လုံးခွဲလိုက်ရတဲ့နေ့ဆိုတာ သူမသိခဲ့ဘူး။
နာခ့်က ပီးမက်ထွက်သွားပြီးနောက်မှာပဲ ကိုယ်ဝန်ကြီးနဲ့ မတော်တဆဆုံးပါးခဲ့တယ်။ အဲ့အချိန် ပီးမက်က ဘန်ကောက်မြို့လယ်က ဆေးရုံကြီးမှာ ဒဏ်ရာထားတာမို့ မိန်းမရော၊ ကလေးပါ ဆုံးသွားခဲ့တယ်ဆိုတာကို သူမသိခဲ့ရဘူး။
အချိန်တစ်ခုကြာပြီး သူအိမ်ကိုပြန်ရောက်လာတော့ သူ့မိန်းမက ကလေးလေးနဲ့အတူ လူယောင်ဆောင်ပြီး သူ့ကိုကြိုနေခဲ့တယ်။ အိမ်နီးချင်းတွေက "မင်းမိန်းမနဲ့ ကလေးက ဆုံးသွားပြီ၊ အခုမင်းတွေ့နေရတာက လူမဟုတ်ဘူး၊ သရဲတွေ" လို့ ပြောကြပေမယ့် ပီးမက်က မယုံခဲ့ဘူး။
သူ့မိန်းမ မဲ့နာခ့်ကလည်း သူ့ယောက်ျားအဖြစ်မှန်သိပြီး သူ့ကိုကြောက်မှာစိုးလို့ အဲ့လိုလာပြောတဲ့သူတွေအားလုံးကို တိတ်တဆိတ်ခြောက်လန့်ပြီး သူတို့အိမ်ကိုမလာအောင် မျိုးစုံကြိုးစားခဲ့တယ်။
တစ်နေ့တော့ သူ့ယောက်ျားအတွက် ဟင်းချက်နေရင်း သံပုရာသီးတစ်လုံးက အိမ်အောက်ကို ပြုတ်ကျသွားတယ်။ အိမ်ပေါ်ကနေ သူ့လက်ကို အရှည်ကြီးဆန့်ထုတ်ပြီး သံပုရာသီးကောက်လိုက်တာကို ပီးမက်ကမြင်သွားပြီး သူ့မိန်းမနဲ့ကလေးက လူမဟုတ်မှန်း သိသွားတယ်။ အတူဆက်နေရမှာ ကြောက်တာမို့ ပီးမက်လည်း အဲ့ဒီညမှာပဲ လှေနဲ့ထွက်ပြေးခဲ့တယ်။
မဲ့နာခ့်ကလည်း သူ့ယောက်ျားထွက်ပြေးပြီဆိုတာကို သိသိချင်း အနောက်ကနေ လိုက်ခေါ်ခဲ့တယ်။ ပီးမက်က သရဲတွေလုံးဝဝင်လို့မရတဲ့ Mahabut ဘုရားကျောင်းထဲထွက်ပြေးသွားတာမို့ သူ့မိန်းမက ဘယ်လိုမှဆက်မလိုက်နိုင်ခဲ့ဘူး။
သူ့ယောက်ျားဒီလို ထွက်ပြေးသွားတာ ရွာထဲကလူတွေပြောကြလို့ဆိုပြီး ရွာသားတွေကို ဒေါသထွက်ကာ အရင်ထက်ပိုမိုခြောက်လန့်ခဲ့တယ်။ ရွာသားတွေကလည်း တန်ခိုးကြီးတဲ့ ဘုန်းတော်ကြီးတစ်ပါးကို ပင့်ပြီး မဲ့နာခ့်ရဲ့ ဝိဉာဏ်ကို အိုးထဲထည့်ပိတ်ကာ မြစ်ထဲမြှပ်ခဲ့ကြတယ်။
ပါးစပ်ရာဇဝင်တွေအရတော့ နှစ်အနည်းငယ်အကြာမှာ ငါးဖမ်းသမားလင်မယားနှစ်ယောက်က အဲ့အိုးကိုဆယ်မိပြီး ဖွင့်ခဲ့ကြလို့ မဲ့နာခ့်က လွတ်မြောက်သွားခဲ့တယ်တဲ့။
အဲ့ဒီနောက်ပိုင်း Chakri မင်းဆက်လက်ထက်မှာ နာမည်ကြီးခဲ့တဲ့ Somdet Phra Buddhacarya ဘုန်းတော်ကြီးက မဲ့နာခ်ကို နားချပြီး နန်းဆောင်တစ်နေရာစီစဉ်ပေးခဲ့တယ်။ အခြားဘဝတစ်ခုမှာ သူ့ယောက်ျားနဲ့ ပြန်ဆုံနိုင်ကြောင်း တရားချခဲ့တာမို့ မဲ့နာခ်ကလည်း သူ့ရဲ့အစွဲကို စွန့်လွတ်ပြီး ကောင်းရာကို ရောက်သွားခဲ့တယ်လို့ ပြောကြတယ်။
မဲ့နာခ်ဟာ ထိုင်းနိုင်ငံမှာတော့ ကိုယ့်ယောက်ျားအပေါ် သစ္စာရှိစွဲလမ်းမှုကိုအပြနိုင်ဆုံး အမျိုးသမီးနတ်အဖြစ် အရမ်းနာမည်ကြီးကျော်ကြားခဲ့တယ်။ ရုပ်ရှင်တွေ၊ ပြဇာတ်တွေကစလို့ အနုပညာပွဲတော်အထိပါ ထင်ရှားခဲ့တာ။
မဲ့နာခ်ရဲ့ နတ်နန်းက ပီးမက်ထွက်ပြေးသွားခဲ့တဲ့ ဘုရားကျောင်းဝန်းထဲမှာရှိပြီး မဲ့နာခ်နဲ့ သူ့ကလေးရုပ်လေးကို ထုလုပ်ပူဇော်ထားတယ်။ အဲ့ကျောင်းဝန်းထဲမှာ နတ်နန်းနဲ့အတူ သူတို့ကလေးရဲ့ အုတ်ဂူက ယနေ့ထိရှိနေဆဲပါပဲ။
ထိုင်းမှာတော့ ကိုယ့်ယောက်ျားကိုယ့်အပေါ်သစ္စာရှိစေချင်တဲ့သူတွေ၊ ဖောက်ပြန်ခံရတဲ့သူတွေ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့သူတွေနဲ့ သားသမီးကံမကောင်းတဲ့သူတွေအတွက် မဲ့နာခ့်နတ်ကွန်းက ယနေ့အချိန်ထိ ယုံကြည်အားထားရဆုံးပါပဲ။ မဲ့နာခ့်ဆီ ဆုလာတောင်းတဲ့သူတိုင်းကလည်း ခဏအတွင်းမှာပဲ သူတို့ဆုတောင်းတွေပြည့်ကြလို့ ပူဇော်ပွဲတွေနဲ့အတူ အထူးစည်ကားလျက်ရှိနေဆဲပါ။
မဲ့နာခ်နတ်ကွန်းကို သွားချင်တယ်ဆိုရင်တော့ Soi On Nut 7 လမ်းက Wat Mahabut ဘုရားကျောင်းဝန်းထဲမှာ ရှိပါတယ်။
�747/1, Soi On Nut 7 | Suan Luang, Suan Luang, Bangkok ပါ။
အားလုံးပဲ ချစ်သောသူနဲ့ ပေါင်းနိုင်ကြပြီး ပေါင်းသောသူနဲ့ ချစ်နိုင်ကြပါစေ။
( ပုံနှင့်စာများ ကူးယူဖော်ပြခွင့်မပြုပါ )