U Zay Yar Oo

U Zay Yar Oo ဗုဒ္ဓဘာသာဝင်တို့ သိသင့်သိထိုက်သော ?

06/09/2025

တရားအားမထုတ်ခင်သိစေချင်(သို့)အဘိဓမ္မာနှင့် ဝိပဿနာအကြောင်းသိကောင်းစရာများ (၉)

ရုပ်တရားအကြောင်း သိကောင်းစရာများ(၂)

(ရှေ့အပိုင်းမှာ ရုပ်တရားက (၂၈)ပါးရှိကြောင်းနဲ့ အဲဒီ ရုပ်တရား(၂၈)ပါးတို့ရဲ့ အမည်နာမတွေကို ဖော်ပြခဲ့ပြီးဖြစ်လို့ အခုအပိုင်းကစပြီး ရုပ်(၁)ပါးချင်းစီတို့ရဲ့ သဘောသဘာဝတွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။)

ရုပ်တရား (၂၈)ပါးကို မဟာဘုတ်ရုပ်နှင့်ဥပါဒါရုပ်ခွဲကြပုံ

Ø ရုပ်တရား (၂၈)ပါးတို့မှာ -
အခြေခံကျပြီး၊ အရေးပါဆုံး(ကြီးကျယ်ထင်ရှားဆုံး)သော ရုပ်တရားများကို #မဟာဘုတ်ရုပ်(သို့)
#မဟာဘူတရုပ် လို့ဆိုပါတယ်။ မဟာဘုတ်ရုပ်က
(၄)ပါးရှိပြီး၊ အဲဒီ(၄)ပါးကတော့ (အများသိနေကျဖြစ်တဲ့)
၁။ ပထဝီ
၂။ အာပေါ
၃။ တေဇော
၄။ ဝါယော ဆိုတဲ့ ဓာတ်ကြီး(၄)ပါးတို့ပဲဖြစ်ပါတယ်။

Ø မဟာဘုတ်(၄)ပါးဖြစ်တဲ့ အဆိုပါ
ဓာတ်ကြီး(၄)ပါးတို့ဟာ.....
တစ်ပါးနဲ့တစ်ပါး အပြန်အလှန် မှီ၍ ကျေးဇူးပြုပြီး
ဖြစ်တည်နေကြတာဖြစ်ပါတယ်။

တစ်ပါးစီ နှစ်ပါးစီ စသည်အားဖြင့် ခွဲထားလို့လည်း မရကောင်းပါဘူး။ တစ်ပါးဖြစ်ရင် ကျန်သုံးပါးပါ ပြိုင်တူဖြစ်ကြပြီး၊ တစ်ပါးပျက်ပြီဆိုရင်လည်း
ကျန်သုံးပါးပါ ပြိုင်တူပျက်ကြတာဖြစ်ပါတယ်။

Ø (မဟာဘုတ်(၄)ပါးမှ အပ ဖြစ်တဲ့)
ကျန် ရုပ်တရား (၂၄)ပါးတို့ကတော့ မဟာဘုတ်(၄)ပါကို အမြဲ အမှီပြုပြီး ဖြစ်တည်လာကြတာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီရုပ်တရားတွေကိုတော့ #ဥပါဒါရုပ် တွေလို့ဆိုပါတယ်။

ဓာတ်

Ø ဓာတ် ဆိုတာ...
ဓာတု ဆိုတဲ့ ပါဠိစကားက လာတာပဲဖြစ်ပြီး၊
ဘယ်လို ပုဂ္ဂိုလ်၊ ဘယ်လို တန်ခိုးရှင်
တို့ရဲ့အလိုကိုမှ လိုက်ပါကြခြင်းမရှိဘဲ၊
သူ့သဘောသူဆောင်ပြီး သူ့သဘာဝအတိုင်း
ဖြစ်တည်နေကြတဲ့ သဘောတရားတွေကို
#ဓာတ် လို့ဆိုခြင်းပဲဖြစ်ပါတယ်။

Ø ပရမတ်တရား‌တွေဖြစ်ကြတဲ့ ရုပ်တရား
နာမ်တရားတွေဟာလည်း သူ့သဘောသူဆောင်ပြီး
သူ့သဘာဝအတိုင်း ဖြစ်နေ ပျက်နေကြတဲ့ သဘောတရားတွေမျှသာပဲဖြစ်တဲ့အတွက်
သူတို့ကိုလည်း ရုပ်ဓာတ်၊ နာမ်ဓာတ်၊ ပထဝီဓာတ်၊ အာပေါဓာတ်၊ မနောဓာတ် စသည်အားဖြင့်
ဓာတ် ဆိုတဲ့ စကားလုံးနဲ့တွဲပြီး သုံးတတ်ကြတာကို
တရားစာပေတွေ လေ့လာကြတဲ့အခါမှာ
တွေ့ကြရမှာဖြစ်ပါတယ်။

ပထဝီဓာတ်

Ø ပထဝီဓာတ်ဆိုတာ... ဓာတ်ကြီး(၄)ပါးမှာ-
အခြေခံအကျဆုံးနဲ့ အရေးအပါဆုံးသော ရုပ်ဓာတ်တစ်ပါးပဲဖြစ်ပြီး၊

ကျန်ရုပ်ဓာတ်မှန်သမျှတွေက သူ့ကို မှီတည်ပြီးမှ ဖြစ်တည်လာကြရတာဖြစ်ပါတယ်။ (တနည်းအားဖြင့်) ရုပ်တရားမှန်သမျှဟာ ပထဝီဓာတ်နဲ့ကင်းပြီး ဖြစ်ရိုးထုံးစံ မရှိတဲ့ သဘောပဲဖြစ်ပါတယ်။

အဲဒီလို အခြေခံကျပြီး အရေးပါဆုံးဖြစ်တဲ့
ပထဝီဓာတ်အကြောင်းကို လေ့လာကြမယ်ဆိုရင်....(အရင်ဆုံး) ပညတ်နဲ့ပရမတ် အကြောင်းကို(အကျဉ်းချုပ်အနေနဲ့) နည်းနည်းလေးပြန်နွေးကြဖို့တော့လိုပါတယ်။

မရှိ ပညတ်၊ ရှိ ပရမတ်

Ø ပညတ်တရားတွေဟာ.....
လောကမှာ အမှန်တကယ်အားဖြင့် ထင်ရှားတည်ရှိနေခြင်း မရှိတဲ့ တရားတွေသာဖြစ်ပါတယ်။
ဒါပေမယ့် လောက လူသားတွေကတော့ ထင်ရှားတည်ရှိနေကြတဲ့ တရားတွေပါလို့သာ ထင်မှတ် စွဲယူနေမိကြပါတယ်။

Ø ပရမတ်တရားတွေကတော့..... ပညတ်တရား
တွေလို မဟုတ်ကြ။ လောကမှာ အမှန်တကယ် ထင်ရှားတည်ရှိနေကြတဲ့ တရားတွေဖြစ်ကြပေမယ့်၊ လောက လူသားတွေကတော့ (ထိုတရားတွေက်ို)
ရှိမှန်းပင် မသိခဲ့ကြ။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ပွင့်တော်မူလာပြီး ဟောကြားပြသပေးမှသာ သိခွင့်ရလာကြရတဲ့ တရားတွေပဲဖြစ်ပါတယ်။

အဲဒါကြောင့် (ပညတ်နဲ့ပရမတ်ဆိုတဲ့)အဲဒီတရား(၂)ပါးကို ရှေး ရှေး သော ဆရာသမားတစ်ချို့က #မရှိ #ပညတ်၊ #ရှိ #ပရမတ် ဆိုပြီး (အကျဉ်းအားဖြင့်) အလွယ် မှတ်သားခိုင်းတတ်ကြခြင်းပဲဖြစ်ပါတယ်။

Ø တကယ်တော့....
ပရမတ်တရားတွေဟာ.......ပညတ်တရားတွေနဲ့
ကင်းပြီး သီးခြားတည်ရှိနေကြတဲ့ တရားတွေမဟုတ်ကြပါဘူး။ ပညတ်တရားတွေထဲမှာပဲ တည်ရှိနေကြတာ ဖြစ်ပါတယ်။ ပညတ်တရားတွေရဲ့ဖုံးအုပ် ကွယ်ကာထားခြင်းကိုခံထားကြရတဲ့အတွက်ကြောင့်သာ သာမာန်အားဖြင့် သိနိုင်မြင်နိုင်ဖို့ မလွယ်ကူရခြင်းပဲဖြစ်ပါတယ်။

ဖုံးအုပ် ကွယ်ကာထားကြတဲ့ ပညတ်တရားတွေကို
ပညာမျက်စိ၊ ဉာဏ်မျက်စိတို့နဲ့ စနစ်တကျ
ဖယ်ခွာကြည့်နိုင်ပါမှသာ သိနိုင်မြင်နိုင်လာကြမှာဖြစ်ပါတယ်။


ပထဝီဓာတ်အကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်....

Ø ပထဝီဓာတ်ဟာ ရုပ်ဓာတ်(၁)ပါးပဲဖြစ်‌တဲ့အတွက်
သူသည် ပညတ် မဟုတ်။ ပရမတ်တရားသာ
ဖြစ်ပါတယ်။ အဲဒါကြောင့် ပထဝီဓာတ်ဆိုတာဟာ..... လောကမှာ အမှန်တကယ် ထင်ရှားတည်ရှိနေမှာလည်းဖြစ်တယ်လို့..... (ဒီလို) အရင်ဆုံး မှတ်သားနားလည်ထားရမှာဖြစ်ပါတယ်။

ပထဝီဓာတ် အမှန်တကယ် ထင်ရှားတည်ရှိနေကြောင်းကို....ဘယ်လိုများသိနိုင်ပါမလဲ ဆိုတော့......

Ø မာသော သဘော၊ ကြမ်းသော သဘော၊ ရှသော သဘော၊ ပျော့သော သဘော၊ နူးညံ့သော သဘော၊ ချောမွတ်သော သဘောဆိုတဲ့ သဘောသဘာဝတွေကို (မိမိတို့ကိုယ်တိုင်)တွေ့သိလာလို့ရှိရင်........
(အဲဒီ သဘော အဲဒီ သဘာဝ၊ အဲဒီ လက္ခဏာတွေဟာ......ပထဝီဓာတ်ရဲ့သဘော၊ ပထဝီဓာတ်ရဲ့
သဘာဝ၊ ပထဝီဓာတ်ရဲ့လက္ခဏာတွေပဲဖြစ်တဲ့အတွက်)......အဲဒါဟာ ပထဝီဓာတ်ကို တွေ့သိလိုက်ခြင်းပဲဖြစ်ပါတယ်တဲ့........။

ဟုတ်ပါပြီ........။ အဲဒါဆိုရင် ပညတ်တရားတွေဖုံးအုပ်ကွယ်ကာထားတဲ့ကြားက ပရမတ်သဘောစစ်စစ်ဖြစ်တဲ့ ပထဝီဓာတ်ကို ဘယ်လိုများ ဖွေရှာကြည့်လို့ရနိုင်မလဲ ဆိုပြန်တော့.........။

ဥပမာ။ ။ မြေအိုးတစ်လုံး..........။

မြေအိုး....ဆိုတာ...... (တကယ်တော့) ပညတ်တစ်ခုပဲဖြစ်ပါတယ်။

(ပရမတ်တရားတွဟာ.......ပညတ်တရားတွေနဲ့ကင်းပြီး သီးခြားတည်ရှိနေကြတဲ့ တရားတွေ မဟုတ်ကြ။ ပညတ်တရားတွေထဲမှာပဲ တည်ရှိနေကြခြင်းဖြစ်၏......လို့ ဆိုထားတာဖြစ်တဲ့အတွက်ကြောင့်......)

ပညတ်တစ်ခုဖြစ်တဲ့မြေအိုးမှာလည်း ....... ပရမတ်တရားဖြစ်တဲ့ ပထဝီဓာတ်ကတော့ ထင်ရှားတည်ရှိနေမှာပဲဖြစ်ပါတယ်......။

ထင်ရှားတည်ရှိနေကြောင်းကို ဘယ်လိုများ
သိနိုင်မလဲဆိုတော့....။

စောစောက မြေအိုးကို လက်ကလေးနဲ့ကိုင်တွယ်
ပွတ်သပ်ကြည့်လိုက်ရမှာဖြစ်ပါတယ်.....။

အဲဒီလို ကိုင်တွယ် ပွတ်သပ်ကြည့်လိုက်တဲ့အခါမှာ...အဲဒီမြေအိုးမှာ......မာသော၊ ကြမ်းသောဆိုတဲ့
သဘောတရားတစ်ခု ထင်ရှားတည်ရှိနေတာကို
(မိမိတို့ရဲ့အသိဉာဏ်ထဲမှာ) တွေ့သိလာကြရမှာဖြစ်ပါတယ်။

ပထဝီဓာတ်ဆိုတာ ဘာလဲလို့ဆိုရင်......

စောစောက မြေအိုးကို ကိုင်တွယ်ပွတ်သပ်ကြည့်ပြီး (မိမိတို့ရဲ့အသိဉာဏ်ထဲမှာ) သိလာရတဲ့....
မာသော ကြမ်းသောဆိုတဲ့ သဘောတရားက‌လေး
ကိုပဲ ပထဝီဓာတ်လို့ ဆိုတာဖြစ်ပါတယ်။

(ဒီနေရာမှာ တစ်ခုသတိထားရမှာက......
မာသော သဘော၊ ကြမ်းသော သဘောတွေ
ကို သိနေတာဟာ.....လက်ကသိနေတာ မဟုတ်။ အသိဉာဏ် (သို့) စိတ်ကသာ သိနေတာဖြစ်တယ်ဆိုတဲ့ အချက်ကိုပဲဖြစ်ပါတယ်။)

မသိတာက ရုပ်၊ သိတာက နာမ်

Ø ရုပ်တရားမှန်သမျှဟာ သိတတ်တဲ့သဘော မရှိကြပါဘူးတဲ့.....။ စိတ်နဲ့ စေတသိက် ဆိုတဲ့ နာမ်တရားတွေကသာလျှင် သိတတ်တဲ့သဘော ရှိကြတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ရှေးဆရာသမားတို့က ရုပ်နဲ့ နာမ်ကို ခွဲခြားမှတ်သားမိလွယ်ဖို့အတွက်...... #မသိတာက #ရုပ်၊ #သိတာက #နာမ် ဆိုပြီး........
အလွယ် မှတ်သားခိုင်းခဲ့ကြခြင်းပဲဖြစ်ပါတယ်။

မြေအိုးနဲ့ ပထဝီဓာတ်အကြောင်းကို ပြန်ဆက်ရမယ်ဆိုရင်....

မြေအိုးတစ်ခုလုံး(နေရာအနှံ့)ကို သေသေခြာခြာလေး ကိုင်တွယ်ပွတ်သပ်ကြည့်လိုက်ပြီး....သမာဓိကလေးထားကာ.....ဆင်ခြင်ကြည့်လိုက်ပါ......။

မြေအိုးတစ်ခုလုံးရဲ့ ဘယ်‌နေရာမှာများ......
မာသော ကြမ်းသောဆိုတဲ့ သဘောတရားနဲ့ လွတ်ကင်းနေတာကို...တွေ့လိုက်ရသလဲလို့.....။

ဘယ်နေရာမှာမှ.....လွတ်ကင်းမနေတာကိုသာ.... တွေ့ကြရမှာဖြစ်ပါတယ်။

(မြေအိုးတစ်ခုလုံးမှာ... ပထဝီဓာတ်နဲ့လွတ်ကင်းနေတဲ့နေရာဆိုတာ .....အပ်ဖျားတစ်ထောက်စာ‌လောက်တောင်ရှိမနေတဲ့ သဘောပဲဖြစ်ပါတယ်။)

တနည်းအားဖြင့်....

မြေအိုးတစ်ခုလုံးကို....(သမာဓိကလေးကောင်းကောင်းထားပြီး) ပထဝီဓာတ်နဲ့သာ
သေသေခြာခြာ ဆင်ခြင်ကြည့်လိုက်မယ်ဆိုရင်.......(ဆင်ခြင်‌နေဆဲ အခိုက်အတန့်တိုင်းမှာ) မြေအိုးဆိုတာကို တွေ့ကြရတော့မှာ မဟုတ်ပါဘဲ.......မာသော သဘော၊ ကြမ်းသော သဘောဆိုတဲ့.....ပထဝီဓာတ်တွေကိုသာလျှင် တွေ့ကြရ‌တော့မယ့်သဘောပဲဖြစ်ပါတယ်လို့ ပြောကြားရင်းဖြင့် အခုအပိုင်းကို
ဒီမှာတင် နိဂုံးချုပ်လိုက်ပါတယ်.......။

(နောက်အပိုင်းမှာတော့- မြေအိုးတစ်လုံးမှာပင်
မြေအိုးဆိုတဲ့ ပညတ် ဘယ်လို ထင်ရှား မရှိပုံ၊ ပထဝီဓာတ်ဆိုတဲ့ ပရမတ် ဘယ်လို ထင်ရှားတည်ရှိနေကြပုံတို့ကို ပညတ်နဲ့ပရမတ်ခွဲခြားပြီး ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။)

01/08/2025

တရားအားမထုတ်ခင်သိစေချင်(သို့)အဘိဓမ္မာနှင့် ဝိပဿနာအကြောင်းသိကောင်းစရာများ (၈)

#ရုပ်တရားအကြောင်း သိကောင်းစရာများ

(ရှေ့အပိုင်း‌တွေမှာ ပညတ်တရား‌တွေနဲ့
ပရမတ်တရားတွေရဲ့ သဘောသဘာဝ တချို့ကို (မိတ်ဆက်အနေနဲ့) အကျဉ်းမျှ ဖော်ပြခဲ့ပြီးဖြစ်လို့
အခုအပိုင်းမှာတော့ ပရမတ္ထတရား(၄)ပါးထဲက
ရုပ်တရားတွေရဲ့ အကြောင်းကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။)

Ø လောကမှာ အမှန်တကယ် ထင်ရှားတည်ရှိနေကြတဲ့ ပရမတ္ထတရားက (၄)ပါးရှိ‌ပေမယ့် ....
တကယ်တမ်း မိမိတို့သန္တာန်မှာ စဉ်ဆက်မပြတ်ဖြစ်ပေါ်နေကြတဲ့ တရားကတော့.........
#စိတ်၊ #စေတသိက်နဲ့ #ရုပ် ဆိုပြီး (၃)ပါးသာ ရှိနေမှာဖြစ်ပါတယ်။ အဲဒီတရား(၃)ပါးကို..... တစ်ခါ..... သဘောတူရာ စုလိုက်မယ်ဆိုရင်တော့.....
ရုပ်တရားနဲ့ နာမ်တရားဆိုပြီး (၂)ပါး ရမှာဖြစ်ပါတယ်။

Ø ရုပ်တရားနဲ့ နာမ်တရား(၂)ပါးတို့မှာ....
ရုပ်တရားတွေက..... အာရုံကို သိတဲ့ သဘော
မရှိကြဘဲ၊ (စိတ်နဲ့ စေတသိက် တို့ပါဝင်နေကြတဲ့)
နာမ်တရားတွေကသာ အာရုံကို သိတတ်တဲ့သဘောရှိကြပါတယ်တဲ့။ အဲဒါကြောင့်လည်း
ရှေ့ဆရာသမားတစ်ချို့က ရုပ်နဲ့ နာမ်ကို ......
(မသိတာက ရုပ်၊ သိတာက နာမ် ဆိုပြီး)......
အလွယ် ခွဲခြား မှတ်သားခိုင်းခဲ့ကြခြင်းပဲဖြစ်
ပါတယ်။

Ø #ရုပ်....... #ရုပ် ဆိုတာ #ရူပ ဆိုတဲ့ ပါဠိစကားက
လာတာဖြစ်ပြီး၊ သူ့မှာ အာရုံကို သိတတ်တဲ့သဘော မရှိပါဘူး။ အဲဒီလို အာရုံကို သိတတ်တဲ့သဘော မရှိတဲ့ ရုပ်တရားက (၂၈)ပါးရှိကြပါတယ်။ အဲဒီရုပ်တရား (၂၈)ပါးတို့ကတော့.....

၁။ ပထဝီ
၂။ အာပေါ
၃။ တေဇော
၄။ ဝါယော
၅။ ဝဏ္ဏ
၆။ ဂန္ဓ
၇။ ရသ
၈။ သြဇ (သို့) အာဟာရ
၉။ ပရိစ္ဆေဒ (သို့) အာကာသ
၁၀။ စက္ခုပသာဒ
၁၁။ သောတပသာဒ
၁၂။ ဃာနပသာဒ
၁၃။ ဇိဝှာပသာဒ
၁၄။ ကာယပသာဒ
၁၅။ သဒ္ဒ
၁၆။ ဟာဒယဝတ္ထု
၁၇။ ဇီဝိတ
၁၈။ ဣတ္ထဘာဝ
၁၉။ ပုမ္ဘာဝ
၂၀။ ကာယဝိညတ်
၂၁။ ဝစီဝိညတ်
၂၂။ လဟုတာ
၂၃။ မုဒုတာ
၂၄။ ကမ္မညတာ
၂၅။ ဥပစယ
၂၆။ သန္တတိ
၂၇။ ဇရတာ
၂၈။ အနိစ္စတာ
တို့ပဲဖြစ်ပါတယ်လို့ ပြောကြားရင်း အခုအပိုင်းကို နိဂုံးချုပ်လိုက်ပါတယ်။

(ရုပ်တစ်ပါးချင်းစီတို့ရဲ့ သဘောသဘာဝတွေကို
နောက်အပိုင်းများမှာ ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။)

27/07/2025

တရားအားမထုတ်ခင်သိစေချင်(သို့)အဘိဓမ္မာနှင့် ဝိပဿနာအကြောင်းသိကောင်းစရာများ (၇)

#ပညတ်နဲ့ပရမတ် (၂)

(ရှေ့အပိုင်းမှာ ပညတ်တရားတွေရဲ့
သဘောသဘာဝ တချို့ကို ဖော်ပြခဲ့ပြီးဖြစ်လို့
အခုအပိုင်းမှာတော့ ပရမတ်တရားတွေရဲ့ သဘောသဘာဝတွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။)

#ပရမတ်အကြောင်း သိကောင်းစရာများ

Ø ပရမတ်ဆိုတာ...... #ပရမတ္ထ ဆိုတဲ့
ပါဠိစကားလုံးက လာတာဖြစ်ပြီး၊ မဖောက်မပြန် မှန်ကန်တည့်မတ်သော အနက်သဘောလို့အဓိပ္ပာယ်ရပါတယ်။

Ø ပရမတ်တရားတွေဟာ....
လောကမှာ အမှန်တကယ်ပဲ ထင်ရှားတည်ရှိ
နေကြတဲ့ တရားတွေဖြစ်ပါတယ်။

အမှန်တကယ် ထင်ရှားတည်ရှိနေကြတဲ့
တရားတွေဆိုပေမယ့်......ပကတိမျက်စိ၊ ပကတိလက်တွေနဲ့ စမ်းသပ်ရှာဖွေပြီး ဆုပ်ကိုင်ကြည့်လို့
ရကောင်းတဲ့တရားတွေတော့ မဟုတ်ကြပါဘူး။
ပညာမျက်စိ၊ ဉာဏ်မျက်စိနဲ့သာ
သိနိုင် မြင်နိုင်တဲ့ တရားတွေပဲဖြစ်ပါတယ်။

အဲဒီလို......... အမှန်တကယ်ပဲ ထင်ရှားတည်ရှိ
နေသော်လည်း ပညာမျက်စိ၊ ဉာဏ်မျက်စိနဲ့သာ
သိနိုင် မြင်နိုင်တဲ့တရားက အကျဉ်းအားဖြင့်
(၄)ပါးရှိပါတယ်။ အဲဒီတရား (၄)ပါးတို့ကတော့....

၁။ စိတ်
၂။ စေတသိက်
၃။ ရုပ်
၄။ နိဗ္ဗာန် တို့ပဲဖြစ်ပါတယ်....။

အဲဒီတရား(၄)ပါးတို့ကို #ပရမတ္ထတရား (၄)ပါးလို့လည်း ဆိုပါတယ်......။

တကယ်တော့......
အဘိဓမ္မာတရားတော်တွေကို လေ့လာ
သင်ယူကြတယ်ဆိုတာဟာ အထက်မှာဖော်ပြခဲ့တဲ့
ပရမတ္ထတရား (၄)ပါးတို့ရဲ့ အကြောင်းကို
လေ့လာသင်ယူကြခြင်းပဲဖြစ်ပါတယ်။

အဲဒီ ပရမတ္ထတရား(၄)ပါးထဲမှာမှ
စိတ်၊ စေတသိက်နဲ့ ရုပ်ဆိုတဲ့ တရား(၃)ပါးတို့ဟာ
မိမိတို့တွေရဲ့သန္တာန်မှာ စဉ်ဆက်မပြတ် ဖြစ်ပေါ်နေကြတဲ့ တရားတွေသာဖြစ်ပြီး၊

တရားအားထုတ်ကြတယ်ဆိုတာဟာလည်း........ အဲဒီတရား(၃)ပါးတို့ရဲ့အကြောင်းကိုပဲ
တတ်သိလိမ္မာလာအောင် လေ့လာသင်ယူပြီး၊ တတ်သိလာတဲ့ အသိဉာဏ်တွေကို
မိမိတို့ခန္ဓာကိုယ်ပေါ်တင်ကာ အဖန်ဖန်အထပ်ထပ် နှလုံးသွင်း ရှုမှတ် ပွားများကြခြင်းပဲဖြစ်ပါတယ်။

(တနည်းအားဖြင့်) ဘာဝနာမယဉာဏ်
ရင့်သန်လာအောင် ကြိုးစားကြခြင်းပဲဖြစ်ပါတယ်။

ဘာဝနာမယဉာဏ် ရင့်သန်လာပြီဆိုပါက
ဝိပဿနာ ဉာဏ်အဆင့်ဆင့်တက်လာမှာဖြစ်ပြီး၊ နောက်ဆုံးမှာ (မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်တို့နဲ့)
နိဗ္ဗာန်ကို မျက်မှောက်ပြုလာနိုင်ကြမှာဖြစ်ပါတယ်။

#ဉာဏ်(၃)မျိုးနဲ့ သိခြင်း(၃)မျိုး

Ø ပရမတ်တရားတွေရဲ့ သဘောသဘာဝတွေကို
လေ့လာကြရာမှာ .......ပိုမိုအကျိုးများပြီး၊
သံသရာအတွက် ထောက်ရာတည်ရာကိုပါ
ဖြစ်စေနိုင်ဖို့အတွက် (အနည်းဆုံး‌) အောက်ပါ ဉာဏ်(၃)မျိုးနဲ့တော့ သိလာကြရအောင်
ကြိုးစားကြရမှာဖြစ်ပါတယ်။

ဉာဏ်(၃)မျိုးနဲ့ သိခြင်း(၃)မျိုးဆိုတာကတော့.......

(၁) မည်သူမဆို ပထမဆုံးအနေနဲ့ ........ကြားဖူး၊
နာဖူး၊ ဖတ်ဖူး၊ မှတ်ဖူးလိုက်တဲ့အခါမှာ......
အသိတစ်ခုတော့ ရလာကြမှာပဲဖြစ်ပါတယ်။
အဲဒီလို ရလာတဲ့အသိမျိုးကို #သုတမယဉာဏ် နဲ့
သိခြင်းမျိုးလို့ဆိုပါတယ်။

(၂) သုတမယဉာဏ်နဲ့သိလိုက်တဲ့ အသိကို .....
အဲဒီနေရာမှာတင်ရပ်မထားပဲ... မိမိတို့ရဲ့
ကိုယ်ပိုင်ဉာဏ်နဲ့ (သဘောရှင်းသွားအောင်) ပြန်လည်ကာ ဆင်ခြင်သုံးသပ်ကြည့်ကြဦးမယ်
ဆိုရင်တော့.....စောစောက သိထားတဲ့အသိထက်
ပို တိုးလာတဲ့ အသိမျိုးနဲ့ သိလာကြမှာဖြစ်ပါတယ်။ အဲဒီလို တိုး သိလာတဲ့ အသိမျိုးကိုတော့
#စိန္တာမယဉာဏ် နဲ့ သိခြင်းမျိုးလို့ ဆိုပါတယ်။

(၃) အထက်က ဉာဏ်(၂)မျိုးနဲ့ သိလာတဲ့အသိကိုမှ တစ်ခါ....မိမိတို့ရဲ့ ခန္ဓာကိုယ်ပေါ် တင်ပြီး
အပြန်ပြန်အထပ်ထပ် နှလုံးသွင်းကြည့်ကြခြင်းအားဖြင့်..... အရင့် အရင် သိထားနှင့်ခဲ့တဲ့
အသိမျိုးတွေထက် ပို၍ ပို၍ တိုး တိုးပြီး
သိလာကြတဲ့ အသိမျိုးနဲ့ ထပ်သိလာကြဦးမှာဖြစ်ပါတယ်။ အဲဒီလို သိလာတဲ့ အသိမျိုးကိုတော့
#ဘာဝနာမယဉာဏ် နဲ့ သိခြင်းမျိုးလို့ ဆိုပါတယ်။

Ø အဘိဓမ္မာတရားတော်တွေကို
လေ့လာသင်ယူကြရာမှာ၊ (တနည်းအားဖြင့်) ပရမတ်တရားတွေရဲ့သဘောသဘာဝ
အကြောင်းတွေကို လေ့လာသင်ယူကြတဲ့
အခါမှာ....သုတမယဉာဏ်နဲ့ သိတဲ့အဆင့်မှာတင် ရပ်မနေကြဘဲ၊ (အနည်းဆုံး)ဘာဝနာမယဉာဏ်နဲ့
သိတဲ့အဆင့်လောက်ထိ ရောက်အောင်တော့ လေ့လာသင်ယူပြီး ပွားများအားထုတ်ထားကြ
သင့်ပါတယ်လို့..... တိုက်တွန်းလိုပါတယ်။

အဲဒီအဆင့်လောက် ရောက်မှလည်း...
ကိုယ်က ဉာဏ်ဣန္ဒြေရင့်ကျက်ပြည့်စုံမှုမရှိသေးလို့
မဂ် ဉာဏ် ဖိုလ်ဉာဏ်ကို မရသေးဘူး ....
ဆိုခဲ့ရင်တောင် (အထုံကလေးပါသွားပြီး) သံသရာအတွက် ထောက်ရာတည်ရာကို‌တော့ ဖြစ်စေနိုင်မှာဖြစ်ပါတယ်လို့ ပြောကြားရင်းနဲ့ပဲ အခု အပိုင်းကို နိဂုံးချုပ်လိုက်ပါတယ်......။ ။

(နောက်အပိုင်းမှာ ပရမတ်တရား‌(၄)ပါးထဲ
ကမှ ရုပ်တရားတွေရဲ့ အကြောင်းကို ဥပမာ
တချို့နဲ့အတူ ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ။)

22/07/2025

တရားအားမထုတ်ခင်သိစေချင်(သို့)အဘိဓမ္မာနှင့် ဝိပဿနာအကြောင်းသိကောင်းစရာများ (၆)

#ပညတ်နဲ့ပရမတ် (၁)

Ø အဘိဓမ္မာနဲ့ ဝိပဿနာတရားတော်တွေကို လေ့လာကြရာမှာ ပညတ်သဘောနဲ့ ပရမတ် သဘောတွေကိုတော့ (ဦးစွာ) ခွဲခြားပြီး
သိထားကြဖို့လိုပါတယ်။ အဲဒါကြောင့်
အခုအခန်းမှာ ပညတ်တရားတွေရဲ့ သဘောသဘာဝတွေကို (မိတ်ဆက်အနေနဲ့) အကျဉ်းမျှ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

#ပညတ် အကြောင်းသိကောင်းစရာ

Ø ပညတ်ဆိုတာ... #ပညတ္တိ ဆိုတဲ့ ပါဠိစကားလုံးက
လာတာဖြစ်ပြီး၊ #ဟောပြသိစေအပ်ခြင်း
လို့အဓိပ္ပာယ်ရပါတယ်။

Ø လူတို့၊ နတ်တို့ရဲ့ပါးစပ်ဖျားမှ ထွက်ပေါ်လာ
ကြတဲ့ (အများက သဘောတူ လက်ခံထားကြပြီး
ခေါ်ဝေါ်သုံးစွဲ နေကြတဲ့) လူ၊ ခွေး၊ ဝက်၊ ကြက်၊ ငှက်၊ အိမ်၊ ကျောင်း၊ ဇရပ်၊ စားပွဲ၊ ကုလားထိုင်၊ မော်တော်ကား၊ မီးရထား၊ မောင်အောင်၊ ဦးလှ
စတဲ့ အခေါ်အဝေါ် အမည်နာမ မှန်သမျှတွေကို
ပညတ်တရားတွေပါလို့.....ဒီလို
အလွယ်မှတ်မယ်ဆိုလည်း မှတ်လို့ရပါတယ်။

Ø အမည်နာမတွေကို အစွဲပြုပြီးခေါ်တဲ့အခါမှာ...
#နာမပညတ်၊
ပုံစံသဏ္ဌာန်တွေကို အစွဲပြုပြီးခေါ်တဲ့အခါမှာ ....
#သဏ္ဌာနပညတ်၊
အမှတ်အသားတွေကို အစွဲပြုပြီးခေါ်တဲ့အခါမှာ...
#သင်္ကေတပညတ်၊
အရပ်မျက်နှာတွေကို အစွဲပြုပြီးခေါ်တဲ့အခါမှာ....
#ဒိသာပညတ်၊
အချိန်ကာလကို အစွဲပြုပြီးခေါ်တဲ့အခါမှာ...... #ကာလပညတ် စသည်အားဖြင့်
ပညတ်အမျိုးပေါင်းများစွာက‌တော့ ရှိ‌နေမှာ
ဖြစ်ပါတယ်။

Ø သတ္တဝါတွေဟာ ထို ထို သော ပညတ်တရားတွေ
ကို အမှန်တကယ်ပဲ ထင်ရှားတည်ရှိနေကြတဲ့တရားတွေပါလို့ (သံသရာအစကတည်းက) ထင်မှတ်လာခဲ့ကြတာလည်းဖြစ်ပါတယ်။

အမှန်တကယ်အားဖြင့်ကတော့ ထို့သို့မဟုတ်.......။

ပညတ်တရားတွေဆိုတာ......အများက လက်ခံသမုတ်ပြီး ခေါ်ဝေါ်သုံးစွဲနေကြတဲ့
အမည်နာမတွေ၊ အဲဒီအမည်နာမတွေနဲ့
ဖော်ပြပေးထားတဲ့ အထည်ဝတ္ထုတွေ၊
အသွင်သဏ္ဌာန်တွေမျှသာပဲဖြစ်ပါတယ်။

သူတို့ရဲ့နောက်ကွယ်မှာ ဘာအနှစ်အသားမှ
ထင်ရှားတည်ရှိ မနေပါဘူး.......။

ဘယ်လို မရှိတာလဲ.......? ဘာကို ဆိုလိုတာလဲ....?
ဆိုတော့.......

Ø ပညတ်တရာတွေဟာ......
အသွင်သဏ္ဌာန်ကလေးတည်နေတဲ့ အချိန်မှာသာ ထင်ရှားတည်ရှိနေကြတယ်လို့ ထင်နေရပေမယ့်၊
အသွင်သဏ္ဌာန်‌ပျောက်ပျက်သွားတာနဲ့
သူပါ တစ်ပါတည်း ကွယ်ပျောက်သွားတာ
ဖြစ်တဲ့အတွက် အမှန်တကယ် ထင်ရှားတည်ရှိနေတဲ့ တရားမဟုတ်ခြင်းပဲဖြစ်ပါတယ်.....။

ဥပမာ- စားပွဲတစ်လုံး။ ။ စားပွဲ ဆိုတာဟာလည်း (ခြေလေးချောင်းနဲ့အခင်းတစ်ခု တပ်ဆင်ထားတဲ့) အသွင်သဏ္ဌာန်ကိုအစွဲပြုပြီး ခေါ်ဝေါ်သမုတ်ထားတဲ့ ပညတ်တစ်ခုသာပဲဖြစ်ပါတယ်။

ကော်နဲ့ပြုလုပ်ထားတယ်ဆိုရင်....ကော်စားပွဲ၊ သစ်သားနဲ့ပြုလုပ်ထားတယ်ဆိုရင်....သစ်သားစားပွဲ၊ သံနဲ့ပြုလုပ်ထားတယ်ဆိုရင်.....သံစားပွဲလို့ ခေါ်ကြမှာဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေ..... စားပွဲဆိုတဲ့ ပညတ်ဟာ.....
ခြေလေးချောင်းနဲ့အခင်းတစ်ခု
ပေါင်းစုပြီး အသွင်သဏ္ဌာန်ထွက်ပေါ်နေတဲ့
အခိုက်အတန့်မှာသာ ထင်ရှားတည်ရှိနေတယ်လို့ ထင်နေရတာဖြစ်ပါတယ်။ ခြေလေးချောင်းနဲ့ အခင်းတွေကိုသာ တစ်စစီဖြုတ်ပြီး ပုံထားကြည့်လိုက်ပါ။
စားပွဲဆိုတာရှိတော့မှာ မဟုတ်ပါဘူး။

သစ်သားစားပွဲဆိုပါက........ သစ်သားပုံ၊
သံစားပွဲဆိုပါက........... သံပုံ၊
ကော်စားပွဲဆိုပါက.......... ကော်ပုံ ဖြစ်သွားမှာဖြစ်ပါတယ်။

သစ်သားပုံ၊ သံပုံ၊ ကော်ပုံတွေထဲမှာ...စားပွဲဆိုတာရှိသေးလားလို့ ရှာဖွေကြည့်လိုက်ပါ။ အစ အန
အရိပ် အယောင်ကိုတောင် ရှာလို့တွေ့ရတော့မှာ မဟုတ်ပါဘူး။

အဲဒီလိုမျိုး.....
အသွင်သဏ္ဌာန် ပျောက်ပျက်သွားတာနဲ့ သူပါ တစ်ပါတည်း ကွယ်ပျောက်သွားတာမျိုးဖြစ်တဲ့အတွက်.....ပညတ်တရားတွေဟာ အမှန်တကယ် ထင်ရှားတည်ရှိနေကြတဲ့ တရားတွေ မဟုတ်ကြလို့ ဆိုခြင်းပဲဖြစ်ပါတယ်.....။

ဒီ့အပြင်......
ဉာဏ်နဲ့ခွဲခြမ်းစိတ်ဖြာပြီး ဆင်ခြင်ကြည့်လိုက်မယ်ဆိုရင်လည်း......

(မိမိတို့က ထင်ရှားတည်ရှိနေကြပါတယ်လို့
ထင်မှတ်ယူဆထားကြတဲ့) ပညတ်တရားတွေဟာ
ဆင်ခြင်ဆဲ အခိုက်အတန့်တိုင်းမှာ
ကွယ်ပျောက်နေမှာသာဖြစ်တဲ့အတွက်
အမှန်တကယ် ထင်ရှားတည်ရှိနေတဲ့ တရား
မဟုတ်ခြင်းပဲဖြစ်ပါတယ်.....။

ဥပမာ။ ။ မိမိတို့ရဲ့မျက်စိရှေ့မှာ စာပွဲတစ်လုံးကို မြင်နေရတယ် ဆိုပါစို့......။ အဲဒီစာပွဲရဲ့အခင်းကို
လက်ကလေးနဲ့ တို့ထိကြည့်လိုက်ပြီး...
သမာဓိကလေး ကောင်းကောင်းထားကာ ဆင်ခြင်ကြည့်လိုက်ပါ.........။ ငါ တို့ထိကြည့်နေတာဟာ စားပွဲမှ ဟုတ်ရဲ့လားလို့......။

စားပွဲ မဟုတ်.......အခင်းသာ ဖြစ်နေကြောင်းကို တွေ့လာရပါလိမ့်မယ်......။ ထို့အတူ ‌စားပွဲရဲ့
ထောက်တိုင်တွေ၊ ဘောင်တန်းတွေကိုလည်း
တစ်ခုချင်း တစ်ခုချင်းကို တို့ထိကြည့်ပြီး ဆင်ခြင်ကြည့်လိုက်ပါ.........။ ဘယ်အရာကများ စားပွဲဟုတ်နေသလဲလို့.....။ ဘယ်အရာကမှ
စားပွဲ ဟုတ်မနေတာကို တွေ့ကြရမှာဖြစ်ပြီး၊ ဆင်ခြင်ဆဲ အခိုက်အတန့်တိုင်းမှာ စားပွဲဆိုတဲ့ ပညတ် ကွယ်ပျောက်နေတာကိုသာ တွေ့ကြရမှာဖြစ်ပါတယ်........။

အဲဒီလို.......
ဉာဏ်နဲ့ခွဲခြမ်းစိတ်ဖြာပြီး ဆင်ခြင်ကြည့်လိုက်တိုင်းမှာလည်း ကွယ်ပျောက်နေကြတာသာဖြစ်တဲ့အတွက် ပညတ်တရားတွေဟာ အမှန်တကယ် ထင်ရှားတည်ရှိနေကြတဲ့ တရား‌တွေ မဟုတ်ကြလို့ ဆိုခြင်းပဲဖြစ်ပါတယ်.....။

(မှတ်ချက်။ ။ စားပွဲ ဆိုတဲ့ပညတ်ရဲ့‌
နေရာမှာ......အခြား အခြားသော ပညတ်တရားတွေဖြစ်ကြတဲ့ တော၊ တောင်၊ ရေ၊ မြေ၊ သမုဒ္ဒရာ၊ ခွေး၊ ဝက်၊ ကြက်၊ ငှက်၊ အိမ်၊ ကျောင်း၊ ဇရပ်၊ မော်တော်ကား၊ မီးရထား၊ လူ၊ နတ်၊ ဗြဟ္မာ၊ အသက်၊ လိပ်ပြာ၊ ယောကျာ်း၊ မိန်းမ
စသည်တို့ကိုထား၍ ဆင်ခြင်ကြည့်ကြမယ်
ဆိုရင်လည်း.....အထက်ပါ သဘောအတိုင်းပဲ......
ထို ထို သော ပညတ်တရားတွေဟာလည်း ကွယ်ပျောက်နေကြတာကိုသာ တွေ့ကြရမှာဖြစ်ပါတယ်။ ။)

#သမ္မုတိသစ္စာ

Ø (သဘာဝအားဖြင့် မှန်နေတာမျိုးမဟုတ်သော်လည်း) အများက သဘောတူလက်ခံ
ထားကြတဲ့အတွက်ကြောင့် မှန်နေတာတွေကို #သမ္မုတိသစ္စာ တွေလို့ဆိုပါတယ်။

Ø ပညတ်တရားတွေဟာ (အထက်တွင်ဖော်ပြပြီးသကဲ့သို့) အမှန်တကယ်အားဖြင့် ထင်ရှားတည်ရှိနေကြတာမဟုတ်သော်လည်း အများက သဘောတူလက်ခံထားကြတာဖြစ်တဲ့အတွက် သမ္မုတိသစ္စာတွေပဲဖြစ်ပါတယ်။

ပညတ်တရားတွေဟာ သမ္မုတိသစ္စာတွေပဲ
ဖြစ်တဲ့အတွက် ပစ်ပယ်လိုက်ဖို့ မလိုပါဘူး........။

ပစ်ပယ်လို့လည်း မရနိုင်ပါဘူး.......။

လောကီကိစ္စတွေ ပြီးမြောက်ဖို့ရာအတွက်
ပညတ်တွေကို မဖြစ်မနေ သုံးနေကြရဦးမှာဖြစ်ပါတယ်။ ဥပမာ- စားပွဲပေါ်မှ စာအုပ်တစ်အုပ်ကို တစ်စုံတစ်ဦးအား ယူခိုင်းချင်တဲ့အခါမှာ စာအုပ်နဲ့စားပွဲဆိုတဲ့ ပညတ်တွေကို မဖြစ်မနေ
သုံးကြရမှာဖြစ်ပါတယ်။

ပညတ်တရားတွေကို ပစ်ပယ်လိုက်မယ်ဆိုပါက..... သမုတိသစ္စာကို ချိုးဖောက်ကြရာ‌ ရောက်မှာဖြစ်ပါတယ်။ (အခန့်မသင့်ရင်) အပါယ်ပါ ကျသွားကြဦးမှာဖြစ်ပါတယ်။

ဥပမာ ‘အမေ’ ‘အဖေ’ဆိုတာတွေဟာလည်း
ပညတ်တွေပဲ.......။ ပညတ်တွေပဲဖြစ်တဲ့အတွက် (အဲဒီ ပညတ်တွေကိုပစ်ပယ်ပြီး) ပြစ်မှားမိမယ်ဆိုရင်တော့ အပါယ်ကျကြရမှာ မလွဲပါဘူး.......။

သမုတိသစ္စာကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင်သည်ပင်လျှင် မပစ်ပယ်ခဲ့ပါဘူး။

အဲဒါကြောင့်.........ပညတ်တရားတွေကို
ပစ်ပယ်ရမယ့် တရားတွေပါလို့ မယူဆကြဘဲ၊

အမည်နာမ‌တွေရဲ့နောက်ကွယ်မှာ
အနှစ်အသားတွေအနေနဲ့ တကယ်မရှိကြမှန်းကို ဉာဏ်နဲ့ပိုင်းခြားပြီး သိနိုင်ကြအောင်သာ
ကြိုးစားကြရမှာဖြစ်ပါတယ်။

အဲဒါမှသာ..... ထို ထိုသော ပညတ်တရားတွေရဲ့
အပေါ်မှာ စွဲလမ်းနေကြမှု၊ ငြိတွယ်နေကြမှုတွေကို
တဖြည်းဖြည်းနဲ့ လျှော့ချလာနိုင်ကြမှာဖြစ်ပါတယ်လို့ ပြောကြားရင်း...... နိဂုံးချုပ်လိုက်ပါတယ်....။ ။

(ဆက်လက်ဖော်ပြပါဦးမည်။)

24/10/2024

တရားအားမထုတ်ခင်သိစေချင်(သို့)အဘိဓမ္မာနှင့် ဝိပဿနာအကြောင်းသိကောင်းစရာများ (၅)

အဘိဓမ္မာအကြာင်း သိ‌ကောင်းစရာများ-၂

အဘိဓမ္မာ သမိုင်းကြောင်း(အကျဉ်း)

(ရှေ့ အပိုင်းမှာ အဘိဓမ္မာရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့အတူ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တရားတော်တွေကို ပိဋကတ်(၃)ပုံခွဲ‌ဝေပုံ၊
နိကာယ်(၅)ရပ်ခွဲဝေပုံ စတာတွေကို
ဗဟုသုတအနေနဲ့ (အကျဉ်းမျှ)ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုအပိုင်းမှာတော့ အဘိဓမ္မာရဲ့သမိုင်းကြောင်း(အကျဉ်း)ကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။)

အဘိဓမ္မာအစ ရတနာဃရသတ္တာဟ

Ø အဘိဓမ္မာရဲ့အစဟာ #ရတနာဃရသတ္တာဟ
လို့ဆိုရမှာဖြစ်ပါတယ်။ ဘာ့ကြောင့်များလဲဆိုရင်......

အဘိဓမ္မာတရားတော်တွေကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက အဲဒီ ရတနာဃရသတ္တာဟမှာမှ စပြီး ဆင်ခြင်သုံးသပ်တော်မူခဲ့တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

(အဓိပ္ပာယ်ရှင်းလင်းချက်။ ။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘုရားဖြစ်တော်မူပြီး (၂၂)ရက်မြောက်နေကနေ(၂၈)ရက်မြောက်နေ့အထိ
(၇)ရက်တာအတွင်းမှာ(နတ်တို့ဖန်ဆင်းထားတဲ့ရတနာဃရရွှေအိမ်မှာ စံတော်မူပြီး) အဘိဓမ္မာတရားတော်တွေကို ဆင်ခြင်သုံးသပ်တော်မူခဲ့ပါတယ်။ အဲဒီလို အဘိဓမ္မာတရားတော်တွေကို
ဆင်ခြင်သုံးသပ်‌တော်မူခဲ့တဲ့(၇)ရက်တာကိုပဲ #ရတနာဃရသတ္တာဟ လို့ဆိုခြင်းဖြစ်ပါတယ်။)

Ø ရတနာဃရသတ္တာဟမှာ ဆင်ခြင်သုံးသပ်တော်မူ
ခဲ့တဲ့ အဘိဓမ္မာတရားတော်တွေကို စပြီးဟောကြားတော်မူခဲ့တာကတော့ လူ့ပြည်မှာ မဟုတ်ပါဘူး။ တာဝတိံသာနတ်ပြည်မှာပါ။ ဘုရားဖြစ်ပြီး(၇)ဝါမြောက်မှာ မယ်တော်အမိနတ်သားကို အမှူးထားပြီး စင်္ကြာဝဠာတိုက်တစ်သောင်းက နတ်ဗြဟ္မာတွေကို ဝါတွင်း(၃)လပတ်လုံး ဟောကြားတော်မူခဲ့တာပါ။ ဟောကြားတဲ့အခါမှာလည်း မရပ်မနားဘဲ တစ်ဆက်တည်းဟောကြား‌တော်မူခဲ့ခြင်းဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ လူသား ဘုရားဖြစ်တဲ့အတွက် ဆွမ်းဘုဉ်းပေးဖို့အချိန်ရောက်လာတဲ့အခါကျရင် လူ့ပြည်ကိုပြန်ဆင်းပြီး၊ မြောက်ကျွန်းမှာဆွမ်းခံကြွကာ၊
ဟိမဝန္တာတောင် အနောတတ်ရေအိုင်အနီး စန္ဒကူးပင်အောက်မှာ ဆွမ်းဘုဉ်းပေးတော်မူပါတယ်။ အဲဒီအချိန် တာဝတိံသာနတ်ပြည်မှာ တရားဆက်ဟောဖို့ #နိမ္မိတရုပ်ပွားတော်ကို ဖန်ဆင်းထားခဲ့တယ်လို့ဆိုပါတယ်။ လူ့ပြည်ဆင်းလာပြီး ဆွမ်းလာဘုဉ်းပေးတဲ့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကို လာရောက်ပြီး ဝတ်ကြီး ဝတ်ငယ် ပြုပေးတာကတော့ #ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီး
ပဲဖြစ်ပါတယ်။ အဲဒီလိုလာရောက်ပြီး ဝတ်ကြီး
ဝတ်ငယ် ပြုပေးတဲ့ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက တာဝတိံသာနတ်ပြည်မှာ သူ တစ်နေ့တာဟောခဲ့တဲ့ အဘိဓမ္မာတရား‌တော်တွေကို အကျဉ်းချုံးပြီး
ပြန်ဟောပေးခဲ့ပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး အကျဉ်းချုံး ဟောကြားပေး
တော်မူခဲ့တဲ့ အဘိဓမ္မာတရားတွေကို
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက (တစ်ခါ)
သူ့တပည့် ရဟန်း (၅၀၀)တို့ကို မကျဉ်း မကျယ်နည်းနဲ့ ပြန်ဟောကြားပေးခဲ့ပါတယ်။ လူ့ပြည်မှာ
အခုထိတိုင်အောင် ပြန့်ပွားနေကြတဲ့ အဘိဓမ္မာတရား‌တော်တွေဟာ..... မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး တာဝတိံသာနတ်ပြည်မှာ (အကျယ်အားဖြင့်)ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေမဟုတ်ကြသလို၊ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးကို စန္ဒကူးပင်အောက်မှာ ‌(အကျဉ်းအားဖြင့်) ဟောကြားတော်မူခဲ့တဲ့
တရားတော်တွေလည်း မဟုတ်ကြပါဘူး။
ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးက သူ့တပည့် ရဟန်း (၅၀၀)တို့ကို (မကျဉ်းမကျယ်အားဖြင့်) ပြန်လည်ဟောကြားပြသပေးတော်မူခဲ့တဲ့ တရား‌တော်တွေပဲဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး
ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်းကနေ အခုချိန်အထိ သင်္ဂါယနာ(၆)ကြိမ်တိုင်တိုင်တင်ထားပြီးသားဖြစ်တဲ့ အဘိဓမ္မာကျမ်းက....(၇)ကျမ်းဖြစ်ပါတယ်။ အဒီ(၇)ကျမ်းကို အကျဉ်းချုံးပြီး အနှစ်ထုတ်ထားတဲ့ကျမ်းကို #အဘိဓမ္မတ္ထသင်္ဂဟကျမ်း လို့ဆိုပါတယ်။
( #သင်္ဂြိုဟ်ကျမ်း လို့လည်း ခေါ်ပါတယ်။ အပိုင်း(၉)ပိုင်း ပါဝင်ပါတယ်။ အဲဒီကျမ်းကို
ပြုစုခဲ့တဲ့ပုဂ္ဂိုလ်က သီရိလင်္ကာနိုင်ငံက
#အရှင်အနုရုဒ္ဓါ ဆိုတဲ့ မထေရ်တစ်ပါးပဲဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ အဘိဓမ္မာကိုလေ့လာနေသူတွေ သင်ယူနေကြတာကလည်း
အဲဒီ အရှင်အနုရုဒ္ဓါမထေရ်ပြုစုခဲ့တဲ့
အဘိဓမ္မတ္ထသင်္ဂကျမ်းကိုပဲဖြစ်ပါတယ်။
အဲဒီကျမ်းကို ကျေညက်သွားပြီဆိုမှ
အဘိဓမ္မာနဲ့ပါတ်သက်တဲ့ တခြားတခြား
ကျမ်းတွေကို ဆက်လက်လေ့လာကြရတာ
ဖြစ်ပါတယ်လို့ပြောကြားရင်း .....
အဘိဓမ္မာအကြာင်း သိ‌ကောင်းစရာများ-၂ကို နိဂုံးချုပ်လိုက်ပါတယ်။

(မှတ်ချက်။ ။ ဝိပဿနာဘာဝနာကို
နည်းမှန် လမ်းမှန်နဲ့ စနစ်တကျ ပွားများအားထုတ်ချင်ပေမယ့်......

အဘိဓမ္မာသင်တန်းတွေ ဘာတွေကို
အချိန်ပေးပြီး သင်ယူဖို့ကြပြန်တော့
အဆင်မသင့်ကြသေးပါဘူးလို့ ဆိုသူတွေအတွက် (အဓိကရည်ရွယ်ကာ)......

အခြေခံအားဖြင့် သိရှိနားလည်ထားကြသင့်တဲ့
အဘိဓမ္မာသဘောတရားတွေကို နောက်အခန်းကနေစပြီး ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။)

17/10/2024

တရားအားမထုတ်ခင်သိစေချင်(သို့)အဘိဓမ္မာနှင့် ဝိပဿနာအကြောင်းသိကောင်းစရာများ (၄)

အဘိဓမ္မာအကြာင်း သိ‌ကောင်းစရာများ-၁

Ø #အဘိဓမ္မာ......အဘိဓမ္မာဆိုတာ..... အဘိ နဲ့ ဓမ္မကိုပေါင်းစပ်ထားတာဖြစ်ပါတယ်။ #အဘိ
ဆိုတာက- သာလွန်ထူးမြတ်သောလို့ အဓိပ္ပာယ်ရပြီး၊
#ဓမ္မ ဆိုတာကတော့ တရားလို့ အဓိပ္ပာယ်ရပါတယ်။
အဲဒါကြောင့် အဘိဓမ္မာတရားတော်တွေဟာ
သာလွန်ထူးမြတ်တဲ့ တရား‌တော်တွေလို့....
ဒီလို ဦးစွာ မှတ်ယူထားရမှာဖြစ်ပါတယ်။ ဘယ်လို သာလွန် ထူးမြတ်‌နေတာပါလဲ ဆိုရင်တော့......

Ø မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာဆိုတဲ့ ပိဋကတ်(၃)ပုံထဲမှာ -
#သုတ္တန်ပိဋကနဲ့ #ဝိနည်းပိဋကတို့က
ဓမ္မက္ခန္ဓာပေါင်း (၂၁၀၀၀)စီသာပါဝင်နေကြပြီး၊
#အဘိဓမ္မာပိဋက ထဲမှာကတော့ ဓမ္မက္ခန္ဓာပေါင်း (၄၂၀၀၀)တောင်ပါဝင်နေတာဖြစ်တဲ့အတွက်
#ဓမ္မက္ခန္ဓာအားဖြင့် သာလွန်နေတာက
တစ်ကြောင်း.......။

#သုတ္တန်နဲ့ဝိနည်းပိဋကတွေထဲက တရားဒေသနာ
တော်တွေဟာ... #ပုဂ္ဂိုလ်သတ္တဝါတွေနဲ့ဆက်စပ်ပြီး ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေဖြစ်ပြီး၊
#အဘိဓမ္မာပိဋကထဲက တရားဒေသနာတော်တွေကတော့ #ပုဂ္ဂိုလ်သတ္တဝါမဖက်ဓမ္မသဘောသက်သက်ကိုသာ ထူးခြားလေးနက်စွာ ဟောကြားတော်မူခဲ့တဲ့ ဒေသနာတော်တွေဖြစ်နေတာကတစ်ကြောင်း.....။

ဒီ့အပြင် #အဘိဓမ္မာဒေသနာတော်‌တွေကိုဟောကြားတော်မူပုံမှာ (သုတ္တန်ဒေသနာတော်တွေကို ဟောကြားတော်မူပုံထက်) #ပိုမိုကျယ်ဝန်းနက်နဲအနုစိပ်ပြီး #ပြည့်စုံလွန်းနေတာက
တစ်ကြောင်း.......အစရှိတဲ့ အကြောင်းကြောင်းတွေကြောင့်ပဲ အဘိဓမ္မာတရားတော်တွေဟာ သာလွန် ထူးမြတ်နေရခြင်းဖြစ်တယ်လို့ဆိုပါတယ်။

(မှက်ချက်။ ။ဆက်လက်ပြီး.... မြတ်စွာဘုရားရှင်ကိုယ်‌တော်မြတ်ကြီးရဲ့တရားတော်တွေကို ပိဋကတ်(၃)ပုံ ခွဲဝေပုံနဲ့ နိကယ်(၅)ရပ် ပိုင်းခြားပုံတို့ကို (ဗဟုသုတအနေနဲ့) ဖော်ပြပေးသွားပါဦးမယ်။)

ပိဋကရဲ့အဓိပ္ပာယ်

Ø #ပိဋကဆိုတာကတော့ #ခြင်းတောင်း(သို့) #သင်ယူရမည့်ကျမ်းစာလို့ အဓိပ္ပာယ်ရပါတယ်။
အဲဒါကြောင့် ပိဋကတ်(၃)ပုံဆိုတာဟာ..... မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့
တရားတော်တွေကို တူရာ တူရာ စုပြီးထည့်ထားတဲ့ တရားခြင်းတောင်း(၃)တောင်း (သို့) သင်ယူရမည့် ကျမ်းစာ (၃)မျိုးလို့.... ဒီလို မှတ်ယူထားနိုင်ပါတယ်။

ပိဋကတ်(၃)ပုံခွဲဝေပုံနှင့် ၎င်းတို့ကို အာဏာဒေသနာ၊ ဝေါဟာရဒေသနာ၊ ပရမတ္ထဒေသနာ
စသည်အားဖြင့်‌ခေါ်ဆိုပုံ

Ø မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး
သက်တော်ထင်ရှားရှိစဉ် (၄၅)ဝါ ကာလပတ်လုံး
မနေမနား ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေကို အစုလိုက် အစုလိုက် ရေတွက်ကြည့်မယ်ဆိုရင်
ဓမ္မက္ခန္ဓာ(တရားအစု)ပေါင်း (၈၄၀၀၀)ရှိတယ်လို့ဆိုပါတယ်။ အဲဒီတရားတော်တွေကို
(အကျဉ်းအားဖြင့်တော့) #ဝိနယနဲ့ဓမ္မ ဆိုပြီး (၂)မျိုးခွဲခြားနိုင်သလို၊ အဲဒီ (၂)မျိုးထဲကမှ #ဓမ္မကို-
#သုတ္တန္တဓမ္မနဲ့အဘိဓမ္မရယ်လို့ ထပ်ခွဲလိုက်တဲ့အခါမှာ...... ဝိနည်းပိဋက၊ သုတ္တန်ပိဋကနဲ့
အဘိဓမ္မာပိဋကဆိုတဲ့ #ပိဋကတ်(၃)ပုံရလာတယ်လို့ဆိုပါတယ်။

Ø ဝိနည်းပိဋကထဲက တရား‌ဒေသနာတွေဟာ....
သံဃာ့အဖွဲ့အစည်းအနေနဲ့ လိုက်နာ ကျင့်သုံးရမယ့် စည်းကမ်း နည်းလမ်းတွေကို ဟောကြားတားမြစ်ထားတဲ့ တရားဒေသနာ‌တွေပဲဖြစ်ပါတယ်။
အဲဒါကြောင့် အဲဒီဒေသနာတွေကို
#အာဏာဒေသနာတွေလို့လည်း ခေါ်ဆိုကြပါတယ်။

Ø သုတ္တန်ပိဋကထဲက တရား‌ဒေသနာတွေဟာ......သတ္တဝါတွေရဲ့ စရိုက် အကြိုက်‌အပေါ်မူတည်ပြီး လောကဝေါဟာရတွေကို သုံးကာ နည်းပေးလမ်းပြ ဆိုဆုံးမထားတဲ့ တရားဒေသနာတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီဒေသနာတွေကို #ဝေါဟာရဒေသနာတွေလို့လည်း ခေါ်ဆိုကြပါတယ်။

Ø အဘိဓမ္မာပိဋကထဲက တရား‌ဒေသနာတွေဟာ...... ပုဂ္ဂိုလ်သတ္တဝါကို မငဲ့ကွက် သဘာဝတရားသက်သက်ကိုသာလျှင် ဟောကြားထားတဲ့ တရားဒေသနာတွေပဲဖြစ်ပါတယ်။ အဲဒါကြောင့်
အဲဒီဒေသနာတွေကို #ပရမတ္ထဒေသနာတွေလို့‌လည်း ခေါ်ဆိုကြပါတယ်။

နိကာယ်(၅)ရပ်ဖြင့်‌ ဝေဖန်ပိုင်းခြားပုံ

Ø နိကာယ် ဆိုတာဟာ..... နိကာယ ဆိုတဲ့ပါဠိစကားကဆင်းသက်လာတာဖြစ်ပြီး၊ အပေါင်းအစုလို့အဓိပ္ပါယ်ရပါတယ်။ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး ဟောကြားတော်မူခဲ့တဲ့တရားတော်တွေကို
သဘောတူရာ တူရာတို့ကို စုပြီး ခွဲခြားလိုက်တဲ့အခါမှာ ........

၁။ သုတ္တန်အရှည်‌တွေကိုစုစည်းထားတဲ့
#ဒီဃနိကာယ် ဆိုတဲ့အစုက တစ်စု၊
၂။ အလယ်အလတ်သုတ္တန်တွေကို စုစည်းထားတဲ့ #မဇ္ဈိမနိကာယ် ဆိုတဲ့အစုက တစ်စု၊
၃။ အချင်းချင်းဆက်နွယ်နေတဲ့သုတ္တန်တွေကို စုစည်းထားတဲ့ #သံယုတ္တနိကာယ် ဆိုတဲ့အစုက တစ်စု၊
၄။ အင်္ဂါအရည်အတွက်‌တွေ တိုးတိုးပြီးဟောထားတဲ့ သုတ္တန်တွေကိုစုစည်းထားတဲ့
#အင်္ဂုတ္တရနိကာယ် ဆိုတဲ့အစုက တစ်စု၊
၅။ အရွယ်အစား သေးငယ်တဲ့ သုတ္တန်တွေနဲ့
ဝိနည်းဒေသနာ၊ အဘိဓမ္မာဒေသနာတွေကိုပါ ထည့်သွင်းစုစည်းထားတဲ့ #ခုဒ္ဒကနိကာယ်
ဆိုတဲ့အစုက တစ်စု........စုစုပေါင်း အစု (၅)စု
ခွဲလို့ရပြီး၊ အဲဒီအစု(၅)စုကိုပဲ #နိကာယ်(၅)ရပ်လို့
ဆိုခြင်းဖြစ်ပါတယ်။

Ø အထက်ပါ နိကာယ်(၅)ရပ်ကို ပိဋကတ်(၃)ပုံနဲ့
ပြန်ချိန်ထိုးကြည့်မယ်ဆိုရင်...... သုတ္တန်ပိဋကဟာ
နိကာယ်(၅)ရပ်စလုံးမှာ ပါဝင်နေတာကို တွေရမှာဖြစ်ပြီး၊ ဝိနည်းပိဋကနဲ့ အဘိဓမ္မာပိဋကတို့ကတော့ ခုဒ္ဒကနိကာယ်ထဲမှာပါဝင်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်လို့ ဗဟုသုတအနေနဲ့ ဖော်ပြရင်း
(အဘိဓမ္မာအကြာင်းသိ‌ကောင်းစရာများ-၁)ကိုနိဂုံးချုပ်လိုက်ပါတယ်။

12/10/2024

တရားအားမထုတ်ခင်သိစေချင်(သို့)အဘိဓမ္မာနှင့် ဝိပဿနာအကြောင်းသိကောင်းစရာများ (၃)

#ဝိပဿနာကို မစခင် #အဘိဓမ္မာကို အရင်
သင်စေချင်

Ø လူ့ဘဝကိုလည်း ရတုန်းရခိုက်၊ သာသနာနဲ့လည်းကြုံတွေ့နေရတဲ့အခိုက်မှာ ....
အမြတ်မထွက်ရင်တောင် အရင်းမရှုံးရလေအောင်
ဒါန သီလ သမထဘာဝနာလောက်နဲ့တင် တင်းတိမ်‌ရောင့်ရဲမနေကြပဲ ဝိပဿနာဘာဝနာကိုပါ စနစ်တကျ ပွားများအားထုတ်ကြဖို့လိုအပ်ကြောင်း (ရှေ့အပိုင်းတွေမှာ) အဓိကထားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အခုအပိုင်းမှာတော့ ဝိပဿနာဘာဝနာကို စနစ်တကျ ပွားများအားထုတ်နိုင်ဖို့ရာအတွက်
အဘိဓမ္မာအခြေခံသဘောတွေကို ဘာကြောင့်များ ပိုင်ပိုင်နိုင်နိုင် သိရှိနားလည်ထားသင့်ရပါသလဲ...? (လွယ်လင့်တကူနဲ့) ဘယ်ကစပြီး ဘယ်လို လေ့လာသွားသင့်ပါသလဲ.....? စတာ‌တွေကို ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Ø ဝိပဿနာဘာဝနာကို စနစ်တကျ ပွားများအားထုတ်ကြဖို့ဆိုတာက... တကယ်တော့
(ယနေ့ခေတ်မှာ) လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။ ဘာကြောင့်များပါလဲ.....?
အဓိကကတော့....ရွေးချယ်စရာတွေအရမ်းများပြီး၊ အစစ်က တစ်ခု အတုက တစ်ထောင်ဆိုသလိုဖြစ်နေလို့ပါပဲ။ အဲဒီ အတုတွေကြားထဲက အစစ်ကို ဘယ်လိုရွေးထုတ်ကြမှာလဲ ........?
သူများက အတုဆို လိုက်အတုပြီး.......သူများကအစစ်ဆို လိုက်အစစ်ကြမှာလား..... ?
အစစ်ကိုတွေ့ပါပြီတဲ့ ဘယ်တရားကို
အရင်စပြီးနာကြမှာလည်း........ဘယ်စာအုပ်ကို
အရင်ဖတ်ကြည့်ကြမှာလည်း........အလယ်အလတ် အဆင့်လောက် ဟောထားတဲ့ တရားကို
(ဖောက်ပြီး)နာမိရင်ရော နားလည်ကြမှာလား......?
နားမလည်တဲ့အခါမှာရော ဝိပဿနာအပေါ်မှာ (ဝိပဿနာဆိုတာ ငါတို့နဲ့ဝေးလွန်းပါတယ်ကွာဆိုပြီး) လန်မသွားနိုင်ဘူးလား......? အဲဒီလိုဆိုရင်
ကိုယ့်အတွက် မနစ်နာလွန်းနေဘူးလား.....?
အဲဒီလိုပြဿနာမျိုးတွေကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် အကောင်းဆုံး‌သောနည်းလမ်းတစ်ခုကတော့...အဘိဓမ္မာအခြေခံသဘောတွေကို
ပိုင်ပိုင်နိုင်နိုင်နဲ့သိရှိနားလည်လာအောင်
ဦးစွာ လေ့လာသင်ယူထားခြင်းပဲဖြစ်ပါတယ်။ သင်ယူလေ့လာတဲ့နေရာမှာလည်း (အဘိဓမ္မာတရား‌တော်တွေနဲ့ဝေးလွန်းနေကြသေးသူတွေကို) ကျွန်တော့်အနေနဲ့အကြံပြုလိုတာက.....
ပထမဦးဆုံးအနေနဲ့..... #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဒေါက်တာနန္ဒမာလာဘိဝံသရဲ့
#အဘိဓမ္မာမြတ်ဒေသနာဆိုတဲ့စာအုပ်(၂)အုပ်ကို
အရင်ဖတ်ကြည့်ပါ။ အလွန်နားလည်လွယ်ပါတယ်။ ဖတ်တဲ့နေရာမှာလည်း ဗဟုသုတရရုံလောက်သာသဘောထားပြီး မဖတ်ပါနဲ့။ တရားတစ်လုံးဆို
ဆိုသလောက် ကိုယ့်စိတ်ထဲမှာ သဘောရှင်းသွားတဲ့အထိကို နားလည်လာအောင် ဖတ်ကြည့်ပါ။
အဲဒီလိုဖတ်မှလည်း (အများပြောကြသလို)
တရားအားထုတ်တဲ့အခါမှာ စာခံနေတတ်တယ်
ဆိုတဲ့ အဖြစ်မျိုးနဲ့ မကြုံကြရမှာဖြစ်ပါတယ်။
အဲဒီစာအုပ်(၂)အုပ်ဖတ်ပြီးလို့ ကိုယ်က
အဘိဓမ္မာဒေသနာကိုလည်း စိတ်ဝင်စားလာပြီ၊
ဒီ့ထက်ကျယ်ကျယ်ပြန့်ပြန့်လေးလည်း သိချင်လာပြီဆိုရင် #ဆရာကြီးဦးကြင်ရွှေရဲ့ဝိပဿနာသင်တန်းစာအုပ်(၁၈)အုပ်လောက်ရှိမယ်ထင်ပါတယ်။ အဲဒီစာအုပ်တွေကို အစဉ်အတိုင်းဖတ်ကြည့်ပါ။ ရုပ်အကြောင်း၊ နာမ်အကြောင်း၊
ခန္ဓာအကြောင်း၊ အာယာတနအကြောင်း၊
ဓာတ်အကြောင်း၊ ဝီထိစဉ်အကြောင်း၊
လက္ခဏာရေး(၃)ပါးအကြောင်း၊ ဉာဏ်စဉ်(၁၀)ပါးအကြောင်း၊ ပဋိစ္စသမုပ္ပာဒ်အကြောင်း၊
သစ္စာ(၄)ပါးအကြောင်း၊ နိဗ္ဗာန်အကြောင်း
စတာတွေကို (သူ့ခေတ် သူ့အခါက) စာမတတ်ပေမတတ်သူတွေပါ သဘောရှင်းသွားအောင် တစ်နှစ်ပတ်လုံးအချိန်ပေးပြီး စိတ်ရှည်ရှည်နဲ့ အခြေခံကစကာ တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း မြှင့် မြှင့်ပြီး ဟောသွားခဲ့တဲ့တရားတွေပါ။ အဲဒီစာအုပ်တွေကို ဖတ်တဲ့အခါမှာ (ပျံလွန်တော်မူသွားပြီဖြစ်တဲ့)
#ဗန်းမော်ဆရာတော်ဘုရားကြီးရဲ့အမှာစာတွေကိုပါ မမေ့မလျော့နဲ့ အထူးဂရုပြုဖတ်စေလိုပါတယ်။ အဲဒီလို ကိုယ်ကဆရာတော်ဘုရားကြီးရဲ့အမှာစာတွေကို ဦးစွာဖတ်ထားခြင်းအားဖြင့် ဆရာကြီးရဲ့တရားတွေထဲက အများသဘောနဲ့ဆန့်ကျင်နေတတ်တဲ့ အချို့ အချို့သော အပိုင်းကလေးတွေကို
တွေ့လာရတဲ့အခါမှာ ဆရာကြီးကိုလည်း
အပြစ်မမြင်မိတော့သလို၊ ဆရာကြီးရဲ့တရားတွေကပဲအမှန် ကျန်တာတွေကအမှားပဲဆိုပြီး ဇွတ်ငြင်းနေမိတဲ့အဖြစ်မျိုးကိုပါ ရှောင်လွှဲလာနိုင်ကြမှာဖြစ်ပါတယ်။ ဒီ့အပြင် တန်ဖိုးမဖြတ်နိုင်လောက်အောင် အနှစ်သာရပြည့်ဝလွန်းတဲ့ ဆရာကြီးရဲ့တရားအဆီအနှစ်တွေကိုလည်း (စိတ်လက်ပေါ့ပါးစွာ) ကိုယ့်အတွက် ကောင်းကောင်း စုပ်ယူသိမ်းဆည်း
လာနိုင်ကြမှာဖြစ်ပါတယ်။

Ø အထက်မှာ ကျွန်တော်ညွှန်းဆိုခဲ့တဲ့ စာအုပ်(၂)မျိုးလောက်ကိုပဲ သေသေခြာခြာစိတ်နှစ်ပြီးတော့
ဖတ်မှတ်နာယူကြည့်ကြပါ။ (မှတ်ချက်။ ။mp3တရားတွေလည်းရှိပါတယ်။) အဘိဓမ္မာဆိုတာ ကိုယ်နဲ့မဝေးတော့သလို ခံစားလာရပါလိမ့်မယ်။
ဒီ့ထက်မကကို ကိုယ်က စိတ်အားထက်သန်နေသေးတယ်ဆိုရင်တော့(ပျံလွန်တော်မူသွားပြီဖြစ်တဲ့) #ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး #အရှင်သီလာနန္ဒာဘိဝံသရဲ့အဘိဓမ္မာသင်တန်းတရားစာအုပ်(၅)အုပ်ကိုပါ ထပ်ဖတ်ကြည့်လိုက်ပါ။
အဲဒီလောက်မှ ဖတ်မှတ်လေ့လာ နာယူမှတ်သားပြီးသွားပြီဆိုရင်တော့ ဝိပဿနာဘာဝနာကို စနစ်တကျပွားများအားထုတ်နိုင်ဖို့ရာအတွက် ကိုယ့်မှာ
စံပေတံ ကောင်းကောင်းတစ်ချောင်းနဲ့ လမ်းပြမြေပုံကောင်းကောင်းတစ်ခုရရှိသွားပြီဖြစ်တယ်လို့.... ကျွန်တော်ကတော့ ဒီလိုပဲ ညွှန်းဆိုချင်ပါတယ်။ အတုတွေဘယ်လောက် များ များ အစစ်ကိုတွေ့အောင်ရှာတတ်လာပါလိမ့်မယ်။ တရားစစ်
တရားမှန်တွေကို နားကြားရတဲ့အခါမှာလည်း
ဘယ်ဆရာတော်ဘုရားကြီးတွေရဲ့တရားကိုပဲ နာ နာ၊ ဘယ်အပိုင်းကပဲ စပြီး နာ နာ..... နားထဲမှာ
လျောကနဲ လျောကနဲနဲ့ လွယ်လင့်တကူ နာယူလာနိုင်ပါလိမ့်မယ်။ အချိန်မပေးနိုင်သေးလို့ တရားစခန်းတွေဘာတွေမဝင်နိုင်သေးဘူးဆိုရင်တောင်....
စားရင်း သောက်ရင်း၊ သွားရင်း လာရင်း၊
လုပ်ရင်း ကိုင်းရင်းနဲ့မှာပဲ (အချိန်မရွေး နေရာမရွေး) ကိုယ်သိထားတဲ့အသိဉာဏ်တွေကို
ကိုယ့်ခန္ဓာကိုယ်ပေါ် ပြန်တင်ပြီး
ဝိပဿနာဘာဝနာကို စနစ်တကျပွားများတတ်‌နေပါလိမ့်မယ်။ အကြောင်းမလှလို့ လောကဓံရဲ့ရိုက်ပုတ်တဲ့ဒဏ်‌တွေကို ခံလာရတဲ့အခါတွေ
မှာလည်း ( #မိုးကုတ်ဆရာတော်ဘုရားကြီးဟောကြားတော်မူခဲ့သလို) ကိုယ်သာနာပြီး
စိတ်မနာအောင် နေတတ်လာပါလိမ့်မယ်။
သံသရာတစ်‌လျှောက်အတွက် အသန့်ရှင်းဆုံးသော ဝိပဿနာမျိုးစေ့တွေကိုလည်း ကြဲချစိုက်ပျိုးထားပြီးသားဖြစ်နေပါလိမ့်မယ်။ အဲဒီလောက်ထိအောင်ကို အကျိုးများလှပါတယ်။ အဲဒါကြောင့်လည်း ဝိပဿနာကိုမစခင် အဘိဓမ္မာကို အရင်သင်ယူသင့်တယ်လို့ တိုက်တွန်းရခြင်းပဲဖြစ်ပါတယ်။

(မှတ်ချက်။ ။ အထက်ပါ စာအုပ်(၃)မျိုးလောက်ကို
ဖတ်ပြီးတဲ့အချိန်မှာ ကိုယ်က အဘိဓမ္မာကို
စိတ်လည်းဝင်စားနေပြီ၊ အချိန်လည်း ကောင်းကောင်းပေးနိုင်သေးတယ်ဆိုရင်တော့ #ဆရာကြီးဒေါက်တာမင်းတင်မွန်တို့၊ #ဆရာမကြီးဒေါ်ခင်လှတင်တို့ရဲ့ အဘိဓမ္မာသင်တန်းတွေကိုပါ တက်ကြည့်ကြပါ။ သရုပ်ခွဲနည်းတွေကိုပါ လွယ်လင့်တကူ သင်ယူလာနိုင်ကြတာကို တွေ့ကြရပါလိမ့်မယ်။)

Ø အကြောင်းကြောင်းကြောင့် အထက်ပါစာအုပ်တွေကို ဖတ်မှတ်လေ့လာဖို့ အခွင့်မသာ‌သေးသူတွေအတွက်လည်း ကျွန်တော့်ရဲ့ယခု pageနဲ့ Aung Zay Yar Oo acc ကနေ https://www.facebook.com/aung.zayyaroo.90?mibextid=ZbWKwL
ဝိပဿနာဘာဝနာကို (အမှားအယွင်းကင်းကင်းနဲ့)စနစ်တကျ ပွားများအားထုတ်နိုင်ဖို့ရာအတွက် အခြေခံအားဖြင့် သိထားသင့်တဲ့ အဘိဓမ္မာ သဘောတရားတွေကို တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း ဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Address

Dagon

Telephone

+959799691478

Website

Alerts

Be the first to know and let us send you an email when U Zay Yar Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to U Zay Yar Oo:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram