02/08/2021
ရပ်ကွက်ထဲ COVID ကာကွယ်ဆေးထိုးဖို့ နှိုးဆော်သံ ကြားလို့ ဒီစာကို ရေးလိုက်ပါတယ်၊ ကိုယ် ထိုးရမယ့်ဆေးရဲ့ ကောင်းကျိုးဆိုးကျိုး၊ ထိုးသင့်မသင့် ဗဟုသတ ရှိထားဖို့ပါ
💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့ရလဲ?
▪︎အသက် ၁၈နှစ်အထက် ဖြစ်ရပါမယ်
▪︎Pfizer တံဆိပ်ဆိုရင် အသက် ၁၂နှစ်ကျော်ရင် ရပါပြီ
▪︎Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်တော့ ၁၈-၆၀နှစ်အတွင်းပဲ ထိုးသင့်ပါတယ်
▪︎ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်ရောဂါရှိသူတွေလဲ ထိုးလို့ရပါတယ်
💉 ဘယ်သူတွေ ကာကွယ်ဆေး ထိုးလို့မရဘူးလဲ
▪︎ဖျားနေတဲ့သူတွေ
▪︎ကိုယ်ဝန်ဆောင် အမျိုးသမီးများ (သုတေသန မလုံလောက်သေး)
▪︎ကာကွယ်ဆေးနဲ့မတည့်သူ
▪︎သွေးမတိတ်ရောဂါရှိသူ (bleeding disorders)
▪︎HIV သမား CD4 ၂၀၀ အောက် ကျနေတဲ့အခါ
▪︎အခြားကာကွယ်ဆေးတစ်မျိုးမျိုး ထိုးထားတာ ၂ပတ် မပြည့်သေးတဲ့အခါ
💉 COVID ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့ လိုသေးလား
▪︎COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်တော့ ထိုးဖို့ ညွှန်းလေ့မရှိပါ
▪︎လူတစ်ယောက်နဲ့တစ်ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လဲ ရပါတယ်
💉ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား
▪︎ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်ဆေးက ၁၀၀% အပြည့်မကာကွယ်ပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်အောင် ကူညီတာပါ၊
▪︎ဒါကြောင့် Maskတပ်, လက်ဆေး, ၆ပေခွာနေ ဆက်ကျင့်ကြံရပါမယ်
💉 ကာကွယ်ဆေး မထိုးခင် ဘာတွေပြင်ဆင်မလဲ
▪︎ကိုယ် ထိုးရမယ့် ကာကွယ်ဆေးအကြောင်း လေ့လာပါ
▪︎နဂို သောက်လက်စ ဆေးတွေရှိရင် ဆက်သောက်ပါ
▪︎အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ
▪︎ဖြစ်နိုင်ရင် ကော်ဖီ, အရက် တစ်ရက် ကြိုရှောင်ပါ
💉 ကာကွယ်ဆေးထိုးပြီး ဘာတွေ သတိထားမလဲ
▪︎ထိုးပြီးပြီးချင်း နာရီဝက် ငြိမ်ငြိမ်နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ စောင့်ကြည့်ပါ
▪︎နာကျင်ကိုက်ခဲလျှင် ပါရာစီတမော သောက်လို့ရပါတယ်
▪︎၂ပတ်အတွင်း အခြားကာကွယ်ဆေး မထိုးသင့်ပါ
💉 ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာက ဆေးအောင်တာလား
▪︎မဆိုင်ပါဘူး
💉 ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား
▪︎Antibody ထွက်တာပါ
▪︎Antigen ထွက်နေတယ်ဆို အဲဒါ COVID ဖြစ်နေတာပါ၊ ဆေးအောင်တာ မဟုတ်ပါဘူး
💉 ကာကွယ်ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်လောက်ခံလဲ?
▪︎ဆေးထိုးပြီး ၂ပတ်လောက်ဆို Antibody စ,ထွက်ပါပြီ၊
▪︎ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆လအထိ ခံလေ့ရှိပါတယ်
💉 ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုး ထိုးပြီး နောက်တစ်ကြိမ် အခြားတံဆိပ် ပြောင်းထိုးရင်ကော အာနိသင်ရလား?
▪︎တိကျတဲ့ သုတေသန အဖြေမထွက်သေးပါဘူး
▪︎ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ ၂ကြိမ်အပြည့် ထိုးစေချင်ပါတယ်
ပြည်သူများ ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ
Dr. NI (ဒေါက်တာနီနီ)
(P.S - ပုံထဲက %တွေက စာဖတ်တဲ့ website ပေါ် မူတည်ပြီး ကွဲလွဲမှု ရှိနိုင်ပါတယ်)