
24/07/2025
"စအိုကွဲအက်နာ နဲ့ စအိုဂရင်ဂျီနာ"
စအိုကွဲအက်နာ နဲ့ စအိုဂရင်ဂျီနာတို့ဟာ စအိုအတွင်း နာကျင်ခြင်းနဲ့ သွေးထွက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သဘောသဘာဝနဲ့ ဖြစ်စေတဲ့ အကြောင်းရင်း ကွဲပြားပါတယ်။
၁။ စအိုကွဲအက်နာ နဲ့ စအိုဂရင်ဂျီနာ ဖြစ်စေတဲ့ အကြောင်းအရာများတွေက ဘာတွေလဲ။
- စအိုကွဲအက်နာ
သူကတော့ စအိုဝမှာ ပပ်ကြားအက်ကွဲခြင်းဖြစ်ပြီး စအိုရဲ့အလွှာအတွင်းမှ ကွဲအက်ခြင်းအဖြစ် စတင်ပါတယ်။ စအိုကြွက်သားများ တင်းမာမှုကြောင့်၊ ရုတ်တရက် စူးရှသော ပွန်းပဲ့ခြင်းကြောင့် အဖြစ်များပါတယ်။
ကာလကြာရှည် (နာတာရှည်) စအိုကွဲအက်ခြင်းအတွက် ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများစွာကတော့
* ဝမ်းချုပ်ခြင်း- ဝမ်းက မာခဲပြီး စအိုနံရံကိုဖြတ်သန်းရခက်ခဲတဲ့အခါ ကွဲစေပါတယ်။
* ဝမ်းလျှောခြင်း- တစ်နေ့တည်းနဲ့ အကြိမ်များစွာ ဝမ်းများ ရေများ တောက်လျှောက် တွန်းတိုက်သွားတဲ့အခါ ဖြစ်စေပါတယ်။
* လိင်ကတဆင့်ကူးစက်ရောဂါများ (STIs) - လိင်ထိတွေ့မှုမှတဆင့် လူတစ်ဦးမှ အခြားတစ်ဦးသို့ ကူးစက်သော ရောဂါပိုးများကလည်း ဖြစ်စေတတ်ပါတယ်။
* Inflammatory bowel disease (IBD) - အူလမ်းကြောင်း ရောင်ရမ်းစေသော နာတာရှည်အခြေအနေများ
*Human immunodeficiency virus (HIV) :
HIV virusကလည်း ကိုယ်ခံအားစနစ်ကို အားနည်းစေတဲ့အခါ
* အမျိုးသမီးတွေမှာ ကလေးမွေးဖွားခြင်းကလည်း မတော်တဆ စအိုကို ကွဲအက်ပျက်စီးစေနိုင်ပါတယ်။
* စအိုဝန်းကျင်တဝိုက်မှာ အခြားသော ဒဏ်ရာများ ရရှိခြင်း
* တီဘီရောဂါ-တီဘီပိုးကူးစက်ခြင်း
အဲဒီအခြေအနေတွေမှာလည်း ရှိတတ်ပါတယ်။
- စအိုဂရင်ဂျီနာ
ဂရင်ဂျီနာ ဆိုတာကတော့ ခန္ဓာကိုယ်တွင်းက အပေါက်လမ်းကြောင်းပါတဲ့ အင်္ဂါနှစ်ခု သို့မဟုတ် အပေါက်လမ်းကြောင်းပါတဲ့အင်္ဂါတစ်ခုနဲ့ အနားက အရေပြားကြားမှာ မရှိသင့်တဲ့ လမ်းကြောင်းအသစ် ဂလိုင်ပေါက် အပေါက်တစ်ခု ဖြစ်လာာကို ခေါ်တာပါ။
စအိုနေရာတဝိုက်က ဂရင်ဂျီနာကြီးထွားမှုဟာ အများအားဖြင့် ရောဂါပိုးဝင်ခြင်းကနေ စတင်ပါတယ်။ ပြည်တည်နာအဖြစ်လည်း စလာတတ်ပါတယ်။ တချို့လူနာတွေမှာတော့ စအိုအနားကအရေပြားအောက်မှာ အဖုအကြိတ်တစ်ခု စဖြစ်လာတတ်ပါတယ်။
ပြီးတဲ့နောက် အဲဒီပြည်တည်နာဟာ နောက်ဆုံးမှာ ပွင့်သွားပြီး အင်္ဂါနှစ်ခုကြား( အင်္ဂါနဲ့ အရေပြားကြား) ရှိ လမ်းကြောင်းတစ်ခု ဖြစ်လာပြီး ( စအိုဆို စအိုနဲ့ အရေပြားကြား) ဂရင်ဂျီနာ ဖြစ်လာတာပါ။
* စအိုနှင့်အရေပြား အကြား
* စအိုနှင့် မိန်းမအင်္ဂါအကြား ( rectovaginal fistula )၊
* အရေပြားနှင့် အူအစိတ်အပိုင်း တစ်ခုကြား
မှာ
ဂရင်ဂျီနာ ဖြစ်တတ်ပါတယ်။
* ကင်ဆာ
* Crohn's disease- အစာချေစနစ်တစ်ခုလုံးကို ထိခိုက်စေသော အူလမ်းကြောင်ရောင်ရမ်းရောဂါ
* ရောဂါပိုးဝင်ခြင်း
* ဓာတ်ရောင်ခြည်ကုထုံး- ကင်ဆာအချို့ကို ကုသရန် အသုံးပြုသော ဓာတ်ရောင်ခြည်ကုထုံး
* ခွဲစိတ်မှု- အူလမ်းကြောင်းခွဲစိတ်မှုတချို့
အဲဒါတွေကလည်း ဂရင်ဂျီနာကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းများ ဖြစ်ကြပါတယ်။�
၂။ ရောဂါလက္ခဏာတွေက ဘာတွေလဲ
စအိုကွဲအက်ခြင်းနဲ့ ဂရင်ဂျီနာမှာ အလားတူလက္ခဏာများ ရှိနိုင်ပါတယ်။
ဝမ်းသွားစဉ်အတွင်း စအိုမှ သွေးထွက်ခြင်းနဲ့ နာကျင်ခြင်းများဟာ အခြေအနေနှစ်မျိုးစလုံးမှာ တွေ့နိုင်တဲ့ လက္ခဏာများဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ခုကြား ကွဲပြားစေတဲ့ အခြားသော လက္ခဏာများလည်း ရှိပါတယ်။
စအိုကွဲအက်နာရဲ့ လက္ခဏာတွေကတော့
* စအိုကနေ သွေးထွက်ခြင်း။
* ဝမ်းသွားတဲ့အခါ နာကျင်ခြင်း (dyschezia)
* ဝမ်းသွားပြီးနောက်မှာတောင် နာရီပေါင်းများစွာကြာအောင် နာကျင်ခြင်း။ အထိုင်ခက်ခဲခြင်း
* စအိုအနီးတဝိုက်မှာ နာကျင်ပြီး နေရ မသက်မသာဖြစ်ခြင်း။
စအိုဂရင်ဂျီနာရဲ့ ရောဂါလက္ခဏာတွေကတော့
* ဂရင်ဂျီနာအပေါက်ကနေ သွေး၊ အချွဲ၊ သို့မဟုတ် အခြားအရည်များ စိမ့်ထွက်ခြင်း
* ဖျားခြင်း။ ကိုယ်ပူခြင်း
*ဝမ်းများ အနာပေါက်မှ ယိုစိမ့်ခြင်း / ဝမ်းမထိန်းနိုင်ခြင်း။
* စအိုအောက်ဘက် ဝန်းကျင်တဝိုက် နာကျင်ခြင်း၊
* အိမ်သာသွားတဲ့အခါ နာကျင်ခြင်း။
စတာတွေကို ခံစားရတတ်ပါတယ်။
၃။ ရောဂါကို ဘယ်လိုခွဲခြားမလဲ။
စအိုကွဲအက်ခြင်းနှင့် စအိုဂရင်ဂျီနာကို ရောဂါလက္ခဏာတွေက ဆင်နေတတ်ပါတယ်။
- စအိုကွဲအက်နာ
ရောဂါလက္ခဏာများကို သိရှိပြီးနောက်မှာ ဆရာဝန်က စစ်ဆေးမှုပြုလုပ်ပြီး တွေ့ရှိနိုင်ပါတယ်။ သွေးထွက်ခြင်း၊ ယားယံခြင်းနဲ့နာကျင်ခြင်းတွေ ရှိရင် ပြောပြပါ။
ဝမ်းလျှောခြင်း၊ ဝမ်းချုပ်ခြင်း
တစ်နေ့ကို အကြိမ်ဘယ်လောက်သွားထားတာ
နာကျင်တာ စတာတွေ ပြောပြပေးနိုင်ရင် ကောင်းပါတယ်။
လိုအပ်ရင် အူလမ်းကြောင်းအောက်ပိုင်း မှန်ပြောင်းကြည့်လို့ ရပါတယ်။
- စအိုဂရင်ဂျီနာ
စအိုဂရင်ဂျီနာကတော့ ပြည်တည်နာအဖြစ် စတင်လာတတ်တဲ့အတွက် ဆရာဝန်က ပြည်တည်နာရှိမရှိ စမ်းသပ်ကြည့်ရှုလို့ ရပါတယ်။
တကယ်လို့ လိုအပ်တဲ့ အခြေအနေတွေမှာတော့ ဂရင်ဂျီနာကို စစ်ဆေးဖို့
* ခွဲစိတ်ကုသခြင်း
* ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း (CT)
* Fistulography- ( ဂရင်ဂျီနာကို စစ်ဆေးရန် အသုံးပြုသည့် ဓာတ်မှန်)
* Proctoscopy မှန်ပြောင်းကြည့်ခြင်း
* Ultrasound အာထရာဆောင်း ရိုက်ခြင်းတို့ကို လိုအပ်သလို ဆောင်ရွက်လို့ ရပါတယ်။
၄။ ဘယ်လို ကုသမှု ခံယူကြမလဲ။
- စအိုကွဲအက်နာ
စအိုကွဲအက်ခြင်းအတွက်ကတော့ အိမ်သုံးဆေးဝါးများ၊ Life style လူနေမှုပုံစံပြောင်းလဲခြင်းကဲ့သို့သော အိမ်တွင်းကုသမှုအချို့နဲ့ သူ့ဘာသာသူ ပျောက်ကင်းနိုင်ပါတယ်။ ပိုဆိုးလာတာ ဒါမှမဟုတ် ခဏခဏ ကွဲအက်လာတဲ့အခါ ဆရာဝန်နဲ့ပြသပြီး
လိုအပ်ရင် ခွဲစိတ်မှုကုသနိုင်ပါတယ်။
အိမ်တွင်းကုသမှုများမှာတော့
* အစားအသောက်-
အမျှင်ဓာတ်ပါသော အစားအစာများစားခြင်းနဲ့
ရေများများသောက်ခြင်း
* နေထိုင်မှုပုံစံ- ဘိုထိုင်အိမ်သာ အသုံးပြုပေးတာ( ဖြစ်နိုင်ရင်)
*ဆားရည်ခွက် ထိုင်ပေးတာ (sitz bath)
*နာကျင်မှုနဲ့မသက်မသာဖြစ်စေရန်အတွက် အိမ်သာပေါ်တွင် ကြာကြာထိုင်ခြင်းကို ရှောင်ကြဉ်တာတွေ လုပ်သင့်ပါတယ်။
* အိမ်သုံးဆေးဝါး- ဝမ်းချုပ်ခြင်းက အဓိကပြဿနာကိုဖြစ်နေတဲ့အခါ အစားအသောက်နဲ့ လူနေမှုပုံစံပြောင်းလဲခြင်းအပြင် ဝမ်းပျော့ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။
* လိမ်းဆေးများ- နိုက်ထရိုဂလစ်ဆရင်း၊ CCB စတဲ့ စအိုကို တိုက်ရိုက်လိမ်းခြင်းဖြင့် နာကျင်မှုကို သက်သာစေတဲ့ ခရင်မ်တွေ လိမ်းလို့ ရပါတယ်။
* ခွဲစိတ်မှု- အများဆုံး ခွဲစိတ်မှုကတော့ lateral internal sphincterotomy , fissurectomy စတဲ့ ခွဲစိတ်မှုတွေ ပြုလုပ်လို့ ရပါတယ်။
- စအိုဂရင်ဂျီနာ
ပြည်တည်နာကို ပိုးသတ်ဆေး(ပဋိဇီဝဆေး ) ပေးမယ်။ ခွဲပြီး ပြည်များကို စီးဆင်းစေ drain လုပ်ပြီး ကုသလို့ရပါတယ်။
(ဂရင်ဂျီနာမဖြစ်ခင် ပြည်တည်နာကို တွေ့ရှိခဲ့ရင် အဲဒီလိုပဋိဇီဝဆေးများဖြင့် ကုသနိုင်ပြီး၊ ဂရင်ဂျီနာ ဖြစ်မသွားအောင် တားလို့ ရနိုင်ပါတယ်။)
ဆီတန်ဖြင့်ကုသခြင်း - seton ဆီတန်ခေါ်တဲ့ ကိရိယာအဝိုက်လေးနဲ့ ဂရင်ဂျီနာရဲ့ လမ်းကြောင်း ကို ဖွင့်ထားပြီး ပြည်နဲ့ အခြားအရည်များ ထွက်သွားတာ အနာကျက်ပြီး ဂရင်ဂျီနာကို ပျောက်ကင်းစေပါတယ်။
ဆေးဝါးများ- ပြည်တည်နာနဲ့ ပိုးများအတွက် ပဋိဇီဝဆေးများ
ဂရင်ဂျီနာဟာ Crohn'sခရုန်းရောဂါကဲ့သို့ အခြားသောအခြေအနေများနှင့် ဆက်စပ်နေပါက
အဲဒီ အောက်ခံရောဂါကို ဆေးဝါးများဖြင့် ကုသခြင်းကလည်း အနာကျက်စေနိုင်ပါတယ်။
ခွဲစိတ်မှု- စအိုဂရင်ဂျီနာကို ကုသရန် ခွဲစိတ်မှု အမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။ ဂရင်ဂျီနာလမ်းကြောင်းရဲ့ တစ်ဖက်ကိုပိတ်ပြီး အခြားတစ်ဖက်ကို လုံး၀ဖွင့်ထားကာ သန့်ရှင်းစင်ကြယ်ပေးပြီး အနာကျက်အောင် ကုသလို့လည်း ရပါတယ်။
တကယ်လို့ စအိုဂရင်ဂျီနာ မကျက်တာ ပိုးဝင်တာပိုဆိုးလာတာ စတဲ့ ရှုပ်ထွေးတဲ့အခြေအနေများမှာတော့ အပေါက်ဖောက် Ostomy ခွဲစိတ်မှုလိုအပ်နိုင်ပါတယ်။ အူရဲ့ တစ်စိတ်တစ်ပိုင်းကိုဝမ်းဗိုက်နံရံမှတဆင့် အပေါက်ကိုဖန်တီးထားပြီး အလေးသွားစေကာ စအိုကို အနားပေးထားပြီး ဂရင်ဂျီနာ သက်သာလာသောအခါတွင်မှ ostomy အပေါက်ကို ဖယ်ရှားလိုက်တာပါ။
၅။ ဘယ်လိုကာကွယ်ကြမလဲ။
စအိုကွဲအက်ခြင်း နဲ့ ဂရင်ဂျီနာကို သီးသန့်ကာကွယ်ဖို့ မဖြစ်နိုင်ပေမဲ့ သတိထားရမယ့် အချက်တချို့ကို ဆင်ခြင်လို့ ရပါတယ်။
စအိုအက်ကွဲပွန်းပဲ့ခြင်းများက ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းတို့ကြောင့် ဖြစ်တတ်တဲ့အတွက် ဝမ်းမှန်အောင် သတိပြုသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အမျှင်ဓါတ်၊ ရေဓာတ်ဖြည့်တင်းခြင်း၊ အိမ်သာတက်တဲ့အခါ တအားညှစ်ပြီးဝမ်းသွားတာကို ရှောင်ကြဉ်ခြင်းဖြင့် စအိုကွဲအက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
ဂရင်ဂျီနာကတော့ အချို့ကိစ္စများမှာ ကြိုတင်ကာကွယ်လို့ မရပေမဲ့ ရောဂါနောက်ခံ ဥပမာ Crohn's ရောဂါလိုမျိုး ရှိနေတဲ့အခါ သေချာကုသပြီး ဂရင်ဂျီနာလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။
ဓာတ်ရောင်ခြည်ကုသမှု ခွဲစိတ်မှုအပါအဝင် အူလမ်းကြောင်းကင်ဆာကုသမှုကို ခံယူနေတဲ့သူဆိုရင်လည်း ဂရင်ဂျီနာ ကာကွယ်ဖို့ ဆရာဝန်ကို မေးမြန်းလို့ ရပါတယ်။
ဝမ်းသွားတဲ့ အလေ့အကျင့်ကောင်းတွေကို ထိန်းသိမ်းတာကတော့ အိမ်သာပေါ်တွင် အကြာကြီးမထိုင်ခြင်း၊ ဝမ်းသွားတဲ့အခါ တအားညှစ်ခြင်း မပြုလုပ်ဖို့၊ ရေလုံလောက်စွာသောက်ဖို့အမျှင်ဓာတ်စားသုံးခြင်းဖို့နဲ့ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို ဆောင်ရွက်သင့်ပါတယ်။ တကယ်လို့ ဝမ်းသွားခြင်းနဲ့ ပတ်သတ်ပြီး ထူးခြားမှု တစ်ခုခု ခံစားရတဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။
#ခွန်းညိုသွေး
#ခွန်းညိုသွေး