13/06/2025
သားသားမီးမီးတို့ရဲ့ သွားလေးတွေ ဘယ်အချိန်မှာ ပေါက်တာလဲ❓❓❓
ကလေးငယ် အများစုကတော့ အသက် ၆ လ ဝန်းကျင်မှာ သူတို့ရဲ့ ပထမဆုံးသွားလေးတွေ ပေါက်လာပါတယ်။
သွားစပေါက်လာပြီ ဆိုတာနှင့် ဖေဖေ မေမေတို့က မိမိတို့ရင်သွေးငယ်လေးတွေရဲ့ သွားလေးတွေကို သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါတယ်။အဓိကအားဖြင့် ညဘက် အိပ်ရာဝင်ခါနီးမှာ လက်မှာစွပ်တဲ့ brush လေးသုံးပြီး သန့်ရှင်းရေးလုပ်ပေးပါ။သွားဖုံးနှင့် လျှာကိုလည်း အဝတ်စိုလေးဖြင့်ပွတ်ပြီး သန့်ရှင်းရေလုပ်ပေးဖို့ မမေ့ပါနဲ့။
ကလေးသွားလေးတွေရဲ့ သွားပေါက်လာချိန်လေးတွေကတော့(အောက်မှာ ပုံလေးနဲ့ ပြထားပါတယ်)
၆ လ မှ ၁၂ လ
အရှေ့အောက်သွားလေး ၂ ချောင်း အရှေ့အပေါ်သွားလေး ၂ ချောင်း စုစုပေါင်း ၄ ချောင်း
၉ လ မှ ၁၆ လ( ၁ နှစ် ၄ လ)
အပေါ်ရှေ့သွား ၄ ချောင်း အောက် ရှေ့သွား ၄ ချောင်း စုစုပေါင်း ၈ ချောင်း
၁၃ လ(၁ နှစ် ၁ လ)မှ ၁၉ လ(၁ နှစ် ရ လ)
ပထမ အံသွားလေးတွေ အပေါ်အောက် ဘယ်ညာ ထွက်လာပြီး စုစုပေါင်း ၁၂ ချောင်း
၁ရ လ(၁ နှစ် ၅ လ)မှ ၂၃ လ(၁ နှစ် ၁၁ လ)
အပေါ်အောက် ဘယ်ညာက စွယ်သွားလေး ၄ ချောင်းထပ်ထွက်လာပြီး စုစုပေါင်း ၁၆ ချောင်း
၂၃ လ(၁ နှစ် ၁၁ လ)မှ ၃၃ လ( ၂ နှစ် ၉ လ)
အပေါ်အောက်ဘယ်ညာက ဒုတိယ အံသွားလေး ၄ ချောင်း ထွက်လာပြီးရင်တော့ စုစုပေါင်းသွား အချောင်း၂၀ ဖြင့် ငယ်သွားပေါက်ခြင်းကပြီးပြည့်စုံသွားပါပြီ။
ကလေးတွေ သွားထွက်လာခါနီးရင် သားရည်ကျတတ်ပါတယ်။တွေ့ကရာ အရုပ် ပစ္စည်း စသဖြင့် ယူပြီး ကိုက်ပစ်တတ်တာမို့ ဖေဖေ မေမေတို့က သတိထားပေးပါ။မသန့်ရှင်းတာတွေ ကလေးက ကိုက်မိမှာ စိုးရိမ်ရတဲ့အတွက် ကလေးကိုက်ဖို့ teething toys လေးတွေ ဝယ်ထားပြီး သန့်ရှင်းအောင်ထားပြီးမှ ကလေးကို ပေးပါ။။ကလေးက ဂျီကျမယ် ၊သိပ်ရတာ ခက်မယ် ၊အစားအစာ ကျွေးရတာ ခက်မယ် စသဖြင့် ကြုံရတတ်တာမို့ ဖေဖေ မေမေတို့က စိတ်ရှည်ပေးဖို့ လိုပါတယ်။
တချို့ကလေးငယ်လေးတွေမှာ မွေးကတည်းက သွားလေးတွေပေါက်လျက်သား ပါလာတတ်ပါတယ်။ ကြောက်စရာ မလိုသလို စိုးရိမ်စရာလည်း မလိုပါ။ဖြစ်လေ့ဖြစ်ထလည်း ရှိပါတယ်။ပုံမှန်ပါပဲ။ဟိုးးအရင် မဖွံ့ဖြိုးသေးတဲ့ ကာလတွေတုန်းကတော့ ဒီလိုသွားလေးတွေနဲ့ ကလေးလေး မွေးလာခဲ့ရင် ဘီလူးလေး အကျိုးမပေးဘူး ဆိုပြီး မိဘ ဆွေမျိုးတွေကငြိုငြင်တတ်ကြပါတယ်။အခုခေတ်မှာတော့ ဒီလိုအယူအဆတွေ မရှိကြတော့ပေမယ့် ဖြစ်တတ်တာလေးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးတာပါ။
တချို့ကလေးငယ်လေးတွေမှာတော့ အသက် ၈ လ ၁ နှစ် ဝန်းကျင်မှ သွားလေးတွေ စတင်ပေါက်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။သွားပေါက်နောက်ကျတဲ့ သဘောမျိုးပါ။လအနည်းငယ် နောက်ကျတာက စိတ်ပူစရာမလိုပေမယ့် ကလေးအသက် ၁ နှစ်ခွဲ အထိ သွားထွက်မလာသေးရင်တော့ သွားဆရာဝန်နဲ့တိုင်ပြသဖို့ လိုအပ်လာပါပြီ။ကလေး သွားပေါက် နောက်ကျခြင်းက
(၁)မိဘ မျိုးရိုးလိုက်ခြင်း
(၂)ကလေးငယ်ရဲ့ သွားနဲ့မေးရိုးဆိုင်ရာ ဖွံ့ဖြိုးမှုပြဿနာ
(၃)Vitamin D ချို့တဲ့ခြင်း
(၄)Down’s Syndrome လို့ခေါ်တဲ့ပြဿနာရှိနေခြင်း
တို့ကြောင့် ဖြစ်နိုင်တဲ့အပြင် ပထမဆုံးသွားပေါက်နောက်ကျတာနဲ့ နောက်ကပေါက်လာမယ့် သွားလေးတွေပါ နောက်ကျသွားပြီး သွားနှင့်ခံတွင်း ပြဿနာတွေပိုမိုဖြစ်ပေါ်လာစေတာမို့ သတိထားဖို့ လိုအပ်ပါတယ်။
ကလေးရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေး အတွက် အသက် ၁ နှစ် ဝန်းကျင်မှာ သွားနှင့်ခံတွင်းဆေးခန်းကို သွားရောက် ပြသတိုင်ပင်ဆွေးနွေးကြဖို့ တိုက်တွန်းချင်ပါတယ်။
Dr.May Hsu Mon
ကလေးများအတွက် အခြားသော သွားနှင့်ခံတွင်းကျန်းမာရေး အကြောင်းအရာများ ပိုမိုသိချင်ရင် page ထဲမှာ ဝင်ရောက် ဖတ်ရှုပါ လို့။
မိမိရဲ့မိတ်ဆွေများကို share လေးနှိပ်ပြီး ပြန်လည် မျှဝေခြင်းဖြင့် ကူညီပေးလို့ရပါတယ်နော်။