18/01/2019
သင်ရဲ့ ကလေးသည် ငြိမ်ငြိမ် မထိုင်နိုင်အောင် ဂဏာမငြိမ် ဖြစ်နေပါသလား
သင်ရဲ့ ကလေးသည် တစ်ခုခုဆို ရင် မစဉ်းစားပဲ ဆက်ကနဲ လုပ်လိုက်ပါသလား
သင်ရဲ့ ကလေးသည် တစ်ခုခု ကို စပြီးရင် လက်စမသတ်ပဲ ဒီ အတိုင်းထားတတ်ပါသလား။
ကျောင်းစာသင်ချိန် တို့တွင် စိတ်မဝင်စားတာမျိုး စိတ်ပျံ့လွယ်တာမျိုး ဖြစ်နေပါသလား၊
သင်ဘယ်လိုဆုံးမဆုံးမ ဘယ်လိုပြောပြော ဘယ်လိုပြင်ပြင် ဒီအတိုင်းပဲဖြစ်နေပါသလား။ ဒီလိုမျိုးတွေ ကြုံတွေ့ ဖူးတယ် ဆိုရင်တော့ ထိုကလေးသည် ADHD/ ADD (Attention deficit Hyperactivity disorder သို့ Attention deficit Disorder) ဟုခေါ်သော အာရုံစူးစိုက်မှု ဦးနှောက် ဓါတ်ပုံမမှန် ခြင်း နှင့် အတတ်ကြွ လွန် ဓါတ်မမှန် ခြင်း စိတ်ရောဂါ) ရှိနိုင်ချေ ရှိပါတယ်။
စိတ်ရောဂါ ဟူ၍ မတုန်လှုံ့ သွားပါနှင့် နောက်ပိုင်းတွင်း ဆက်လက်၍ ရှင်းပြသွားပါမည်။
များသောအားဖြင့် ကတော့ အထက်ပါ လက္ခဏာတွေသည် ကလေးတိုင်းတွင် တော်တော်များ ပါတတ်တာ သဘာဝပါ၊ ပုံမှန် ပါပဲ။
သို့သော် ADHD/ADD ဟူ၍ ရောဂါ အတည်ပြု ဖို့ရာအတွက်စတင်စစ်ဆေးသင့်တာကတော့ ကလေးသည် ဒီလို လက္ခဏာ မျိုးကို ၆ လဖြင့် အထက် ရှိနေပြီး ထို လက္ခဏာ သည် သူ၏ အမူအကျင့် ကဲ့သို့ ပင် ဘယ်လိုမှ ကြိုးစားပြင်ကြည့် လို့ မရပဲ ကျောင်းစာပညာရေး၊ အိမ်တွင်း ၊ လူမှု ပတ်ဝန်းကျင် အပေါင်းအသင်း ဆက်ဆံရေး တို့ တွင် ထိခိုက်လာပြီး ကလေးအနေဖြင့် ထိုလက္ခဏာ တို့ ကြောင့် ပြသနာများ များလာခြင်း၊ ကလေးသည် သာမန်ကလေးတွေထက် သူဘာသူ ထိန်းချူပ် ရန် ကြိုးစားနေခြင်းသည် ပိုခက်ခဲနေပြီး အရမ်းရုန်းကန်နေရသည့် ပုံစံမျိုး ထွက်နေခြင်းတို့ ပင်ဖြစ်သည်။
ADHD သည် မိန်းကလေးများ ထက် ယောကျာ်းလေးများတွင် ပို၍ အဖြစ်များပါသည်။ အမေရိကန် နိုင်ငံတွင် တော့ ကလေးများတွင် 3% မှ 5% အထိရှိသည် ဟု လက်ရှိတွေ့ရှိထားသည်။
ADHD သည် ကလေးဘဝမှ စတင်၍ လူကြီး ဖြစ်သည်အထိ လက်ဆင့် ကမ်းသယ်ဆောင်လာသည်။ ADHD သည် မျိုးရိုးဗီဇ နှင့် သက်ဆိုင်ချေများပြီး အိမ် နှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်း နှင့်လည်း ဆက်စပ်သည်။ အဘယ့်ကြောင့် စဖြစ်သည် ဆိုသည့် မူရင်း ဇစ်မြစ် ကိုမူ ယခုတိုင် ရှာဖွေ နေကြဆဲ ဖြစ်ပြီး ADHD/ADD သည် အမေရိကန် နိင်ငံ တွင် သုတေသီတို့ စိတ်ဝင်စားမှု အများဆုံး နှင့် သုတေသန အလုပ်ဆုံး Disorder တစ်ခုဖြစ်သည်။ အဘယ့်ကြောင့် ဆိုသည်ကို နောက်ပိုင်း တွင် ဆက်လက်တင်ပေးသွားပါမည်။
အမြည်းအားဖြင့် ဆိုသော် ADHD ကလေးများ၏ ဦးနှောက်ဓါတ် Neuron အလုပ်လုပ်ပုံများသည် သာမန်ကလေးများထက် အလုပ်လုပ်ပုံ ထူးခြားခြင်းကြောင့်ဖြစ်သည်။ သူတို့ ၏ ဦးနှောက်ဓါတ်များသည် လှုပ်ရှားမှု အရမ်းမြန်ဆန်သည်။
လက္ခဏာများ
ADHD လက္ခဏာ တို့ကို ယေဘူယျ အားဖြင့် အဆင့် ၃ မျိုး ခွဲခြားနိုင်သည်။ မရှင်းပြခင်တွင် ကြိုတင် အသိပေးချင်သည် မှာ ယခုလက္ခဏာများသည် ကလေးများတွင် သာမကပဲ ADHDဆိုသည်ကို သို့မဟုတ် ရှိနေသည်ကို မသိရှိခဲ့ရ၍ ကုသခွင့် မရရှိခဲ့သည့်အတွက် လူကြီးဖြစ်သည်အထိပါ သယ်ဆောင်လာသော ADHD လူကြီးများတွင်ပါတွေ့ရှိနိင်သည်။
- အာရုံမစူးစိုက်နိုင်ခြင်း ( စိတ်ပျံ့လွင့်များခြင်း) သူတို့ ဝါသနာပါသည့် အရာမှလွဲ၍
- အဆမတန်အတတ်ကြွလွန်ခြင်း (အရမ်းဆော့ခြင်း အရာဝတ္ထုများကို ဆက်တိုက်ဆော့ခြင်း မပြေးသင့် မတတ်သင့်သည့် အရာများအား ပြော၍မရအောင် ပြုလုပ်နေခြင်း အိနြေ္ဒမရခြင်း)
- အပြုအမူ မထိန်းချူပ်နိုင်ခြင်း( မစဉ်းစားပဲ ဆက်ကနဲ လက်ပါလိုက်ခြင်း၊ ပြုလုပ်လိုက်ခြင်း၊ ပြောဆိုခြင်း)
တစ်ချို့ ADHD ရှင်များသည် များသောအားဖြင့် အာရုံပြန့်လွှင့်သည့် ပြသနာရှိသည်။
တစ်ချို့ ကမူ အဆမတန် တတ်ကြွခြင်း သို့ အပြုအမူ အပြောအဆို မထိန်းချူပ်နိုင်ခြင်းတို့ဖြစ်သည်။
တစ်ချို့ ကတော့ ထို အရာများ နှစ်ခုစလုံးပါဝင်တတ်ပြီး အချိန် အခါ ပတ်ဝန်းကျင်လှူံ့ဆော်မှုပေါ် မူတည်ပြီး အနည်းအများ ထုတ်ဖော်တတ်သည်။
လက္ခဏာများကို အသေးစိတ် ရှင်းပြရသော်
အာရုံမစူးစိုက်နိုင်ခြင်း
- အသေးစိတ် စိတ်မဝင်စားခြင်း (သို့) နမော်နမဲ့နိုင်ခြင်း
- Day dreamer ဟုခေါ်သော စိတ်ပျံ့လွင့်နေခြင်း၊ ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေခြင်း
- စကားပြောဆိုနေချိန် သို့ သင်ပြပေးနေချိန်တွင် အာရုံမရခြင်း
- ညွှန်ကြားချက်များကို မလိုက်နာနိုင်ခြင်း နှင့် ကျောင်း စာ သို့ အလုပ်တို့တွင် မပြီးပျက်နိုင်ခြင်း
- အလုပ်များ ကို အစီအစဉ် ချရန် အချိန်ဇယားများကို ဆွဲရန် Planning ချရန် စသည်တို့ နှင့် အချိန် မှီဖြစ်ရန် Time organize လုပ်ရန် ကိစ္စများတွင် ပြသနာရှိခြင်း
- ဦးနှောက်ဖြင့် တွေး ၍ စဉ်းစားရသော အရာများကို မနှစ်သက်ခြင်း၊ ရှောင်ခြင်း၊ အချိန်ဆွဲခြင်း
- မကြာခဏပစ္စည်းများပျောက်တတ်ခြင်း၊ မကြာခဏမေ့တတ်ခြင်း
- အာရုံပြောင်းလွယ်ခြင်း၊ လုပ်နေရာတစ်ခုကနေ သူများတစ်ခုခုပြောလိုက်လျှင် သို့ တစ်ခုခု လုပ်နေတာတွေ့လျှင် စိတ်က ထိုသို့ ချက်ချင်းရောက်သွားခြင်း
အဆမတန် တတ်ကြွလွန်ခြင်း
- ထိုင်ခုံတွင် ထိုင်နေရင်း ဂဏာမငြိမ် ဖြစ်ခြင်း ကြာကြာ ထိုင်ရန် ခက်ခဲခြင်း
- မတတ်သင့်သည့် နေရာများတွယ်တတ်ခြင်း မပြေးသင့်သည့် နေရာတွင်ပြေးလွှားနေခြင်း
- ငြိမ်သက်စွာ အလုပ်မလုပ်နိုင်ခြင်း မကစားနိုင်ခြင်း
- အရမ်းစကားများခြင်း
- အပြုအမူများ မထိန်းချူပ်နိုင်ခြင်း
- ငွေပစ္စည်းစသည်တို့ကို ချင့်ချိန် မသုံးစွဲနိုင်ခြင်း
- မေးခွန်းမပြီးသေးခင် အဖြေကိုဖြေကြားခြင်း၊ စကားမပြီးသေးခင် ဖြတ်ပြောခြင်း၊ မပြောသင့်သည် မလုပ်သင့်သည့် အချိန်တွင် ဆက်ကနဲပြောလိုက်ခြင်း
- မိမိအလှည့် ရောက်ရှိရန် မစောင့်ဆိုင်းနိုင်ခြင်း၊ အခုလိုချင်လျှင် ထိန်းသိမ်း၍မရအောင် ချက်ချင်းလိုချင်ခြင်း၊ လူကြီးများတွင်ပိုက်ဆံကို မကုန်သင့် ပဲ ပိုသုံးလိုက်ရခြင်း
- ကြားဖြတ်ခြင်း သို့မဟုတ် နယ်မြေကျော်ခြင်း
ထိုအရာများ၏ တုံ့ပြန်မှု ပမာဏ ပြင်းထန်မှု အနည်းအများသည် ပတ်ဝန်းကျင် လှုံ့ဆော်မှု အနည်းအများပေါ်မူတည်ပြီး ADHD ရှင်များတွင် များသောအားဖြင့် ပါဝင်တတ်ကြသည်။ ကလေးများတွင် မူ ငယ်ရွယ်ချိန်မှစပြီး ကြီးလာသည် အထိ သယ်ဆောင်သွားသည်။ ADHD ကလေးများမှာတော့ ထိုလက္ခဏာများကို အရွယ် နှင့် မမျှအောင် ဆိုးရွားအောင်ခံစားနေရတတ်ပြီး သူတို့လေးတွေသည် သူတို့ ခေါင်းအတွင်းတွင် မူ အတော်ရုံးကန်နေရသည်။
စစ်ဆေးမှု
ADHD သိရှိနိုင်ရန် သွေးဖောက်စစ်၍ မရသလို ဆေးစစ်သလို စစ်လို့ မရနိုင်ပါ။ ဒီရောဂါသည် အထက်ဖော်ပြပါ လက္ခဏာများတို့ ကို အစပြု အခြေခံပြီး အကဲခတ်ရ ဆုံးဖြတ်ရသည်သာဖြစ်သည်။ ADHD သံသယရှိပြီ ဟုဆိုလျှင် ပညာရှင်တို့၏ ညွှန်ကြားနှင့်အတူ မိဘအပြင် ကျောင်းဆရာ၊ဆရာမများပါ အကဲဖြတ်ရန် ပါဝင်ရမည်ဖြစ်သည်။
ADHD ဖြစ်သည့် ကလေးများသည် များသောအားဖြင့် တစ်ခုထက် ပိုသော ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ကျန်းမာရေး ဆိုရာ ပြသနာများ တွဲ၍ ပါတတ်သည်။ ဆိုသည်မှာ စိတ်ခံစားမှုပြင်းထန်ခြင်း၊ စိုးရိမ်ကြောင့်ကြမှု များတတ်ခြင်း၊ အရာဝတ္ထု တစ်ခုခုကို အသုံးပြုရန် သူ့အတွက် ခက်ခဲနေခြင်း သို့ သင်ယူရန် ခက်ခဲခြင်း နှင့် အကြောလိုက်တတ်ခြင်း အစရှိသည်တို့ဖြစ်သည်။
ကုသမှု
ADHD ကုသခြင်းသည် ကုသဝန်ဆောင်မှုပေးသော ဆရာဝန်၊ ကုထုံးပညာရှင်၊ မိဘအုပ်ထိန်းသူတို့ နှင့် လူနာ ၏ ဆက်ဆံရေးသည်အဓိကကြသည်။ ကုသသည့်နေရာတွင် လည်း အကုန်လုံး ပူးပေါင်းပါဝင်ပေးရသည် ဆိုလိုသည်မှာ ထိုကုသနည်းတို့ ကို နားလည်ရသည်။ ကုသမှုထိရောက်ရန်အတွက် အဓိကအရေးကြီးသည်မှာ
- ကလေးအတွက် မှန်ကန်သော ပန်းတိုင်များ ချမှတ်ခြင်း
- ဆေးတိုက်ခြင်း သို့ စကားပြော ကုထုံး သို့ နှစ်မျိုးစလုံးပါဝင်ရခြင်း
- ဆရာဝန်ဖြင့် ပြန်လည်ပြသရန်အတွက် ရက်ချိန်းများ မှန်ကန်စွာ သွားရောက်ပြီး ရည်မှန်းချက် ရလဒ်များ နှင့် သောက်ဆေးတို့၏ ဘေးထွက် ဆိုးကျိုးတို့ကို စောင့်ကြည့်ရခြင်းဖြစ်သည်။
ကုသမှုတို့ ထိရောက်မှုမရှိ မတိုးတတ်ပါလျှင် ဆရာဝန်တို့သည်
− ADHD ရှိမရှိ ကိုပြန်လည် အတည်ပြု ရခြင်း
− အလားတူလက္ခဏာ များ ဖြစ်စေတတ်သည့် ရောဂါများ ကို ရှာဖွေခြင်း
− ကုသမှု ချမှတ်ထားခြင်းတို့ကို ပါဝင်သူတို့ လိုက်နာခြင်းရှိမရှိ စစ်ဆေးခြင်းတို့ ကို ပြုလုပ်လေ့ရှိသည်။
ဆေးဝါးများ
ဆေးဝါးများသည် အပြုအမူများကို ကုသသည့် ကုထုံး behavior health therapy များနှင့် တွဲဖက်မှသာ အကောင်းဆုံးအလုပ်လုပ်တတ်သည်။ ADHD အတွက်ဆေးဝါးများသည် တစ်မျိုးတည်း သို့ ပို၍ ပေါင်းတိုက်ရတတ်သည်။ ဆရာဝန်သာလျှင် မည်သည်ကမှန်ကန်သည်ကို ဆုံးဖြတ်နိုင်သည်ဖြစ်ပြီး ထိုအရာသည် လူနာ၏ လက္ခဏာ နှင့် လိုအပ်ချက်အပေါ် မူတည်သည်ဖြစ်သည်။
အာရုံကြောလှူံ့ဆော် သောဆေးများသည် အဓိကအသုံးများသော ဆေးများဖြစ်သည်။ အာရုံကြော လှုံ့ဆော်သော ဆေးဟု အမည် ခေါ်သော်လည်း ထိုအရာများတွင် ADHD ဓါတ်များကို ငြိမ်စေနိုင်သည့် တစ်နည်းအားဖြင့်ဆိုသော် အရှိန်လျှော့ချ သည့် အာနိသင်များပါဝင်သည်။
ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းဆေးအချိန်အဆ တိုက်နည်းများကို လိုက်နာရမည်ဖြစ်သည်။ ဆေးဘေးထွက် ဆိုးကျိုး ရှိမရှိ ကို စောင့်ကြည့်ခြင်းသည် ဆရာဝန်အတွက် အလွန် အရေးကြီးပြီး အုပ်ထိန်းသူများလည်း ပူးပေါင်း ဆောင်ရွက်ပေးရသည်။ထို့ကြောင့် ရက်ချိန်းများနှင့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်လိုအပ်သည်။
အချို့သော ဆေးများသည် ဘေးထွက်ဆိုးကျိုးများ ရှိသည်။ ဘေးထွက် ဆိုးကျိုးများတွေ့ရှိပါက ဆရာဝန်ကို ချက်ချင်း အကြောင်းကြားရန် လိုအပ်ပါသည်။ ဆေးပမာဏ သို့ အမျိုးအစား ပြောင်းလဲရန် လိုအပ်နိုင်ပါသည်။ မိမိ သဘောဖြင့် ပြောင်းလဲ ခြင်း လုံးဝ မပြုလိုက်ပါ။
ကုထုံး therapy
အသုံးများဆုံး ကုထုံးများ ကတော့ အပြုအမူခြင်းဆိုင်ရာကုထုံး behavior health therapy ဖြစ်ပါသည်။ ဒါကတော့ မိဘနှင့် ကလေး ကျန်းမာသော ဆက်ဆံရေး နှင့် အနှောက်အယှက်အပြုအမူတို့ ကို မည်သို့ထိန်းချူပ် နည်းကို နည်းပြ ကုသနည်းဖြစ်ပါသည်။ အပျော့စား အခြေအနေတို့ကိုတော့ ၄င်း အပြုအမူခြင်းဆိုင်ရာ ကုထုံး တစ်မျိုးတည်းဖြင့်သည် ဆေးဝါးမပါဝင်ပဲ ကုသခြင်းသည် ထိရောက်ပါသည်။
အခြားအသုံးဝင်သော အချက်အလက်များ
- ကလေး၏ ဆရာ၊ ဆရာမ တို့ ဖြင့် ပုံမှန် အဆက်အသွယ်လုပ် ဆွေးနွေးခြင်း
- အိမ်စာ၊အစားအသောက်စားချိန်၊ အခြားအရာများပြုလုပ်ချိန် အစရှိသည်တို့ကို နေ့စဉ်အချိန်မှန် ပြုလုပ်ရန် သတ်မှတ်ထားခြင်း
- ပြောင်းလဲဖို့ လိုအပ်လာသော် ချက်ချင်းမပြောင်းလဲပဲ အချိန်ယူကြိုတင်ပြင်ဆင်ခြင်း
- ကလေး၏ ပတ်ဝန်းကျင်တွင် စိတ်ပျံ့လွှင့် စေမည့် အရာများကို အတတ်နိုင်ဆုံးလျှော့ချထားခြင်း
- ကလေးအားကျန်းမာသော အဟာရကြွယ်ဝသော အမျှင်ဓါတ်ပါဝင်သော အစားအသောက်များကို ကျွေးမွေးခြင်း
- ကလေးအားအိပ်ချိန် ပြည့်ဝစေခြင်း
- သကြားဓါတ် အချို ဓါတ် တတ်နိုင်သမျှ လျှော့ချခြင်း ထို အချိုဓါတ်သည် ဦးနှောက်ဓါတ်ကို ပိုမို လှူံ့ဆော်သည်
- ကောင်းမွန်သော အပြုအမူတို့ ဆုပေးချီးမြှောက်ပေးခြင်း
- ရှင်းလင်းသော တစ်သတ်မတ်တည်းဖြစ်သော စည်းကမ်းများကို ချမှတ်ထားခြင်း ဆိုလိုသည်မှာ ထိုသို့ ရှိနေသည်ဟု ဆိုပြီး ကလေးအား အခြေအနေနှင့် မဆိုင်သည့် စည်းကမ်းများကို ဖောက်ဖျက်ခွင့်ပေးခြင်း မလိုအပ်သည်ကို အထူးအခွင့်အရေးပေးခြင်းတို့ ဖြစ်သည်၊
အခြားအထောက်အကူဖြစ်သည်တို့မှာ ဆေးဖက်ဝင် အပင်၊အားဆေး နှင့် နှိပ်နယ်သည့် အရာများသည် အသုံးဝင်သည် ဟုဆိုသည် သို့သော် ထိရောက်မှု နည်းသည်။
Adhd သည် ရေရှည် အခြေအနေဖြစ်သည်။ ADHD သည် လမ်းကြောင်းမှန်ဖြင့် မထိန်းသိမ်းနိုင်လျှင် အသက်ကြီးလာသည်နှင့် အမျှ၊ ပြသာနာတို့ ၏နောက်ဆက်တွဲ ဖြစ်သော တစ်ခုဖြင့်တစ်ခုဆက်စပ်သော
- အရက်နှင့် မူးယစ်ဆေးဝါး ပြသနာ
- ကျောင်းပညာရေးတို့တွင် ကောင်းမွန်စွာ မစွမ်းဆောင် နိုင်တော့ခြင်း
- အလုပ်တွင် ပြသနာရှိခြင်း၊ အလုပ်မမြဲခြင်း
- အကျင့်စာရိတ္တပိုင်းတို့ ဖောက်ဖျက်လာခြင်း
- လူမှုရေးပြသနာများ၊ တရားဥပဒေများဖြင့် ပြသနာရှိလာခြင်း တို့ နှင့်အတူ
- Anxiety စိုးရိမ်ကြောင့်ကြပူပန်သောကများခြင်း ရောဂါ၊ Depression စိတ်ဓါတ်ကျခြင်းရောဂါများ အစရှိသည်တို့ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်လာနိုင်သည်။
Adhd ကလေးများ၏ ၃ပုံ၁ပုံ သို့မဟုတ် တစ်ဝက်လောက်သည် အသက်ကြီးသည် အထိ အာရုံ ပြန့်လွှင့်ခြင်း၊ အတတ်ကြွလွန်ခြင်း၊ အပြုအမူ အပြောအဆိုတို့ကို မထိန်းနိုင်ခြင်း စသည့် လက္ခဏာများ ပါလာတတ်သည်။ အချို့ကမူ အပြုအမူအပြောအဆိုတို့ ကို ဟန်ဆောင်ခြင်းဖြင့် ထိန်းနိုင်မှုတော့ရှိသည်။ သို့သော် သူတို့အတွက် မူ စိန်ခေါ်တစ်ရပ်လိုဖြစ်နေတတ်သည်။
မိဘများအနေဖြင့် မည်သည့် အချိန်တွင် သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန် တို့ပြသသင့်သနည်း
- သင့်ကလေး၏ဆရာ ဆရာမတို့က သင့်ကလေးအား ထိုသို့ လက္ခဏာ သံသဝင်နေသည်ဟု ပြောကြားလာခြင်း
- အရှေ့တွင်ဖော်ပြသောလက္ခဏာတို့ကြောင့် ပညာရေး၊ လူမှုဆက်ဆံရေးနှင့် အိမ်မိသားစုတို့တွင် နောက်ဆက်တွဲ ပြသနာများ ကြုံလာရခြင်း
- စိတ်ကျလက္ခဏာများ စိုးရိမ်ကြောင့်ကျမှုလက္ခဏာများ ပြလာခြင်းတို့ပဲဖြစ်သည်။
ထိုအခါတွင် သင်သည် သင်၏ကလေးဆရာဝန်အား ဆွေးနွေးတိုင်ပင်ပြီး များသောအားဖြင့် neurologist
ဦးနှောက်နှင့် အာရုံကြော ဆရာဝန် နှင့် စိတ်ကျန်းမာရေး ဆရာဝန် တို့က ကိုင်တွယ်သည်၊
Ref: MedlinePlus
စာရေးသူ၏ အာဘော်
၎င်း Adhdသည် ကလေးတိုင်းရှိရမည်ဟုမဆိုသော်လည်း မြန်မာနိုင်ငံမှာလုံးဝ မရှိဟု တော့ မပြောဆိုနိုင်ပါ။ ထို Adhd ကို စာရေးသူ ကိုယ်တိုင်တောင် အမေရိကန် နိုင်ငံ ရောက်တော့မှသာ မိမိ၏ ကလေးများ ကျောင်းအစည်းအဝေးများ တက်ရောက်ခွင့် ကြုံခဲ့၍သာ ဆက်စပ်ပြီး သိလာရခြင်းဖြစ်သည်။ စာရေးသူ သတ်တမ်းတစ်လျှောက် ၄င်း Adhd ကို တစ်ခါမှ မကြားဘူးခဲ့သလို ဒါမျိုး ရောဂါမျိုးလည်း ရှိပါလားဆိုတာ အခုမှသိရခြင်းဖြစ်သည်။ အကြောင်းအရင်းမှာ မြန်မာနိုင်ငံတွင် ၄င်း Adhd နှင့် ပတ်သတ်သည့် ပညာပေး ဆွေးနွေးမှု၊ှဗဟုသုတ နှင့် လှူံ့ဆော်မှုတို့ အရမ်းမကျယ်ပြန့်၍ သတိမထား မိကြခြင်းဖြစ်သည်။
ထို့အပြင် ကလေးတစ်ယောက်သည် အခြားကလေးများထက် ကွဲထွက်၍ အတတ်ကြွလွန် ဂဏာမငြိမ် ဖြစ်နေလျှင် ပတ်ဝန်းကျင်သည် ထိုကလေးအား မျောက်ရှုံး မျောက်နှင့် လောက်စပ်ထားသူ အစရှိသည့် အပြစ်တင်သည့် ပတ်ဝန်းကျင် အသိုင်းအဝန်းများပြားသည်။
အတန်းထဲတွင် စာမလိုက်နိုင်လျှင် စာသင်၍မရအောင် အာရုံ မစိုက်လျှင် စာသင်ချိန် ဂဏာမငြိမ်ဖြစ်နေလျှင် အမှတ်များ မကောင်းလာလျှင် ကြိမ်ဒဏ် အပြစ်ပေးမည့် မိဘနှင့် ဆရာဆရာများပို၍ များပြားသည်။
လူမှု ဆက်ဆံအပေါင်းအသင်းတွင်လည်း ကာယကံရှင်သည် လိုက်လျောညီထွေမှုမရှိခြင်း၊ အလှည့်ကျမစောင့်နိုင်ခြင်း၊ စကားကို ဖြတ်ပြောခြင်း၊ မစဉ်းစားပဲလုပ်လိုက်လျင် သို့ ပစ္စည်းများပျောက်တတ်လျင်၊ အစီအစဉ် မကျခြင်း အစရှိလျင်လည်း စည်းကမ်းမရှိတဲ့ ကလေး၊ ယဉ်ကျေးမှု မရှိတဲ့ ကလေး၊ လူမှုရေးနားမလည်တဲ့ ကလေးဆိုပြီး နာမည်တတ်မည့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းပိုများသည်။
သို့သော်လည်း အသိုင်းအဝိုင်းအနေဖြင့်လည်း ၄င်း Adhd အသိပညာ ဗဟုသုတ လုံးဝမသိရှိ၍ဟု သာ ထိုသိုဖြစ်ခြင်းဖြစ်သည် ဟု သူတို့ အားလည်း အကောင်းမြင်စေရန် မိမိတိုက်တွန်းလိုသည်။
ထိုကဲ့သို့ ကြောင့် ကာယကံရှင်တို့ ၏ မူရင်း ဇစ်မြင် ပြသနာ မသိရှိပဲ ကြမ်းတမ်းသော နည်းလမ်းအသုံးပြု၍ အတင်းကြပ် ပုံသွင်းဆုံးမခြင်း၊ ကဲ့ရဲ့သော အပြစ်တင်သော အသိုင်းအဝိုင်းကနေ ဖိနှိပ်ခြင်း ခံနေရသည့် Unsupportive အထောက်အကူ မပြုသည့် အသိုင်းအဝိုင်းတွင် ထို ကာယကံရှင် ကလေးလေးတို့ ၏ ဘဝသည် လုံးပါးပါးနိုင်သလို လုံးပါးမပါးလျင်တောင် သူတို့တွေသည် ရောက်သင့်သလောက် မရောက်ပဲ ပုံမှန် စံဝင်အောင် တစ်ယောက်တည်း နေ့စဉ့် ရုံးကန် နေရမည်ဖြစ်သည်။ ဒါကိုခံနိုင်ရည် မရှိသည့် အချိန်တို့တွင် အဆိုးဖက်ရောက်ပြီး အနာဂတ် တို့သည် မလှပနိုင်တော့ချေ ခက်ခဲမှုများနိုင်သည်။
အရေးကြီး ဆုံး သိထားသင့်သည်မှာ
Adhd တို့၏ ဦးနှောက်တုံ့ပြန်မှုသည် သာမာန်ကလေးများထက် အလုပ်လုပ်ပုံထူးခြားသည်။ သူတို့၏ ဓါတ်တုံ့ပြန်မှုတို့သည် အလွန် လျင်မြန်သည်။သူတို့ကို Super Brain များဟု တင်စားကြသည်။ အဘယ့်ကြောင့်ဆိုသော် ၄င်းတို့သည် သာမာဦးနှောက်တို့ထက်
- ပုံမှန်လူတို့ထက် ပို၍လှုပ်ရှားတတ်ကြွခြင်း မြန်ဆန်ခြင်း
- တီထွင်နိုင်မှု၊ ဖန်တီးနိုင်မှု စွမ်းအားကောင်းသည်
- မသိစိတ်က အလိုအလျောက် သိမြင်မှုအားကောင်းသည်
- ဖြတ်ထိုးဥာဏ်အားကောင်းသည်
- သူတို့ဦးနှောက်ဓါတ်ဖြင့် ကိုက်ညီသော တစ်နည်းအားဖြင့်ဆိုသော် သူတို့ စိတ်ဝင်စားသောအရာ ကို အာရုံစိုက်ပြီ ဆိုလျှင် သာမန် လူတို့ထက် ပို၍ အာရုံစိုက်နိုင်ခြင်း မဆုတ်မနစ် ဈာန်ဝင်ခြင်း
- ဟာသဥာဏ်ရွှင်ခြင်း
- တစ်ချိန်တည်းတွင် သာမန်လူများထက် နှစ်ခုသုံးခုကို ပြိုင်လုပ်နိုင်ခြင်း
- အသစ်အသစ်များကို အမြဲရှာဖွေနေခြင်း၊ စူးစမ်းခြင်း
- ရိုးသားခြင်း၊ ကိုယ်ခြင်းစာတရားရှိခြင်း
အစရှိသည်တို့ဖြစ်သည်။ အဘယ့်ကြောင့် အထက်ပါအားသာချက်တို့ ပါရှိသနည်းဆိုတာကို နောက်ပိုင်း ဆောင်းပါးများတွင် ဖော်ပြပေးသွားပါမည်။
သို့သော်လည်း ၄င်းတို့ နည်းမှန်လမ်းမှန် အချိန်မှန် နှင့်တကွ အထောက်အကူဖြစ်သော ပတ်ဝန်းကျင်တို့ ရှိမှသာလျှင် သူတို့တွေသည် ထူးချွန်အောင်မြင်နိုင်သည်သာဖြစ်သည်။
စာဖတ်သူတို့ မျက်လုံးထဲ မြင်အောင် ဥပမာ ပေးရသော် ADHD တို့ ဦးနှောက်သည် အရမ်းမြန်သော ပြိုင်ကား တစ်စီးဖြစ်သည် သူတို့သည် အိပ်ချိန်မှလွဲ၍ လမ်းပေါ်တွင် ဘယ်တော့မှ မရပ်ပဲ မောင်းနေသော ကားတစ်စီးဖြစ်သည်။ သို့သော် သူသည် ကုသမှု မခံယူရသေးသ၍ မိမိကိုယ်ကိုထိန်းသိမ်းနည်း မသိသေးသ၍ တော့ ထိုပြိုင်ကားသည် စက်ဘီး ဘရိတ်တပ်ဆင်ထားသော ပြိုင်ကားဖြစ်ပြီး လိုရာကို မချိန်ဆနိုင်ကာ အန္တရာယ်ရှိသည့် ပြိုင်ကားတစ်စီးဖြစ်သည်။
ထိုကဲ့သို့ ပြိုင်ကားများ နည်းမှန်လမ်းမှန် ကုသနည်းမှန်၍ ပြိုင်ကား ဘရိတ်တပ်ဆင်ကား မောင်းနှင်နေပြီး ယခု သက်ဆိုင်ရာ နယ်ပယ်အသီးသီးတို့ တွင် အောင်မြင်နေသော ADHD ရှိသည့် စာဖတ်သူတို့နှင့် မစိမ်းသည့် ပုဂ္ဂိုလ်များ အကြောင်း အနည်းငယ် ဖော်ပြပေးပါရစေ။
ထိုသူတို့မှာ
မိုက်ကရိုဆော့် ပိုင်ရှင် ကမ္ဘာကျော်သူဌေးကြီး Bill Gate
Virgin airline ပိုင်ရှင် Richard Branson
အမေရိကန်သမ္မတဟောင်း George W Bush
မိုက်ကယ်ဂျော်ဒန်
အစရှိသည်တို့ဖြစ်သည်။ အခြား အထင်ကရ ပုဂ္ဂိုလ်များ ကျန်ပါသေးသည်။ နောက်ပိုင်းဆောင်းပါးများတွင် ဖော်ပြသွားပါမည်။
ထို့အပြင် ADHD သည် အမေရိကန် နိုင်ငံတွင် သုတေသန အပြုလုပ်ဆုံးသော စိတ်ဆေးပညာလေ့လာမှု တစ်ရပ်ဖြစ်သည်။ အမေရိကန် နိုင်ငံတွင် သာမက အခြားနိုင်ငံကြီး များ ကမ္ဘာတစ်ဝှမ်းတို့တွင် AdHD ရောဂါကို ကလေးများတွင် သာမကပဲ လူကြီး များတွင်ပါ တွေ့ရှိလာသည်။ ထိုသည်မှာ ပတ်ဝန်းကျင်ကြောင့် အစားအသောက် ဆေးဝါးတို့ ကြောင့် တွေ့ရှိသူလူဦးရေ တိုးလာခြင်း မဟုတ်ပါ။ အစတည်း က ရှိလာပြီးသား ပုဂ္ဂိုလ်တို့ ကို သတိထား မိပြီး စတင်စစ်ဆေးရန် လမ်းစ ပြပေးသော AdHD လှူံ့ ဆော်မှုများ ပညာပေးများ အဖွဲ့ အစည်းများ ကျယ်ပြန့်လာ ခြင်းကြောင့်ဖြစ်သည်။ အမေရိကန် နိုင်ငံ နှင့် အခြား နိင်ငံကြီး တော်တော်များများတို့တွင် ထိုကဲ့ သို့ အထောက်အကူ ဖြစ်သော အဖွဲ့ အစည်း နှင့် နိုင်ငံတော် အစိုးရများ ကပါ ထောက်ပံ့မှုတွေ ပေးနေပြီး ဖြစ်သည်။
စာရေးသူလည်း ထိုကဲ့သို့ မြန်မာပြည်တွင် ထို AdHd ဗဟုသုတ ကိုကျယ်ပြန့်စေချင်သည်။ထိုကဲ့သို့ ကလေးများ သို့မဟုတ် လူကြီးများ မိမိတို့၏ ပတ်ဝန်းကျင် တွင် တွေ့ရသည့် အခါ အပြစ်မြင်ခြင်းထက် သက်ဆိုင်သူတို့ကို ဝေမျှ ပညာပေးပြီး လိုအပ်သည့် စစ်ဆေးမှု အတည်ပြုမှု နှင့် ကုသထိန်းသိမ်းမှု တို့ကို လုပ်နိုင်လျှင် ထူးချွန်သော အနာဂတ်များ ထွက်ပေါ်လာနိုင်သလို။ သူတို့ အထီးကျန်စွာ ရုံးကန်နေရခြင်း သည် သူတို့ တစ်ယောက်ပဲ သိရှိနေတာမျိုးမဟုတ်ပဲ နားလည်သော အသိုင်းအဝိုင်း ရှိသည်ကို ပေးသိပြီး ကူညီရာရောက်မည်ဟုထင်ပါသည်။
အပ်နဲ့ထွင်းရမည့် ကိစ္စကို ဆောက် နဲ့ထွင်းနေခြင်းကိုလည်း လျှော့ချလာနိုင်မည်ဟုထင်ပါသည်။
ထို့ကြောင့် မြန်မာပြည်ကြီး
- AdHd ဗဟုသုတ ပိုမိုကျယ်ပြန့်လာနိုင်ပါစေ
- AdHd ရှိသော ကလေးများ နှင့် ယခုတိုင် ကုသမှု ခံယူခွင့်မရသေးသော လူကြီးများအား အပြစ်မမြင်ပဲ သူတို့ကို နားလည်ပါသည် ဟူသောယဉ်ကျေးသော လူ့ အသိုင်းအဝိုင်းပေါ်လာနိင်ပါစေ
- အစိုးရထောက်ပံ့သော ကျန်းမာရေးဝန်ဆောင်မှုတို့နှင့်အတူ AdHd ပညာရှင် ဆရာဝန်များ ပိုမို ပေါများ၍ လူတန်းစားမရွေး ကုသလာနိင်ပါစေ
- ပတ္တမြားခဲလေးများ ရွှံ့နွံထဲမှာပဲ တစ်သက်လုံး မနစ်သွားပဲ ပြည်တန် ပတ္တမြားများဖြစ်လာနိုင်ပါစေ။
ဟုဆုတောင်းရင်း တိုးတတ်အေးချမ်းပါစေ မြန်မာပြည်။
AdHD ကို သီးသန့် လှူံ့ဆော် ပညာပေးဆောင်းပါးများ အထောက်အကူဖြစ်စေမည့် အရင်းအမြစ်များ ကို တစ်စုတစ်စည်းထဲ ဝေမျှ ပေးသွားမည့် Facebook စာမျက်နှာ ကို ဖိတ်ခေါ်ချင်ပါ သည်။
Mingalarbar Add/Adhd Myanmar ပဲဖြစ်ပါတယ်။
မေတ္တာဖြင့်
နိုင်ဧရာ
Fellow study and social awareness volunteer (ADDA, Attention Deficit Disorder Association)
New York, USA
__________________________________
ဤစာမျက်နှာသည်AdHD ကျန်းမာရေး ပညာရေး ဗဟုသုတများကို မျှဝေ ရန် တည်ထောင်ထားခြင်း ဖြစ်ပါသည်။