Dr. Beast

Dr. Beast ✅ ️For Business Enquries ✅️
drbeastmyanmar@gmail.com Dr. Beast is a fitness and nutrition educational channel from Myanmar (Burma).

It was founded in 2019 by doctors and has been sharing medical knowledge and health education. Moreover, it provides weekly and monthly nutrition plans for better physique. Firstly, Dr. Beast started on the social media platform (Facebook). It garnered a huge popularity suddenly and is regarded by the trainees as one of the best weight loss programs in Myanmar. And in 2021, Dr. Beast got onto the YouTube platform and started sharing valuable videos since then. To this day, Dr. Beast has helped around 600 people (and counting) to lose weight and get fit & healthy with the Personalized Weight Loss Plans.

ခွေးရူးပြန်ရောဂါကို ဘယ်လို ကာကွယ်ရမလဲ? ခွေးကိုက်ခံရရင် ဘာလုပ်ရမလဲ? 🐕ခွေးရူးပြန်ရောဂါက တကယ်ကို ကြောက်စရာကောင်းတဲ့ ရောဂါတစ...
04/08/2025

ခွေးရူးပြန်ရောဂါကို ဘယ်လို ကာကွယ်ရမလဲ? ခွေးကိုက်ခံရရင် ဘာလုပ်ရမလဲ? 🐕

ခွေးရူးပြန်ရောဂါက တကယ်ကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါဖြစ်ရင် အသက်ဆုံးရှုံးတဲ့အထိ ဆိုးရွားနိုင်တာကြောင့် သေချာသိထားပြီး ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။

ခွေးရူးပြန်ရောဂါ ဆိုတာ ဘာလဲ? ❓️

ဒီရောဂါက ရေးဘီးစ် (rabies) လို့ခေါ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကို တိုက်ခိုက်ပါတယ်။ အဓိကအားဖြင့် ခွေး၊ ကြောင်၊ လင်းနို့၊ မျောက် စတဲ့ တိရစ္ဆာန်တွေကနေ ကိုက်တာ၊ ခြစ်တာ (ဒါမှမဟုတ်) တံတွေးကနေ လူတွေဆီ ကူးစက်လေ့ရှိပါတယ်။

ရောဂါလက္ခဏာတွေ ဘာတွေလဲ?

ကူးစက်ခံရပြီဆိုရင် ပထမဆုံး ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်

- ဖျားမယ်၊ ကိုက်ခဲမယ်၊ အားနည်းနေမယ် 🤒
- ကိုက်တဲ့နေရာမှာ ယားယံတာမျိုး ခံစားရနိုင်ပါတယ်

နောက်ပိုင်းမှာတော့ ပိုဆိုးလာပြီး

- ရေကို အလွန်ကြောက်လာမယ် 💦
- စိတ်ဂနာမငြိမ်ဖြစ်မယ်
- တက်တာ၊ သတိလစ်တာတွေ ဖြစ်လာတတ်ပါတယ်

အရေးကြီးတာက လက္ခဏာ မပြခင် မြန်မြန်ကုသဖို့ပါ။ လက္ခဏာ စပြပြီးရင် ကုသလို့မရတော့ဘဲ အသက်ဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ? 🛡

ဒီရောဂါက ကြောက်စရာကောင်းပေမယ့် ကာကွယ်လို့ရတဲ့ ရောဂါ တစ်ခုပါ။

1. အိမ်မွေးတိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးပေးပါ 💉

- ခွေး၊ ကြောင်တွေမှာ ပုံမှန် Rabies ကာကွယ်ဆေး ထိုးပေးဖို့ လိုပါတယ်။ (လူတွေမှာလည်း ဘာမှ မဖြစ်ခင်ကတည်းက ကြိုတင်ထိုးထားလို့ရတဲ့ ကာကွယ်ဆေး ရှိပါတယ်။ ဒီဆေးထိုးထားရင် တကယ်အကိုက်ခံရတဲ့အခါ booster dose နည်းနည်းပဲ ထပ်ထိုးဖို့လိုတာမျိုး၊ ဒီ virus ကို တိုက်ခိုက်ဖို့ ကိုယ်ခံအား ကောင်းနေတာမျိုး စတဲ့ အားသာချက်တွေ ရှိပါတယ်)

2. အိမ်မွေးမဟုတ်တဲ့/ မသိတဲ့ တိရစ္ဆာန်တွေနဲ့ မကစားပါနဲ့ ⛔️

- လမ်းကခွေး၊ ကြောင်တွေ၊ လင်းနို့တွေကို မထိပါနဲ့။ အထူးသဖြင့် သူတို့က ပုံမှန်မဟုတ်ဘဲ ရူးနေသလို ပြုမူနေရင် ပိုသတိထားပါ။

3. အကိုက်ခံရရင် ဘာလုပ်မလဲ? 🤔

- ဒဏ်ရာကို ချက်ချင်း ဆပ်ပြာနဲ့ ရေသန့်သန့်နဲ့ ၁၅မိနစ် လောက် ဆေးကြောပါ။
- ဆရာဝန်ဆီ အမြန်ဆုံးသွားပြီး Post-exposure prophylaxis (PEP) ကာကွယ်ဆေးထိုးပါ။
- ဒီဆေးက ရောဂါမဖြစ်ခင်မှာ ထိုးမှသာ အသက်ကယ်နိုင်တာမို့ အချိန်မဆိုင်းပါနဲ့။

အရေးကြီးသော အချက်များ ‼️

- ခွေးရူးပြန်ရောဂါက လက္ခဏာပြပြီးရင် ကုသလို့မရပါ ဘူး။
- ကာကွယ်ဆေးက ၁၀၀% အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ကိုက်ခံရရင် ဆေးထိုးဖို့ မနှောင့်နှေးပါနဲ့။
- အိမ်မွေးတိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးပေးခြင်းက အကောင်းဆုံး ကာကွယ်နည်းပါ။

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🐕

Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

ယောဂ (Yoga) ဆော့ကစားခြင်း နှင့် ကျန်းမာရေး 🧘‍♂️🧘‍♀️လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေး အပြင် စိတ်ကျန်းမ...
16/07/2025

ယောဂ (Yoga) ဆော့ကစားခြင်း နှင့် ကျန်းမာရေး 🧘‍♂️🧘‍♀️

လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေး အပြင် စိတ်ကျန်းမာရေးကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။🚶‍♂️🏃‍♂️🏋‍♂️

ယောဂ (Yoga) ဆိုတာ ခန္ဓာကိုယ်လှုပ်ရှားခြင်း၊ အသက်ရှူခြင်း နှင့် စိတ်အာရုံစူးစိုက်ခြင်း ဆိုတဲ့ အလုပ် (၃) ခုလုံးကို လေ့ကျင့်ပေးတဲ့ ကစားနည်းတစ်ခုပဲဖြစ်ပါတယ်☝️

--------------------

📌 ယောဂ(Yoga) ပုံမှန် ဆော့ကစားခြင်းက 🧘‍♂️ 🧘‍♀️

- နှလုံးကျန်းမာရေး နှင့် သွေးလည်ပတ်မှုကို ကောင်းမွန်ပြီး သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးတာကြောင့်... နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေများကို လျှော့ချပေးပါတယ်။ 🫀

- အစာကြေ၊ လေမှန်၊ ၀မ်းမှန်ကာ အစာအိမ် နှင့် အူလမ်းကြောင်းစနစ်တို့ကို ကျန်းမာကောင်းမွန်စေပါတယ်။ 🍽

- အရိုး၊ ကြွက်သား နှင့် အဆစ်၊ အမြစ် တို့ကို သန်စွမ်းစေပြီး ခန္ဓာကိုယ်ကိုလည်း ဟန်ချက်ညီ၍ တောင့်တင်းခိုင်မာစေပါတယ်။ 💪
အသက်အရွယ်ကြီးတဲ့အခါ ဖြစ်တတ်တဲ့ အရိုးပွရောဂါဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။ 🦴

- ကိုယ်အလေးချိန် ၊သွေးတွင်းအဆီဓါတ် နှင့် အချိုဓါတ်တို့ကို ထိန်းညှိလျှော့ချပေးလို့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေမှ ကာကွယ်ပေးပါတယ်။ 🍬

ဦးနှောက်သွေးလည်ပတ်မှုကို ကောင်းမွန်စေတဲ့အတွက် ဦးနှောက်စွမ်းရည်ကို မြင့်မားစေပြီး အာရုံစူးစိုက်ခြင်း၊ သင်ယူခြင်း၊ ကျိုးကြောင်းဆင်ခြင်ခြင်း၊ ပြဿနာဖြေရှင်းခြင်း စတဲ့ စွမ်းရည်များကို တိုးတက်စေပါတယ်။ 🧠

- ကိုယ် နှင့် စိတ် ဟာ တစ်စုတစ်စည်းတည်း ဖြစ်သွား တဲ့အတွက် တည်ငြိမ်၊ အေးချမ်း လာပါတယ်။ 😌 ✨️ 🌈

စိတ်ဖိစီးမှုများခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အိပ်မပျော်ခြင်း စတဲ့ ပြဿနာများကို ဖြေရှင်းကုသတဲ့ နည်းလမ်းတွေထဲမှာ ယောဂ ကစားခြင်းကိုပါ ထည့်သွင်းအကြံပြုထားကြပါတယ်။ 👍

ကုန်ကုန်ပြောရရင် ယောဂ ဆော့ကစားခြင်းဟာ ကျွန်တော်တို့ရဲ့ အပေါ်ယံ အရေပြားမှစလို့ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်း အင်္ဂါများ၊ ကြွက်သား၊ အရွတ်၊ အရိုး၊ အဆစ်၊ သွေးကြော နှင့် အာရုံကြော စနစ်များကို ပါ ကောင်းမွန်ကျန်းမာစေပါတယ်။ ✅️✅️✅️

--------------------

မည်သည့်ကိုယ်လက်လေ့ကျင့်ခန်းပဲ ဖြစ်ဖြစ်... လှုပ်ရှားမှုနည်းပြီးအထိုင်များနေခြင်း ထက်တော့ အများကြီး အကျိုးရှိပါတယ်။ 👌

ကိုယ်လက်လှုပ်ရှားမှု ရှိခြင်းဟာ စိတ် နှင့် ကိုယ်ကျန်းမာရေး (၂) မျိုးလုံးအပေါ် ကောင်းမွန်စေလို့ နေ့စဥ် ကိုယ်လက်လှုပ်ရှားမှု ရှိသော နေထိုင်ပုံမျိုးနှင့် လေ့ကျင့်နေထိုင်သွားသင့်ပါတယ်။ 👍 👍 👍

အိမ်မှာတင် လိုက်လံလုပ်ဆောင်နိုင်တဲ့ ယောဂ လေ့ကျင့်ခန်းများကိုလည်း ကွန်းမန့်ထဲမှာ ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ 👇

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🧘‍♀️🧘‍♂️

Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

ခြေထောက် ကျန်းမာနေစေဖို့ 🦶ကျန်းမာရေးနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခြေထောက်ကို မေ့ထားတတ်ကြပါတယ်။ ခြေထောက်ကျန်းမာရေးက်ု ခြေထေ...
14/07/2025

ခြေထောက် ကျန်းမာနေစေဖို့ 🦶

ကျန်းမာရေးနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါ ခြေထောက်ကို မေ့ထားတတ်ကြပါတယ်။ ခြေထောက်ကျန်းမာရေးက်ု ခြေထောက်နာလာတဲ့ အခါမှ ဂရုစိုက်မိတတ်ကြတာပါ။

ဒီနည်းလမ်း ၅ ချက်က သင့်ကို စနစ်တကျ စတင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

1. သက်တောင့်သက်သာရှိပြီး သင့်တော်တဲ့ဖိနပ်ကို ဝတ်ဆင်ပါ – ဖိနပ်က ခြေထောက်ကို ကောင်းစွာထောက်ပံ့ပေးနိုင်ဖို့ အရေးကြီးပါတယ်။ လှုပ်ရှားမှုများလာတဲ့အခါ ခြေဖဝါးအတွက် အထူးပြုလုပ်ထားတဲ့ in sole ခေါ် shoe insert တွေလည်း သုံးနိုင်ပါတယ်။ 👞

2. ခြေထောက်နဲ့ ခြေကျင်းဝတ်ကို မကြာခဏ အကြောလျှော့ပေးပါ – ဒါက အသက်ကြီးလာတဲ့အခါ ဒဏ်ရာရနိုင်ခြေကို လျော့ကျစေပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ရေကူးခြင်း၊ စက်ဘီးစီးခြင်း လိုမျိုး ခြေထောက်ကို ဖိအားများမပေးတဲ့ လှုပ်ရှားမှုတွေကို ပုံမှန်လုပ်ပေးသင့်ပါတယ်။ 🦵

3. ခြေသည်းကျန်းမာရေးကို ဂရုစိုက်ပါ – အသက်ကြီးလာတဲ့အခါ ခြေသည်းတွေက ပိုမာလာပြီး ကျိုးလွယ်လာပါတယ်။ ခြေသည်းနီ ဆိုးတတ်သူဆိုရင် ဖျက်တဲ့အခါ ခြေသည်းဝါနေတာ ကို တွေ့ရနိုင်ပါတယ်။ ဒါက ခြေသည်းနီ ထဲက ဓာတုပစ္စည်းတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဝါမှုကို လျော့ကျစေဖို့ ခြေသည်းနီ ကို တစ်ပတ်တစ်ခါဖျက်ပြီး နောက်တစ်ကြိမ် မဆိုးခင် ၁-၂ ရက်လောက် ခြေသည်းကို အနားပေးပါ။ 💅

4. အာဟာရကိုလည်း ဂရုစိုက်ပါ – ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ခြင်းက ခြေထောက်အပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးကို ကျန်းမာစေပါတယ်။ 🍴

5. ခြေထောက်အရေပြားကို ဂရုစိုက်ပါ – အသက်ကြီးလာတာနဲ့အမျှ အရေပြားက ပိုပါးလာပြီး ခြောက်သွေ့လာတတ်ပါတယ်။ ဒါကြောင့် ခြေထောက်ကို ပုံမှန် lotion လိမ်းပေးခြင်းအားဖြင့် အရေပြားကွဲတာကို ကာကွယ်ပါ။ အထူးသဖြင့် ခြေဖနောင့် က အလွန်ခြောက်သွေ့တတ်ပါတယ်။ ဒါပေမယ့် ခြေချောင်းကြား မှာတော့ lotion မလိမ်းပါနဲ့ – ဒီနေရာက သဘာဝအတိုင်းလည်း စိုစွတ်နေတတ်တာကြောင့် lotion ထပ်လိမ်းလိုက်ရင် မှိုနဲ့ ဘက်တီးရီးယားတွေ ပေါက်ပွားစေနိုင်ပါတယ်။ 🧴

သင့်ခြေထောက်ကို စောင့်ရှောက်ဖို့ အခုပဲ စတင်လိုက်ပါ!

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🥗

Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

မနက်ထတဲ့အခါ အိပ်ရေးမဝတဲ့ ခံစားချက် မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ? 😴အိပ်ချိန်မလုံလောက်လို့ အိပ်ရေးမဝတာကတော့ ထင်သာမြင်သာ ရှိပါ...
10/07/2025

မနက်ထတဲ့အခါ အိပ်ရေးမဝတဲ့ ခံစားချက် မဖြစ်အောင် ဘယ်လိုလုပ်ရမလဲ? 😴

အိပ်ချိန်မလုံလောက်လို့ အိပ်ရေးမဝတာကတော့ ထင်သာမြင်သာ ရှိပါတယ်။ အိပ်ချိန် များများပေးနိုင်အောင် ကြိုးစားရမှာပါ။ ဒါပေမယ့် တခါတရံ အိပ်ချိန် လုံလောက်ရက်သားနဲ့ အိပ်ရေးမဝသလို ခံစားရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒါကို sleep inertia (အိပ်စက်ချိန်မှာ ဆက်အိပ်လိုသော ဆန္ဒ) လို့ ခေါ်ပါတယ်။ 💤

Inertia ဆိုတာကတော့ ရွေ့နေတဲ့ ကားက ရုတ်တရက် ရပ်လိုက်တဲ့အခါ ကိုယ်က အရှေ့ကို ယိုင်ထွက်သွားတာမျိုး၊ ဒါမှမဟုတ် ရပ်နေတဲ့ကားက ရုတ်တရက် ဆောင့်ထွက်လိုက်တဲ့အခါ ကိုယ်က အနောက်ကို ယိုင်ထွက်သွားတာမျိုးကို ခေါ်တာပါ။ ရွေ့တဲ့အရာက ဆက်ရွေ့နေချင်တယ်။ ရပ်တဲ့အရာက ဆက်ရပ်နေချင်တယ် စတဲ့ အရာဝတ္ထုတွေရဲ့ ဖြစ်နေတဲ့ အခြေအနေအတိုင်း ဆက်ဖြစ်ချင်တဲ့ ဆန္ဒပါ။ sleep inertia ဆိုတာလည်း ထိုနည်း၎င်း ပါပဲ ✅

ဘာလို့ဖြစ်တာလဲ?

တိကျသေချာတဲ့ အဖြေတော့ မရှိသေးပါဘူး။ ဒါပေမယ့် တချို့ကတော့ ဦးနှောက်ထဲမှာ delta wave (ဒယ်လ်တာလှိုင်း) တွေ ထွက်တာများလို့ လို့ ဆိုပါတယ်။ Delta wave တွေက NREM လို့ခေါ်တဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေချိန်မှာ ထွက်လေ့ရှိပါတယ်။ အိပ်မောကျနေတုန်း ရုတ်တရက် နိုးလာရင် sleep inertia ဖြစ်တယ်လို့ ဆိုပါတယ်။ 🫥

နောက်တစ်ချက်ကတော့ adenosine (အဒက်နဆင်း) ဓာတ်ပါ။ မနက်ထတဲ့အချိန်မှာ ဒီဓာတ်များနေရင်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 📈

ဘယ်လို ခံစားရမလဲ?

ဦးနှောက်ထဲမှာ နောက်နေမယ်။ မဆန်းလန်းဖြစ်မယ်။ အာရုံတွေ ထွေပြားနေမယ်။ အာရုံစူးစိုက်တွေးတောဖို့ ခက်ခဲနေမယ် စတာတွေက sleep inertia ရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ လွယ်လွယ်ပြောရရင်တော့ အိပ်ရေးမဝတဲ့ ခံစားချက်ပေါ့။ ပုံမှန် အားဖြင့် နာရီဝက် တစ်နာရီ ကြာတတ်ပြီး တခါတရံလည်း အဲ့ထက်ပိုကြာတတ်ပါတယ်။ 😣

ဘယ်လို ကာကွယ်ရမလဲ?

၁။ အိပ်ယာကို သက်တောင့်သက်သာဖြစ်တဲ့ အိပ်ယာနဲ့ အိပ်ပါ။ 🛏️

၂။ အရက်နဲ့ ဆေးလိပ်သောက်ခြင်းကို လျှော့ချပါ/ ရှောင်ကြဥ်ပါ။ ⛔

၃။ ညဘက်အိပ်ပြီး မနက်ဘက် ထပါ။ (မနက်အိပ်ပြီး ညဘက် ထမယ်ဆိုရင်လည်း sleep inertia ဖြစ်နိုင်ခြေပိုများနိုင်ပါတယ်) 💤

၄။ ကော်ဖီ လက်ဘက်ရည် အားဖြည့် အချိုရည်များကို ရှောင်ကြဥ်ပါ။ အထူးသဖြင့် ညဘက်မှာ မသောက်ပါနဲ့။ ☕

၅။ နေ့လည်နေ့ခင်းမှာ နာရီဝက်လောက် အိပ်ကြည့်ပါ။ (ကြာကြာအိပ်မိရင်တော့ ညဘက် အိပ်မပျော်ဖြစ်ပြီး sleep inertia ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပြန်ပါတယ်) 😴

၆။ အိပ်ယာကို မပူပါစေနဲ့။ အိပ်ယာပူတဲ့အခါ ချွေးထွက်ပြီး မနက်ကျရင် အားအင်ကုန်ခမ်းနေတတ်ပါတယ်။ ခပ်အေးအေးလေး အခြေအနေဖြစ်အောင် ပန်ကာ၊ အဲကွန်း ဖွင့်တာမျိုး၊ သက်တောင့်သက်သာရှိတဲ့အဝတ်အစားတွေ ဝတ်တာမျိုး ပြုလုပ်ပေးပါ။ 🪭

၇။ မနက်ကို နှိုးစက်နဲ့ ထတယ်ဆိုရင် ညင်သာတဲ့ နှိုးစက်သံ ထားပါ။ ဖြည်းဖြည်းချင်းနိုးထခြင်းက sleep inertia ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ⏰

စတာတွေ ပြုလုပ်ပေးပါ။ အိပ်ချိန်မလုံလောက်ရင်တော့ အိပ်ချိန်လုံလောက်အောင် အိပ်ဖို့က ပထမ ဦးစားပေးဖြစ်ပါတယ်။ 1️⃣

အိပ်ရေးပျက်ခြင်းရဲ့ဆိုးကျိုးများကိုတော့ ကွန်းမန့်ထဲက လင့်ခ်ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ 👇🏻

ကူးယူဖော်ပြခွင့် မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ်ခင်ဗျာ ✅

Dr. Beast 😴

ငရုတ်ပွက လိမ္မော်သီးထက် ဗိုက်တာမင်စီ ပိုများတယ်ဆိုတာ  သင်သိပါသလား? 🍊🫑လိမ္မော်သီးလို့ ပြောလိုက်တာနဲ့ ဗိုက်တာမင် စီ ကြွယ်ဝ...
09/07/2025

ငရုတ်ပွက လိမ္မော်သီးထက် ဗိုက်တာမင်စီ ပိုများတယ်ဆိုတာ သင်သိပါသလား? 🍊🫑

လိမ္မော်သီးလို့ ပြောလိုက်တာနဲ့ ဗိုက်တာမင် စီ ကြွယ်ဝတယ်လို့ ပြေးမြင်တတ်ကြပေမယ့် အနီရောင် ငရုတ်ပွက လိမ္မော်သီးထက် ဗိုက်တာမင်စီ ၃ဆနီးပါး ပိုမိုပါဝင်ပါတယ်။ အစိမ်းရောင် ငရုတ်ပွကလည်း အနီရောင်လောက် မများပေမယ့် လိမ္မော်သီး ထက်တော့ များနေတုန်းပါပဲ။ ဒါကြောင့် ကိုယ်ခံအားကောင်းဖို့ ဗိုက်တာမင်စီ ကြွယ်ဝတဲ့အစားအစာ စားချင်တယ်ဆိုရင် ငရုတ်ပွကိုလည်း မေ့မထားသင့်ပါဘူး။ ✅️

နှာခေါင်းနဲ့ အသက်ရှူတာက ပါးစပ်နဲ့ အသက်ရှူတာထက် ပိုကောင်းပါတယ် ✅️ နှာခေါင်းနဲ့ အသက်ရှူမှုက နှာခေါင်းထဲမှာ လေကို စစ်ထုတ်၊ ...
08/07/2025

နှာခေါင်းနဲ့ အသက်ရှူတာက ပါးစပ်နဲ့ အသက်ရှူတာထက် ပိုကောင်းပါတယ် ✅️

နှာခေါင်းနဲ့ အသက်ရှူမှုက နှာခေါင်းထဲမှာ လေကို စစ်ထုတ်၊ နွေးထွေးစေပြီး စိုထိုင်းစေကာ အဆုတ်ထဲရောက်စေတာကြောင့် ကျန်းမာရေးအတွက် သင့်တော်ပါတယ်။ 🫁

ပါးစပ်နဲ့ အသက်ရှူတာက အချိန်ကြာမြင့်လာမယ်ဆိုရင် ခံတွင်းခြောက်ခြင်း၊ ခံတွင်းနံ့ နံခြင်းနဲ့ သွားဖုံးပြဿနာတွေဖြစ်စေနိုင်ပြီး အိပ်နေရင်း ဆိုရင်လည်း အိပ်ရေးဝဝ အိပ်စက်နိုင်ခြင်း (sleep quality) ကို ထိခိုက်စေနိုင်ပါတယ်။ 😴

(လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ချိန် နဲ့ မောနေချိန် ခဏ ရှူခြင်းများကို မဆိုလိုပါ)

ရင်ဘတ်အောင့်ခြင်းက အသက်အန္တရာယ် စိုးရိမ်ရနိုင်တယ်ဆိုတာ သင်သိပါသလား ⁉️ရင်ဘတ်အောင့်ခြင်းဆိုတဲ့ လက္ခဏာဟာ အောက်ပါရောဂါများရဲ...
07/07/2025

ရင်ဘတ်အောင့်ခြင်းက အသက်အန္တရာယ် စိုးရိမ်ရနိုင်တယ်ဆိုတာ သင်သိပါသလား ⁉️

ရင်ဘတ်အောင့်ခြင်းဆိုတဲ့ လက္ခဏာဟာ အောက်ပါရောဂါများရဲ့ လက္ခဏာ တစ်ခုဖြစ်နိုင်ပါတယ် ⬇️⬇️⬇️

- နှလုံးသွေးကြောပိတ်/ကျဉ်းခြင်း (coronary artery occlusion / ischaemic heart disease )
- နံရိုးနုလေးတွေရောင်ခြင်း ( costochondritis )
- နူမိုးနီးယား ( pneumonia ) လို့ခေါ်တဲ့ အဆုတ်ရောဂါပိုးဝင်ခြင်း
- နှလုံးကြွက်သားရောင်ရမ်းခြင်း ( myocarditis )
- အဆုတ်ပတ်လည်လေဝိုင်းခြင်း ( pneumothorax )
- စားချဥ့်ပြန်ခြင်း ( acid reflux )

ရင်ဘတ်အောင့်ခြင်းဟာ နှလုံးသွေးကြောကျဉ်း/ပိတ်ခြင်းကြောင့်ဆိုတာကို ဘယ်လိုသိနိုင်မလဲ ❓❓❓

ရင်ဘတ်အလယ်မှာ လူတစ်ယောက်ယောက်က အပေါ်ကနေတက်ဖိထားသလိုမျိုးအောင့်တယ်၊ လူကချွေးစီးတွေပြန်လာတယ်၊ လည်ပင်းနဲ့ ဘယ်ဘက်မေးရိုး၊ ဘယ်ဘက်လက်မောင်းတွေပါအောင့်လာတယ်ဆိုရင်တော့ ဒီရင်ဘတ်အောင့်ခြင်းဟာ နှလုံးသွေးကြောကျဉ်း/ပိတ်လို့အောင့်တဲ့လက္ခဏာဖြစ်ဖို့များပါတယ်။ 🚩🚩🚩

ဒီလိုအောင့်ပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကိုအမြန်သွားပြီး သွားရောက်စစ်ဆေးမှုပြုလုပ်ရပါမယ်။ လူနာတင်ယာဥ် ( Ambulance )ကိုအမြန်ခေါ်ပါ။

Ambulance ကိုစောင့်နေတုန်းမှာ ဘာလုပ်ရမလဲ❓❓❓

* လှုပ်ရှားမှုဘာမှမလုပ်ဘဲ ငြိမ်ငြိမ်နေပါ
* အစားအစာ ဘာမှမစားပါနဲ့ (လိုအပ်ရင် နှလုံးဆေးသွင်းပြီးစစ်ဆေးတာတို့၊ နှလုံးသွေးကြောထဲ သွေးကြောပွင့်ဖို့ ပြွန် ( stent ) ထည့်တာတို့လုပ်ရမှာမို့လို့ပါ )
* သင့်မှာ ဆရာဝန်ညွှန်ကြားထားတဲ့ ရင်ဘတ်အောင့်သက်သာစေတဲ့ GTN spray အာဖြန်းဆေးရှိတယ်ဆိုရင် သုံးထားပါ
* Ambulance ခေါ်ထားတယ်ဆိုရင်တော့ ဆေးဘက်ဆိုင်ရာအကူ ( Paramedics ) တွေက Aspirin ပေးပါလိမ့်မယ်။ Aspirin နဲ့ ဓာတ်မတည့်မှု မရှိဘူးဆိုရင် Aspirin 300mg ကိုဝါးစားပါ

ချုံပြောရမယ်ဆိုရင် ရင်ဘတ်အောင့်တာကို မပေါ့ဆပါနဲ့ရင်ဘတ်အောင့်တယ်ဆိုတာနဲ့ နီးစပ်ရာဆေးရုံဆေးခန်းကိုသွားပါ၊ စစ်ဆေးမှုခံယူပါ။

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🫀

Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

ယုံတမ်းစကား : သကြားအညိုက သကြားအဖြူထက် ကျန်းမာရေး အတွက် ပိုသင့်တော်တယ်။ 📛အမှန်တရား : သူတို့၂ခုစလုံးက ပါဝင်တဲ့ သကြားဓါတ်ပမ...
06/07/2025

ယုံတမ်းစကား : သကြားအညိုက သကြားအဖြူထက် ကျန်းမာရေး အတွက် ပိုသင့်တော်တယ်။ 📛

အမှန်တရား : သူတို့၂ခုစလုံးက ပါဝင်တဲ့ သကြားဓါတ်ပမာဏရော သတ္တုဓါတ်ရော မတ်မ်းတယိမ်းပဲ ဖြစ်ပါတယ်။ သကြားအညို ဖြစ်လို့ ပိုစားလို့မရပါ။ ဘာသကြားပဲ စားစား အတိုင်းအချင့်နဲ့ စားမှ ကျန်းမာစေမှာ ဖြစ်ပါတယ်။ ✅️

❌ ယုံတမ်းစကား - မိန်းကလေးတွေ အလေးမ ရင် ယောက်ျားတွေလို ဗလတွေထွက်ပြီး အကြီးကြီးဖြစ်လာမယ် ✅ အမှန်တရား - အားကစားလုပ်ခြင်းက က...
05/07/2025

❌ ယုံတမ်းစကား - မိန်းကလေးတွေ အလေးမ ရင် ယောက်ျားတွေလို ဗလတွေထွက်ပြီး အကြီးကြီးဖြစ်လာမယ်

✅ အမှန်တရား - အားကစားလုပ်ခြင်းက ကြွက်သားကျစ်လစ်စေပြီး ဇီဝဖြစ်စဉ်ကို မြန်စေတယ်။

အထူးသဖြင့် အမျိုးသမီးတွေက ဗလကြီးတွေ ဖြစ်လာမှာကို ကြောက်ကြပေမယ့်၊ ဒီလို ဖြစ်အောင် တကူးတက ပြင်းထန်တဲ့ လေ့ကျင့်မှုနဲ့ အာဟာရမရှိဘဲ ဒီလိုဖြစ်ဖို့ အလွန်ခက်ခဲပါတယ်။ ဖြစ်ချင်လွန်းလို့ တမင် ကြိုးစားယူရင်တောင် အမျိုးသမီးများရဲ့ anatomy အရ ဖြစ်ဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် မကြောက်ဘဲ ရဲရဲ ဆော့ကြပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက အဆီကျစေဖို့၊ အရိုးကျန်းမာရေးနဲ့ အသက်ရှည် ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။

အသက်ကြီးလာတဲ့အခါ ဦးနှောက်နဲ့မှတ်ဥာဏ် ကောင်းမွန်နေစေဖို့ နည်းလမ်းများ  🧠အသက်အရွယ်ကြီးလာတာနဲ့အမျှ ဉာဏ်ရည်ကျန်းမာရေးကို ထိ...
01/07/2025

အသက်ကြီးလာတဲ့အခါ ဦးနှောက်နဲ့မှတ်ဥာဏ် ကောင်းမွန်နေစေဖို့ နည်းလမ်းများ 🧠

အသက်အရွယ်ကြီးလာတာနဲ့အမျှ ဉာဏ်ရည်ကျန်းမာရေးကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ ကံကောင်းစွာနဲ့ပဲ Neuroplasticity (ဦးနှောက်၏ လိုက်လျောညီထွေ ပြောင်းလဲနိုင်စွမ်း) ကြောင့် ဒီလိုထိန်းသိမ်းဖို့ အခွင့်အလမ်းရှိပါတယ်။ Neuroplasticity ဆိုတာ ဦးနှောက်ဟာ သင်ယူမှု၊ အတွေ့အကြုံနဲ့ ပတ်ဝန်းကျင်အခြေအနေတွေအလိုက် ကိုယ့်ကိုယ်ကို ပြန်လည်ပြုပြင်နိုင်တဲ့ အံ့ဖွယ်စွမ်းရည်ပါပဲ။ 🤯

အသက် ၆၀ ကျော်လာရင် လူအများစုဟာ မှတ်ဉာဏ်နဲ့ပတ်သက်ပြီး စိုးရိမ်လာတတ်ကြပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ မှတ်ဉာဏ်အားနည်းလာတာဟာ Alzheimer လို ပြင်းထန်ရောဂါလက္ခဏာမဟုတ်ဘဲ ဦးနှောက်ရဲ့ သဘာဝပြောင်းလဲမှုတစ်ခုသာဖြစ်ပါတယ်။ ✅️

Neuroplasticity ကို အသုံးချပြီး ဉာဏ်ရည်ကျန်းမာရေး မြှင့်တင်နည်း (၆) ချက် 6️⃣

၁။ လှုပ်လှုပ်ရှားရှားနေပါ 🏃‍♂️🏃‍♀️

လေ့ကျင့်ခန်းလုပ်ခြင်းက BDNF (ဦးနှောက်ဆဲလ်တွေ ကြီးထွားဖို့ အရေးကြီးတဲ့ပရိုတင်း) ကိုတိုးစေပြီး Neuroplasticity ကိုအားပေးပါတယ်။ အနည်းဆုံး တစ်နေ့ကို လေ့ကျင့်ခန်း မိနစ် ၃၀ ခန့် လုပ်ပေးသင့်ပါတယ်။

၂။ ဦးနှောက်အတွက် အာဟာရပြည့်စေမယ့် အစားအစာများ 🥗

ဟင်းသီးဟင်းရွက်၊ ဘယ်ရီသီး၊ ငါး၊ အခွံမာသီး၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ ပါဝင်တဲ့အစားအစာတွေက ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

၃။ ဦးနှောက်ကို အလုပ်ပေးထားပါ 🤔

ဉာဏ်စမ်းပဟေဠိဖြေခြင်း၊ ဘာသာစကားအသစ်သင်ခြင်း၊ တူရိယာတီးခတ်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ ခရီးထွက်ခြင်းစတဲ့ စိန်ခေါ်မှုတွေက ဦးနှောက်ကို ကျန်းမာစေပါတယ်။

၄။ အိပ်ရေးဝဝအိပ်ပါ 😴

အိပ်စက်ခြင်းဟာ မှတ်ဉာဏ်ကိုသန်မာစေပြီး ဦးနှောက်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ဒါကြောင့် ညတိုင်း ၇ - ၉ နာရီ အိပ်သင့်ပါတယ်။

၅။ စိတ်ဖိစီးမှုကို လျှော့ချပါ 🧘‍♂️🧘‍♀️

စိတ်ဖိစီးမှုများခြင်းက Cortisol လို့ခေါ်တဲ့ ဟော်မုန်းကိုတိုးစေပြီး ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေနိုင်ပါတယ်။ တရားထိုင်ခြင်း၊ သဘာဝအတိုင်း လမ်းလျှောက်ခြင်း၊ သီချင်းနားထောင်ခြင်းတို့က စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

၆။ လူမှုဆက်ဆံရေးကို မပြတ်ပါစေနဲ့ 🤝

မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားပြောခြင်း၊ လူမှုအသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့က မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကို ကောင်းမွန်စေပါတယ်။

အချုပ်ပြောရရင် — ကိုယ်လက်လှုပ်ရှားမှု၊ စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းနဲ့ လူမှုဆက်ဆံရေးတို့ကို ပုံမှန်လုပ်ဆောင်ခြင်းဖြင့် (Neuroplasticity လို့ခေါ်တဲ့) ဦးနှောက်ရဲ့ပြောင်းလဲနိုင်စွမ်းကို အသုံးချပြီး အသက်ကြီးလာတဲ့အခါမှာပါ ဉာဏ်ရည်ကျန်းမာနေစေမှာ ဖြစ်ပါတယ်။

ညအိပ်ရင် ဖွင့်အိပ်လို့ရတဲ့ တောင်ကျချောင်းရေသံ (၈နာရီ) ကို ကွန်းမန့်ထဲမှာ နားဆင်နိုင်ပါတယ် ခင်ဗျာ 👇

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🧠

Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

ဖုန်းသုံးတာများလို့ မျက်စိ ထိခိုက်တာနည်းစေဖို့ 20-20-20 စည်းမျဥ်းကို လိုက်နာကြည့်ပါ 2️⃣0️⃣ဖုန်းကြည့်လို့ မိနစ် ၂၀ကြာတိုင...
30/06/2025

ဖုန်းသုံးတာများလို့ မျက်စိ ထိခိုက်တာနည်းစေဖို့ 20-20-20 စည်းမျဥ်းကို လိုက်နာကြည့်ပါ 2️⃣0️⃣

ဖုန်းကြည့်လို့ မိနစ် ၂၀ကြာတိုင်း ၂၀ပေအဝေး တစ်နေရာကို စက္ကန့် ၂၀ ကြာအောင် ကြည့်ပေးပါ ✅️

မိုးရာသီနဲ့ ခြင်ဆေးခွေ အန္တရာယ် 🌀ခြင်ဆေးခွေထွန်းတာက ဘယ်လောက်အထိ ကျန်းမာရေး ထိခိုက်နိုင်လဲ? 🦟ခြင်သံ တဝီဝီကြားတာနဲ့ အရင်ဆု...
29/06/2025

မိုးရာသီနဲ့ ခြင်ဆေးခွေ အန္တရာယ် 🌀

ခြင်ဆေးခွေထွန်းတာက ဘယ်လောက်အထိ ကျန်းမာရေး ထိခိုက်နိုင်လဲ? 🦟

ခြင်သံ တဝီဝီကြားတာနဲ့ အရင်ဆုံး ပြေးသတိရကြလေ့ရှိကြတာက ခြင်ဆေးခွေပါ။ ခြင်ဆေးခွေကို အလွယ်တကူပဲ ထွန်းတတ်ကြပေမယ့် သူ့အကြောင်းကိုတော့ လူသိနည်းပါတယ်။ ⚡

ခြင်ဆေးခွေတွေကို အကြမ်းအားဖြင့် ၂မျိုး ခွဲလို့ ရပါတယ်။ ပိုးသတ်ဆေး (insecticide) ပါတဲ့ အမျိုးအစားနဲ့ ခြင်ပြေးစေတဲ့ ဓာတ်ပေါင်း (aromatic substance) ပါတဲ့ အမျိုးအစား ဆိုပြီး ဖြစ်ပါတယ်။ 2️⃣

ပထမ အမျိုးအစားကတော့ ခြင်ကို -အ-သက်-ထွက် သွားစေတာပါ (အနည်းဆုံး မူးမေ့သွားတဲ့အထိတော့ ဖြစ်စေလေ့ရှိပါတယ်) ​😵‍💫

ဒုတိယ အမျိုးအစားကတော့ ခြင်မကြိုက်တဲ့ ဓာတ်ပေါင်း ဖြစ်တာကြောင့် ခြင်ကို အဝေးကို ထွက်သွားစေတာ သို့မဟုတ် ခြင်ကို ကိုက်နိုင်ခြေ လျော့နည်းသွားစေတာ ဖြစ်ပါတယ်။ 🏃🏻‍♂️

ခြင်ဆေးခွေတွေဟာ ခြင်တွေကို နှိမ်နင်းရာမှာတော့ အတော်လေး အဆင်ပြေတဲ့ ပစ္စည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်းမာရေး ရှုထောင့်က ကြည့်ရင်ရော ဘယ်လိုဖြစ်မလဲ? 🤔

ခြင်ဆေးခွေ ၁ခွေထွန်းရင် ထွက်လာတဲ့ အငွေ့ထုထည်ဟာ ဆေးလိပ် ၇၅လိပ်ကနေ ၁၃၇လိပ်လောက်က ထွက်လာတဲ့ အငွေ့ထုထည်နဲ့ ညီတယ်ဆိုတဲ့ လေ့လာချက်၁ခု ထွက်ပေါ်လာခဲ့ဖူးပါတယ်။ 📄

၂၀၀၈ ခုနှစ်မှာတော့ ထိုင်ဝမ်မှာ အဆုတ်ကင်ဆာ ဖြစ်ပွားနေတဲ့ လူနာ အချို့ကို လေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့ပါတယ်။ ထူးခြားတာက ထိုင်ဝမ်မှာ အဆုတ်ကင်ဆာဖြစ်တဲ့ လူဦးရေရဲ့ တစ်ဝက်ခန့် (အဆုတ်ကင်ဆာ လူနာ ၁၀၀ ရှိရင် ၅၀ခန့်) ဟာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်တာ မဟုတ်ပါဘူး။ ဒါကြောင့် အဆုတ်ကင်ဆာ လူနာတွေကို အဖြေရှာတဲ့အခါ ခြင်ဆေးခွေ ထွန်းလေ့ ရှိတဲ့ အိမ်က မထွန်းတဲ့ အိမ်က လူတွေထက် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ပိုများနေတာကို တွေ့ရှိခဲ့ကြပါတယ်။ တခါတရံမှ ထွန်းရင်တောင် လုံးဝမထွန်းတဲ့သူတွေထက် ဖြစ်နိုင်ခြေ ပိုများနေတုန်းပဲလို့ ဆိုပါတယ်။ 📈

ခြင်ဆေးခွေက ကင်ဆာဖြစ်စေတဲ့ အချက်က သူ့ရဲ့ အငွေ့ကြောင့်တင်မကဘဲ သူ့မှာ ပါဝင်တဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ carcinogen ဓာတ်ပေါင်းတွေကြောင့်လည်း ပါတတ်ပါတယ်။ ဒါကြောင့် ဩစတြေးလျမှာဆိုရင် ခြင်ဆေးခွေ ထုတ်တဲ့ ကုမ္ပဏီတွေက လူကို အန္တရာယ်ရှိနိုင်တဲ့ ဓာတုပစ္စည်းတွေ မထည့်သုံးဖို့ ဥပဒေတွေ ရှိပါတယ်။ ဒီလို စည်းမျဥ်းနဲ့ မညီတဲ့ ခြင်ဆေးခွေတွေကို ရောင်းချခွင့် မရှိပါဘူး။ မြန်မာနိုင်ငံမှာ ထုတ်တဲ့ ခြင်ဆေးခွေတွေမှာတော့ ဒီ ဥပဒေ ရှိမရှိ ကျွန်တော်လည်း မသိပါဘူးခင်ဗျာ။ 🤷🏻‍♂️

ဒါဆို ခြင်ဆေးခွေကနေ ရောဂါမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ? ✅

- ခြင်ဆေးခွေကို တတ်နိုင်သလောက် လျှော့ထွန်းပါ။ (ခြင်အကိုက်ခံပြီး တမင် မထွန်းဘဲနေတာမျိုးတော့ မလုပ်စေချင်ပါ။ ခြင်ကဖြစ်တဲ့ ရောဂါတွေကလည်း ဆိုးရွားတဲ့အတွက်ကြောင့်ပါ။ ဒီနေရာမှာ အစကတည်းက ခြင်မပေါက်ဖွားနိုင်အောင် မိမိအိမ်ပတ်ဝန်းကျင်ကို ရှင်းလင်းဖို့ကလည်း အရေးကြီးလာပါတယ်။) ⬇️

- ခြင်ဆေးခွေထွန်းရင် တံခါးတွေကို အလုံပိတ်မထားဘဲ လေဝင်လေထွက်ရဖို့ ဖွင့်ထားပါ။ (ခြင်လုံ ဇကာ တပ်ထားတာမျိုးဆို ခြင်လည်း ဝင်မလာနိုင်၊ လေဝင်လေထွက်လည်း ကောင်းစေပါတယ်) 𝄜

- ခြင်ကိုက်ဖို့ ခက်ခဲအောင် လုံခြုံတဲ့ အဝတ်အစားများ ဝတ်ဆင်ပါ။ 🧥

- ခြင်ထောင်နဲ့နေပါ၊ အိပ်ပါ။ 😴

- ကျန်းမာရေး မထိခိုက်စေဘဲ ကိုယ်နဲ့ အဆင်ပြေတဲ့ လိမ်းရတဲ့ ခြင်ပြေးဆေးအရည်များ (topical mosquito repellents) လိမ်းကြည့်ပါ။ 🧴

- အငွေ့မထွက်ဘဲ ခြင်ဖမ်းပေးနိုင်တဲ့ စက် ၁ခုခု အသုံးပြုကြည့်ပါ။ 🚫

စတဲ့ နည်းလမ်းတွေနဲ့ ခြင်ဆေးခွေ အသုံးပြုမှုကို အနည်းနဲ့အများ လျှော့ချနိုင်ပါတယ်။

ကူးယူဖော်ပြခွင့် မပြုပါ။ လွတ်လပ်စွာ မျှဝေ (Share) နိုင်ပါတယ် ခင်ဗျာ 😊

မြန်မာပြည်သူ ပြည်သားများအားလုံး ကျန်းမာကြပါစေ 🙏🏻

Dr. Beast 🦟

Disclaimer: ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

Address

Brisbane City, QLD

Website

Alerts

Be the first to know and let us send you an email when Dr. Beast posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram