
18/05/2023
ဓာတ်ရောင်ခြည်ကုသမှုခံယူစဥ် ဆောင်ရန်/ရှောင်ရန် အချက်များ (၃)
အရေပြား
ဓာတ်ရောင်ခြည်နှင့်ကုသသောအခါ အရေပြားတွင် ကုသမှုစတင်ပြီး နှစ်ပတ်အကြာတွင် အနည်းငယ်နီရဲလာခြင်း၊ အရောင်ရင့်လာခြင်း ဖြစ်လာတတ်ပါသည်။ နေလောင်ခြင်းနှင့် ဆင်တူပါသည်။ ဓာတ်ရောင်ခြည် ကုသမှု၏ အရေပြားအပေါ် အကျိုးသက်ရောက်မှုသည် ကုသမှုအပြီး နှစ်ပတ်အကြာတွင် တဖြည်းဖြည်း သက်သာလာပြီး ပုံမှန် ပြန်ဖြစ်လာပါသည်။
ဓာတ်ရောင်ခြည်ကုသစဥ် နေ့စဥ် ရေချိုးနိုင်ပါသည်။ ကလေးသုံး ဆပ်ပြာကို အသုံးပြုနိုင်ပါသည်။ ရေချိုးပြီးပါက နူးညံ့သော တဘက်နှင့် ဖွဖွလေးသုတ်ရပါမည်။ အမျိုးသားများ မျက်နှာနှင့်လည်ပင်းကို ဓာတ်ရောင်ခြည်ကုသမှု ခံယူနေစဥ်တွင် မုတ်ဆိတ်ရိတ်ရာ၌ အခြောက်ရိတ်နိုင်ပါသည်။ မုတ်ဆိတ်ရိတ်စက်ကို အသုံးပြုနိုင်ပါသည်။
ရေချိုးရာတွင် ရေမွှေးပါသောဆပ်ပြာနှင့် လူကြီးသုံးဆပ်ပြာတို့ကို အသုံးမပြုရပါ။ ရေချိုးပြီးပါက တဘက်ဖြင့် ကြမ်းတမ်းစွာသုတ်ခြင်းကို ရှောင်ကြဥ်ရပါမည်။ ဓာတ်ရောင်ခြည်နှင့် ထိတွေ့သော အရေပြားကို သနပ်ခါး၊ ပေါင်ဒါ၊ ရေမွှေး၊ ဂျိုင်းချွေးနံ့ ပျောက်ဆေးနှင့် ဆရာဝန်ညွှန်ကြားမှု မရှိသော လိမ်းဆေးများမသုံးရပါ။ မုတ်ဆိတ်ရိတ် ရာတွင်လည်း Shaving Cream နှင့် အစိုရိတ်ခြင်းကို ရှောင်ကြဥ်ရမည်။
ဓာတ်ရောင်ခြည်ကုသမှုခံယူနေစဥ်နှင့် ကုသမှုပြီးဆုံးသွားပြီးသည့် ကာလများတွင်လည်း နေရောင်ထဲသို့ သွားလာသည့် အခါ၌ လက်၊ မျက်နှာနှင့်လည်ပင်းတို့ကို လုံခြုံစွာကာပေးနိုင်သော ထီး၊ ဦးထုပ်ကြီးကြီး စသည်တို့ကို အသုံးပြုရမည်။
အဝတ်အစား
လည်ပင်း၊ ရင်သားနှင့်ရင်ဘတ်ကို ဓာတ်ရောင်ခြည် ကုသမှု ခံယူမည့် လူနာများသည် ကော်လာမပါသော လည်ပင်းကျယ်ကျယ်၊ ချိုင်းပွပွ ချည်သားင်္အကျီပွပွများကိုသာ ဝတ်ဆင်သင့်ပါသည်။ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ စသည့် ချက်အောက်ပိုင်းနေရာကို ဓာတ်ရောင်ခြည်ကုသမည့် လူနာများသည် ချည်သားလုံချည်များကိုသာ ဝတ်ဆင်ရမည်။
လူနာများသည် ဓာတ်ရောင်ခြည်ကုသစဥ်နှင့် ကုသမှုပြီးဆုံးပြီး (၄)ပတ် ကြာသည်အထိ ကုသမှုခံယူထားသည့် နေရာအလိုက် ဘော်လီ၊ ဘရာစီယာ၊ အတွင်းခံဘောင်းဘီများ ဝတ်ဆင်ခြင်းကို ရှောင်ကြဥ်ရပါမည်။
#ဒေါက်တာမာရီယာလင်း