22/08/2025
■ မွတ်ဆလင် အရေး ကုလ ကိုယ်စားလှယ်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင် တွေ့ဆုံ. News| ဩဂုတ် ၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသော ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ်သည် ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင် တို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းသူ တွမ်အင်ဒရူးစ်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင် ပါမောက္ခ Muhammad Yunus တို့ ယနေ့ ဩဂုတ် ၂၂ ရက်နေ့တွင်မြန်မာနိုင်ငံမှ မွတ်ဆလင် ဒုက္ခသည်များ အရေး တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
လာမည့် သြဂုတ်လ ၂၅ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြုလုပ်မည့် မွတ်ဆလင် (မူရင်) ရိုဟင်ဂျာအရေး နိုင်ငံတကာ ညီလာခံ မတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ရောက်ရှိနေစဉ် တွမ်အင်ဒရူးစ်နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ တို့ တွေ့ဆုံးခဲ့ခြင်း ဖြစ်သည်။
အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ် က မွတ်ဆလင် အရေးကိစ္စအတွက် ကမ္ဘာ့ဇာတ်ခုံတွင် ဦးစားပေး ဖြစ်လာစေရေး ဦးဆောင်မှု အခန်းကဏ္ဍမှ ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင် ပါမောက္ခ Muhammad Yunusကို ချီးကျူးခဲ့သည်။
အထူး ကိုယ်စားလှယ် တွမ်အင်ဒရူးစ် က "ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို အမိုးအကာနဲ့ အကူအညီတွေ ပေးတဲ့အပြင် ရေရှည်ပြဿနာ ဖြေရှင်းရေး အဖြေရှာပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင် ပါမောက္ခဒေါက်တာ Yunus ကို ကမ္ဘာကြီးက ကျေးဇူးတင်နေပါတယ်" ဟု ပြောဆိုသည်။
တွေ့ဆုံမှုအတွင်း ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်က ဒေါက်တာ Yunus က မွတ်ဆလင်များ အတွက် နိုင်ငံတကာ အကူအညီများ ကျဆင်းလာမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ထွက်ပြေးလာရသော ဒုက္ခသည်များအတွက် ထောက်ပံ့မှုများ တိုးမြှင့်ပေးအပ်ရန် တိုက်တွန်းသည်။
လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် မွတ်ဆလင်များ အတွက် ကုလသမဂ္ဂ ၏ နိုင်ငံတကာညီလာခံတစ်ခုကို ကျင်းပရန် ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ယင်းညီလာခံ ဖြစ်မြောက်ရေးအတွက် အဓိက ဦးဆောင်ခဲ့သော ဘင်္ဂလားဒေ့ရှ် အစိုးရ၊ အကြံပေးအရာရှိချုပ် ဒေါက်တာ Yunus ကို ကျေးဇူးတင်ကြောင်း အင်ဒရူးစ် က ပြောဆိုသည်။
"ရိုဟင်ဂျာပြဿနာဟာ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကနေ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ပါတယ်။ မနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိချုပ်က ရိုဟင်ဂျာတွေအတွက်နိုင်ငံတကာ ညီလာခံတစ်ခုကျင်းပဖို့ နိုင်ငံပေါင်း ၁၀၆ နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။ ဒီအတွက်လည်း ဘင်္ဂလားဒေ့ရှ်ကို ကမ္ဘာကြီးက ကျေးဇူးတင်နေပါတယ်" ဟု အင်ဒရူးစ် က ဆက်လက်ပြောဆိုသည်။
ရခိုင်ပြည်ကို တည်ငြိမ်ရေးနှင့် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က စီစဉ်ထားသော လူသားချင်းစာနာမှု လမ်းကြောင်းတစ်ခု တည်ထောင်ရေး စီမံချက်မှာလည်း အလိမ်အညာ မုသားသတင်းများကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ခြင်းအပေါ် စိတ်ပျက်မိကြောင်း ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။