13/09/2025
🌟 တီဘီရောဂါကို ကာကွယ်ပြီး မိသားစုနဲ့မိမိ ရဲ့အနာဂတ်ကို ကာကွယ်ပါ🌟
TB တွေ့လို့ နိုင်ငံခြားမသွားလိုက်ရဘဲ ပိုက်ဆံတွေကုန်သွားတာ၊ အိမ်မက်တွေ အကောင်ထည်ဖော်ဖို့ နောက်ကြသွားတာတွေ နီးစပ်ရာတွေကကြားနေရပါတယ်။ TB ဟာကာကွယ်လို့ရပါတယ်။ ကျွန်တော်တို့ သိပ်မသိသေးတဲ့ TB ကိုဘယ်လိုကာကွယ်လို့ ရမလဲဆိုတာကို ပြောပြပေးပါမယ်။ အချိန်လေးပေးပြီးဖတ်စေချင်ပါတယ်ခင်ဗျ။
လူအများစုက တီဘီရောဂါကာကွယ်ရေးအတွက် BCG ကာကွယ်ဆေးကိုသာသိကြပြီး တီဘီ ကာကွယ်ဆေး (TB Preventive Treatment - TPT) ကို သိပ်မသိကြပါဘူး။ တကယ်တော့ ဒီနှစ်ခုဟာ မတူညီတဲ့ ရည်ရွယ်ချက်တွေနဲ့ ကာကွယ်ပေးပါတယ်။
________________________________________
💉 BCG ကာကွယ်ဆေး
• မွေးကင်းစကလေးတွေကို ပြင်းထန်တီဘီရောဂါတွေကနေ ကာကွယ်ပေးပါတယ်။
• မြန်မာနိုင်ငံရဲ့ အမျိုးသား ကာကွယ်ဆေးထိုးအစီအစဉ်မှာ အခမဲ့ ထိုးနှံပေးပါတယ်။
• လက်မောင်းမှာ အမာရွတ်လေးတစ်ခု ကျန်ခဲ့တတ်တာ ပုံမှန်ပါပဲ ✅။
• ကလေးငယ်တိုင်း အစောပိုင်းကာကွယ်မှု ရရှိဖို့ BCG ကာကွယ်ဆေးကို မဖြစ်မနေထိုးသင့်ပါတယ်။
________________________________________
💊 တီဘီ ကာကွယ်ဆေး (Tuberculosis Preventive Treatment - TPT)
တီဘီပိုးကို ထိတွေ့ခဲ့သောသူများရဲ့ 10-30% မှာမိမိခုခံအားကတိုက်ထုတ်သော်လည်း ခန္ဒာကိုယ်ထဲမှာရှင်သန်ကျန်နေနိုင်ပြီး အဲ့ထဲက 10% က TB ရောဂါကိုခံစားရပါတယ်။ ကျန်တဲ့ 90% မှာတော့ TB ပိုးဟာခန္ဒာကိုယ်ထဲမှာပုန်းနေတတ်ပြီး Latent TB ဟုခေါ်သော လက္ခဏာမပြသော TB ဖြစ်လာပါတယ်။
တီဘီကာကွယ်ဆေးဆိုတာ တီဘီရောဂါပိုးနဲ့ ထိတွေ့ခဲ့ရသူတွေအတွက် ဖြစ်ပါတယ်။ ဒီဆေးက တီဘီရောဂါပိုးကို ရောဂါအဖြစ် ပြောင်းလဲမလာအောင် ကာကွယ်ပေးတာပါ။
👨👩👧 ဘယ်သူတွေ TPT သောက်သင့်လဲ?
• တီဘီလူနာနဲ့ အတူနေထိုင်တဲ့ အသက် ၅ နှစ်အောက် ကလေးငယ်များ
• HIV ပိုးရှိသူများ (အသက်အရွယ်မရွေး)
• တီဘီလူနာရဲ့ အိမ်ထောင်စုဝင်များ (တီဘီရောဂါမရှိကြောင်း စစ်ဆေးပြီးနောက်)
• ဆေးကုသမှုမခံယူထားသောတီဘီလူနာနှင့် ၃ လအတွင်း တစ်ပတ်လျှင် ၈ နာရီထက်ပို၍ အတူနေသူများ (တီဘီရောဂါမရှိကြောင်း စစ်ဆေးပြီးနောက်)
• အခြားသော အန္တရာယ်ရှိနိုင်တဲ့ အုပ်စုများ (silicosis ရှိသူ၊ အင်္ဂါအစားထိုးကုသသူများ၊ ကိုယ်ခံအားနည်းသူများ)
• လိုအပ်လျှင်ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး TPT ယူသင့်ပါတယ်။
🚫 ဘယ်သူတွေ TPT မသောက်သင့်ဘူးလဲ?
• လက်ရှိ တီဘီရောဂါ ခံစားနေရသူများ (သူတို့က ပုံမှန်တီဘီဆေးကုသမှု လိုအပ်ပါတယ်)
• အသည်းရောဂါပြင်းထန်စွာ ခံစားနေရသူများ
• တီဘီဆေးနဲ့ ဓာတ်မတည့်သူများ
🔎 TPT မစခင် ဆရာဝန်တွေက ဘာတွေစစ်ဆေးမလဲ?
• တီဘီရောဂါလက္ခဏာများ (ချောင်းဆိုး၊ ကိုယ်ပူ၊ ကိုယ်အလေးချိန်ကျဆင်း၊ ညဘက်ချွေးထွက်) ရှိမရှိ စစ်ဆေးခြင်း
• ရင်ဘတ်ဓာတ်မှန်နှင့် သလိပ်စစ်ဆေးခြင်း
• အသည်းစစ်ဆေးခြင်း
• လိုအပ်ပါက HIV (သို့) ကိုယ်ဝန်ရှိမရှိ စစ်ဆေးခြင်း။
📅 TPT ဆေးညွှန်းများ (မြန်မာ့အမျိုးသားတီဘီထိန်းချုပ်ရေးအစီအစဉ် - NTP အကြံပြုချက်များအရ)
• 3HP - တစ်ပတ်တစ်ကြိမ်၊ ၃ လ - Isoniazid (H) + Rifapentine (P)
• 6H - နေ့စဉ်၊ ၆ လ - Isoniazid (H)
💡 သင့်အတွက် ဘယ်ဆေးက အသင့်တော်ဆုံးလဲဆိုတာ ဆရာဝန်က ရွေးချယ်ပေးပါလိမ့်မယ်။ အစိုးရကျန်းမာရေးဌာနတွေနဲ့ NGO ဆေးခန်းများစွာမှာ အခမဲ့ရနိုင်ပါတယ်။
🩺 TPT သောက်နေစဉ်ကာလအတွင်း...
• ဘေးထွက်ဆိုးကျိုး ရှိမရှိနဲ့ ဆေးမှန်မှန်သောက်ရဲ့လားဆိုတာကို လစဉ် စစ်ဆေးပါတယ်။
• အာရုံကြောဆိုင်ရာ ပြဿနာတွေ မဖြစ်အောင် Isoniazid ဆေးနဲ့အတူ ဗီတာမင် B6 ကို တွဲဖက်ပေးလေ့ရှိပါတယ်။
________________________________________
✅ အဓိက မှတ်သားစရာ
• BCG ဟာ မွေးကင်းစကလေးငယ်တိုင်းကို ကြိုတင်ကာကွယ်ပေးဖို့ အတွက်ဖြစ်ပြီး၊ TPT ကတော့ တီဘီပိုးနဲ့ ထိတွေ့ခဲ့တဲ့သူတွေကို ရောဂါအဖြစ် မပြောင်းအောင် ကာကွယ်ဖို့အတွက်ပါ။
• မွေးကင်းစကလေးငယ်တိုင်းကို BCG ကာကွယ်ဆေး ထိုးနှံပေးပါ။
• မိသားစုဝင်တစ်ဦးဦးမှာ တီဘီရောဂါရှိရင် အနီးဆုံးတီဘီဆေးခန်းကို သွားရောက်ပြီး စစ်ဆေးမှုနဲ့ TPT ရယူပါ၊ ကာကွယ်ပါ။
ကြိုတင်ကာကွယ်ခြင်းက အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပြီး တီဘီရောဂါကူးစက်မှု သံသရာကို ဖြတ်တောက်နိုင်ကာ မိမိနှင့် မိသားစုအနာဂတ်ကိုလည်းကာကွယ်နိုင်ပါတယ်။
Reference: WHO, NTP