09/10/2020
#ခြင်ကိုက်ခံရခြင်းရဲ့အန္တရာယ်
ကလေးငယ်တွေကို ခြင်ကိုက်မခံရအောင် မိဘတွေအနေနဲ့ အထူးဂရုပြုသင့်ပါတယ်။ သာမန်အနေနဲ့ကြည့်ရင် ခြင်ကိုက်ခံရတာဟာ ဘာမှအရေးမကြီးဘူးလို့ထင်ရပေမယ့် အဲ့ဒီကိုက်လိုက်တဲ့ခြင်ဟာ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်ပိုးနဲ့ ကပ်ပါးကောင် ကူးစက်ခံထားရတဲ့ ခြင်ဆိုရင်တော့ ကလေးငယ်ဆီမှာပါရောဂါ ဖြစ်စေနိုင်ပါတယ်။
ခြင်ကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တဲ့ရောဂါတွေကတော့ ငှက်ဖျားရောဂါ ၊ သွေးလွန်တုပ်ကွေးရောဂါ ၊ ဆင်ခြေထောက်ရောဂါ ၊ Chikunganya ၊ Yellow Fever အစရှိတာတွေပဲဖြစ်ပါတယ်။ ဒီထဲမှာမှ အဖြစ်များတဲ့ ငှက်ဖျားရောဂါနဲ့ ကလေးများအတွက် အင်မတန်အန္တရာယ်ကြီးတဲ့ သွေးလွန်တုပ်ကွေးရောဂါ ၂ခုအကြောင်း ဖော်ပြချင်ပါတယ်။
#ငှက်ဖျားရောဂါ
ငှက်ဖျားရောဂါဟာ Plasmodium falciparum, Plasmodium vivax,Plasmodium malariae, Plasmodium ovale, Plasmodium knowlesi စတဲ့ ကပ်ပါးကောင်အုပ်စု ကူးစက်ခံထားရတဲ့ Anopheles ခြင် ကိုက်ခံရလို့ ကူးစက်တာဖြစ်ပါတယ်။ ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရပြီး ၃လလောက်အကြာမှာ ရောဂါလက္ခဏာပေါ်လာတတ်ပါတယ်။ အဓိကအားဖြင့် ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒေသကိုသွားပြီး ပြန်လာတဲ့အချိန်မှာ ဖြစ်တတ်ကြပါတယ်။ ရောဂါလက္ခဏာတွေကတော့
⁃ ခေါင်းကိုက်ခြင်း
⁃ နုံးခွေနေခြင်း
⁃ ကြွက်သားများနာကျင်ခြင်း
⁃ ၀မ်းလျှောခြင်း
⁃ ချောင်းဆိုးခြင်း စသည်တို့ဖြစ်ပါတယ်။
အဲဒီရောဂါလက္ခဏာတွေဟာ ပိုမိုပြင်းထန်လာတတ်ပါတယ်။ လူနာဟာ အသားဝါခြင်း၊ သတိလစ်ပြီးတက်သွားခြင်းတို့လည်း ဖြစ်တတ်ပါတယ်။ငှက်ဖျားရောဂါလို့ သံသယရှိပြီဆိုတာနဲ့ ဆေးခန်းအမြန်ပြရပါမယ်။ သွေးထဲမှာ ငှက်ဖျားရောဂါပိုးရှိမရှိ အမြန်ဆုံးစစ်ဆေးရပါမယ်။ ငှက်ဖျားရောဂါလို့ သိရရင်တော့ ဆေးရုံတက်ကုသရပါမယ်။ ကုသမှုတွကတော့ ရောဂါပြင်းထန်မှု၊ နောက်ဆက်တွဲ အင်္ဂါတွေကို ထိခိုက်မှုရှိမရှိနဲ့ ဆုံးဖြတ်ပြီး ဆက်လက်ကုသမှာ ဖြစ်ပါတယ်။
#သွေးလွန်တုပ်ကွေးရောဂါ
ကျွန်မတို့ မြန်မာနိုင်ငံမှာ အင်မတန် အဖြစ်များပြီး ကလေးတွေကို အသက်အန္တရာယ်အများဆုံးပေးနိုင်တဲ့ ရောဂါဖြစ်ပါတယ်။ Dengue viruses (Flaviviruses DENV 1-4 ) တွေကူးစက်ခံထားရတဲ့ Aedes ခြင်ကိုက်လို့ ကူးစက်ခံရတာပဲ ဖြစ်ပါတယ်။ Aedes ခြင်ဟာ နေ့ဘက်မှာကိုက်တဲ့ ခြင်အမျိုးအစားဖြစ်ပါတယ်။
ခြင်ကိုက်ခံရပြီး ၃ရက်ကနေ ၁၄ရက်အတွင်းမှာ ရောဂါလက္ခဏာ ပြတတ်ပါတယ်။ လက္ခဏာတွေကတော့
⁃ ခေါင်းကိုက်ခြင်း
⁃ မျက်လုံးအောင့်ခြင်း
⁃ ကြွက်သားနဲ့ အဆစ်အမြစ်တွေကိုက်ခဲခြင်း
⁃ ခန္တာကိုယ်မှာ အနီစက်လေးများထွက်လာခြင်းတို့ပဲ ဖြစ်ပါတယ်။
စိုးရိမ်ရတဲ့ ရောဂါလက္ခဏာတွေကတော့
⁃ ဗိုက်အောင့်ခြင်း
⁃ အဆက်မပြတ်အန်ခြင်း (အညိုရောင်များ အန်သည့်အထဲတွင်ပါလာခြင်း)
⁃ နှာခေါင်းသွေးယိုခြင်း
⁃ ပါးစပ်၊သွားဖုံးတို့မှ သွေးယိုခြင်း တို့ပဲဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ အထက်ပါသွေးလန့်တဲ့ လက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ အသက်အန္တရာယ်ရှိပါတယ်။ ဆေးရုံမှာ စနစ်တကျဆေးကုသမှု ခံယူမှဖြစ်ပါလိမ့်မယ်။
*ခြင်ကိုက်မခံရအောင်
မိဘတွေအနေနဲ့ မိမိအိမ်နဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ခြင်ပေါက်ဖွားနိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်းတွေ ၊ရေဝပ်နိုင်တဲ့ နေရာတွေကို ရှင်းလင်းသင့်ပါတယ်။ကလေးကိုနေ့ခင်းနေ့လည်တွေမှာ ခြင်ထောင်နဲ့သိပ်သင့်ပါတယ်။ ၃လတစ်ကြိမ် (သို့) ၆လတစ်ကြိမ် ခြင်ဆေးဖျန်းခြင်း လုပ်နိုင်ပါတယ်။ အသက်နှစ်လနှင့်အထက် ကလေးငယ်များကိုတော့ mosquito repellent များလိမ်းပေးလို့ရပါတယ်။
ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ အတိုင်းပါပဲ။ မိဘများဟာ မိမိတို့ရဲ့ ကလေးသူငယ်များကို ခြင်မှတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ မဖြစ်ရအောင် ကြိုတင်ကာကွယ်ပေးထားတာက ပိုမိုသင့်တော်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)