Shwe Oo Min Vimutti Sukha Forest Meditation Centre

Shwe Oo Min Vimutti Sukha Forest Meditation Centre အစဉ်မပြတ် သတိကပ် အမြတ်မဂ်ဖိုလ်ရပါစေ။

28/12/2025

ရှာတာမလွဲကြစေနှင့်
🍁🔹🍁🔹🍁🔹🍁
လူချင်းတွေ့သော် ...စကားမစပ်မိသည်က အကောင်းဆုံး။
တရားနှင့် မွေ့လိုသော်...စာမတတ်သည်က အကောင်းဆုံး ။

လူအချင်းချင်း တွေ့မိရာ၌ ....စကားစပ်မိသော် စကားထဲက ...ဇာတိပြတတ်လှသဖြင့် အဓမ္မ ...မှုခင်းများ ပေါ်လာတတ်ချေ၏ ...။

တရားမွေ့ရာ၌ ...ကျမ်းဂန်နှံ့စပ် စာတတ်ပေတတ် ...ဖြစ်ချေသော် အစွဲ အသိနှင့် ...အထဲသိတို့ ဝါဒကြောင့် ...သဒ္ဓါနှင့် ပညာ ...အစေးမကပ် ဖြစ်တတ်လှချေ၏ ...။


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

29/11/2025

အချိန်မဆွဲဘဲ၊ပစ္စုပ္ပန်တိုင်းသတိမြဲပါ
🔶🔶🔶🔹🔹🔹🔶🔶🔶🔹🔹🔹
-နက်ဖြန်သည် ငါ့အတွက် မသေချာ။ သင့်အတွက်လည်း မရေရာ။သေမှာ ရှင်မှာ အတတ်မသိရာသောကြောင့်တည်း။

-နက်ဖြန်သည် ငါ့အတွက်မဟုတ်။သင့်အတွက်လည်းမဟုတ်။
ဘယ်လိုဂြိုဟ် ဆိုး၊ကြမ္မာ ဆိုးများ ဝင်တိုးမည်မသိသောကြောင့်တည်း။

-နက်ဖြန်သည် ငါ့ကိုမချိန်း။ သင့်ကိုလည်း သူမချိန်း။ အချိန်သည် သူ့ဝန်သူထမ်း၍ သူ့လမ်းသူသွားနေသောကြောင့်တည်း။

-ယနေ့သည် ငါ့လက်ကိုင် ငါပိုင်ဖြစ်နေသည်။
-ထိုယနေ့သည် ရွှေဆိုရွှေ ၊ငွေဆို ငွေ ငါ့ကိုဝေနေပြီ။

-ယနေ့လောက် သေချာသောကာလ၊ယနေ့လောက်သေချာသော ဘဝ ငါ့အတွက် ဘယ်မှာမှမရှိ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

30/10/2025

မနောတွင်းသို့ သဘောဆင်းမှ စိတ်ရင်းဖြူ၏
🌿🔺🌿🔺🌿🔺🌿🔺🌿🔺🌿🔺🌿🔺

နိမိတ်သည် စိတ်ချည်တိုင် မြဲ၊မမြဲ စမ်း
သပ်စစ်ဆေးရာ၏ တိုင်းတာခြင်းကိရိ
ယာမျှသာ ဖြစ်ဘိ၏။စျာန်ကိစ္စ၊ဉာဏ်
ကိစ္စများကို ကူညီခြင်းကား ထိုနိမိတ်
က မပြုနိုင်ချေ။

တဖန် ချည်တိုင်နေစိတ်၏ ရင့်၊မရင့်
၄င်းကိုအရိပ်ကြည့်၍ အကဲသိရာ၏ ကိရိယာမျှသာ ဖြစ်ဘိ၏။သမာဓိကိုသော်၄င်း၊ပညာကိုသော် ၄င်း၊ ၄င်းက အထောက်အကူမပေးနိုင်။
မော်တော်ကား၏ စက်ခန်းရှိ အချက်ပြဒိုင်ခွက်များသည် ကားသွားရာတွင်
ဝင်မပါချေ။သို့သော် ထိုအချက်ပြ မပါလျှင် ကားအကြောင်းကောင်းကောင်းမသိတတ် ။

လက်ဆွဲမီး၏ ဆီအိုးပေါ်၌ရှိသော အချက်ပြဒိုင်ခွက်သည်လည်း မီးလင်းရာ၌ ဝင်ရောက်မကူညီ။သို့သော်လည်း ထိုအချက်ပြမပါက လေအတိုးအလျှော့ မသိရတတ်။သည့်ပမာလျှင်အမှတ်မြဲရာမှ ဖြစ်ပေါ်လာသောပေါ်လွင်ရိပ်များသည်လည်း မိမိ၏သွားလိုရာ အကျင့်သိက္ခါလမ်းကိုသော် ၄င်း၊မိမိတွေ့လိုရာဉာဏ်အလင်းကိုသော် ၄င်း ဖန်တီးမပေးနိုင်။သို့တစေလည်းထိုနိမိတ်ပြကပင်•••
(က)မိမိ၏သိက္ခါလမ်းကြောင်းစောင်း
မစောင်းကိုလည်း ကောင်းကောင်းကြီး
ပြောပြလျက် ရှိနေပါသည်။
(ခ) မိမိ၏စိတ်ကမြင်းကို မည်သည့်အ
ခြေအနေထိ ပုံသွင်းပြီးကိုလည်း ပြော
ပြလျက်ရှိနေပါသည်။
သို့ကြောင့် သင်သည်•••ထိုနိမိတ်ကို
မျက်ခြေလည်းမပြတ်စေအပ်။သာယာစိတ်ဖြင့်လည်း ကပ်မနေအပ်။

ထိုနိမိတ်ကို အဆင့်ခွဲရာတွင်•••မိမိစိတ် အရိပ်မထင်မီ အခြေတည်လမ်းခင်း၊လမ်းပြဖြစ်သော ပရိကမ္မနိမိတ်ထိုနိမိတ်ဖြင့် စိတ်ချည်တိုင်ရှုကွက်တွင်းမှ အရိပ်ကျစေသော ဥဂ္ဂဟနိမိတ်ထိုပေါ်တင်နိမိတ် စိတ်ဖြင့်ဖွဲ့ချည်အားကောင်းရာမှ ရောင်ပြန်ဟပ်လာသောပဋိဘာဂနိမိတ်၊ဤသို့နောက်ကပင်သုံးမျိုးခွဲပြခဲ့ပြီးပြီ။

ထိုတွင်••ဗုဒ္ဓါနုဿတိစီးဖြန်းသူ၏ အ
ခြေတည်နိမိတ်ကား *ကိုယ်ပွားပုံတေ
ာ်တည်း။အာနာပါနာနုဿတိ စီးဖြန်း
သူ၏ အခြေတည်နိမိတ်ကား*ထိတွေ့
လေ၏ ပူမှု့၊အေးမှု့တည်း။ကသိုဏ်းကွ
က်စီးဖြန်းသူ၏ အခြေတည်နိမိတ်ကား *ဆိုင်ရာ မြေ၊လေ၊ရေ စသည်များ
ကိုတည်း။အသုဘ စီးဖြန်းသူ၏ အ​​ခြေတည်ကား*မျက်မြင်အလောင်းကောင်များကိုတည်း။

ထိုထားမြဲတိုင်းသော အခြေယူနိမိတ်
တို့ဖြင့် သူ့ဆိုင်ရာ ရှုကွက်တွင်း စိတ်ကိုချည်နှောင်ကာ(ကစားမက်ကလေး
ကစားခွက်ပေးထားသည့်ပမာ)သတိ
၏စေ့စပ်အား(ရံတစ်ခါစူးစိုက်အားပါ
သုံး၍ ဆုံးမပေးနိုင်ခြင်းကြောင့် ရိုင်း
သောစိတ်လည်း ယဥ်လာပြီ။စိတ်မှီမနောသွေးများလည်း တည်စပြုလာပြီ။

ပူမှု့၊အေးမှု့နှင့် လှုပ်ရှားမှု့တစ်ခုခုကိုလည်း အမိအရဖြစ်နေပြီ။ထိုစဥ် ထိုအ​​ခြေယူနိမိတ်အတိုင်း ပေါ်ထင်လာသော
ဥဂ္ဂဟနိမိတ် သို့ ဒုတိယတန်းဝင် ဖြစ်လာပြီ။

ထိုအချိန်တွင် သင်သည်ကား•••*ဟုတ်ပြီ၊ စာထဲကအတိုင်းတွေ့နေပြီဖြင့် မနောသွေး ဆွမပေးလေနှင့်။အရင်တစ်ချီဖြစ်သလို ဖြစ်အောင်လုပ်မဟဲ့ဖြင့်လည်း ဘဝင်လေဆွ စိတ်မထစေနှင့်။
အို ဘာဖြစ်လို့မရရမှာလဲ၊ ခုနင်ကရ​သေးတာဖြင့်လည်း မနောတွဲ ဆွဲဖြဲမပေးလေနှင့်။ထို*တွေးစိတ်တို့သည် ကာမပီတိနှင့် ကာမစ္ဆန္ဒ ဗျာပါဒ အတားတို့၏ လက်ချက်ချည်းပင်မှတ်။
ထိုအချိန်သည် ကံနှင့်စျာန်တို့၏ နယ်စ
က်ဖြစ်နေ၍ *ကံတို့၏နယ်လုခြင်းကို*
ခံရဆဲအချိန်တည်း။ထိုအချိန်သည် အ
ကျိုးပူ ခံစားနေခဲ့ရာမှ အကျိုးအေးခံ
စားခွင့်ပြုလာ၍ ထိုအအေး သွေးတောင်းကြမ်းချိန်တည်း။

အခြေယူ ပရိကမ္မနိမိတ်မှ စိတ်သို့ ထင်
ဟပ်လာနေသော ထိုဥဂ္ဂဟနိမိတ်များ
သည် •••
(က) ဘုရားပုံအခြေယူက ထိုပုံအတိုင်
လျှင် မိမိရှုကွက်(အများအားဖြင့် မိမိ
၏ဦးထိပ်ပြင် ပလ္လင်အဖြစ်ပြင်ဆင်၍
တင်ထားလေ့ရှိ၏)တွင် ပေါ်ထင်လာ
တတ်သည်။
မိမိစိတ် မငြိမ်ဆိတ်သေးသော် မျက်နှာတော်အမျိုးမျိုး ကစားပြနေဦးမည်
မိမိစိတ် ငြိမ်ဆိတ်လာသော် သူ့အရှိအ
တိုင်း ငြိမ်သက်စွာတွေ့သိနေရမည်။
၄င်းကိုလျှင် ငါ မဝင် စိတ်မဆွလေဘဲ
စျာန်ဝိတက်ပါ သတိကိုသာ အဖော်ပြု
၍ *အထူးရှုပေးနေချေသော်*ပဋိဘာ
ဂခေါ်(မနောအကြည်ဓာတ်ကြီး ဆွတ်
ဆွတ်ကြည်ဖြစ်လာရာပေါ်သို့ ကျလာ
သောထိုအရိပ်ကို ထိုဆွတ်ဆွတ်ကြည်
မနောပြင်က တဖန် တန်ပြန်လွှင့်ထုတ်
ပို့ပေးနေသဖြင့်)ရောင်ပြန်ပေါ်နိမိတ်
သည် ပကတိကိုကျော် လင်းလင်းတက် ထွက်ပေါ်လာမည်။
အချို့ သက်တော်ထင်ရှားအတိုင်း ကြွ
လာသည်ကို တွေ့သိကြရသည်။အချို့
ရုပ်မြင်သံကြားစကား နှုတ်မြွတ်ပုံအ
သက်ဝင်အထိ တွေ့သိကြရသည်။
ဤကား ဗုဒ္ဓါနုဿတိဖြင့် သမထစျာန်
ဝင်စားရာ၏ နိမိတ်ထင်ပုံ ကိလေသာ
ငြိမ်ပုံများတည်း။

(ခ) အာနာပါနာနုဿတိ အခြေယူပါက လေနှင့်နှာဝတို့၏ ထိရာဋ္ဌာနတွင် ပထမ အေးမှု့၊နွေးမှု့ကိုသာ အခြေပြုခွင့်ရချေသေး၏။ထိုနောက် အေးလှုပ်လှုပ်၊နွေးလှုပ်လှုပ်တို့ဖြင့် လှုပ်ရှား၊ဖြစ်၊ပျက်နေမှု့ကြီးအထိ အခြေပြုခွင့်ရလာ
မည်။ထိုအထိ ပရိကမ္မသာ။

တဖန် ၄င်းကိုလျှင် စူးစိုက်မြဲမှန် ဖွဲ့ချ
ည်သန်ခြင်း သတိ၊အသိ(တွင်းပြင်)တို့
ဖြင့် ဝိတက်ပါသတိက အပြင်ကနေ ဝင်သည်ဟူ၍ မှတ်ချက်ပို့လိုက်ပြီ။ဝိစာရ အသိကလည်း အတွင်းမှနေ ဝင်ဘယ်လို ဟူ၍ မှတ်ချက်ချ ပြန်ပို့လိုက်သည်။
ဝိတက်ပင်းသတိက အတွင်းမှနေ ထွ
က်ပြီဟူ၍ မှတ်ချက်ပို့လိုက်သည် ဝိစာ
ရပင်းအသိကလည်း အပြင်ကနေ ထွက် ဘယ်လိုဟူ၍ မှတ်ချက်ချ ပြန်လည်ပို့လိုက်ပြီ။
ဤသို့လျှင် ဝိတက်ပါသတိက အကြံ
အဖန်ကောင်းသော လင်နေရာမှနေ အတွင်းလုပ်ပေး။ဝိစာရပါသတိကလည်း အစုကောင်း မယားနေရာမှနေအတွင်းကပ်ယူသုံးသပ်ထား။
ဤသို့သော အပေးကောင်း အယူကောင်းနှစ်ပါး အဖန်ဖန်ပွားပို့ပေးနေချေသော် လေ၏စည်းလုံးအား (စိတ်၏စ
ည်းလုံးအား)အတိုင်းလျှင် လေနိမိတ်
အရိပ်စဥ် အမျှင်တန်းကြီးလည်း ပေါ်
ထင်လာတော့မည်။

စိတ်ကိလေသာနှင့် မဝေးသေး၍မအေးမကြည်သေးက မီးခိုးရင့်သို့ မဲတူးတူး။စိတ်ကိလေသာ အနည်းငယ်ဝေးသွား၍ အေးတည်ကြည်လာချေကမီးခိုးနုသို့ အမည်းကူအဖြူတစ်ပိုင်း။
ထိုမှနောက် သတိ၊အသိစျာန်အချို့
စျာန်စိတ်သို့ အတွင်းပို့နိုင်ခဲ့ပါသော် အမည်းမကူ အဖြူသက်သက်ချည်းလည်း ပေါ်ထင်နေတတ်ပြန်သေးသည်။
ဉာဥ်၊ဝါသနာတို့ မလှုပ်သဖြင့် ကိလေ
သာပါ မြှုပ်စိတ်ကို ပွဲမထုတ်ခြင်း၏
သ​င်္ကေတများပင်။
ထိုအမြင် ထိုအသိများ အထိကား ဥဂ္ဂဟနိမိတ်၏ ကျက်စားရာနယ်ပယ်မျှသာ။

တဖန် ထိုပေါ်ထင်နိမိတ်ကိုလျှင် စူးစို
က်မြဲမြံ စိတ်အဖွဲ့ချည်သန်ခဲ့သော်•••
မနောတည်ရာ နှလုံးသွေးအကြည်ဓါတ်သည် တည်ခြင်း၊ကြည်ခြင်းများနှင့်အတူ တဖိတ်ဖိတ်တလက်လက် လင်လက်တောက်ပလာချေတော့ရာ ထိုအကြည်ဓာတ်ပြင်ပေါ်သို့ ဝင်တိုင်းထွက်တိုင်း ကျရောက်လာကြသော လေတို့၏သဘောကား ပေါ်လောကြီးပေါ်စေ၏။

လေသတ္တိများက ဝင်လာ ထွက်သွား
တိုင်း မနောအကြည်ဓာတ်ပြင်ပေါ်သို့
ထိုးကျသွားလိုက်။မနောအကြည်ဓါတ်
ကလည်း လေအကြောသဘောဖမ်း၍
တန်ပြန်ရိုက်လွှတ်လိုက်ဖြင့်•••

(က)လေသတ္တိ၏ အတွင်းနှင့်အပြင် တွန်းကန်ခြင်း လှုပ်ရှားခြင်းသဘော
ကိုလည်း မြင်သိခွင့်ရစေ၏။

(ခ)သွေးတို့၏ ပကတိအဆင်း စိတ်တ
န်ခိုးဖန်ဆင်းရာ သတ္တိခင်းကြီးကိုလည်းလင်းလင်းကြီး မြင်သိခွင့်ရစေ၏။
ထိုနှလုံးသွေးတို့၏ အရောင်အဆင်း
များသည် •••

(က) ငွေခြည်၊ငွေမှုန်တို့လေထဲ ဝဲပျံနေ
သည့်ပမာလည်း တဖိတ်ဖိတ်တလက်
လက် ဖြစ်နေ၏။
(ခ)နေထွက်ခါစ ထရံကပ်ကြားတို့မှ တိုးဝင်လာကြသော မြူမှုန်ပမာလည်း
အသေးဆုံး၊အနုဆုံး သဘာဝ ဖြစ်နေ၏။

မှတ်ချက်။ ။စာတို့၌ နိမိတ်ရောင်များစွာ ပြထား၏။ဤ၌ကား သိသာရုံမျှသာ။သည့်အတူ ကသိုဏ်းကွက်၊အသုဘ စသည်များ၌လည်း အခြေတည်နိမိတ် ပေါ်ထင်နိမိတ်၊ရောင်ပြန်
နိမိတ်ဟူ၍ သုံးဆင့်ပင်ရှိချေ၏။
ဤ၌ ကား သူတော်ကောင်းအများသုံး ဗုဒ္ဓါနုဿတိ၊အာနာပါန နှစ်မျိုးကိုသာ အသေးစိတ်ဆိုထားခဲ့ပါမည်။ကျန်တို့ကိုကား
ဤကို နည်းမှီ၍လည်း သိခွင့်ရှိ၏။စရိ
ယာဒါသကထာ လေ့လာခြင်းဖြင့်လည်း တစ်မျိုးချင်း သိခွင့်ရှိ၏။ဤ၌ကားအထူးမပြတော့ပြီ။


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

ရွှေဥမင် ဒကာ၊ ဒကာမ များ အားလုံး သို့ ကုသိုလ်အမျှ ရယူနိုင်ကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။မေတ္တာဖြင့်ဆရာခေ
24/10/2025

ရွှေဥမင် ဒကာ၊ ဒကာမ များ အားလုံး သို့ ကုသိုလ်အမျှ ရယူနိုင်ကြပါရန် မေတ္တာရှေ့ထား ဖိတ်ကြားအပ်ပါသည်။

မေတ္တာဖြင့်
ဆရာခေ

20/10/2025

အဖော်
🌿🌿

နောင်တခေတ်မှာ
လူတွေကြုံရမယ့်ဒုက္ခတွေမှာ အကြီးဆုံးဒုက္ခက ဘာဖြစ်မလည်းဆိုတော့
#အပေါင်းအဖော်မရှိခြင်းပဲ…
အခုလည်းကြုံနေရပါပြီ။

လူတွေက လောကကြီးထဲမှာကြာလေများလေဖြစ်လာနေတာ၊

လူဦးရေများလာသလောက်
လူတွေဟာ အဖော်မဲ့ အထီးကျန်ပိုဖြစ်လာတယ်…

အပျော်အပါးတွေလည်း
အခုခေတ်မှာ ပိုများလာပါတယ်။

အပျော်အပါးများသလောက်
အဖော်လည်း ပိုပြီး မဲ့လာတယ်။

အနောက်နိုင်ငံမှာတော့
အခုလိုအခက်အခဲတွေ တွေ့ရတာ အတော်လေးကြာနေပါပြီ။

အနောက်နိုင်ငံက ပညာရှင်တချို့ကလည်း ဒီအခက်အခဲဒုက္ခတွေကို
ဘယ်လိုဖြေရှင်းရမလည်း ဆိုတာ သူတို့ဖာသာ သူတို့ နည်းလမ်းတွေရှာကြပါတယ်။

အထိုက်အလျောက်တော့ သူတို့ပြောတဲ့ နည်းလမ်းတွေက ကောင်းပါတယ်၊ သို့သော် ပြည့်စုံတယ်လို့တော့မရှိဘူးတဲ့၊ ဘယ်တော့မှ မပြည့်စုံဘူး။

အဖော်ဆိုတာ ဘယ်လိုမျိုးကို ခေါ်မလည်း

ကိုယ့်စိတ်ထဲမှာ ဘာတွေကို ခံစားနေရတယ်ဆိုတာကို သိတဲ့ သူ
ကိုယ့်ကို ကိုယ်ချင်းစာ နိုင်တဲ့သူ
ကိုယ့်ကို နားလည်တဲ့သူ
(နားလည်တယ်ဆိုရာမှာလည်း ကိုယ့်ရဲ့ အကောင်းရော အဆိုးရော အားနည်းချက်တွေအကုန် လုံးကို နားလည်တာကို ဆိုလိုတာနော်၊)

ကိုယ့်ကို အလကားနေရင်း အပြစ်မတင်တဲ့သူ မဝေဘန် မရှုတ်ချတဲ့သူ အပြစ်မရှာတဲ့သူကို ကိုယ့်အဖော်လို့ခေါ်တယ်။

သာမန်အားဖြင့် လူတွေဟာ အပြစ်မရှိအပြစ်ရှာတတ်တယ်
အပြစ်သေးသေးလေးကို ပုံကြီးချဲ့တတ်တယ်၊

အဖော်ကောင်း မိတ်ဆွေကောင်းဟာ …အဲဒီလို မလုပ်တတ်ဘူး၊
(ကိုယ့်ရဲ့ ချွတ်ယွင်းချက်ကို စေတနာ မေတ္တာနဲ့ မထောက်ပြရဘူးလို့ မဆိုလိုဘူးနော်။)

ကိုယ့်မှာ အမှားတွေ ၊ ချွတ်ယွင်းချက်တွေရှိရင်တောင်မှ
အဲတာကို ကိုယ်ချင်းစာပြီးတော့ နားလည်ဖို့ ကြိုးစားတယ် ၊

ငါသာ သူ့နေရာမှာနေရရင်
ဘယ့်နှယ်များ နေမလဲ လို့
ကိုယ်ချင်းစာတတ်တယ်။

ကိုယ့်စကားကို သေသေချာချာ နားထောင်တယ်
ဆုံးအောင် နားထောင်တယ်
အဓိပ္ပါယ်ကိုလည်း မှန်မှန်ကောက်တယ်၊

ဒီအချက်တွေကို သေသေချာချာစဉ်းစားပါနော်။

အဖော်ဖြစ်ဖို့ရာ လိုအပ်တဲ့ အင်္ဂါရပ်တွေက တော်တော်များပါတယ်။

ကိုယ့်အနားမှာထိုင်နေရုံနဲ့ အဖော်လို့ ပြောလို့မရဘူး။

ကိုယ်ပြောတဲ့စကားကို မှန်မှန်ကန်ကန်နဲ့ ကိုယ်ဆိုလိုတဲ့ အဓိပ္ပါယ်အတိုင်းနားလည်မှသာ သူနဲ့ ကိုယ်နဲ့ အဖော်ဖြစ်နိုင်တယ်။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

04/10/2025

အရှုပ်အရှင်း
♦️☘️♦️☘️
ရှုပ်နေလျှင် အရှင်းပေါ်လာမည်။မရှုပ်လျှင်ကား မရှင်းစေတော့ပြီ။

အရှုပ်သည် စိတ်ရှုပ်လူရှုပ်ကို အခြေခံလျက်က ကိစ္စရှုပ် အလုပ်ရှုပ်စသည်များအထိ
နယ်ကျယ်လေရာ မည်သည့်အရှုပ်ဖြစ်စေ ရှင်းရတော့မည်သာ...။

အချို့၀ယ် ကာယကံရှင်ချင်း ရှင်းလင်းကြရ၏။
အချို့၌ကား သက်ဆိုင်ရာတာ၀န်ခံများပင် ၀င်ပေးရချေသည်။

အရှုပ်အားလုံးတို့တွင်အရှုပ်တကာ့ အရှုပ်ဆုံးကားစိတ်၏အရှုပ်တော်ပုံများပင်တည်း။

လောကမျက်နှာစာရှိလူမှုရေး ရှုပ်ထွေးမှုသည် စိတ်ရှုပ်ထွေးမှုမှပင် စတင်၏။

စီးပွားရေး ရှုပ်ထွေးမှုသည်လည်း ယင်းမှပင် မြစ်ဖျားခံ၏။

နိုင်ငံရေး ရှုပ်ထွေးမှုသည်လည်း ၎င်းသည်ပင် တရားခံတည်း။

ထိုစိတ်ကား မည်သူနှင့် ရှုပ်ထွေးနေသနည်း။

အချို့ကား...ရာဂနှင့်စိတ် ချိတ်မိရာမှ စိတ်ရှုပ်ထွေးလာသည်။
အချို့ကား...ဒေါသနှင့်စိတ် ချိတ်မိရာမှ စိတ်ရှုပ်ထွေးလာသည်။
သည့်အတူ မာန၊ဒိဋ္ဌိ အစရှိသည့်အမှု ကိလေသာအညစ်အဆိုးများနှင့် စိတ်
ချိတ်မိသွားကြရာမှလည်း စိတ်ရှုပ်ထွေးမှု ဖြစ်ပေါ်စေပါသည်။

စိတ်၏ ပင်ကိုယ်သတ္တိသည် ဖြူစင်တောက်ပ တန်ခိုးသတ္တိပြလျက်သာ ရှိ၏။
လူ၏ စိတ်အစဉ်သည်လည်း ကြည်လင်သန့်ရှင်း ယုတ်ညံ့မှုကင်း၏။

ထိုမျှ အစွမ်းထက်သော စိတ်ကို ကိလေသာများက ဖိနှိပ်ကြိတ်ချေလေသောအခါ...

စိတ်ကား နေပူကြားသွား ခရီးသွားများ၏ လက်တွင်းရှိ လက်ကိုင်ပုဝါများပမာ
ဖြူရာမှ ညစ်၊ညစ်ရာမှ မည်း၊မည်းရာမှမွဲလာ၊နွမ်းလာ၊ကြေလာစေပါသည်။
အရောင်ကင်းဆိတ် မှေးမှိတ်လျက်နေပါသည်။အသွေးတိတ်ဆိတ် တိတ်လျက်နေပါသည်။

ထိုစိတ်ရှုပ်ထွေး ဖြေထုတ်၍ မပေးနိုင်သော် အကြံတို့သည် စည်လာကားလာကြပြီ။
တစ်စထက်တစ်စ ကျယ်ပြန့်၍လာချေရာ...
စိတ်မှဖြစ်သောအရှုပ်၊နှုတ်မှထုတ် သရုပ်ပေါ်လာသည်။
စိတ်မှဖြစ်သောအရှုပ်၊ခြေလက်ကုပ် သရုပ်ပေါ်လာသည်။
ပေါ်လာသော ထိုသရုပ်ကား တစ်ဖက်သို့ အရှုပ်ဇာတ်ခင်းမှုချည်းသာတည်း။

လောကီဘုံဖွား.....အို.....လူသားတို့.....
သင်တို့သည်စိတ်အရှုပ်အလုပ်ဖြင့် သက်သေပြလျက် ရှိရာ
အချို့၌ အများရှေ့ဖြစ်၍ အရှုပ်မှ အရှင်းသို့ အသွင်းခံကြရ၏။
အချို့ အများရှေ့မရှုပ်သဖြင့် မရှင်းနိုင်သည်လည်း ရှိ၏။

ထိုတွင်...
အများရှေ့ရှုပ်သဖြင့် အရှင်းခံရလည်း လူ့သိက္ခာခဝါ အချခံရ၏။
နှစ်ဦးချင်း ရှုပ်သဖြင့် သမုတ်ခံရသည်လည်း လူသိက္ခာတဖူနာပါ၏။

သို့ကြောင့်.....
မည်သည့် အရှုပ်ဖြစ်စေ အရှုပ်မှ အယုတ်သို့ချည်း ထိုးဆင်းသွားရာ မရှုပ်ခင်က ရှင်း၊
အရှုပ်အရှင်းလည်းမဖြစ်အယုတ်စာရင်းလည်း အစစ်မခံကြရမှတော်ကာကျကြမည်။

ထို မရှုပ်ခင်က အရှင်းကား ဓမ္မရေးရာ ဉာဏ်အထွာဖြင့် လွှာ၍ လွှာ၍ ကြိုတင်ကာကွယ်မှု ပေးထားခြင်းတည်း။

ရှုပ်တော့မှ အရှင်းကား လောကရေးရာ ဓမ္မတာဖြင့်ဥပဒေရှေ့ချ ရှေ့နေ၏ နှုတ်စလျှာစဖြင့် ဖာရထေးရမှုတည်း။

သင်သည် မည်သည့်အရှင်းမျိုး အားကိုလိုသနည်း။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

30/09/2025

"လူတွေဝေဖန်တာကိုမကြောက်ပါနဲ့"
🎈🔺🎈🔺🎈🔺🎈🔺🎈🔺🎈🔺

လူဆိုတာ
တစ်ယောက်ကိုတစ်ယောက်ဝေဖန်တာပဲ။
ကိုယ့်ကိုတည့်တည့်ဝေဖန်တာလည်းရှိမယ်။
ကွယ်ရာမှာ ဝေဖန်တာလည်းရှိမယ်။

ဝေဖန်တာလည်း မခံချင်၊
စိတ်ဆင်းရဲတာလည်းမခံချင်ရင်
ဘာမှ မလုပ်ဘဲနေမှ။
ဘာမှမလုပ်ဘဲနေရင်တောင်
ဘာမှမလုပ်ဘူးလို့ ဝေဖန်တာခံရမယ်။

ဒါဖြင့်ရင် ဘယ်သူနဲ့မှအတွေ့မခံဘဲ
တစ်ယောက်တည်းနေမှဖြစ်မယ်။
အဲဒါကောဖြစ်နိုင်လား။မဖြစ်နိုင်ဘူး။

လူပီသတဲ့လူတစ်ယောက်ဖြစ်ဖို့ဆိုတာ
လူတွေနဲ့ဆက်ဆံရေး ရှိမှဖြစ်မယ်။
သူတို့ဆီက အကူအညီ ယူရတယ်။
ကိုယ်ကလည်း အကူအညီ ပြန်ပေးရတယ်။
သူတို့ဆီက ပညာယူရတယ်။
ကိုယ်ကလည်းပညာ ပြန်ပေးရတယ်။

တစ်ယောက်နဲ့တစ်ယောက်မကင်းနိုင်တဲ့
လောကကြီးမှာ ဒီခံယူချက်အတိုင်း
ဆက်နေသွားမယ်ဆိုရင်
စိတ်ချမ်းသာဖို့ မလွယ်တော့ဘူး။
အကောင်းဆုံးကဘာလဲ။
ကိုယ့်အယူအဆကို ပြင်ရမယ်။

ဝေဖန်တယ်,အမှားကိုထောက်ပြတယ်ဆိုတာ
educate လုပ်တာ
(ပညာပေးတာ)ဖြစ်သင့်တယ်။
အမှားနည်းပြီးတော့
အရည်အချင်းတက်လာအောင်
ဝေဖန်ပေးသင့်တယ်။

ဝေဖန်တာဟာ punish လုပ်တာ
(ဒဏ်ပေးတာ) မဖြစ်သင့်ဘူး။
ဝေဖန်တဲ့သူကော ဝေဖန်ခံရသူကော
နှစ်ဦးနှစ်ဘက်လုံး သဘောထားမှန်ရင်
သိပ်အကျိုးများတယ်။

လွဲနေတာမှားနေတာကို
ထောက်ပြမယ့်သူရှိမှ ဖြစ်မယ်။
မေတ္တာနဲ့,ကရုဏာနဲ့,ဉာဏ်ပညာနဲ့
ယှဉ်ပြီးတော့ ထောက်ပြရမယ်။

ခံရတဲ့သူကလည်း
ငါ့ကို မုန်းလို့ပြောတာမဟုတ်ဘူး။
အရှက်ခွဲတာ မဟုတ်ဘူး။
အမှားနည်းအောင်,အရည်အချင်းတက်အောင်
ပြောတာလို့ သဘောထားနိုင်ရမယ်။

ဒါဟာ ကိုယ့်စိတ်က
တော်တော်ခိုင်မာမှရတယ်။
သူ ဝေဖန်တာ မှန်နေရင်
ဝမ်းသာစရာတောင်ကောင်းနေသေးတယ်။
ကိုယ့်အမှားကို,ကိုယ်လိုနေတဲ့အချက်ကို
စောစောသိရတာကောင်းတယ်။

သူဝေဖန်တာမမှန်ရင်
ပြန်ရှင်းပြလို့ရရင် ရှင်းပြရမယ်။
မရရင်လည်း ကိုယ့်အလုပ်ကိုယ်
ဆက်လုပ်နိုင်ရမယ်။
ရေရှည်မှာ မှားတယ်၊မှန်တယ်ဆိုတာ
အလုပ်က သက်သေပြပါလိမ့်မယ်။

လောက လူတွေရဲ့ သဘာဝတစ်ခုက
ကြောက်လေ ခြောက်လေပဲ။
ဒါကြောင့်. . .
ဝေဖန်မှာကို သိပ်မကြောက် ပါနဲ့။
သိပ်မကြောက်ရင် ဝေဖန်နေတဲ့သူက
ပြောအား သိပ်မရှိတော့ဘူး။

ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ)

27/09/2025

ရှင်ပြုသည် ဆိုသည်မှာ
🌸🔺🌿🌸🔺🌿🌸🔺

ဒို့ ရှင်ပြုတယ်ဆိုတာ မသေအောင်ပြောတာ၊
ရှင်တာဆိုတာ သေတာနဲ့ဆန့်ကျင်ဘက်မဟုတ်ဘူးလား။
( မှန်ပါဘုရား ... )

ရှင်ပြုတယ်ဆိုတာ ရှင်အောင်ပြုတာ
အဲဒါကို ရှင်ပြုတဲ့. . . ကြားဖူးလား ။

ဒို့ အခုလက်ရှိရွာထဲလူတွေနဲ့ ရွာထဲစိတ်အတိုင်းဆိုရင်
ဒို့က ခင်မင်စိတ်နဲ့လိုက်လုပ်နေရတာ ။
ရွာထဲမှာ ပစ္စည်းမခင်မင်ရင်လည်းမရနိုင်ဘူးလေ၊
ငွေကစ ခင်မင်မှရတယ် ဟုတ်ဗျာ ။
( တင်ပါ့ဘုရား ... )

ရွာထဲမှာက လိုချင်စိတ်နဲ့လုပ်ရတာ ။
ဒို့ သာသနာမှာက လိုချင်စိတ်ပယ်ရတယ်၊
မလိုချင်အောင်ကြိုးစားရတယ် ဟုတ်နော်...။

လိုချင်စိတ်ရဲ့ဆက်တွဲက ဘာလာမှာတုန်းဆိုရင်...
လိုချင်တာမရရင် မကျေနပ်စိတ်လာမှာပေါ့ ဟုတ်နော်။

လိုချင်စိတ်အားကြီးနေလို့ဖြစ်စေ၊
မကျေနပ်စိတ်အားကြီးနေလို့ဖြစ်စေ၊
စိတ်မဲကြီးဝင်လာရင် ဘာဖြစ်ဖြစ်လည်းဝင်လာမှာပဲ ။
`မောဟ´ ဆိုတာ ဘာဖြစ်ဖြစ်ကိုပြောတာပါ ။

• လောဘလွန်တော့ ဒို့စာလိုတော့ အဟီရိကပေါ့၊
ရှက်ရကောင်းမှန်းမသိတော့ဘူးလေ။
• ဒေါသလွန်လာတော့ အနောတ္တပ္ပဖြစ်သွားမှာပေါ့၊
ကြောက်ရကောင်းမှန်းမသိတော့ဘူးလေ။
• အဟီရိက အနောတ္တပ္ပ ဆိုတဲ့`မောဟ´က
တခြားကလာတာမဟုတ်ဘူး၊ ဒို့ လောဘလွန်
ဒေါသလွန်ကနေလာတာ၊ ဟုတ်နော်... ။

ပြီးတော့ ဒေါသလွန် လောဘလွန်တဲ့ပုဂ္ဂိုလ်
ကိုယ့်စိတ်ကိုယ့်ဆီမှာမရှိဘူး ပျံ့နေတယ်။
ပျံ့နေတယ်ဗျ ဥဒ္ဓစ္စစိတ် ...

အဲဒီမောဟဆိုတာလည်း
အဲဒီလောဘ ဒေါသ ၂ခုနဲ့လုပ်ရတာပါ။
သို့သော် ရွာထဲမှာဒေါသနည်းပါတယ်၊သောကများပါတယ်၊
သောကနဲ့လုပ်ရတာများပါတယ်၊ ဟုတ်နော်... ။

ကိုယ် ကိုယ်တိုင်ခေါင်းမှမအေး စိတ်မှအထိုင်မကျဘဲ၊
ဘာလုပ်လုပ် ယတိပြတ်မဆုံးဖြတ်နိုင်ဘူး ။
အဲ့တော့ ကိုယ် ကိုယ်တိုင်မသိတော့
ချီတုံချတုံ ' ဝိစိကိစ္ဆာ ' လည်း မောဟလည်း ဝင်မှာပဲ ။

အဲဒါအကုန်လုံးပေါင်းရင်တော့
ကြိုက်စိတ်တခုအကြောင်းပြုလို့ အဲဒါဖြစ်တာ ။

• အဲ့တာဖြစ်လို့ သေခါနီး သက်မဲ့ပစ္စည်းဖြစ်ဖြစ်၊
သက်ရှိပစ္စည်းဖြစ်ဖြစ်၊ ဟောဒါငါ့ပစ္စည်း
ဟောဒါက ငါ့သားငါ့သမီး၊ ငါ့မိသားစု
သူတို့အပေါ်ကိုခင်မင်စိတ်နဲ့သေရင် `ပြိတ္တာ´။

• သူတို့အပေါ် ငါမရှိရင် ဒင်းကလေးတို့ဆိုရင်
စိတ်မချစိတ်နဲ့သေရင်တော့ `ငရဲ´သွားမှာ။

• ပြီးတော့ ဒါကတော့ငါ့မိသားစုပဲ ဒါကတော့ငါ့အိမ်ပဲ၊
သေစရာရှိတာတောင် ဆေးရုံမှာသေမယ်ဆိုရင်တောင်
အသေမခံဘူး၊သေချင်းသေ ငါ့အိမ်ပြန်ပို့
ငါ့အိမ်မှာပဲသေမယ်။ ရှိသလား ဒီလိုမျိုး ....
( ရှိပါတယ်ဘုရား ... )

ဲဒါကငါ့အိမ် ဒါကငါ့မိသားစု ဒီစိတ်နဲ့သေရင်အဲဒီနားမှာပဲ
တိရစ္ဆာန်လာဖြစ်မှာ၊ စွဲတဲ့နေရာလာပြီး`တိရစ္ဆာန်´ဖြစ်မှာပဲ ။

• အသူရကာယ်ဆိုတာ စာလိုကျတော့
အကောင်ကြီးတွေကိုခေါ်တာပါ။
ပြိတ္တာဆိုတာက အိမ်စွဲတဲ့ပုဂ္ဂိုလ်ကလည်း လက်ရှိဒီရုပ်
ဒီအရွယ်ဒီပုံစံအတိုင်းပါ မပြောင်းဘူး
အသူရကာယ်ကျတော့ပြောင်းတယ် ။

အသူရကာယ်က ဘယ်လိုလူတွေရောက်တတ်တုန်းဆိုတော့
အလှူမတတ်သူတွေရောက်တာ၊ ကျောင်းလှူတယ်
ဒါငါ့ကျောင်း ငါ့ကျောင်းနဲ့ ဒိဋ္ဌိနဲ့စွဲနေတယ်လေ၊
သေခါနီးကျောင်းအာရုံပြု ၊ အဲဒါသဘက်ဖြစ်။
အဲဒါကို ` အသူရကာယ်´ ခေါ်တာလေ ...
ရှေးခေတ်ကတော့သဘက်လို့သုံးတယ် ဒို့တောက ။
သူကအကောင်ကြီးတယ်...
ဒီလိုသေလို့ဒီလိုပုံစံအရွယ်မဟုတ်ဘူး။

• အသူရကာယ်ဆိုတာ အလှူမတတ်သူတွေ
ရောက်တာတဲ့ဗျ၊ အလှူမတတ် ၊
ကျောင်းဒကာ ကျောင်းပြန်စောင့်ရတတ်တယ်၊
အလှူမတတ် ဘုရားဒကာ ဘုရားပြန်စောင့် ။

အဲဒါကို အပါယ်လေးဘုံလို့ခေါ်တာပါ ။

• အဲဒီဘဝတွေရောက်တော့ ဒို့ ပါရမီမတက်တော့ဘူးလေ။
တိရစ္ဆာန်တဘဝလုံးကြည့်ပါ ပါရမီမတက်ပါဘူး။
တက်ဖို့နေနေသာသာ တက်ရကောင်းမှန်းကိုမသိတာ။

သူတို့မှာဓာတ်ကောင်၊ ဒို့လိုကုသိုလ်နဲ့ဖြစ်တာ
မဟုတ်တဲ့အတွက် ဥာဏ်မပါဘူး ။
ဓာတ်ကောင်က သူ့ဓာတ်နဲ့တည့်ရင် ကြိုက်တယ်၊
မတည့်ရင် မကြိုက်ဘူး ။

အဲ့တော့ တိရစ္ဆာန်ဘဝ ဘဝပေါင်းများစွာ ဒီစိတ်နဲ့သွားတာ။

အဲ့တော့ အပါယ်လေးဘုံမှာ အညွှန့်တက်လို့လား?
( မတက်ပါဘုရား ... )

အဲ့တော့ အညွှန့်မတက်ရင် သစ်ပင်မှာသေတာပေါ့ ။
ဒီကြား ထဲ သစ်ပင်အခြောက်ကြီးဆိုတော့
ပိုးကိုက်ခံရအုန်းမှာထင်တယ်... ။

မြွေကြည့်ပါ၊ တဘဝလုံးလုံး ကြွက်တို့ ဖားတို့
အဲဒါတွေလိုက်စားနေရတာ ... ။
သူများအသက်နဲ့အသက်ရှင်ရတဲ့တိရစ္ဆာန်မှန်သမျှ
သူ့မှာ အညွှန့်မတက်တဲ့အပြင် ပိုးကိုက်ခံရသေးတယ်။
ပိုးကိုက်ခံရမှတော့ ပင်တိုင်တောင်ရှိပါအုန်းမလား၊
( မရှိပါဘုရား ... )

• အဲ့တာအသေပဲလေ၊ ဟုတ်ကဲ့လား ...။

အဲဒီဘဝတွေရောက်တော့ သက်တော့သက်ရှိမှာပေါ့၊
ဘဝရှိ အသက်ရှိလိမ့်မယ်ထင်တယ် ။
ဘဝတော့ရှိမှာပေါ့ ပါရမီရှေ့မတိုးတဲ့အတွက်
အဲဒါ အသေဘဝ ... ။

အဲ့ဒိအသေကလွတ်အောင် အပါယ်ကလွတ်အောင်
ပြုစုတာကို ရှင်အောင်ပြုလို့ ' ရှင်ပြု ' လို့ခေါ်တာ။

အဲ့ဒိအသေက ရှင်အောင်ပြုတာကို ရှင်ပြုတာ ။
( မှန်ပါဘုရား ... )

ဘယ့်နှယ်တုန်း ရှင့်ဒကာကြီး ပြုနိုင်ပါ့မလား ။
( ကြိုးစားပါ့မယ်ဘုရား ... )

ဒို့ လူဖြစ်တော့ အညွှန့်ရှိတယ်လေ တက်နိုင်တယ်၊
အရွက်ကောမထွက်နိုင်ဘူးလား ။
လူသည်အရွက်လည်းထွက်ပါတယ်
အညွှန့်လည်းတက်ပါတယ် ... ။

• နတ်မှာတော့ အညွှန့်တော့တက်နိုင်ပါတယ်၊
အရွက်မထွက်ဘူး ... ။

သူတို့က ဒို့လိုဘူတရုပ်မဟုတ်ဘူး ဥပါဒါန်ရုပ်တွေလေ၊
အစွဲရုပ်ခေါ်သပေါ့ ... ။

အစွဲရုပ်ဆိုတော့ ဒို့လို လှူဖို့ရာပစ္စည်းမရှာနိုင်မဖွေနိုင်ဘူး၊
ဒို့လိုလည်းမကျင့်နိုင်ဘူး ... ။

ဒို့ စာကဆိုတာတော့ ဒီကကျင့်နည်းပါသွားမှ၊
ဒီကအရှိန်ပါသွားမှ ဟိုမှာအညွန့်တက်တာ ။
ဒီကဘာမှပါမသွားဘူး ဒါနတခုကောင်းလေးနဲ့
နတ်သွားဖြစ်ရင်၊ ဟိုကျ ယောင်ပေယောင်ပေနဲ့
အချိန်ကုန်မှာ ဟုတ်ဗျာ ...။

ဒို့ရန်ကုန်လိုပြောရင် ညစျေးတန်းလျှောက်တာနဲ့ပြီးသွားမှာ။

ဒို့ လူမှာက အညွှန့်လည်းတက် အရွက်လည်းထွက်နိုင်ရင်၊
ပွင့်လည်းပွင့် သီးလည်းသီးနိုင်တယ် ဟုတ်နော် ... ။

အဲဒီလို အညွှန့်လည်းတက်တယ် အရွက်လည်းရှိတယ်၊
အဲဒီကနေ အရွက်ကြောင့် အညွှန့်ကြောင့် သူ့မှီခိုပြီး၊
ပွင့်ပြီ သီးပြီဆိုရင် ရှင်ပြီနော် ... ။
အဲဒီလိုကိုရှင်ရမှာတဲ့ဗျ ... ။

• ရှင်ပြုတယ်ဆိုတာ အဲဒါပြောတာ ...
ရှင်အောင်ပြုရမှာ ဟုတ်နော် ... ။

• အဲ့တော့ ရှင်ဒကာ ရှင်အမဆိုတာ
လယ်ပိုင်ရှင်ယာပိုင်ရှင်ပဲ။

လယ်ပိုင်ရှင်ယာပိုင်ရှင်က မျိုးစေ့ချပြီးရင်
ရှင်အောင်ပြုစုရမှာ ။

ရှင်အောင်ပြုစုမှ အရွက်ထွက်မှာ အညွှန့်တက်မှာ
အနှံကြီးမှာပေါ့ ။

ပြီးတော့ လယ်သမားယာသမားက
စိုက်ပြီးတဲ့နောက်လည်း၊အခုခေတ်ပြောတဲ့
နှံဖျက်ပိုးတို့ ရွက်လိပ်ပိုးတို့
ဒါတွေမကျအောင်လည်း ထိန်းရအုန်းမှာဗျ ။

အဲတော့ ဒို့က ရှင်ပြုတာက သင်္ကန်းလေးစီးလိုက်ပြီး
ကတုံးလေးတုံးလိုက်ရင် ပြီးပြီလို့ထင်တာနော် ။
အဲလိုမဟုတ်ဘူး ရှင်အောင်ပြုရမှာနော် ။

ဒို့စာလိုတော့ သာမဏေရ
သမဏနဲ့ ဧရ ၂ခုပေါင်းမှ သာမဏေရ ခေါ်တာ ။
သာမဏဆိုတာ ငြိမ်သက်အေးချမ်းခြင်းရှိသူလို့
အဓိပ္ပါယ်ရတယ် ... ။

• ဘိက္ခုဆိုတာ ရဟန်း
• ကိုရင်ကျတော့ သာမဏေ

ဘိက္ခုကျတော့ ကိလေသာကိုအကြွင်းမဲ့ဖျက်ဆီးပစ်တာ၊
" ကိလေသေ ဘိန္ဒတီတိ ဘိက္ခု "
ကိလေသာကိုဖျက်ဆီးတာရဟန်း၊
အဲဒါကို ဘိက္ခုလို့ခေါ်တာ ။

ကိလေသာကိုဖျက်ဆီးတာမဟုတ်ဘူး၊
ထကြွသောင်းကျန်းနေတဲ့ကိလေသာကို
အေးငြိမ်းအောင်လုပ်တာ သမဏ ကိုရင် ။
အဲ့တော့ သမဏဆိုတာအဲ့ဒါပြောတာဗျ
ကိလေသာငြိမ်းအောင်လုပ်ရမှာ ။

ရှိတဲ့အရွယ်ကတော့ မိဘကမွေးတဲ့ကလေးလေ
ကလေးကတော့ ကလေးလိုဆော့မှာပေါ့
သို့သော် ကျင့်နေတဲ့အချိန်မှာ သာမဏေဖြစ်ရမယ်။

ဒို့ ရန်ကုန်မှာကျတော့ ဆရာများက
သူတို့ကိုပုံသွင်းကောင်းတယ် ။
ဆရာတွေကတော့ လူငှားတွေနဲ့တူပါတယ် ။
ငယ်သူလေးတွေကျတော့ ငယ်သူနဲ့တန်အောင်၊
၁၅မိနစ်စီ တရားအထိုင်ခိုင်း ကလေးကဒါလောက်ပဲရမှာပေါ့၊
ဒို့ လူကြီးလို ၁နာရီ ၂နာရီတော့မရနိုင်ဘူး ။

၁၅မိနစ်တန်းဖြုတ်ရင်တော့ ကလေးပဲ ...
၁၅မိနစ်ထိုင်နေတဲ့အချိန်ဟာ ကိလေသာ
ငြိမ်သက်နေတာလေ၊ သာမဏေပေါ့ ... ။

အဲဒီကလေးတွေက အိမ်ပြန်လာရင်
ည၇နာရီဆို ဘုရားဝတ်တက်ပြီ။
ဒါပြီး၁၅မိနစ်တရားထိုင်ကုန်ကြပြီ ။
အလေ့အကျင့်နော် ကောင်းတာဖြစ်ဖြစ် ဆိုးတာဖြစ်ဖြစ်
ကျင့်ယူရတာနော်၊ အလကားနေရင်းတတ်တာမရှိဘူး ။
ဒီလိုဆို သူတို့လေးတွေ ပါရမီမရှင်သန်နိုင်ဘူးလား ။
( ရှင်သန်နိုင်ပါတယ်ဘုရား ... )

ဒီကလေးတွေက ကျုပ်တို့ ခင်ဗျားတို့ထက်သာတယ်၊
သူတို့က ကျုပ်တို့လိုစိတ်မနှံ့ဘူး ။
ကျုပ်တို့လူကြီးတွေက စိတ်နံ့တာ စကြာဝဠာအထိနှံ့တာဗျ။

စိတ်မနှံ့တာကလေး ဘယ်မှမသွားဘူးလေ၊
အတွေ့အကြုံလည်းဘယ်မှမရှိဘူးလေ၊
သူတို့က ခဏလေးနဲ့ရတာ လူကြီးလိုမဟုတ်ဘူး၊
မြင်တာတော်တော်မြန်ပါတယ် ။

ပြင်ကြည့်ပါ ဥယျာဉ်မှုးက၊
ဆရာသမားများ ရဟန်းများကလည်း
အဲဒီလိုပုံသွင်းပေးကြရမယ် ရှင်ကျန်နေရစ်ရမယ်။
အသွင်းနဲ့တင်မပြီးစေရဘူး သာမဏေတက်ကြရမှာ။

သာသနာနဲ့ကြုံတုန်း ဒီသာသနာမှာသီးရင်သီး၊
နောက်သာသနာဆိုတာလည်း ဒီကမျိုးစေ့ချန်ထားမှလေ၊
မျိုးစေ့မှချန်မထားရင် နောက်သာသနာမှာ
စိုက်စရာပျိုးစရာ ရှိမှာမဟုတ်ဘူးလေ ။

အဲ့တော့ ဒို့က ပြုစုပျိုးထောင်ရမှာ၊
သူတို့ရှင်အောင်ပြုစုပျိုးထောင်ဖို့
မယ်တော် ခမည်းတော်နဲ့ ဥပစ္ဈယ်ဆရာအရေးကြီးဆုံး ။

ဒါရှင်ပြု ဒို့အမြဲပြောနေကြစကားတွေပါ ...
ဒို့ကရှင်အောင်ပြုရမှာနော်...

• လူကလူ
• လူကနတ်
• လူကအရိယာ
အဲဒါရှင်တာ အပင်တက်တာ။
အဲ့သလောက်ထိရှင်အောင်ပြုရမှာဗျ ...
ပြုနိုင်ကြပါ့မလား ရှင်ဒကာ ရှင်ဒကာမတွေက ။
( ကြိုစားပါ့မယ်ဘုရား ...)

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

25/09/2025

"ဘဝအဓိပ္ပါယ်"
🌸🍃🌸🍃🌸

ဒုက္ခကြီးကြီးမားမားကြုံရပြီးမှစိတ်ထားမြင့်မြတ်သွားတဲ့သူတွေအများကြီးရှိပါတယ်။အဲဒီလိုလူအတွက်သူကြုံရတဲ့ဒုက္ခဟာအဓိပ္ပါယ်ရှိတယ်လို့ ခံစားရမယ်...။

သေလောက်တဲ့ရောဂါမျိုးဖြစ်ပြီးမှစိတ်ဓါတ် ရင့်ကျက် လေးနက်မြင့်မြတ်လာတဲ့သူတွေ ရှိတယ်။ပစ္စည်းဥစ္စာတွေ အကုန်လုံးဆုံးရှုံးပြီးမှ ဘဝအဓိပ္ပါယ်ကို
ရှာတွေ့သွားတဲ့သူတွေ ရှိတယ်...။

အဓိပ္ပါယ်ဆိုတာအတွေ့အကြုံတိုင်းမှာ ရနိုင်ပါတယ်။ကိုယ်က မြင်တတ်ဖို့ယူတတ်ဖို့ပဲ လိုတယ်...။

ဒါကြောင့် ကောင်းတာဖြစ်စေဆိုးတာဖြစ်စေ ကြုံရတဲ့အခါမှာ"ဒီအတွေ့အကြုံဟာ ငါ့ကို ပိုပြီးစိတ်ထားကောင်းတဲ့သူပိုပြီးအသိဉာဏ်လေးနက်တဲ့သူဖြစ်စေရမယ်" လို့
သဘောထားရင်အဲဒီအတွေ့အကြုံဟာတန်ဖိုးရှိတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့အတွေ့အကြုံ ဖြစ်လာမယ်...။

ကိုယ် တွေ့ကြုံခံစားရတဲ့ဒုက္ခထဲက လေးနက်တဲ့ အသိဉာဏ်ရအောင် လုပ်နိုင်တဲ့သူ၊
ဒုက္ခကြုံလို့စိတ်ထားပိုပြီးလေးနက်သွားတဲ့သူဟာအောင်မြင်မှုရတဲ့သူလို့ဆိုနိုင်တယ်။

ကောင်းတာတွေ ကြုံရပြီးစိတ်ထားညံ့သွားတဲ့သူဟာရှုံးနိမ့်သွားတဲ့သူလို့ ဆိုနိုင်တယ်။

ဆုံးရှုံးမှုတွေကို ကြုံနေရပေမယ့်ဘဝအဓိပ္ပါယ်ကို ရှာတွေ့လို့ကိုယ့်ဘဝကိုကိုယ်
ကျေနပ်နေတဲ့သူတွေ၊စိတ်ချမ်းသာနေတယ် လို့တောင်ဆိုနိုင်တဲ့သူတွေကို တွေ့နိုင်ပါတယ်...။

ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)

13/09/2025

ဝဋ်
😗
ကိုယ့်တစ်ယောက်တည်း လည်နေသော
ထိုဝဋ်ကို ပို၍ ကြောက်ပါ...

ပတ်ခြာလည်တာ သံသရာခြေရာမဆုံးပြီ.။

၁။ ကြိုက်စွဲ မကြိုက်စွဲတို့သည်ကား
ကိလေသာဝဋ်တည်း
၂။ ထိုအစွဲတို့အတိုင်း ကိုယ်လှုပ်နှုတ်ဖွင့်
ပြုကျင့်ပေးရခြင်းကား ကမ္မဝဋ်တည်း။
၃။ ကိုယ်ပြုကျင့်ထားသောအတိုင်း
ကိုယ်ပြန်လည်ခံစားနေရခြင်းကား
ဝိပါကဝဋ်တည်း။

ဤ၌ ဝဋ်ဟူသည် လည်ပတ်ခြင်းကိုဆို၏။

ကိုယ်ကြိုက်သောအချက် တစ်လည်ကွက်ကွက်
ကြံစည်ပြုကျင့် ခံစားခွင့်ရနေခြင်းတည်း။

ထိုလည်ပတ်မှုသည် ...
(က) မိမိတစ်ဦးတည်းလည်း လည်စေ၏။
( ခ) တစ်ဖက်သားများနှင့်
အပြန်အလှန်လည်း လည်စေ၏။

ထိုတွင် တစ်ဦးတည်း လည်ပတ်မှုကား
၁။ ငါသည်…ကြက်သားစားချင်၏။
ဤတွင် ကိလေသဝဋ် စတင်လိုက် ချေပြီ။

၂။ ငါသည်…မည်သည့်အချိန်
မည်သည့်အကောင်သတ်မည်ဟု
ဆုံးဖြတ်ချက်နှင့်အတူ ထိုအတိုင်း
ကိုယ်နှုတ်နှစ်ပါး တစ်ပါးပါးတို့ဖြင့်
သတ်ချေ သတ်စေ၏။
ကမ္မဝဋ် ဆိုက်လာပြီ။

၃။ ထိုကြက်သားကိုချက်ပြီးသော် စားသုံးမိ၏
ဝိပါကဝဋ်သို့ ထိုးဆိုက်သွားတော့ပြီ။

တစ်ဖန် ...
စားမိက တိုးကြိုက်လာ၏။
တိုးကြိုက်က တိုးစွဲသွားချေရာ
ကိလေသာဝဋ်သို့ တစ်ကြော့ပြန်ချေပြီ။ထိုအစွဲကြီးအတိုင်းလျှင်
ကြံစည်လိုက် ဆုံးဖြတ်လိုက်
ပြုကျင့်လိုက်တို့ဖြင့် တစ်ဘဝလုံးလုံး
ဝဋ်သုံးမျိုး တစ်ဦးတည်း ပတ်လည်
လှည့်နေတော့ရာ…

ကြက်ကြိုက် ကြက်စွဲသမားတို့လည်း
အနားမရတော့ရှာပြီ။
ဝက်ကြိုက်ဝက်စွဲသမားတို့လည်း
အနားမရတော့ပါပြီ။

သည့်အတူ ...
နွားစွဲ ငါးစွဲမှသည် မယားစွဲ သားစွဲတိုင်အောင်သော
အစွဲအငြိသမားအားလုံးလျှင် သက်မဲ့သက်ရှိမကျန်
အပြန်ပြန်အလှန်လှန်အားဖြင့်သော်လည်းကောင်း
အလှန်လှန်အပြန်ပြန်အားဖြင့်သော်လည်းကောင်း
ဝဋ်လည်နေတော့ရာ အားရသည် နားရသည်ဟူ၍
အလျဉ်းမရှိကြပြီ။

စိတ်သည် သူ့ဆန္ဒဖြင့် ရထားသော
ဤကိုယ်ကို အနားမပေးလို၊

ကိုယ်သည်လည်း စိတ်ပေးဘဝချမ်းသာလိုရကား
၎င်းစိတ်ကို အနားမယူစေလို။

ဤသို့ဖြင့် ...
စိတ်ကစားလိုက် ကိုယ်သွားလိုက်၊
တစ်ဖန် ကိုယ်ကစားလိုက် စိတ်သွားလိုက်တို့ဖြင့်
တစ်ဦးနှင့်တစ်ဦးတို့ လှုပ်နေကြရာ ...
အဘယ်မှာ အအားအနား ရပါချိမ့်မည်နည်း။

ဤကား
တစ်ဦးတည်း ဝဋ်လည်နေကြရပုံများတည်း။


မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

02/09/2025

ဘုရားပြောတဲ့ စကား
🌟💥🌟💥🌟💥🌟

ဘုရားစကားက
ဘာပြောလဲ ဆိုတော့ -
❝ သုံးခွန်း ❞ ထဲပဲ ပြောပါတယ်
များများ မပြောပါဘူး •••

အဲဒီ့
စကားသုံးခွန်း လိုက်နာလို့ရှိရင် -
🔹ခုလည်း ကောင်းမယ် ,
နောင်လည်း ကောင်းမယ်
နိဗ္ဗာန်ထိအောင်
ကောင်းခြင်း သုံးမျိုးကိုလည်း
တာဝန်ယူပါတယ် •••

🔹သူလည်း ချမ်းသာမယ် ,
ကိုယ်လည်း ချမ်းသာမယ်
နိဗ္ဗာန်ထိအောင် ချမ်းသာစေနိုင်တဲ့
ချမ်းသာသုံးမျိုးကိုလည်း
တာဝန်ယူပါတယ် •••

🔹ခုလည်း အကျိုးရှိမယ် , နောင်လည်း အကျိုးရှိမယ်
နိဗ္ဗာန်ထိအောင်အကျိုးရှိမယ့်
အကျိုးထူး သုံးမျိုးကိုလည်း
ဗုဒ္ဓဘာသာရဲ့ အဲ့ဒီ့ စကားသုံးခွန်းက
တာဝန်ယူပါတယ် •••

အဲဒီ့စကားသုံးခွန်းက ဘာတုန်းဆိုတော့ -
၁။ မကောင်းတာဆိုရင် မလုပ်နဲ့
၂။ ကောင်းတာဆိုရင်
လုပ်နိုင်သမျှ လုပ်တဲ့
၃။ မိမိ စိတ်ကလေးကို
သန့်ပြန့်စင်ကြယ်အောင် ထားတဲ့။
ဒါလေးသုံးချက် လိုက်နာကြဖို့ပါဘဲ။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး

28/08/2025

ဒေါသအကြောင်း သိကောင်းစရာ
🔥🔥🔥🔥🔥🔥🔥🔥🔥🔥🔥

တစ်နာရီလောက် ပြင်းပြင်းထန်ထန်
သောက ဖြစ်လိုက်ရပြီဆိုရင် စိတ်တိုလိုက်ရပြီဆိုရင် အဲဒီ သောက ဖြစ်လိုက်ရတာဟာ ၁၂နာရီလောက် ပင်ပန်းတဲ့ အလုပ်ကို လုပ်လိုက်ရတာထက် အားပိုကုန်သွားပါတယ်။

အဲဒါကြောင့်မို့လို့
ဒေါသဖြစ်လိုက်တာနဲ့ ချက်ချင်း အဲဒီဒေါသကို ပြန်ကြည့်တဲ့ အလေ့အကျင့်များများလုပ်ပါ။

ဒေါသဖြစ်တာကို သိတာများလာလေလေ
ယောက်ယက်ခက်တာ ကြောက်တာ၊စိုးရိမ်တာတွေ တဖြည်းဖြည်း နည်းလာလေလေပါပဲ။အဲဒါတကယ် လက်တွေ့လုပ်ကြည့်မှပဲ သိမှာပါ။ချက်ချင်းတော့ ဖြစ်မလာဘူး။

တကယ်ကြိုးစားကြည့်တဲ့ အခါမှာ
သောကဖြစ်တဲ့စိတ် စိုးရိမ်တဲ့ စိတ်တွေ
တဖြည်းဖြည်းချင်း လျော့လာတယ်။
အေးချမ်းလာတယ်။
နောက်နေ့မှာ ကိုယ်လုပ်ရမယ့် ကိစ္စကို
ခေါင်းအေးအေးနဲ့ လုပ်နိုင်ပြီးတော့
ပြောစရာ ရှိတဲ့ ကိစ္စကိုလဲ အေးအေးဆေးဆေး ပြောနိုင်လာတယ်။

အရင်ကထက် ကိုယ့်ကိုယ်ကို
ယုံကြည့်မှု အများကြီးတိုးလာတယ်
စဉ်းစားရဲတယ် အေးအေး ဆေးဆေး
စဉ်းစားတယ် မျှမျှတတ စဉ်းစားတယ်
ဆုံးဖြတ်ရဲလာတယ်။

အရင်တုန်းက -
တခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင်
ငါဆုံးဖြတ်တာ မှန်ရဲ့လား ခြေတုန်ချတုန်
ဖြစ်ရတာနဲ့တင် နာရီပေါင်းများစွာ ကုန်သွားတာမျိုး မဖြစ်တော့ဘူး။

အခုတစ်ခုခုကို စဉ်းစားလိုက်ရင်ပဲ
ရှင်းရှင်းလင်းလင်း အေးအေးဆေးဆေး
စဉ်းစားပြီးတော့ ဆုံးဖြတ်လိုက်ရင်လဲ ခိုင်မာတဲ့ဆုံးဖြတ်ချက်ဖြစ်သွားတယ်ပြောစရာဆိုစရာရှိရင်လဲခေါင်းအေးအေး စိတ်အေးအေးနဲ့ပဲ ရှင်းပြလိုက်တယ်။

ဘယ်သူမှ -
သူတပါး အလိုက်အကို ရာခိုင်နှုန်းပြည့် လိုက်လုပ်မပေးနိုင်ဘူး။အဲဒီတော့ ကိုယ်ဘယ်လောက် ကြိုးစားကြိုးစားရာခိုင်နှုန်းပြည်တော့အလိုကျ မဖြစ်ဘူးလို့ သိလာတယ်။

သတိရှိတဲ့လူဟာ
ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိလာတယ်
သတ္တိလဲ ပိုရှိလာတယ် စိတ်ဓါတ်အင်အားတွေ
အသိဥာဏ် အင်းအားတွေ ပိုပိုပြီး တိုးတက်လာတယ် အားရှိလာတယ်။

အဲဒါကြောင့် ဒေါသဖြစ်တာနဲ့ -
ကိုယ်စိတ်ကို ကိုယ်ကြည့်ပြီး သိပြီး ချက်ချင်း
ငြိမ်းချမ်းအောင် အေးချမ်းအောင်နေသွားဖို့ပါပဲ ။

ဆရာတော် ဦးဇောတိက (မဟာမြိုင်တောရ)

Address

Shwe Oo Min Myittar Street
Bago
08016

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595169906

Website

Alerts

Be the first to know and let us send you an email when Shwe Oo Min Vimutti Sukha Forest Meditation Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Oo Min Vimutti Sukha Forest Meditation Centre:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram