16/05/2026
တစ်ဦးအပေါ် တစ်ဦး မေတ္တာထားပါ
တခါတုန်းက အမျိုးသားတစ်ယောက်ဟာ စျေးထဲကို စျေးလာဝယ်တဲ့ အခါတိုင်း စျေးထဲက အဖွားအိုကြီး ရောင်းတဲ့ လိမ္မော်သီးတွေကို အမြဲ ဝယ်လေ့ရှိတယ်။
စျေးထဲမှာတော့ အခြားလိမ္မော်သီး ရောင်းတဲ့သူတွေ ရှိပေမယ့် ထိုအမျိုးသားက အဲ့ဒီ အဖွားအိုကြီး ရောင်းတဲ့ လိမ္မော်သီးတွေကိုပဲ ဝယ်ပါတယ်။
သူ့စိတ်ကြိုက်လိမ္မော်သီးတွေ ရွေးပြီးတာနဲ့ ကီလိုချိန်တယ်။ အဲဒီ့အတွက် ကျသင့်ငွေတွေ ရှင်းပြီး သူ့လွယ်အိတ်ထဲ ထည့်ယူသွားတယ် ။
ဒါပေမယ့် အဲ့ဒီလို လွယ်အိတ်ထဲ လိမ္မော်သီးတွေထည့်တိုင်း သူလုပ်လေ့ရှိတာ တစ်ခုရှိတယ်။ အဲ့ဒါကတော့ လွယ်အိတ်ထဲ ပိုက်ဆံရှင်းပြီးသား လိမ္မော်သီးအားလုံးထည့်ပြီးတာနဲ့ လိမ္မော်သီးတစ်လုံးကို အိတ်ထဲက ပြန်ထုတ်တယ်။ ဆိုင်မှာပဲ အခွံခွာပြီး လိမ္မော်သီးတစ်မွှာကို စားကြည့်တယ်။
ပြီးတော့..."ဒီလိမ္မော်သီးက အရမ်းချဉ်တာပဲ" လို့ ပြောပြီး ကျန်တဲ့ လိမ္မော်သီးတစ်လုံး လုံးကို ဆိုင်ရှင်အဖွားအိုကြီးကို ပေးလိုက်တယ်။
အဖွားအိုကြီးကလဲ .. လိမ္မော်သီး တစ်စိပ်စီကို စားကြည့်ရင်းနဲ့ "ဘာဖြစ်လို့လဲ မချဉ်ပါဘူး .. သူက ချိုပါတယ် လူကလေးရဲ့ " လို့ ပြန်ပြောတယ်ဆိုရင်ပဲ အဲဒီလူဟာ သူ့ရဲ့ လိမ္မော်သီးထည့်ထားတဲ့ အိတ်ကလေးကို လွယ်လို့ ဘာမှပြန်မပြောပဲ ထွက်သွားနှင့်ပြီ ဖြစ်တယ်။
ဒီအပြုအမူဟာ သူလိမ္မော်သီးလာဝယ်တိုင်း လုပ်နေကျပါပဲ။ တစ်ခါတော့ သူနဲ့အတူ သူ့အမျိုးသမီးလည်း စျေးထဲလိုက်လာတယ်။ စျေးထဲရောက်တော့ တခြားလိုအပ်တာတွေဝယ်ပြီးတော့မှ လိမ္မော်သီးဆိုင်ကို သွားပြီး လိမ္မော်သီးဝယ်ပါတယ်။
ထိုအမျိုးသားက သူလုပ်နေကျ အပြုအမူ အတိုင်းပဲ လုပ်ပါတယ်။ ဒါကို နားမလည်တော့ ဇနီးဖြစ်သူက မေးတယ်။
" အဲဒီ အမေကြီး ဆိုင်က လိမ္မော်သီးတွေက အမြဲချိုပါတယ်။ ဒါပေမယ့် ရှင်က ဘာကြောင့် အဲဒီလိုပဲ အမြဲ လုပ်နေရတာလဲ .. "
ထိုအခါ ယောကျာ်းဖြစ်သူက ပြုံးပြီးပြောတယ်.... " အမေကြီးက ချိုမြိန်တဲ့လိမ္မော်သီးတွေ အမြဲရောင်းပေမယ့် ပိုက်ဆံမတတ်နိုင်လို့ သူ့လိမ္မော်သီးတွေကို သူတောင်မစားဖူးဘူး။ ငါဒီလို လုပ်လိုက်တဲ့နည်းနဲ့ သူက မြည်းကြည့်ရင်း ပဲဖြစ်ဖြစ် သူ့ပိုက်ဆံတစ်ပြားမှ မကုန်ပဲ လိမ္မော်သီးချိုချိုလေး တစ်လုံး စားလိုက်နိုင်တာပေါ့ .. " တဲ့။
ဒါကိုသိလိုက်ရတဲ့ မိန်းမဖြစ်သူက..... " ရှင်က အရမ်းကို ကြင်နာတတ်တာပဲ...."လို့ ပြောသတဲ့။
ဒီလိုပဲ .. အဖွားအိုရဲ့ ဘေးဆိုင်က ဈေးသည်မိန်းမကြီးကလည်း အဲ့ဒီအမျိုးသားကို ပြစ်တင်ဝေဖန်တယ်.... " ရှင့်ဆိုင်က လိမ္မော်သီးတွေက ချိုရဲ့သားနဲ့ အဲဒီလူက အမြဲချဉ် တယ်ပြောတယ် ဒါတောင် ရှင်က အမြဲ အဆစ်ပိုထည့်ပေးတယ်နော် .. "
ဒီစကားကြားတော့ အမေအိုကြီးက ကျေကျေနပ်နပ် ပြုံးလိုက်ရင်း.... "သူဒီလိုလုပ်တာ ငါ့ကို လိမ္မော်သီး အလကားကျွေးချင်လို့ဆိုတာ ငါသိတယ်။ ငါက အဆစ်ထည့်ပေးတာ မဟုတ်ပါဘူး။ သူ့ရဲ့ မေတ္တာတရားက အလေးသာသွားတာပါ .. " လို့ ပြောပြလိုက်ပါတယ်။
ဘဝရဲ့ ပျော်ရွှင်မှုတွေဟာ ဒီလိုသေးငယ်တဲ့ ချစ်စရာအပြုမူလေးတွေလိုပဲ။ လူသားအချင်းချင်း အသားရောင်ခွဲခြားမှုမရှိ၊ ဘာသာရေး ခွဲခြားမှုတွေ ကင်းကွာကာ အဆင့်အတန်း ခွဲခြားမှုတွေကနေ ရုန်းထွက်ရင်း
တစ်ဦးပေါ် တစ်ဦး မေတ္တာထားကြရင်း တစ်ဦးပေါ် တစ်ဦး စာနာ နားလည်ပေးကြရင်းနဲ့ ဒီလိုနဲ့ ဘဝရဲ့ ပျော်ရွှင်မှုတွေဟာ စတင်ကြပါတယ်။
တကယ်တော့ လူ့ဘဝဆိုတာက အချိန်အကြာကြီးမှ မဟုတ်တာ။ ဒေါသတွေ၊ မာန်မာနတွေ ၊ အမု,န်းတွေနဲ့ ရှင်သန်နေရာတာက တကယ်ကို မတန်ပါဘူး။
ဒါကြောင့် တစ်ဦးအပေါ် တစ်ဦး ကူညီခြင်း၊ ကိုယ်ချင်းစာတရား ထားရှိခြင်းဖြင့် ဘဝခရီးလမ်းကို လျှောက်လမ်းကြပါလို့ အကြံပြုလိုက်ပါရစေ။
with respect - crd - မူရင်းရေးသားသူ