02/09/2021
COVID-19 ဗီဇပြောင်းမျိုးကွဲ "မျူ(Mu)" ဗိုင်းရပ်စ် ၃၉ နိုင်ငံတွင် တွေ့ရှိနေဟု WHO ဆို
ဆွစ်ဇာလန်၊ စက်တင်ဘာ ၂
COVID-19 ဗီဇပြောင်းမျိုးကွဲဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် မျူ(Mu) ဗိုင်းရပ်စ်ကို သြဂုတ်လ ၃၀ ရက်အထိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၉ နိုင်ငံတွင် တွေ့ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)ကပြောသည်။ ယင်းကို B.1.621 မျိုးကွဲဟုလည်းခေါ်သည်။
အဆိုပါ မျူ မျိုးကွဲဗိုင်းရပ်စ်အား ကိုလံဘီယာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းက ပထမဆုံးစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကိုလံဘီယာနှင့် အီကွေဒေါနိုင်ငံတို့တွင် ယင်း ဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျှက်ရှိသော်လည်း ကမ္ဘာသို့ပြန့်နှံ့မှုမှာမူ နည်းပါးနေသေးကြောင်းသိရသည်။
မျူ မျိုးကွဲဗိုင်းရပ်စ်သည် ယခင်တွေ့ရှိပြီးသော မျိုးကွဲဗိုင်းရပ်စ်များထက် ကူးစက်မှုပိုမိုလျှင်မြန်ခြင်း(သို့)ရောဂါဖြစ်ပွားမှုပိုမိုပြင်းထန်ခြင်းတို့ရှိကြောင်း သိပ္ပံပညာရှင်တို့ကဆိုသည်။ လက်ရှိတွင်မူ ကမ္ဘာတစ်ဝန်းဝယ် ဒယ်လ်တာ မျိုးကွဲဗိုင်းရပ်စ်ကူးစက်ခြင်းကို ခံနေကြရသည်။ ဒယ်လ်တာအပြင် အက်ပ်ဆီလွန်(Epsilon)နှင့် လမ်ဘဒါ(Lambda) မျိုးကွဲဗိုင်းရပ်စ်များကိုလည်း တွေ့ရှိပြီးဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)သည် အဆိုပါ COVID-19 မျိုးကွဲဗိုင်းရပ်စ်များ၏ အခြေအနေနှင့် ကူးစက်မှုကို စောင့်ကြည့်လေ့လာလျှက်ရှိကာ လိုအပ်သည့် သတိပေးထုတ်ပြန်ချက်များ ထုတ်ပြန်သွားမည်ဖြစ်ကြောင်းသိရသည်။
ကိုးကား
WHO monitoring new coronavirus variant named Mu
Credit-