Sway Nway - ဆွေးနွေး

  • Home
  • Sway Nway - ဆွေးနွေး

Sway Nway - ဆွေးနွေး Mental Health Service

မိသားစုဝင်တဦးမှာ စိတ်ကျန်းမာရေးပြဿနာရှိတဲ့အခါဘယ်လို ပြုစုစောင့်ရှောက်ကြမလဲ။မိသားစုဝင်တဦးမှာ စိတ်ကျန်းမာရေးပြဿနာနဲ့ကြုံလာ...
04/08/2023

မိသားစုဝင်တဦးမှာ စိတ်ကျန်းမာရေးပြဿနာရှိတဲ့အခါဘယ်လို ပြုစုစောင့်ရှောက်ကြမလဲ။
မိသားစုဝင်တဦးမှာ စိတ်ကျန်းမာရေးပြဿနာနဲ့ကြုံလာရတဲ့အခါ အတူနေမိသားစုအပေါ်မှာများစွာ သော သက်ရောက်မှုတွေ ကြုံတွေ့လာကြရပါတယ်။စိတ်ကျန်းမာရေးပြဿနာရှိသူမိသားစုဝင်တဦးရဲ့ ပြန်လည်ကောင်းမွန်သက်သာလာဖို့ဆိုတာ မိသားစုရဲ့ ပြုစုစောင့်ရှောက်မှုနဲ့ ထောက်ပံ့ကူညီမှုအပေါ်မှာ အများကြီးအရေးပါပါတယ်။ အဖြစ်များတဲ့ စိတ်ကျန်းမာရေး ပြဿနာတွေအနေနဲ့- စိတ်ကစဉ့်ကလျား ရောဂါ၊ စိတ်ကျရောဂါ၊ စိတ်ကြွစိတ်ကျရောဂါ၊ စိုးရိမ်ထိတ်လန့်မှုဆိုင်ရာရောဂါ၊ အရက်နဲ့ မူးယစ်ဆေးစွဲခြင်းဆိုင်ရာရောဂါ စသဖြင့် ရှိပါတယ်။
စိတ်ပိုင်းဆိုင်ရာရောဂါလို့ဆိုလိုက်တာနဲ့ တပြိုင်နက် မိသားစုဝန်းကျင်ရဲ့ ရိုက်ခတ်မှုတခုချည်းသက်သက် ကြောင့် ၊ ဖြစ်ရတယ်လို့ ကံသေကံမ မဆိုနိုင်တဲ့အတွက် ရှက်ရွံ့သိမ်ငယ်နေဖို့မလိုအပ်ပါဘူး။ စိတ် ကျန်းမာရေးပြဿနာတိုင်းမှာဖြစ်စေတဲ့ အခြေခံအကြောင်းအချက်တွေကိုလေ့လာကြည့်ရင် ဇီဝဖြစ်စဉ် များရဲ့ပြောင်းလဲဖောက်ပြန်ခြင်းများကြောင့်သော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာဖြစ်ရပ်ဆိုးများကြောင့် သော်လည်းကောင်း၊လူမှုပတ်ဝန်းကျင်ဆိုင်ရာဖြစ်ရပ်များကြောင့်သော်လည်းကောင်း စသဖြင့်အကြောင်း ပေါင်းစုံစွာပါဝင်ပတ်သတ်မှုရှိနေတာကို တွေ့ရှိရပါတယ်။
ဒီနေရာမှာကိုယ့်မိသားစုဝင်တဦးဦးက စိတ်ကျန်းမာရေး ပြဿနာရှိတယ်လို့သိရတဲ့အခါ စိတ်မသက် မသာဖြစ်ရတာ၊ ရှက်ရွံ့နာကျင်ရတာ၊ ပူဆွေးကြေကွဲရတာတွေက မူမမှန်တဲ့ခံစားချက်တွေမဟုတ်ဘဲ လူတိုင်းလူတိုင်းအနည်းနဲ့အများဒီလိုခံစားကြရတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။

စာနာနားလည်မှုပေးခြင်း

ကိုယ်ချင်းစာနာမှုနှင့်နားလည်ပေးနိုင်မှုဟာ စိတ်ကျန်းမာရေးပြဿနာရှိသူတဦးအတွက် မရှိမဖြစ် လိုအပ်မှုတခုဖြစ်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာခံစားနေရသူတဦးသည် သောကပရိဒေဝတွေ၊ စိတ်နာကျင်ခံစားရမှုတွေကို ကြုံတွေ့ခံစားနေကြရပြီး ဒီလိုစိတ်ခံစားမှုတွေရဲ့ လွှမ်းမိုးချယ်လှယ်ခြင်းကို ကြုံတွေ့ရင်ဆိုင်နေရတယ်ဆိုတာကို နားလည်လက်ခံပေးဖို့ အရေးကြီးပါတယ်။ စာနာနားလည် ပေးခြင်းအားဖြင့် စိတ်ကျန်းမာရေး ပြဿနာကြုံတွေ့နေရသူနဲ့ မိသားစုရဲ့ကြားမှာ ပိုမိုနက်ရှိုင်းတဲ့ သံယောဇဉ်ကို ဖြစ်ပေါ်စေနိုင်ပြီး ဝေဖန်ရှုံချခြင်းမပါတဲ့ သဘောထားအမြင်ကို ဆောင်ကြဉ်းပေးနိုင် ပါလိမ့်မယ်။

ပွင့်လင်းရိုးသားသော ဆက်ဆံရေး

အထောက်အပံ့ကောင်းတဲ့ မိသားစုတခုရဲ့ ပင်မအရင်းအမြစ်ဟာ ပွင့်လင်းရိုးသားပြီး အကျိုးရှိတဲ့ ဆက်ဆံရေးလို့ပြောလို့ရပါတယ်။ စိတ်ကျန်းမာရေးအကြောင်းများကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟဆွေးနွေး နိုင်ခြင်းကလည်း ရှက်ရွံ့သိမ်ငယ်မှုတွေကို လျော့ချပေးနိုင်ပါလိမ့်မယ်။ စိတ်ကျန်းမာရေးပြဿနာ ရှိသူတဦးရဲ့ ပြောစကားများကို ကြားဖြတ်နှောက်ယှက်ခြင်းမပြုဘဲ နားထောင်ပေးခြင်း၊ စာနာ နားလည်မှုကိုပြသခြင်း၊ ခံစားချက်များ နှင့်ကြုံတွေ့နေရသည်များကို အားပေးနှစ်သိမ့်ခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။ စိတ်ခံစားချက်များနှင့် အတွေးများကို ပွင့်လင်းလွတ်လပ်စွာထုတ်ဖော် ပြောဆိုနိုင်သော ပတ်ဝန်းကျင်ကောင်းတခုကို ဖန်တီးပေးခြင်းအားဖြင့်လည်း သီးခြားဖြစ်မနေဘဲ အထီးကျန်မှုကို လျော့ပါးသက်သာစေနိုင်ပါသည်။

ကျန်းမာရေးအသိမြှင့်တင်ခြင်းနှင့် အသိပညာပေးခြင်း

သင့်တော်ပြည့်စုံသော စောင့်ရှောက်မှုပေးနိုင်ရန်အတွက် မိမိကိုယ်တိုင်နှင့် အခြားမိသားစုဝင်များကို ကျန်းမာရေး အသိပညာမျှဝေမှုများ ပြုလုပ်ပေးရပါမယ်။ စိတ်ကျန်းမာရေးနှင့် သက်ဆိုင်သော ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပေါ်စေနိုင်သော အကြောင်းရင်းခံများ၊နှင့် ကုသမှုများအကြောင်းကို သိရှိနားလည်ထားခြင်းအားဖြင့် စာနာမှုပြည့်ဝသောချဉ်းကပ်မှုများဖြင့် လူနာကို ပြောဆိုဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။ မိသားစုဝင်များအနေဖြင့် စိတ်ကျန်းမာရေးနှင့် သက်ဆိုင်သော စာအုပ်စာပေများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများကို အခါအားလျော်စွာတက်ရောက်ပြီးကျွမ်းကျင်သူများ၊ ဘဝတူ မိသားစုများထံမှ အကြံဉာဏ်များရယူခြင်းအားဖြင့် လူနာနှင့်ရောဂါ၏သဘောသဘာဝများကို ပိုမိုလက်ခံ နားလည်နိုင်လာမှာဖြစ်ပါတယ်။

အထောက်အပံ့ဖြစ်စေသော / ပုံမှန်ဖြစ်စေသော ပတ်ဝန်းကျင်

အထောက်အပံ့ဖြစ်စေတဲ့ ၊ ပုံမှန်ဖြစ်စေတဲ့ ပတ်ဝန်းကျင်တခုဟာ လူတယောက်ရဲ့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရေးကို အများကြီးအကျိုးကျေးဇူးဖြစ်စေပါတယ်။ နေ့စဉ်အချိန်မှန်စားသောက်စေခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပုံမှန်ပြုလုပ်စေခြင်း၊ ပြည့်ပြည့်ဝဝအနားယူခြင်းများကို ပုံမှန်/ အချိန်မှန် ပြုလုပ်နိုင်အောင် ပံ့ပိုးအားပေးခြင်းဖြင့်လည်း စိတ်အခြေအနေတည်ငြိမ်မှုရရှိစေပြီး စိတ်ဖိစီးမှု နည်းပါးတဲ့ ပတ်ဝန်းကျင်တခုအဖြစ်ဖန်တီးပေးနိုင်ပါတယ်။ လုံခြုံနွေးထွေးမှုကို ခံစားရစေမယ့် ပတ်ဝန်းကျင်တခု၊ နားခိုရာတခုကို ပံ့ပိုးဖန်တီးပေးခြင်းဟာလည်း စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးစေပြီး စိတ်ဒဏ်ရာနဲ့စိတ်သောကတွေကို အမြန်ပြန်လည်ကုစားစေနိုင်ပါတယ်။ လိုအပ်ရင် ချစ်ခင်ရတဲ့ဆွေမျိုးများ၊ မိတ်ဆွေသူငယ်ချင်းများရဲ့ အကူအညီရယူဖို့လိုရင်လည်း ရယူဖို့လိုပါတယ်။ လူနာကို ဂရုပြုစောင့်ရှောက်သလိုပဲ မိသားစုဝင်တွေနဲ့ မိမိကိုယ်ကိုယ်တိုင်ရဲ့ စိတ်ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာကျန်းမာရေးကိုလည်း စောင့်ရှောက်ဖို့ အကြံပေးလိုပါတယ်။

အမှီအခိုကင်းသော ကိုယ်ပိုင်ရပ်တည်နိုင်မှုကို အားပေးခြင်း

အထောက်အကူပေးတယ်လို့ဆိုရာမှာ အရေးကြီးတဲ့တခုကတော့ အမှီအခိုကင်းတဲ့ ကိုယ်ပိုင်ရပ်တည်နိုင်မှုကိုလည်း အားပေးဖို့လိုပါ တယ်။ လူနာကို ဆေးကုသမှုနဲ့ ဘဝမျှော်လင့်ချက်များအတွက် ဆုံးဖြတ်ချက်များချမှတ်ရာမှာ ပါဝင်စေခြင်းအားဖြင့်လည်း လူနာကိုယ်တိုင်ရဲ့ဖန်တီးထိန်းချုပ်နိုင်စွမ်း နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပိုမိုရရှိစေဖို့အတွက် အထောက်အပံ့ကောင်းဖြစ်စေပါတယ်။ လူနာရဲ့ကိုယ်ပိုင်အခွင့်အရေးများကို ထိန်းသိမ်းစောင့်ရှောက်ရာမှာ မိသားစုဝင်များရဲ့ လမ်းညွှန်ပံ့ပိုးမှုတွေကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။

စာနာသည်းခံမှုနဲ့ ပျော့ပြောင်းသော သဘောထားရှိခြင်း

စိတ်ကျန်းမာရေးပြဿနာရှိတဲ့မိသားစုဝင်တဦးကို ပြုစုစောင့်ရှောက်မှုပေးရတာက တိုးတက်မှုနှေးကွေး နိုင်ပြီး စိန်ခေါ်မှုတွေအများကြီးကို ရင်ဆိုင်ရနိုင်တဲ့အပြင် ပုံသေတသမတ်တည်းလည်းရှိနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မိသားစုဝင်တွေရဲ့ စာနာသည်းခံနိုင်မှုနဲ့ ပျော့ပြောင်းသော သဘောထားရှိမှုဟာ အတော်လေးကို အရေးပါတယ်ဆိုတာကို သိရှိနားလည်ထားသင့်ပါတယ်။ ရောဂါအခြေအနေတိုးတက် ကောင်းမွန်လာနိုင်မှုတွေက အမြဲအတက်အကျရှိနေနိုင်တာကို သတိပြုရပါလိမ့်မယ်။ အောင်မြင်မှု အသေးအဖွဲကလေးတွေကိုကအစ သတိထားပြီး အသိအမှတ်ပြုဖို့အရေးကြီးပါတယ်။ ဒါ့အပြင် မအောင်မြင်သေးတာတွေအတွက်လည်း အပြစ်တင်ရှုံ့ချမှုတွေကို ဂရုပြုရှောင်ကြဉ်ကြရပါမယ်။

တတ်ကျွမ်းနားလည်သူ ပညာရှင်များ၏ အကူအညီရယူခြင်း

မိသားစုရဲ့ အထောက်အပံ့အစောင့်အရှောက်လိုပဲ တတ်ကျွမ်းနားလည်သူများရဲ့ အကူအညီကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးအခြေအနေတွေဆိုတာက သာမာန်အားဖြင့်နားလည်ဖို့ခက်ခဲတဲ့အတွက် ကျွမ်းကျင်သူပညာရှင်များက စိတ်ပိုင်းဆိုင်ရာကုသမှုတွေ၊ ဆေးဝါးကုထုံးတွေနဲ့ အဆင့်မြင့် စောင့်ရှောက်မှုတွေကို ပံ့ပိုးပေးနိုင်ပါတယ်။ လူနာကို စိတ်ပိုင်းဆိုင်ရာကျွမ်းကျင်သူ စိတ်ရောဂါဆရာဝန်များ၊ စိတ်ကုထုံးပညာရှင်များနဲ့တွေ့ဆုံစေပြီး လိုအပ်တဲ့ကုသမှုများရရှိနိုင်အောင် ပံ့ပိုးကူညီပေး ရပါမယ်။ ဒါ့အပြင်ကုသမှုလုပ်ငန်းစဉ်တလျှောက်မှာလည်း အားပေးထောက်ပံ့ပေးခြင်းအားဖြင့် သိသာထင်ရှားတဲ့ တိုးတက်မှုတွေကိုရရှိစေနိုင်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင်

စိတ်ကျန်းမာရေးပြဿနာရှိသူမိသားစုဝင်တဦးကို ပြုစုစောင့်ရှောက်ခြင်းဟာ ချစ်ခြင်းမေတ္တာ၊ စာနာနားလည်မှု၊ စိတ်ရှည်သည်းခံမှုတွေနဲ့အတူ စဉ်ဆက်မပြတ်လေ့လာဆည်းပူးမှုတွေပါဝင်တဲ့ ခရီးရှည်လုပ်ငန်းစဥ်တခုဖြစ်ပါတယ်။ ကိုယ်ချင်းစာနာမှု၊ ပွင့်လင်းလွတ်လပ်မှု၊ စိတ်ကျန်းမာရေး အသိပညာ ပေးမှုနဲ့ တတ်ကျွမ်းသူများရဲ့ အကူအညီရယူမှုတို့ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် မိသားစုဝင်များအနေနဲ့ အထောက်အပံ့ကောင်းများရှိတဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ တကယ်တမ်း တော့ စိတ်ကျန်းမာရေးလူနာများအတွက် မိသားစုဝင်တဦးတယောက်စီရဲ့ တစိုက်မတ်မတ်အားထုတ်မှု တိုင်းဟာ ကြီးသည်ဖြစ်စေသေးငယ်သည်ဖြစ်စေ ထိရောက်တဲ့အထောက်အပံ့ကောင်းများပဲ ဖြစ်ပါတယ်။

Photo - credit
Ref: How mental illness can affect family and friends

Mass Hysteria ဆိုတာ ဘာလဲ။ Mass Hysteria ဆိုတာ ထူးဆန်းရှုပ်ထွေးတဲ့  စိတ်ပိုင်းဆိုင်ရာ ဖြစ်ရပ်တခုဖြစ်ပါတယ်။  Mass Hysteria...
26/07/2023

Mass Hysteria ဆိုတာ ဘာလဲ။
Mass Hysteria ဆိုတာ ထူးဆန်းရှုပ်ထွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ဖြစ်ရပ်တခုဖြစ်ပါတယ်။ Mass Hysteria ကို Mass psychogenic illness ,Mass sociogenic illness, Mass psychogenic disorder, epidemic hysteria, Collective delusion , Collective Obssessinal Behavior အစရှိသဖြင့် ခေါ်ကြပါတယ်။ Mass Hysteria စိတ်ပိုင်းဆိုင်ရာ ဖြစ်ရပ်ဟာ အခြားကူးစက်ရောဂါများလို ဘက်တီးရီး ယား၊ ဗိုင်းရပ်စ်စတဲ့ ကူးစက်စေတတ်တဲ့ ရောဂါပိုးမွှားများကြောင့်မဟုတ်ပါဘဲ လူအုပ်စုတခု/ လူ့အသိုက်အဝန်းတခုအတွင်းမှာ ဆင်တူရောဂါလက္ခဏာများလျင်လျင်မြန်မြန် ပြန့်ပွားကူးစက်ခံရခြင်း ဖြစ်ပါတယ်။
ခန္ဓာကိုယ်ပိုင်းဆိုင်ရာရောဂါများကြောင့် မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာတုံ့ပြန်မှုအခြေအနေများ ကြောင့်ဖြစ်ပေါ်သောဦးနှောက်အာရုံကြောပိုင်းဆိုင်ရာ ဇီဝကမ္မလက္ခဏာများဖြစ်ပေါ်ခံစားရခြင်းကြောင့် Mass Hysteria ရောဂါကို Conversional disorder လို့လည်းခေါ်ကြပါသေးတယ်။ တဦးတယောက်မှ အစပြုပြီး လူအုပ်စု/လူ့အသိုက်အဝန်းရဲ့ သဘောသဘာဝအတိုင်း ကြောင်းကျိုးဆက်စပ်မှုလျော့ပါး လာပြီး ပေါင်းစုယုံကြည်ချက် (Collective Beliefs) တွေတိုးပွားလာရာကနေ စိတ်ခံစားမှု၊ ထင်မြင်ချက်နဲ့ အပြုအမူတွေ လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့ကြီးထွားသွားတယ်လို့ ဆိုကြပါတယ်။
Mass Hysteria ရောဂါဟာ လူအုပ်စုတခု/ လူမှုအသိုက်အဝန်းတခုအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာများနှင့် ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာလက္ခဏာများ လျင်လျင်မြန်မြန် ကူးစက်ပြန့်ပွားလေ့ရှိ ပါတယ်။ ကျွမ်းကျင်သူများရဲ့အဆိုအရ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ကြီးခြင်းများ(Mass anxiety hysteria)နှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာလက္ခဏာများ(Mass Motor Hysteria) ဖြစ်ပေါ်ခံစားရတတ်ပါတယ်။ အတွေ့ရများသော လက္ခဏာတွေကတော့ ခေါင်းကိုက်ခြင်း၊ မူးဝေအော့အန်ခြင်း၊ ရုတ်တရက်မူးလဲခြင်း၊ အသက်ရှူကြပ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံးတုန်ခြင်း၊ ဗိုက်နာ/အောင့်ခြင်း၊ ကိုယ်တခြမ်း လှုပ်မရခြင်း၊ ဝက်ရူးပြန်သကဲ့သို့တက်ခြင်း၊ ခန္ဓာကိုယ်အကြောဆွဲခြင်း၊ စိုးရိမ်လွန်ကဲခြင်း၊ ကြောက် လန့်တုန်လှုပ်ခြင်း၊ မရပ်မနားရယ်နေခြင်း/ငိုနေခြင်း/ကခုန်နေခြင်း၊ နတ်/ပယောဂပူးသလို တကိုယ်လုံး တုန်ခါနေခြင်း၊ ဝိဉာဉ်ပူးကပ်သလိုဖြစ်နေခြင်း၊ စကားပြောဆိုဟန်/အသံပြောင်းလဲခြင်း၊ ပုံမှန်မဟုတ် သော စကားပြောဆိုမှုများဖြစ်ပေါ်နေခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ အထက်ပါ လက္ခဏာများသည် ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်သကဲ့သို့ ရုပ်ပိုင်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာရောဂါများ အမှန်တကယ် ခံစားရခြင်းကြောင့် ဖြစ်ပေါ်သောဝေဒနာများလည်း မဟုတ်သည်ကို အထူးသတိပြုသင့်ပါတယ်။

Mass Hysteria ကိုဖြစ်ပေါ်စေနိုင်သော အခြေအနေများ
- ဘေးအန္တရာယ်တခုခုကြုံရမည်ကို ကြိုတင်သိထားရခြင်း ( perceived threats – real or imagined ; heightened anxiety and collective panic within the community)
- ရိုးရာယုံကြည်မှုများအရ အချို့သော ဖြစ်စဉ်ဖြစ်ရပ်များနှင့် ဆက်စပ်နေခြင်းများ (share reactions)
- လူမှုကွန်ရက်များ၏ အသားပေးဖော်ပြချက်များ နှင့် လွှမ်းမိုးမှုများ- (media influences to shape perceptions and fuel collective anxiety)
- စိတ်ဖိစီးမှုမြင့်မားသော ပတ်ဝန်းကျင်အခြေအနေများ - ဥပမာ - ကျောင်း၊ လုပ်ငန်းခွင်၊ ခက်ခဲပင်ပန်း သော နေထိုင်ရမှုများ
- ဗဟုသုတနည်းပါးပြီး အယုံလွယ်သူများ၊ အများ၏လွှမ်းမိုးမှုကို အလွယ်တကူခံရနိုင်သူများ။

လန်ဒန် King’s College က ပါမောက္ခ ဒေါက်တာ ဆိုင်မွန်ဝက်စလေ (Prof Simon Wesseley) က Mass Hysteria ဆိုတာ -
- ရုပ်ပိုင်းဆိုင်ရာရောဂါအားဖြင့်ရှင်းပြလို့ မရတဲ့ မူမမှန်သော ရောဂါပြန့်ပွားမှု တခုဖြစ်တယ်။
- ပုံမှန်အားဖြင့် ပြုမူလေ့မရှိတဲ့အပြုအမူပုံစံတွေကြောင့် လူကိုထိခိုက်စေတယ်။
- တမင်ရည်ရွယ်ပြီး စုဝေးလုပ်ဆောင်တာမျိုး မဟုတ်ဘူး။
- စိတ်ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုကို ရစေမယ့် ခေတ်စားနေတဲ့ လှုပ်ရှားမှု၊ စုဝေးမှု၊ သရုပ်ဖော်မှု စတာမျိုး တွေ မဟုတ်ဘူး။
- အကျိုးတူပူးပေါင်းထားကြတဲ့ အဖွဲ့အစည်း၊ လူမှုအသိုက်အဝန်းတခုအတွင်းက ချိတ်ဆက်တိုက်ဆိုင် မှုတွေမဖြစ်ရဘူး လို့ ဆိုပါတယ်။

Mass Hysteria အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များသလား။
သုတေသနတွေအရ အမျိုးသမီးအုပ်စုတွေမှာ ပိုပြီးတွေ့ရပါတယ်။ သုတေသနပညာရှင် တချို့ ကတော့ အမျိုးသမီးတွေဟာ ပိုပြီးစိတ်ဖိစီးစရာအခြေအနေတွေကို ကြုံတွေ့ရလို့ဖြစ်တယ်လို့ဆိုပါ တယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်တဲ့ အဖိနှိပ်ခံရတာတွေကို ကြံ့ကြံ့ခံတွန်းလှန်ရတဲ့ အခြေအနေမျိုး တွေ(Nonconfrontational ways to get out of oppressive situations)မှာ အခုလိုစိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေဖြစ်တတ်တယ်လို့လည်း ဆိုကြပါတယ်။
တကယ်တော့ Hysteria(စိတ်ခြောက်ခြားခြင်း) ဆိုတာ ဂရိဘာသာစကား “Hystera” က ဆင်းသက်လာတာဖြစ်ပြီး အမျိုးသမီးတွေရဲ့ “သားအိမ်” လို့ အဓိပ္ပာယ်ရပါတယ်။ အခုခေတ်မှာတော့ ဒီစကားလုံးကို တိကျမှုမရှိတဲ့အတွက်အသုံးမပြုကြတော့ဘဲ အခြားစိတ်ပိုင်းဆိုင်ရာ စကားလုံးများကိုသာ အစားထိုး အသုံးပြုကြပါတော့တယ်။

သမိုင်းဖြစ်ရပ်တချို့
- The Salem Witch Trials (1692) - မက်ဆာချူးဆက်ပြည်နယ်က Salem ရွာကလေးမှာ စုန်းကဝေပြုစားတယ်လို့ စွပ်စွဲခံရပြီး လူ(၁၉)ဦးကိုသေဒဏ်စီရင်ခဲ့ကြပြီး တချို့ကိုအကျဉ်းချခဲ့ပါတယ်။
- Dancing Plague(Dancing Mania) of 1518 - ပြင်သစ်နိုင်ငံ Strasburg မြို့မှာ အမျိုးသမီးတဦးဟာ လမ်းမပေါ်မှာ ရုတ်တရက် ကခုန်ရာကနေအစပြုပြီး ရာနဲ့ချီတဲ့လူစုကြီးဟာ(၇)ရက်တပတ် နီးပါးခန့် လောက်ကို အတူပူးပေါင်း ကခုန်နေခဲ့ကြပါတယ်။ ဒီဖြစ်ရပ်ဟာ (၃)လနီးပါးကြာမြင့်ခဲ့ပြီး ကခုန်ရ လွန်းလို့ အချို့တွေခန္ဓာကိုယ်ပင်ပန်းပြီးသေဆုံးခဲ့ကြတယ်လို့ဆိုပါတယ်။
- Tanganyika Laughter Epidemic (1962) _ Tanzania နိုင်ငံက ကျောင်းတခုမှာ ဆယ်ကျော်သက်ကျောင်းသူလေး(၃)ယောက်ဟာ အတောမသတ်နိုင်အောင် ရယ်မောနေခဲ့ကြရာကနေ အစပြုပြီး တကျောင်းလုံးကို ကူးစက်သွားခဲ့လို့ စာဆက်လက်သင်ကြားလို့ မဖြစ်နိုင်တော့တာကြောင့် ကျောင်းကိုခေတ္တပိတ်လိုက်ရတယ်လို့ဆိုပါတယ်။ ဒီဖြစ်စဉ်မှာလည်း အစပြုခဲ့တဲ့ ကျောင်းကမိန်းကလေးငယ်လေးတွေကို အိမ်ပြန်နားနေခိုင်းရာကနေ အနီးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပြီး ဖြစ်စဉ်ကြီး တခုလုံးမှေးမှိန်ပျောက်ကွယ်သွားဖို့ (၂)နှစ်နီးပါး ကြာခဲ့ပါတယ်။
- 1967 စင်ကာပူနိုင်ငံက ဖြစ်ရပ်တခုမှာတော့ အမျိုးသားတွေဟာ ကာကွယ်ဆေးထိုးထားတဲ့ ဝက်သားတွေကိုစားခြင်းကြောင့် အမျိုးသားလိင်အင်္ဂါခန္ဓာကိုယ်အတွင်းတိုဝင်သွားပြီး နောက်ဆုံးသေဆုံး သွားကြတယ်လို့ ယုံကြည်မှုတွေပျံ့နှံ့ခဲ့လို့ အစိုးရကနေ ကျန်းမာရေးပညာပေးအစီအစဉ်တွေ ပြုလုပ် ပေးပြီး ဖြေရှင်းပေးခဲ့ကြရပါတယ်။ ဒီဖြစ်ရပ်ကိုတော့ P***s panic or Koro လို့ လူသိများခဲ့ကြပါတယ်။
- 2001 ခုနှစ်က အမေရိကန်နိုင်ငံက ဖြစ်ရပ်တခုမှာတော့ မူလတန်းနဲ့ အလယ်တန်းကျောင်းသား လေးတွေမှာ ကျောင်းကိုရောက်တဲ့အခါတိုင်းမှာ အရေပြားမျာ အနီစက်တွေဖြစ်ပေါ်လာကြပြီး အိမ်ပြန် ရောက်ရင်တော့ ပျောက်ကွယ်သွားတဲ့ ဖြစ်ရပ်တခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကိုတော့ (9/11) စက်တင်ဘာဖြစ်ရပ်ဆိုးကြီးကြောင့် ဖြစ်ရတဲ့ စိတ်ဒဏ်ရာတွေနဲ့ ဆက်စပ်မှုရှိတယ်လို့ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
- 2006 ခုနှစ်က ပေါ်တူဂီ နိုင်ငံမှာလည်းဆယ်ကျော်သက် လူငယ်တွေ မူးဝေခြင်း၊ အသက်ရှူကြပ်ခြင်း၊ အရေပြားအနီစက်ထွက်ခြင်း စတာတွေ ဖြစ်ခဲ့ပါသေးတယ်။ ဆရာဝန်တွေအနေနဲ့ ရောဂါရှာဖွေစမ်းသပ် ကြပြီးတဲ့နောက်မှာတော့ ရုပ်ပိုင်းခန္ဓာကိုယ်ပိုင်းဆိုင်ရာရောဂါကို မတွေ့ခဲ့ရဘဲ လူငယ်ကြိုက်ထင်ရှားတဲ့ ပြဇာတ်တပုဒ်(Strawbarries with sugar virus)ထဲက ဇာတ်ကောင်တွေကြုံရတဲ့ လက္ခဏာတွေနဲ့ ဆင်တူနေကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကိုလည်း Strawbarries with sugar virus လို့ လူသိများခဲ့ပါတယ်။
- 2012 ခုနှစ်က အမေရိကန်နိုင်ငံ၊နယူးယောက်မြို့ရဲ့ LeRoy မြို့ကလေးက ဆယ်ကျော်သက် မိန်းကလေးတွေမှာလည်း ဦးနှောက်အာရုံကြောရောဂါတခုဖြစ်တဲ့ Tourett’s Syndrome မှာဖြစ်တဲ့ ရောဂါလက္ခဏာတွေနဲ့ဆင်တူတဲ့ ပုံမှန်မဟုတ်တဲ့ ခြေလက်လှုပ်ရှားမှုတွေ၊ ပုံမှန်မဟုတ်တဲ့အသံပြု လုပ်မှုတွေနဲ့ ကြုံခဲ့ကြရပါသေးတယ်။ ဒီဖြစ်ရပ်မှာလည်း အမျိုးသမီးငယ်လေးတယောက်က အထက်ပါ လက္ခဏာတွေဖြစ်ပေါ်နေချိန်မှာ YouTube ကိုယ်တိုင်ရိုက်တင်ခဲ့ရာကနေ အစပြုခဲ့ပါတယ်။ တကယ် တော့ အဆိုပါအမျိုးသမီးလေးမှာလည်း ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာရောဂါ တစုံတရာမရှိဘူး လို့ဆိုပါတယ်။ သူမရဲ့ You Tube ဗီဒီယို ပျံ့နှံ့သွားပြီးတဲ့နောက် ဆယ်ကျော်သက် အမျိုးသမီးငယ် အများစုမှာ အလားတူလက္ခဏာတွေ စတင်ဖြစ် ပေါ်လာခဲ့ကြပါတာပဲ ဖြစ်ပါတယ်။

Mass Hysteria ရောဂါကို စီမံထိန်းချုပ်ခြင်း
Mass Hysteria ရောဂါကို စီမံထိန်းချုပ်တဲ့အခါမှာ
-ရောဂါရဲ့ လက္ခဏာတွေကို အစောဆုံး သိရှိဖို့ လိုအပ်ပါတယ်။
-ကောလာဟလနဲ့သတင်းအမှန်တွေကို အသိပေးထုတ်ပြန်ပေးပြီး လူထုရဲ့ကြောက်ရွံ့ထိတ်လန့်မှုကို လျော့ချပေးရပါမယ်။ သက်ဆိုင်သော စိတ်ကျန်းမာရေးအသိပညာပေးမှုများကိုပြုလုပ်ပေးပြီး မလိုလား အပ်သော ကြောက်ရွံ့တုန်လှုပ်မှုများကို လျော့ချပေးနိုင်ပါတယ်။ လိုအပ်လျှင်ကြေငြာချက်များ၊ သတင်းစာ ရှင်းလင်းပွဲများကို မီဒီယာများမှတဆင့် သော်လည်းကောင်း၊ လူမှုကွန်ယက်မှတဆင့်သော် လည်းကောင်း အသိပေးထုတ်ပြန်ပေးသင့်ပါတယ်။
-သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ ပြည်သူ့ကျန်းမာရေးအဖွဲ့များမှတဆင့် တိကျမှန်ကန်သော သတင်းရင်းမြစ်များအဖြစ် ရပ်တည်ရပါမယ်။
-လူသားချင်းစာနာမှုအကူအညီများ၊ စာနာစိတ်များကို ဝေမျှရပါမယ်။ လိုအပ်လျှင် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များ၊ နှစ်သိမ့်ဆွေးနွေးခြင်းဝန်ဆောင်မှုများဖြင့် ပြည်သူလူထု၏ ထိတ်လန့်ကြောက်ရွံ့မှု များကို ကျော်လွှားနိုင်အောင် ကူညီရပါမယ်။
-စိတ်ပညာပိုင်းဆိုင်ရာဝန်ဆောင်မှုများ၊ စိတ်ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုများ ထားရှိပေးရပါမယ်။ လိုအပ်ပါက ကျန်းမာရေးပညာရှင်များ၊ စိတ်ပညာရှင်များ၏ အကူအညီများ၊ အကြံဉာဏ်များကို ပူးပေါင်းရယူသင့်ပါတယ်။
-ဖြစ်ပွားနေသောနယ်မြေဒေသအတွင်း ထပ်ဆောင်းစိတ်ဖိစီးမှုများမှ တားဆီးကာကွယ်နိုင်ရန် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးလိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်ရပါမယ်။
-ကောလာဟလများနှင့် သတင်းမှားများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် သတင်းမီဒီယာများနှင့် လူမှုကွန်ယက်များကို စောင့်ကြည့်စစ်ဆေးရပါမယ်။
-ထင်ရှားကျော်ကြားသူများ၊ လူထုခေါင်းဆောင်များနှင့် ပူးပေါင်းပြီး အချက်အလက်သတင်းမှန်များ၊ ဆောင်ရွက်သင့်သော အပြုအမူများကို လမ်းညွှန်သင့်ပါတယ်။
-သတင်းမီဒီယာများကို တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်ညွှန်ကြားထားပြီး ထိရှလွယ်သောသတင်း တင်ဆက်မှုများကို ရှောင်ရှားနိုင်ရန် ညွှန်ကြားသင့်ပါတယ်။
-ပြည်သူလူထု၏ ဘေးကင်းလုံခြုံရေးအတွက် လူစုလူဝေးများမဖြစ်ပေါ်စေရန် လိုအပ်သောဥပဒေများ ဖြင့် ထိန်းချုပ်ကန့်သတ်သင့်ပါတယ်။
-ဖြစ်ပွားမှုများလျော့ပါးသက်သာလာပြီးနောက်တွင် ဆန်းစစ်ချက်များ၊ လေ့လာသင်ယူချက်များ ပြုလုပ် ပြီး နောင်တွင်ဖြစ်ပေါ်လာပါက ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ထားသင့် ပါတယ်။

စိတ်ကျန်းမာရေး ပညာပေးခြင်း
စိတ်ကျန်းမာရေး ပညာပေးခြင်းက အရေးပါတဲ့ ကာကွယ်ကုသနည်း တခုဖြစ်ပါတယ်။ Mass Hysteria ရဲ့ သဘောသဘာဝကို အသိပညာပေးခြင်းအားဖြင့် ပြစ်တင်ရှုံချမှုတွေနဲ့ အသိအမြင်အမှား တွေကို တည့်မတ်ပေးနိုင်ပါတယ်။ ဖြစ်စေတတ်တဲ့အကြောင်းချင်းရာတွေနဲ့ နောက်ကွယ်ကစိတ်ပိုင်း ဆိုင်ရာဖြစ်စဉ်တွေ သတိပြုနိုင်အောင်ပြုလုပ်ပေးခြင်းအားဖြင့် ကူးစက်ပျံ့ပွားမှုကို တားဆီးကာကွယ် နိုင်ပါတယ်။ ခံစားနေရတဲ့ဝေဒနာတွေကို စာနာနားလည်မှုပေးခြင်း၊ လိုအပ်သောအထောက်အပံ့အကူ အညီများပေးခြင်း၊ ကိုယ်ချင်းစာနာမှုရှိသောပတ်ဝန်းကျင်ကောင်းတခုကို ဖန်တီးပေးခြင်းအားဖြင့် လည်း အမြန်လျော့ပါးသက်သာဖို့အတွက် အများကြီး အထောက်အကူဖြစ်စေပါတယ်။

Ref: "What is mass hysteria?" from www.medicalnewstoday.com

Address


Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when Sway Nway - ဆွေးနွေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram